အခန်း ၂၉၇
Vol. 29 Ch. 297
Chapter 297
~
အခန်း ၂၉၇ : ယန်ကျီဝမ်.. " ခင်ဗျား အဲ့ဒီဘက်မှာ နည်းနည်း အားနည်းနေတယ်.."
~
လိုရှောင်အဲ အိမ်ပြန်ရောက်သည်နှင့် ရွှီတာမော့ အရက်သောက်နေသည်ကို မြင်လိုက်ရသည် ။
" ဟမ့်.. "
ရွှီတာမော့က လိုရှောင်အဲ ပြန်လာသည်ကို မြင်လျှင် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး အဖက်လုပ်လိုဟန် မရှိပေ ။
ရွှီတာမော့၏ အမြင်တွင် ကလေးမရနိုင်ခြင်းမှာ လိုရှောင်အဲ၏ ပြဿနာသာ ဖြစ်သည် ။
မည်သို့ပင်ဆိုစေကာမူ သူ၏ သေနတ်မှာ နေ့စဥ် အဆက်မပြတ် ပစ်၍ ရနေဆဲပင် ။
အသုံးပြု၍ ရနေခြင်းမှာ ပြဿနာ မရှိဟု ဆိုလိုခြင်း ဖြစ်သည် ။
ထို့ကြောင့် ကလေးမရနိုင်ခြင်းက သေချာပေါက် လိုရှောင်အဲတွင် ပြဿနာရှိနေ၍သာ ဖြစ်ရပေမည် ။
ဤကိစ္စကြောင့်ပင် သူနှင့် လိုရှောင်အဲတို့သည် သုံးရက်တစ်ခါ အသေးအဖွဲ စကားများကြပြီး ငါးရက်တစ်ခါ အကြီးအကျယ် ရန်ဖြစ်ကြလေသည် ။
သူတို့၏ ဆက်ဆံရေးမှာလည်း တစ်နေ့တခြား ပို၍ဆိုးရွားလာခဲ့၏ ။
နားမကြားသောအဘွားကြီး ခန့်မှန်းခဲ့သည့်အတိုင်းပင် ယခုအခါတွင် ရွှီတာမော့သည် ကွာရှင်း၍ အသစ်တစ်ယောက် ပြန်ရှာရန် ဆန္ဒရှိနေခဲ့လေပြီ ။
သူသည် မျက်နှာပန်းအလွန်လိုချင်သူ ဖြစ်ရာ ဥမဥသည့် ကြက်မကို ယူထားမိသည်ဟု လူအများ၏ လှောင်ပြောင်မှုများကို အနည်းနှင့်အများ ခံနေရသည် ။
ဥပမာအားဖြင့် ယနေ့တွင်ပင် သူသည် ရှာကျူး၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသေး၏ ။
အဓိကအချက်မှာ သူ ပြန်လည် ချေပနိုင်စွမ်း မရှိ ။
ထို့ကြောင့် လိုရှောင်အဲနှင့် သူ အိမ်ပြန်ရောက်သည့်အခါ ကလေးကိစ္စနှင့် ပတ်သက်၍ ထပ်မံ စကားများကြပြန်သည် ။
လိုရှောင်အဲသည် သူ၏ ဤသို့သော အပြုအမူကို မြင်လိုက်ရချိန်တွင် မြိုသိပ်ထားရသည့် ဒေါသများ တစ်ဖန် ပြန်လည် ထကြွလာခဲ့ရ၏ ။
သို့သော်လည်း သူမက အသိတရားကို ထိန်းချုပ်ထားနိုင်သေးသည် ။
သူမက လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး တည်ငြိမ်သွားစေရန် ကြိုးစားလိုက်သည် ။
ထို့နောက်မှ ရွှီတာမော့အား ပြောလိုက်၏ ။
" ရွှီတာမော့.. လူတိုင်းကတော့ ပြောကြတာပဲ.. ကလေးမရတာက မိန်းမတွေရဲ့ ပြဿနာ သက်သက် မဟုတ်ဘူးတဲ့.. တစ်ခါတလေကျရင် ယောကျ်ားတွေနဲ့လည်း သက်ဆိုင်တယ်တဲ့.. ရှင် ဆေးရုံသွားပြီး စစ်ဆေးကြည့်သင့်တယ်လို့ ကျွန်မ ထင်တယ်.. "
" မသွားဘူး.. "
ရွှီတာမော့က နှုတ်ခမ်းတွန့်လိုက်ပြီး..
" ယွီလီ ပြောတာမလား.. သူက အဲ့လို အလုပ်မရှိ အလုပ်ရှာ သူများကိစ္စ ဝင်ပါရတာ သိပ်ကြိုက်တာပဲ.. "
" ပြီးတော့ နင့်ယောကျ်ားအကြောင်း နင် မသိဘူးလား.. ငါ့မှာ ဘာပြဿနာ ရှိနေလို့လဲ.. "
လိုရှောင်အဲက ပြဿနာရှိသည်ဟု ပြန်ပြောချင်နေမိသည် ။
သူမနှင့် ယွီလီတို့သည် ရင်ဘတ်ချင်းနီးသည့် သူငယ်ချင်းများ ဖြစ်ကြပြီး ပုံမှန်အားဖြင့် မည်သည့်အကြောင်းကိုမဆို ပြောဆိုတိုင်ပင်လေ့ ရှိကြ၏ ။
မိန်းမဝိုင်းဖွဲ့ စကားပြောရာတွင်လည်း အကြောင်းအရာ စုံလင်လှသည် ။
တစ်ခါက သူတို့နှစ်ယောက် ထိုကိစ္စဘက်သို့ ရောက်သွားကြပြီးနောက်ပိုင်း ယွီလီ၏ စကားများမှတစ်ဆင့် ယောကျ်ားများကြားတွင်လည်း ကွာခြားချက်များ ရှိကြောင်းကို သူမ နားလည်သွားခဲ့သည် ။
ရွှီတာမော့ ငြင်းဆန်လိမ့်မည် ဆိုတာကို လိုရှောင်အဲ အစကတည်းက သိထားပြီး ဖြစ်သည် ။
သို့သော်လည်း သူမက စကားစနိုင်ရန် အကြောင်းပြချက် တစ်ခုအနေဖြင့်သာ အသုံးပြုလိုက်ခြင်း ဖြစ်ရာ ဆက်၍ ပြောလိုက်၏ ။
" ရှင် မသွားချင်ရင်လည်း နေပါ.. ဒါဆိုရင် ယန်ကျီဝမ်ဆီ သွားပြီး ရှင့်ကို ကြည့်ပေးဖို့ အကူအညီ တောင်းကြည့်ပါလား.. "
" ကျီဝမ် ဟုတ်လား.. သူက ဆေးပညာ တတ်လို့လား.. "
ရွှီတာမော့ အလွန် အံ့သြသွားလေသည် ။
သူနှင့် ယန်ကျီဝမ်သည် ငယ်စဥ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြသူများ ဖြစ်ပြီး အရင်က သိပ်ပြီး ရင်းရင်းနှီးနှီး မရှိခဲ့ကြသော်လည်း သူ ဆေးပညာ သင်ယူခဲ့သည်ဆိုတာမျိုး တစ်ခါမှ မကြားဖူးခဲ့ချေ ။
လိုရှောင်အဲက ခေါင်းယမ်းလိုက်ပြီး..
" ကျွန်မလည်း သေချာတော့ မသိဘူး.. ယွီလီ ပြောတာ ကြားဖူးတာပဲ.. သူတို့အိမ်က လူတွေ နေမကောင်းဖြစ်ရင် ယန်ကျီဝမ်ကပဲ အမြဲ ကြည့်ပေးတာတဲ့.. အကုန်လုံး သက်သာသွားကြတယ် ဆိုတော့ သူ့မှာ အရည်အချင်း ရှိလောက်တယ်လို့ ထင်တာပဲ.. "
" မသွားပါဘူး.. ငါ့ပြဿနာ မဟုတ်ဘူးလို့ ပြောပြီးပြီပဲ.. "
ရွှီတာမော့က ခဏ တုံ့ဆိုင်းသွားပြီးနောက် ငြင်းဆန်လိုက်ပြန်သည် ။
လိုရှောင်အဲက ဒေါသထွက်သွားပြီး..
" ကျွန်မ ဆေးရုံသွားပြီး စစ်ဆေးတာ အကြိမ်ပေါင်း မနည်းတော့ဘူး.. ဆရာဝန်တွေ အားလုံးက ကျွန်မမှာ ပြဿနာ မရှိဘူးလို့ပဲ ပြောကြတယ်.. ရှင်က ကလေး မလိုချင်လို့လား.. "
လိုချင်သည် ။ သေချာပေါက် သူ လိုချင်သည် ။
အချိန် သုံးနှစ်နီးပါးခန့် ရှိလာပြီ ဖြစ်သော်လည်း သူနှင့် လိုရှောင်အဲတို့တွင် ဥ မဥ သေးရာ သူ မလိုချင်ဘဲ နေပါမည်လော ။
သူက ယီကျုံးဟိုင်ကဲ့သို့ မျိုးဆက်ပြတ်သည်ဟု အဆဲခံရသူ မဖြစ်ချင်ပေ ။
သို့သော် ဤကဲ့သို့သော ကိစ္စမျိုးက သူ့အတွက် မျက်နှာပန်း မလှဘူးဟု ခံစားနေရသည် ။
လိုရှောင်အဲက သူ၏ အတွေးများကို ခန့်မှန်းမိသွားဟန်...
" ရှင်နဲ့ ယန်ကျီဝမ်က အရင်ကတည်းက ဆက်ဆံရေး ကောင်းကြတာပဲ.. ရှင်ကသာ သေချာ မှာထားရင် သူက အပြင်လူတွေကို လျှောက်ပြောနေပါ့မလား.. "
" ကောင်းပြီလေ.. မနက်ဖြန်ကျရင် ငါသွားပြီး သူ့ကို ကြည့်ခိုင်းလိုက်မယ်.. "
ရွှီတာမော့ ခဏ စဥ်းစားလိုက်ပြီး ထိုသို့ လုပ်သင့်သည်ဟု ခံစားလိုက်ရသည် ။
ဤခြံဝင်းအတွင်း၌ ယန်ကျီဝမ် တစ်ယောက်တည်းကိုသာ သူ ယုံကြည်စိတ်ချနိုင်ပြီး တခြားသူများကိုမူ သူ မယုံကြည်ပေ ။
ထို့အပြင် သူနှင့် ယန်ကျီဝမ်တို့၏ ဆက်ဆံရေး ကောင်းမွန်မှုကြောင့်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ကစ၍ ရှာကျူးက သူ့ကို မရိုက်ရဲတော့ချေ ။
အရင်ကဆိုလျှင် သူသည် ရှာကျူး၏ ထိုးကြိတ်မှုကို အနည်းနှင့်အများ ခံခဲ့ရစမြဲပင် ။
သို့သော် ရှာကျူးတွင် ယီကျုံးဟိုင်၏ အကာအကွယ် ရှိနေသောကြောင့် အချိန်တိုင်း ပြဿနာကြီးကို အသေးဖြစ်အောင်၊ ပြဿနာအသေးကို ဘာမှမဟုတ်တော့အောင် ဖုံးဖိပေးခဲ့ရာ ရှာကျူး မည်သည့် ပြစ်ဒဏ်မှ မခံခဲ့ရပေ ။
ရွှီတာမော့အနေဖြင့် ယန်ကျီဝမ်အား တကယ့် ညီအစ်ကိုအရင်းအချာကဲ့သို့ သဘောထားသည်ဟု ဆိုနိုင်ပေသည် ။
လိုရှောင်အဲကမူ လက်မခံနိုင်ဘဲ အတင်းအကျပ် တိုက်တွန်းလိုက်၏ ။
" မနက်ဖြန်ထိ စောင့်မနေနဲ့.. အခု အချိန်စောသေးတယ် အခုပဲ သွားမယ်.. "
" မသွားတာပဲ ကောင်းပါတယ်.. "
" ဘာမှ မကောင်းဘူး.. လာ အခုချက်ချင်း သွားမယ်.. "
ရွှီတာမော့ မည်မျှပင် တွန့်ဆုတ်နေပါစေ လိုရှောင်အဲက ရွှီတာမော့အား ဆွဲ၍ အိမ်ပြင်သို့ ထွက်လာခဲ့လေသည် ။
...
" ကျီဝမ်.. ဟီးဟီး.. ငါတို့ လာတာက... ဟိုဟာ... ဟီးဟီး.. "
ယန်ကျီဝမ်၏ အရှေ့သို့ ရောက်သောအခါ ရွှီတာမော့ အထစ်ထစ်အငေါ့ငေါ့ဖြင့် အကျိုးအကြောင်းကို ရေရေရာရာ မပြောနိုင်ဖြစ်နေသည် ။
အဆုံးစွန်ပြောရလျှင် မျက်နှာပန်း လိုချင်နေဆဲပင် ။
ထိုအခြေအနေက လိုရှောင်အဲအား အလွန်အမင်း စိတ်တိုစေခဲ့၏ ။
ကံကောင်းထောက်မစွာဖြင့် ယန်ကျီဝမ်က ယွီလီထံမှ ဤကိစ္စနှင့် ပတ်သက်၍ ကြားသိထားပြီးဖြစ်သဖြင့် အခြေအနေကို မြင်သည်နှင့် ပြုံး၍ ပြောလိုက်သည် ။
" ဆေးလာကုတာ မလား.. "
ရွှီတာမော့က အလျင်စလို ခေါင်းညိတ်လိုက်ပြီး..
" ဟုတ်တယ်.. ဟုတ်တယ် ညီလေး.. အစ်ကို့ကို ဒုက္ခခံပြီး နည်းနည်းလောက် ကြည့်ပေးပါဦး.. "
" အထဲ ဝင်ခဲ့ကြလေ.. "
ယန်ကျီဝမ်က လမ်းဖယ်ပေးလိုက်ပြီး ရွှီတာမော့ ဇနီးမောင်နှံကို အိမ်ထဲသို့ ဝင်ခွင့်ပြုလိုက်သည် ။
တံခါးပိတ်လိုက်ပြီးနောက် ယန်ကျီဝမ်က နေရာပြလိုက်၏ ။
" တာမော့.. ထိုင်ပါ.. "
ရွှီတာမော့ ထိုင်လိုက်ပြီးနောက် ကြိုတင်၍ မှာကြားလိုက်သည် ။
" ညီလေး.. ငါ့ပြဿနာ ဟုတ်သည်ဖြစ်စေ..မဟုတ်သည်ဖြစ်စေ.. မင်း ငါ့အတွက် လျှို့ဝှက်ပေးရမယ်နော်.. "
" စိတ်ချပါ.. ခင်ဗျား ကျုပ်ကို မယုံလို့လား.. "
ယန်ကျီဝမ်က လက်ယမ်းပြလိုက်သည် ။ သူသည် အတင်းအဖျင်း ပြောတတ်သူမျိုး မဟုတ်ပေ ။
ထိုအခါမှသာ ရွှီတာမော့ အတော်လေး စိတ်အေးသွားတော့၏ ။
" လက်ပေး.. "
ရွှီတာမော့က သူ၏ လက်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ယန်ကျီဝမ်က သွေးခုန်နှုန်းကို စတင် စမ်းသပ်ပေးလေသည် ။
" နောက်တစ်ဖက် ပြ.. "
လက်နှစ်ဖက်စလုံးကို စမ်းသပ်ပြီးနောက် ယန်ကျီဝမ်က မေးခွန်းအချို့ကို မေးလိုက်သည် ။
ရွှီတာမော့က စိုးရိမ်တကြီးဖြင့်..
" ကျီဝမ်.. ငါ့မှာ ဘာပြဿနာမှ မရှိလောက်ဘူး မလား.. "
လိုရှောင်အဲနှင့် ယွီလီတို့ကလည်း ယန်ကျီဝမ်အား စိုက်ကြည့်နေကြ၏ ။
ယန်ကျီဝမ်က လေးနက်သော လေသံဖြင့်..
" သွေးခုန်နှုန်း အရ ကြည့်ရရင်တော့ ခင်ဗျား ခန္ဓာကိုယ်မှာ ဘာပြဿနာမှ မရှိဘူး.. ဒါပေမဲ့ အဲ့ဒီဘက်မှာတော့ နည်းနည်း အားနည်းနေတယ်.. "
" ဒါ မဖြစ်နိုင်ဘူး.. "
ရွှီတာမော့က စိတ်လှုပ်ရှားစွာဖြင့်..
" အရင်တုန်းက ငါတို့ လျှိုကွမ်ချီကို ခိုးချောင်းကြည့်တုန်းက ငါက သူ့ထက် အများကြီး ပိုကောင်းသေးတယ်.. "
ယွီလီနှင့် လိုရှောင်အဲတို့ နှစ်ယောက်စလုံး၏ လှပသော မျက်နှာလေးများ နီရဲသွားကြသည် ။
' ငါတို့ ဒီနေရာမှာ ရှိနေသေးတယ်လေ ...'
' ဒီလိုကိစ္စမျိုးကို ဒီအတိုင်းကြီး ပြောနေတာ တကယ်ပဲ သင့်တော်ပါ့မလား ..'
အထူးသဖြင့် ယွီလီက ယန်ကျီဝမ်အား အန္တရာယ်များသော အကြည့်ဖြင့် တစ်ချက် စိုက်ကြည့်လိုက်၏ ။
ယန်ကျီဝမ်က မမြင်ယောင်ဆောင်လိုက်ပြီး...
" ကျုပ် ခန့်မှန်းရသလောက်တော့ သုတ်ကောင်တွေရဲ့ သက်ဝင်လှုပ်ရှားမှု အားနည်းတဲ့ ပြဿနာ ဖြစ်ဖို့များတယ်.. ဒါပေမဲ့ တိတိကျကျ ဟုတ်မဟုတ် သိရအောင် ခင်ဗျား ဆေးရုံသွားပြီး သေချာ စစ်ဆေးကြည့်တာ အကောင်းဆုံးပဲလို့ အကြံပေးချင်တယ်.. "
သုတ်ကောင် ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ယွီလီနှင့် လိုရှောင်အဲတို့ ထပ်မံ၍ မျက်နှာများ နီရဲသွားကြပြန်သည် ။
ရွှီတာမော့ကမူ စိတ်ညစ်ဟန်ဖြင့်..
" ဟာ.. ဆေးရုံသွားရဦးမှာလား.. ငါ မသွားချင်ဘူး.. "
ယန်ကျီဝမ်က လိုရှောင်အဲအား လှည့်ပြောလိုက်သည် ။
" လိုရှောင်အဲ.. လာ.. ငါ မင်းကိုလည်း သွေးခုန်နှုန်း စမ်းပေးမယ်.. "
လိုရှောင်အဲ ရှက်ရွံ့နေမှုမှ သတိပြန်ဝင်လာပြီး ရွှီတာမော့ ထိုင်ခဲ့သော နေရာတွင် ဝင်ထိုင်လိုက်သည် ။
ယန်ကျီဝမ်က အသေအချာ စမ်းသပ်ပေးပြီးနောက် ခေါင်းညိတ်လိုက်ပြီး..
" မင်းမှာက အမျိုးသမီးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန် ပြဿနာလေး နည်းနည်းပဲ ရှိတာပါ.. တခြား ကြီးကြီးမားမား ပြဿနာ ဘာမှ မရှိဘူး.. "
လိုရှောင်အဲက ဝမ်းသာအားရဖြင့်..
" ငါ့ ပြဿနာ မဟုတ်ဘူးလို့ အစောကြီးကတည်းက ပြောသားပဲ.. "
စကားပြောရင်းနှင့်ပင် ဝမ်းနည်းမှုတို့ ကြောင့် မျက်ရည်များပင် ကျဆင်းလာခဲ့လေသည် ။
လွန်ခဲ့သော နှစ်နှစ်ကျော်အတွင်း ခံစားခဲ့ရသော နာကျင်မှုများမှာ အလကားသက်သက် ဖြစ်ခဲ့ရသည် မဟုတ်ပါလော ။
ယွီလီက ဘေးမှ ဖေးမနှစ်သိမ့်ပေးနေ၏ ။
ယန်ကျီဝမ်က ရွှီတာမော့အား ပြောလိုက်သည် ။
" တာမော့.. နေမကောင်းရင် ဆေးကုရမှာပဲ.. ဒါက ပုံမှန်ကိစ္စပါ.. ရှက်စရာ ဘာမှမရှိပါဘူး.. ခင်ဗျားလည်း ဒုတိယ ယီကျုံးဟိုင် မဖြစ်ချင်ဘူး မလား.. "
" ခြံဝင်းထဲက လူတွေ အားလုံးကတော့ အဒေါ်ကြီးယီရဲ့ ပြဿနာလို့ ပြောကြတာပဲ.. ဒါပေမဲ့ ကျုပ်အမြင်အရတော့ သူ့မှာ ပြဿနာရှိနေဖို့ အများကြီး သေချာတယ်.. သူကလည်း ခင်ဗျားလိုပဲ မျက်နှာပန်း လိုချင်လို့ ဖုံးထားတာ.. "
" ခင်ဗျားက အခု ငယ်ပါသေးတယ်.. ပြဿနာရဲ့ အရင်းအမြစ်ကို သိရရင် ဆေးရုံက မကုနိုင်ရင်တောင် ကျုပ်ဆီမှာ ကုလို့ရတယ်.. ဒါပေမဲ့ အချိန်ကြာသွားရင်တော့ ကျုပ်လည်း သေချာ မပြောနိုင်တော့ဘူး.. "
ရွှီတာမော့ အနည်းငယ် တွေဝေသွားပြီး..
" ကျီဝမ်.. မင်း တကယ် သေချာလို့လား.. "
ယန်ကျီဝမ်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည် ။
" တကယ်လို့ ကျုပ်ပြောတဲ့ ပြဿနာသာ အတိအကျ ဖြစ်နေမယ်ဆိုရင်.. ရှစ်ဆယ် ရာခိုင်နှုန်းတော့ သေချာတယ်.. ဒါပေမဲ့ ဆေးရုံသွားပြီး စစ်ဆေးတာကတော့ အကောင်းဆုံးပဲ.. ဘာပဲဖြစ်ဖြစ် အနောက်တိုင်းဆေးပညာမှာက စမ်းသပ်တဲ့ စက်ကိရိယာတွေ ရှိတယ်လေ.. "
ဆေးပညာ ကျွမ်းကျင်မှု စွမ်းရည်ကို ရရှိပြီးနောက်ပိုင်း ဤကဲ့သို့သော ပြဿနာများနှင့် ပတ်သက်သည့် လျှို့ဝှက်ဆေးဖော်စပ်နည်း အများအပြား ပါဝင်လာခဲ့သည် ဆိုသော်ငြားလည်း..
ရောဂါကို တိတိကျကျ သိရှိအောင် စစ်ဆေးပြီးမှသာ ဆေးညွှန်းရေးပေးသင့်သည် မဟုတ်ပါလော ။ ထိုသို့မှသာ ရောဂါနှင့် ကိုက်ညီသော ဆေးကို ပေးနိုင်မည် ဖြစ်သည် ။
" ရွှီတာမော့.. ယန်ကျီဝမ် ပြောတာကို နားထောင်လိုက်ပါ.. "
လိုရှောင်အဲက ဖျောင်းဖျလိုက်၏ ။
ရွှီတာမော့ ခဏတာ လွန်ဆွဲနေပြီးနောက် အံကိုတင်းတင်းကြိတ်ကာ ...
" ကောင်းပြီ.. ငါ မနက်ဖြန် မနက် သွားမယ်.. "