အခန်း ၂၉၆
Vol. 29 Ch. 296
Chapter 296
~
အခန်း ၂၉၆ : ယန်ကျီဝမ်က ဆေးပညာပါ နားလည်နေတာလား..
~
ညစာစားပြီးနောက်..
လိုရှောင်အဲက အရှေ့ဘက်ခြံဝင်းရှိ ယွီလီထံသို့ လာရှာသည် ။
လိုရှောင်အဲ၏ ဆံပင်များ အနည်းငယ် ရှုပ်ပွနေသည်ကို ယွီလီ မြင်သောအခါ မကျေမနပ်ဖြင့်...
" ရှောင်အဲ.. ရွှီတာမော့ နင့်ကို အနိုင်ကျင့်ပြန်ပြီလား.. သွားမယ်.. ညွှန်မှူးဝမ်ဆီ ငါလိုက်ပို့ပေးမယ်.. သူက အမျိုးသမီးအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ ပဲ.. နင့်အတွက် တရားမျှတအောင် လုပ်ပေးဖို့ သူ့ကို သွားရှာကြမယ် .. "
" ထားလိုက်ပါတော့ဟာ .. "
လိုရှောင်အဲက အားအင်ကုန်ခမ်းနေသော ပုံစံဖြင့် တံခါးဝတွင် ထိုင်ချလိုက်သည် ။
ကြက်ခိုးသည့် ပြဿနာ ပြီးသွားပြီးနောက် သူမနှင့် ရွှီတာမော့တို့ အိမ်ပြန်ရောက်သောအခါ ကလေးကိစ္စနှင့် ပတ်သက်၍ ထပ်ရန်ဖြစ်ကြပြန်၏ ။ ရန်ဖြစ်ရင်း အခြေအနေ ဆိုးရွားလာကာ နောက်ဆုံးတွင် နှစ်ယောက်လုံး လက်ပါလာကြသည် ။ ရွှီတာမော့က သူမထက် ပို၍ ဒဏ်ရာရသွားပြီး မျက်နှာတွင် ကုတ်ခြစ်ခံထားရသော ဒဏ်ရာများပင် ရသွားခဲ့သည် ။
လိုရှောင်အဲ နောင်တရနေမိ၏ ။ မဟုတ်သေး ။ လက်ထပ်ထားပြီး တစ်နှစ်ပင် မပြည့်ခင်မှာပင် သူမ နောင်တရနေခဲ့ပြီဟု ဆိုရမည် ။ ဤသို့ဖြစ်မည်မှန်း ကြိုသိခဲ့လျှင် ရွှီတာမော့နှင့် လက်ထပ်ရန် သူမ သဘောတူခဲ့မည် မဟုတ်ပေ ။
တစ်ချိန်တည်းမှာပင် ယွီလီကိုလည်း သူမ အနည်းငယ် အားကျနေမိသည် ။ ဤခြံဝင်းထဲသို့ ချွေးမအဖြစ် ရောက်လာပြီးကတည်းက ယန်ကျီဝမ်က ယွီလီအပေါ် မည်မျှကောင်းကြောင်း သူမ မျက်မြင်ကိုယ်တွေ့ပင် ။
ယန်ကျီဝမ်က အပြင်တွင် မာနကြီးသယောင် ရှိသော်လည်း အိမ်တွင်မူ ယွီလီ၏ အနိုင်ကျင့်ခြင်းကိုသာ ခံရသူဖြစ်သည် ။ သူတို့ ဇနီးမောင်နှံနှစ်ဦး၏ ဘဝလေးက အလွန်ပင် ပျော်ရွှင်စရာကောင်းလှပေသည် ။
တစ်ခါတရံ သူမ စဉ်းစားမိသည် ။ အကယ်၍များ သူမသာ မိဘများနှင့်အတူ မြို့တော်မှ ထွက်မသွားခဲ့လျှင် ယန်ကျီဝမ်နှင့် သူမ အကြောင်းပါနိုင်မည်လော ။ သူမနှင့် ယန်ကျီဝမ်သာ အကြောင်းပါခဲ့လျှင် ယနေ့လို ကိစ္စမျိုးတွေ ဖြစ်လာမည် မဟုတ်ဟု သူမ တွေးနေမိသည် ။
ယွီလီက ခုံပုလေးတစ်လုံးကို ဆွဲယူကာ လိုရှောင်အဲ ဘေးတွင် ထိုင်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည် ။
" ကလေးကိစ္စကြောင့်ပဲလား.. ကလေးမွေးတယ်ဆိုတာ မိန်းမတွေချည်းပဲ သက်ဆိုင်တာ မဟုတ်ဘူးလို့ ငါအရင်ကတည်းက ပြောဖူးတယ်လေ.. နင့်ပြဿနာ မဟုတ်ဘဲ ရွှီတာမော့ရဲ့ ပြဿနာလည်း ဖြစ်နေနိုင်တာပဲ .. "
ယွီလီက လမ်းရုံးတွင် အလုပ်လုပ်သူဖြစ်၍ သာမန်လူများထက် အတွေ့အကြုံ ဗဟုသုတ ပိုများသည် ။ ထို့အပြင် ယခင်က ရွှီတာမော့နှင့် လိုရှောင်အဲတို့ အကြောင်းကို ယန်ကျီဝမ်အား ပြောပြဖူးရာ ယန်ကျီဝမ်ကလည်း ရွှီတာမော့တွင် ပြဿနာရှိနေနိုင်ကြောင်း အမြဲပြောလေ့ရှိသည် ။ သူမကလည်း ထိုစကားကို ယုတ္တိရှိသည်ဟု ထင်၏ ။ လိုရှောင်အဲက အသားဖြူဖြူနုနု ဖျင်တုံးကြီးကြီးနှင့် ကြည့်ရုံဖြင့်ပင် ကလေးမွေးအများကြီး မွေးနိုင်မည့် ကျန်းမာရေးမျိုး ရှိနေသည် ။
" အဲ့တာကို ပြောတာပေါ့.. ငါလည်း ဆေးရုံမှာ အကြိမ်ကြိမ် သွားစစ်ဆေးဖူးပေမဲ့ ဆရာဝန်တွေက ငါ့မှာ ဘာပြဿနာမှ မရှိဘူးလို့ပဲ ပြောကြတယ် .. "
လိုရှောင်အဲက ဤစကားကို ကြားသောအခါ ပို၍ပင် စိတ်ဓာတ်ကျသွားလေသည် ။
ယွီလီက...
" ဒါဆိုလည်း ရွှီတာမော့ကို သွားစစ်ဆေးခိုင်းလိုက်လေ .. "
လိုရှောင်အဲက စိတ်ပျက်လက်ပျက်ဖြင့်...
" ပြောပြီးပြီ.. ဒါပေမဲ့ သူက မျက်နှာပျက်စရာကြီးဆိုပြီး သွားဖို့ကို လုံးဝ သဘောမတူဘူး .. "
" ဒါက ဘာများ မျက်နှာပျက်စရာ ရှိလို့လဲ.. ရောဂါရှိရင် ကုရမှာပေါ့ .. "
ထိုယောက်ျားများ မည်သို့ တွေးတောနေကြသည်ကို ယွီလီ နားမလည်နိုင်တော့ ။ မျက်နှာက ကလေးထက် ပိုအရေးကြီးနေသည်လော ။ ကလေးမရှိလျှင် အထင်သေးခံရမည်သာ ဖြစ်သည် ။ သူမသာဆိုလျှင် သေချာပေါက် သွားစစ်ဆေးမည်ပင် ။ ယန်ကျီဝမ်တွင် ပြဿနာရှိနေလျှင်ပင် ဆွဲခေါ်သွားမည် ။
" ဘယ်သူသိမှာလဲဟာ .. "
လိုရှောင်အဲက နှုတ်ခမ်းဆူလိုက်ပြီး အလွန်ပင် ဝမ်းနည်းနေလေသည် ။ ထို့နောက် သူမက အနည်းငယ် စပ်စုချင်စိတ်ဖြင့်...
" လီလီ.. နင်နဲ့ ယန်ကျီဝမ်ကရော ဘယ်လိုလဲ.. ရှောင်ရှီတိုးတောင် ဒီလောက်ကြီးနေပြီကို နင်တို့ ဒုတိယတစ်ယောက် ထပ်ယူဖို့ မစဉ်းစားကြဘူးလား.. ဒါမှမဟုတ် ယန်ကျီဝမ်ကလည်း .. "
" မဟုတ်ပါဘူးဟာ.. သူက မယူချင်သေးလို့ပါ .. "
ယွီလီ ဘာကို တွေးမိသွားသည်မသိ ။ သူမ၏ လှပသော မျက်နှာလေးက နီရဲသွားလေသည် ။
လိုရှောင်အဲက သံသယဖြင့်...
" ကလေးရတာ မရတာကို ထိန်းချုပ်လို့ ရနေလို့လား .. "
" ကြိုတင် ကာကွယ်မှုတွေ လုပ်ထားရင် ရတာပဲလေ .. "
ယွီလီက ဤအကြောင်းကို ဆက်၍ မပြောချင်တော့ပေ ။ ယန်ကျီဝမ်က ကာကွယ်မှုများ ပြုလုပ်ပြီးကတည်းက သူမ နှစ်ပေါင်းများစွာ ကိုယ်ဝန်မရခဲ့ချေ ။
" ဒါပေမဲ့ မကြာသေးခင်ကတော့ ငါတို့ ဒုတိယတစ်ယောက် ယူဖို့ တိုင်ပင်ထားကြတယ် .. "
ယနေ့ ယန်ကျီဝမ် ပြောခဲ့သော စကားကို ယွီလီ တွေးမိလိုက်သည် ။ နောက်ပြောင်နေသလို ထင်ရသော်လည်း သူက အတည်ပြောနေခြင်း ဖြစ်ပေမည် ။
သေချာသည်က ရှောင်ရှီတိုးကြောင့်တော့ မဟုတ် ။ ယခု ရှောင်ရှီတိုး ကြီးလာပြီဖြစ်၍ ဒုတိယတစ်ယောက် မွေးရန် အချိန်တန်ပြီဟု တွေးမိခြင်း ဖြစ်သည် ။ ထိုလူက သမီးမိန်းကလေး လိုချင်သည်ဟု ပြောခဲ့သည်ကို သူမ မှတ်မိနေ၏ ။ သမီးလေး တစ်ယောက်သာ မွေးနိုင်လျှင် သိပ်ကောင်းမည် ။ ဤသို့တွေးမိသည်နှင့် ယွီလီ၏ မျက်နှာထက်တွင် ပျော်ရွှင်သော အပြုံးများ ပေါ်လာလေသည် ။
လိုရှောင်အဲက ထိုအပြုံးကို ကြည့်ပြီး အလွန်ပင် အားကျသွားမိသည် ။ သူမက ခေါင်းညိတ် ထောက်ခံလိုက်ပြီး...
" အင်း.. မွေးနိုင်ရင်တော့ များများမွေးတာ အကောင်းဆုံးပဲ .. "
ယွီလီက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ....
" ဒါနဲ့ ရှောင်အဲ.. ရွှီတာမော့က ဆေးရုံမသွားချင်ဘူးဆိုရင် ငါ့ယောက်ျား ကျီဝမ်ကို ပြကြည့်မလား .. "
" ယန်ကျီဝမ် .. "
လိုရှောင်အဲက အံ့သြသွားပြီး...
" သူက ဆေးပညာပါ နားလည်နေတာလား .. "
ယွီလီက ပြုံး၍...
" ငါလည်း သိပ်တော့ မသေချာဘူး.. ဒါပေမဲ့ အိမ်ကလူတွေ နေမကောင်းဖြစ်ရင် သူပဲ ကြည့်ပေးတာ.. ဆေးသောက်လိုက်တိုင်းလည်း ပျောက်သွားတာပဲ.. သူတတ်တာက တိုင်းရင်းဆေးပညာလေ .. "
ယွီလီ မသိသည်မှာ ထိုဆေးပညာ စွမ်းရည်သည် ယန်ကျီဝမ် ငါးမျှားခြင်း အဆင့် တက်သွားပြီးနောက် ရရှိခဲ့ခြင်းပင် ။ ထိုစွမ်းရည်ကို ရရှိပြီးနောက် သူသည် နိုင်ငံအဆင့် သမားတော်ကြီး တစ်ဦးဖြစ်လာခဲ့ရာ သာမန် အအေးမိဖျားနာခြင်းလေးများကို ကုသရန်မှာ အလွန်ပင် လွယ်ကူလှသည် ။
ယွီလီက သူ့အား မေးဖူးသော်လည်း သူက အားလပ်ချိန်များတွင် တခြားသူများထံမှ သင်ယူခဲ့ခြင်း ဖြစ်ကြောင်းသာ ဖြေခဲ့သည် ။ သူမကလည်း များများစားစား မတွေးခဲ့ပေ ။ မည်သို့ပင်ဆိုစေကာမူ သူမ၏ အမြင်တွင် သူမယောက်ျားက အရာအားလုံးကို တတ်ကျွမ်းသူ ဖြစ်၍ ဆေးကုတတ်သည်မှာလည်း မဆန်းကျယ်လှပေ ။
သူမက လိုရှောင်အဲအား သနားသွား၍သာ ဤစကားကို ထုတ်ပြောလိုက်ခြင်းပင် ။
" ဒါဆို ငါ အိမ်ပြန်ပြီး တာမော့ကို သွားပြောကြည့်လိုက်မယ် .. "
လိုရှောင်အဲက အလွန် စိတ်ဝင်စားသွားပြီး စကားပြောပြီးသည်နှင့် ရွှီတာမော့အား ပြောပြရန် ခပ်သုတ်သုတ် ပြေးသွားလေသည် ။
ထိုသည်ကို မြင်လျှင် ယွီလီက လှမ်းခေါ်ရန် ပြင်လိုက်သော်လည်း စကားထွက်မလာခဲ့ပေ ။ လိုရှောင်အဲ မျှော်လင့်ချက် မရှိ ဖြစ်သွားမည်ကို သူမ စိုးရိမ်သော်လည်း လိုရှောင်အဲ၏ စိတ်လှုပ်ရှားနေသော ပုံစံကို ကြည့်ပြီး မပြောဘဲ နေလိုက်သည် ။
' ထားလိုက်ပါတော့.. ကျီဝမ်ကိုပဲ ရွှီတာမော့အတွက် ကြည့်ပေးခိုင်းလိုက်တော့မယ်.. တကယ်လို့များ အဆင်ပြေသွားနိုင်မလား.. '
ယွီလီက ခေါင်းခါလိုက်၏ ။ ယန်ကျီဝမ်၏ ဆေးပညာ မည်မျှ မြင့်မားကြောင်း သူမ မသိသော်လည်း စမ်းကြည့်ချင်စိတ်ဖြင့်သာ တွေးလိုက်ခြင်းပင် ။
...
အခြားတစ်ဖက်တွင် လိုရှောင်အဲက အနောက်ဘက်ခြံဝင်းသို့ ကမန်းကတန်း ပြန်လာခဲ့သည် ။
" ရှောင်အဲ... လာ.. ဒီကိုလာခဲ့အုံး .. "
လိုရှောင်အဲ အိမ်ထဲသို့ ဝင်ရန် ပြင်နေစဉ် နားမကြားသည့် အဘွားကြီးက အိမ်တံခါးဝမှ သူမအား လက်ယပ်ခေါ်နေသည်ကို တွေ့လိုက်ရသည် ။
လိုရှောင်အဲ အိမ်ပြန်ချင်နေသော်လည်း ခဏစဉ်းစားပြီးနောက် အဘွားကြီး ထံသို့ လျှောက်သွားလိုက်သည် ။ သူမ၏ မိသားစု နောက်ခံ ပြဿနာကြောင့် ဤခြံဝင်းထဲတွင် ယွီလီ တစ်ယောက်သာ သူမနှင့် ခင်မင်ပြီး ကျန်သည့်သူမှာ ဤနားမကြားသည့် အဘွားကြီးသာ ရှိလေသည် ။
ပုံမှန်အားဖြင့် လိုရှောင်အဲတွင် အရသာရှိသော အစားအစာများ ရှိလျှင် အဘွားကြီးအား အနည်းငယ် ခွဲပေးလေ့ရှိသည် ။ လိုရှောင်အဲက အနီးသို့ ရောက်သောအခါ မေးလိုက်၏ ။
" အဘွား.. ဘာကိစ္စ ရှိလို့လဲဟင် .. "
အဘွားကြီးက ခေါင်းခါလိုက်ပြီး...
" အဲလေး.. ရွှီတာမော့ လူယုတ်မာက နင့်ကို အနိုင်ကျင့်ပြန်ပြီလား .. "
" မဟုတ်ပါဘူး .. "
လိုရှောင်အဲက ချက်ချင်းပင် ငြင်းလိုက်သည် ။
အဘွားကြီးက အသေအချာပင်...
" နင် ငြင်းမနေပါနဲ့.. ခုနက ငါအကုန် ကြားလိုက်တယ်.. အဲ့လူယုတ်မာကလည်း တကယ်ပါပဲ.. နင့်လို မိန်းမကောင်းလေးကို တန်ဖိုးမထားဘူး.. ရှောင်အဲ.. နင်လည်း စိတ်ထဲ သိပ်မထားပါနဲ့.. သူ နင့်ကို မကြင်နာပေမဲ့ နင့်ကို ကြင်နာမယ့်သူ ရှိလာမှာပါ .. "
" ကျေးဇူးတင်ပါတယ် အဘွား.. ကျွန်မ ကိစ္စလေး ရှိသေးလို့ အရင် ပြန်နှင့်မယ်နော် .. "
လိုရှောင်အဲက အဘွားကြီး၏ ဆိုလိုရင်းကို နားမလည် ။ အဘွားကြီး ဆက်မပြောတော့သည်ကို မြင်လျှင် အိမ်သို့ ပြန်သွားလေသည် ။
အဘွားကြီးက လိုရှောင်အဲ အိမ်ထဲဝင်သွားသည်အထိ ကြည့်နေပြီးမှ အခန်းထဲသို့ ပြန်ဝင်သွား၏ ။
သေချာသည်က သူမက အလုပ်မရှိ အကိုင်မရှိ လိုရှောင်အဲအား နှစ်သိမ့်ပေးနေခြင်း မဟုတ်ပေ ။ သူမတွင် ရည်ရွယ်ချက် ရှိပြီးသား ဖြစ်သည် ။
လိုရှောင်အဲနှင့် သိကျွမ်းပြီးကတည်းက သူမက လိုရှောင်အဲထံတွင် ရွှီတာမော့၏ မကောင်းကြောင်းများကို မကြာခဏ ပြောလေ့ရှိသည် ။ ဤသည်က လိုရှောင်အဲ၏ စိတ်ထဲတွင် အစေ့ချပေးနေခြင်းပင် ။ လိုရှောင်အဲနှင့် ရွှီတာမော့တို့ ကွာရှင်းလိုက်သည်နှင့် သူမ၏ အကြံအစည် အောင်မြင်ပြီ ။
သူမ၏ အကြံအစည်က လိုရှောင်အဲအား ရှာကျူးနှင့် မိတ်ဆက်ပေးရန်ပင် ။
ယီကျုံးဟိုင်က သူ့ကို ပြုစုစောင့်ရှောက်ရန် ရှာကျူးနှင့် ချင်ဟွိုင်ရုတို့ကို သဘောတူအောင် လုပ်မည့် အကြံအစည်အား သူမကို ပြောပြခဲ့သော်လည်း အဘွားကြီးက ချင်ဟွိုင်ရုအား ယုံကြည်စိတ်ချရသူ မဟုတ်ဟု ထင်နေသည် ။ ထို့အပြင် သူမ လျှို့ဝှက်ချက် တစ်ခုကိုလည်း ကြားထားသေး၏ ။
ချင်ဟွိုင်ရုက သားဆက်ခြားကွင်း ထည့်ထားသဖြင့် နောင်တွင် ကလေးမွေးနိုင်တော့မည် မဟုတ်ကြောင်းပင် ။ ဤသည်ကို သူမက အရက်မူးနေသော ရွှီတာမော့နှင့် လိုရှောင်အဲတို့ ပြောနေကြစဉ် မတော်တဆ ကြားခဲ့ရခြင်း ဖြစ်သည် ။
ယီကျုံးဟိုင်က ရှာကျူးအား သူ၏ အိုစာမင်းစာအတွက် အသုံးချချင်သည်ကို သူမက သဘောထားကွဲလွဲစရာ မရှိပေ ။ သို့သော် အနည်းဆုံးတော့ ရှာကျူးအတွက် မျိုးဆက် ကျန်ခဲ့သင့်သည် ။ ချင်ဟွိုင်ရုကမူ ရှာကျူးအား သူတို့ မိသားစုအတွက် ခိုင်းစားရန်သာ ရည်ရွယ်ထားကြောင်း သိသာလှသည် ။ ထို့ကြောင့် သူမက လိုရှောင်အဲအား အသုံးချရန် အကြံရသွား၏ ။
အစပိုင်းတွင် အဆင်ပြေသော်လည်း ယခုနှစ်ကစ၍ ရွှီတာမော့တို့ ဇနီးမောင်နှံက ပို၍ ဆိုးရွားစွာ ရန်ဖြစ်လာကြသည် ။ သူမက အချိန်ကျပြီဟု ခံစားနေရလေသည် ။