အခန်း ၂၉၈
Vol. 29 Ch. 298
Chapter 298
~
အခန်း ၂၉၈ : ရွှီတာမော့ ရူးသွားပြီ
~
" ဆရာ.. စစ်ဆေးရတဲ့ အဖြေက ဘယ်လိုလဲ .. "
ရွှီတာမော့က စိုးရိမ်တကြီးဖြင့် စစ်ဆေးမှုရလဒ်များကို ကြည့်နေသော ဆရာဝန်ကို မေးလိုက်သည် ။
လိုရှောင်အဲ ကတော့ အပြင်ဘက်တွင် စောင့်နေ၏ ။
ယနေ့ မနက်စောစောကပင် ရွှီတာမော့ လင်မယား နှစ်ယောက် ဆေးရုံသို့ လာ၍ စစ်ဆေးခဲ့ကြသည် ။
သို့သော်လည်း ရွှီတာမော့က မျက်နှာပူသဖြင့် လိုရှောင်အဲကို အထဲသို့ ပေးမဝင်ဘဲ အပြင်တွင်သာ စောင့်ခိုင်းထားခဲ့သည် ။
" အင်း.. ခင်ဗျားရဲ့ ခန္ဓာကိုယ် အခြေအနေက ယေဘူယျအားဖြင့်တော့ ဘာပြဿနာမှ မရှိဘူး.. ဒါပေမဲ့.. "
ဆရာဝန်က ခဏစဥ်းစားလိုက်ပြီး ...
" ခင်ဗျားရဲ့ မျိုးစေ့တွေက သက်ဝင်လှုပ်ရှားမှု သိပ်မရှိဘူး.. အဲ့တော့ ကလေးရဖို့ ဆိုတာက သာမန်လူတွေထက် အဆပေါင်းများစွာ ပိုခက်ခဲလိမ့်မယ် .. "
" တ..တကယ်ကြီး မျိုးစေ့တွေက မလှုပ်ရှားတော့တာလား .. "
ရွှီတာမော့က တုန်ယင်သော အသံဖြင့် မေးလိုက်သည် ။
" အဲ့လိုပြောလို့လည်း ရပါတယ်.. "
ဆရာဝန်က ခေါင်းညိတ်လိုက်ပြီး စပ်စုချင်ဟန်ဖြင့်...
" ခင်ဗျား တခြားဆေးရုံတွေမှာရော သွားပြဖူးသေးလား .. "
ရွှီတာမော့က ပြန်မဖြေဘဲ မေးလိုက်သည် ။
" ဆရာ.. ဒီလို အခြေအနေမျိုးက ယေဘူယျအားဖြင့် ဘယ်လို အကြောင်းရင်းတွေကြောင့် ဖြစ်တက်တာလဲ .. "
သူ ငယ်ငယ်ကတည်းက ခန္ဓာကိုယ်၌ ကြီးကြီးမားမား ရောဂါဘယ ဘာမှ မရှိခဲ့ဘဲ အစားကောင်းကောင်းစားနိုင် အိပ်ကောင်းကောင်းအိပ်နိုင်သူ ဖြစ်သည် ။
အဲ့ဒီကိစ္စတွင်လည်း သူက တခြားသူများထက် ပိုသာသည်ဟု သူ့ကိုယ်သူ ယူဆထား၏ ။
သို့ပေသိ မည်သည့်အတွက်ကြောင့် ဤသို့သော ပြဿနာမျိုး ရုတ်တရက် ပေါ်လာရသနည်း ။
သူ စဥ်းစား၍ မရချေ ။
ဆရာဝန်က ခဏစဥ်းစားလိုက်ပြီးနောက် ရှင်းပြသည် ။
" ဒီလို အခြေအနေမျိုး ဖြစ်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိတယ်.. အဖြစ်အများဆုံးကတော့ အဲ့ဒီနေရာကို ပြင်းပြင်းထန်ထန် ထိခိုက်မိတာမျိုးပေါ့.. ခင်ဗျား အရင်က ပြင်းပြင်းထန်ထန် ထိခိုက်မိဖူးတာမျိုး ရှိလား .. "
' ပြင်းပြင်းထန်ထန် ထိခိုက်မိတာ.. '
ရွှီတာမော့က ခေါင်းခါရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည် ။
" ဆရာ... အကန်ခံရရင်ရော ဒီလိုအခြေအနေမျိုး ဖြစ်နိုင်လား .. "
" အခြေအနေ ပြင်းထန်ရင်တော့ ဖြစ်နိုင်ချေ ရှိပါတယ် .. "
" အဲ့ဒီ အရေးကြီးတဲ့ နေရာကို မကြာခဏ အကန်ခံရရင်ရော .. "
" အဲ့ဒါဆိုရင်တော့ အဲ့ဒီအကြောင်းရင်းကြောင့် ဖြစ်ဖို့ သေချာသလောက်ပဲ .. "
ဆရာဝန်က ရှင်းပြလိုက်သည် ။
" အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ် အချိန်မှာဆိုရင် အဲ့ဒီနေရာကို ကာကွယ်ဖို့ ပိုပြီး ဂရုစိုက်ရမယ်.. ဖွံ့ဖြိုးမှု အပြည့်အဝ မရှိသေးတဲ့ အရွယ်ဆိုတော့ ပြဿနာ ဖြစ်ဖို့ အရမ်းလွယ်တယ် .. "
ရွှီတာမော့က လက်သီးကို တင်းတင်းဆုပ်လိုက်သည် ။ ယခုလို ဖြစ်လာရသည့် အကြောင်းရင်းကို သူ ခန့်မှန်းမိသွားလေပြီ ။
တခြား အကြောင်းကြောင့် မဟုတ်ဘဲ ရှာကျူး ကြောင့်ပင် ။
သူ ငယ်ငယ်ကတည်းက ရှာကျူး၏ ရိုက်နှက်မှုကို မကြာခဏ ခံခဲ့ရသည် ။
ရှာကျူးက ရန်ဖြစ်လျှင် ကိုယ်ခံပညာ စည်းမျဥ်းများကို လုံးဝ ဂရုမစိုက်ဘဲ အားနည်းသည့် နေရာများကိုသာ ရွေး၍ တိုက်ခိုက်တက်သည် ။
သူ၏ အရေးကြီးသော နေရာက ရှာကျူး ကန်သည်ကို မကြာခဏ ခံခဲ့ရ၏ ။
ကြာလာသည်နှင့်အမျှ ယခုလို ပြဿနာမျိုး ဖြစ်လာခဲ့ရခြင်းပင် ။
ယခုအချိန်၌ ရွှီတာမော့၏ စိတ်ထဲတွင် ရှာကျူးအား သတ်ပစ်ချင်စိတ်များပင် ပေါ်ပေါက်နေလေပြီ ။
သို့သော်လည်း သူက ဒေါသကို မြိုသိပ်ထားပြီး ဆက်မေးလိုက်သည် ။
" ဆရာ.. ဒီလို အခြေအနေမျိုးက ကုလို့ရသေးလား .. "
" အရမ်းခက်တယ် .. "
ဆရာဝန်က ခေါင်းခါလိုက်သည် ။
" အနောက်တိုင်းဆေးပညာ အရဆိုရင်တော့ လောလောဆယ် ဒီလို ပြဿနာမျိုးအတွက် ကုသဖို့ နည်းလမ်း မရှိသေးဘူး .. "
" အဲ့ဒါဆို ကျွန်တော် နောင်ကျရင် ကလေးမရနိုင်တော့ဘူးလားဗျာ .. "
ရွှီတာမော့၏ မျက်နှာက ပြာနှမ်းသွားသည် ။
ဆရာဝန်က သနားသွားပြီး အကြံပေးလိုက်၏ ။
" ခင်ဗျား တိုင်းရင်းဆေးပြ ကြည့်သင့်တယ်.. တိုင်းရင်းဆေးပညာက ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းလာခဲ့တာ နှစ်ထောင်ချီ ရှိပြီဆိုတော့ နည်းလမ်းရှိကောင်း ရှိနိုင်တယ် .. "
ရွှီတာမော့ ခဏတာ တိတ်ဆိတ်သွားသည် ။
ထို့နောက်မှ..
" ကျေးဇူးတင်ပါတယ် ဆရာ .. "
ထို့နောက် သူ အပြင်သို့ ထွက်လာခဲ့သည် ။
သူ အပြင်ရောက်သည်နှင့် လိုရှောင်အဲက မစောင့်နိုင်တော့ဘဲ မေးလိုက်၏ ။
" တာမော့.. ဆရာဝန် ဘာပြောလဲ .. "
" လမ်းကျမှ ပြောပြမယ် .. "
ရွှီတာမော့က ပြန်ပြောရန် ဆန္ဒမရှိသည်ကို မြင်လျှင် လိုရှောင်အဲက သူနှင့်အတူ ဆေးရုံမှ ထွက်ခွာလာခဲ့ရသည် ။
အပြန်လမ်းတွင်..
ရွှီတာမော့ စကားတစ်ခွန်းမှ မပြောချေ ။
လိုရှောင်အဲ ခဏ အောင့်အီးထားသော်လည်း နောက်ဆုံးတွင် ထပ်မေးလိုက်သည် ။
" တာမော့.. မြန်မြန်ပြောစမ်းပါ.. တကယ်တော့ ဘာဖြစ်တာလဲ.. ကျွန်မကို စိတ်ပူအောင် မလုပ်ပါနဲ့ .. "
ရွှီတာမော့က အေးစက်သော လေသံဖြင့်...
" ယန်ကျီဝမ် ပြောတာနဲ့ အတူတူပဲ.. တကယ်ပဲ မျိုးစေ့တွေရဲ့ သက်ဝင်လှုပ်ရှားမှု ပြဿနာပဲ.. ဆရာဝန်က ငါ ကလေးရဖို့ဆိုရင် သာမန်လူတွေထက် အဆပေါင်းများစွာ ပိုခက်လိမ့်မယ်လို့ ပြောတယ် .. "
" အဲ့ဒါဆို ကလေးရနိုင်ချေ ရှိသေးတယ်ပေါ့ .. "
ရွှီတာမော့က ခဏတုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည် ။
" အင်း...ဒါပေမဲ့ ဖြစ်နိုင်ချေ အရမ်းနည်းတယ် .. "
မဟုတ်လျှင် သူတို့ ယခုအချိန်အထိ ကလေးမရဘဲ နေမည်မဟုတ်ချေ ။
လိုရှောင်အဲက သံသယဖြစ်စွာဖြင့်...
" ဒါဆို ကောင်းတာပေါ့.. ယန်ကျီဝမ်က ပြောထားတယ်လေ.. တကယ်လို့ ဒီလိုပြဿနာမျိုးဆိုရင် သူ ကုပေးနိုင်တယ်ဆို .. "
ရွှီတာမော့၏ မျက်နှာ မည်သည့်အတွက်ကြောင့် ဤမျှ ဆိုးရွားနေသည်ကို သူမ နားမလည်နိုင်ပေ ။
ဤသည်က ကောင်းမွန်သော ကိစ္စဖြစ်သည် ။
ပြဿနာ၏ အရင်းအမြစ်ကို ရှာတွေ့သွားပြီး ကုသရန် နည်းလမ်းလည်း ရှိနေသေးသည် ။
နောင်မှ သိရပြီး ကုသရန် နောက်ကျသွားသည်ထက်စာလျှင် ပိုကောင်းပေသည် ။
ယီကျုံးဟိုင် ကဲ့သို့ မျိုးဆက်ပြတ်သွားသူ ဖြစ်မည် မဟုတ်တော့ချေ ။
" အင်း .. "
ရွှီတာမော့က ညည်းသံပြုလိုက်ပြီး နောက်ထပ် ဘာမှ ဆက်မပြောတော့ချေ ။
အိမ်ပြန်ရောက်သည်အထိပင် ။ ရွှီတာမော့သည် စက်ဘီးကို ရပ်လိုက်သည်နှင့် အိမ်ရှိ မီးဖိုချောင်ထဲသို့ ပြေးဝင်သွားပြီး ပြန်ထွက်လာချိန်တွင် လက်ထဲ၌ ဓားတစ်ချောင်း ပါလာ၏ ။
သူက ဒေါသတကြီးဖြင့် အလယ်ခြံဝင်းဘက်သို့ ပြေးသွားလေသည် ။
"ဟဲ့.. တာမော့.. ရွှီတာမော့.. နင် ဘာလုပ်မလို့လဲ .. "
လိုရှောင်အဲ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ ပြန်လည်မပြင်ဆင်နိုင်သော အမှားတစ်ခုခု လုပ်မိမည်ကို စိုးရိမ်သဖြင့် အမြန်ပြေးလိုက်သွားသည် ။
" ဒုန်း.. ဒုန်း.. ဒုန်း.."
ရွှီတာမော့က ရှာကျူး၏ အိမ်တံခါးရှေ့သို့ ရောက်လျှင် လက်ထဲရှိ ဟင်းသီးဟင်းရွက်လှီးဓားဖြင့် တံခါးကို အဆက်မပြတ် ခုတ်လေတော့သည် ။
ပါးစပ်မှလည်း ဒေါသတကြီး အော်ဟစ်နေ၏ ။
" ရှာကျူး.. ××××××... မင်း အခုချက်ချင်း ထွက်ခဲ့စမ်း.. ငါ မင်းကို သတ်ပစ်မယ် .. "
ရွှီတာမော့က အော်ဟစ်ရင်း တံခါးကို ခုတ်နေသည် ။
" ဘယ်ကောင်လဲကွ.. လူလို မသိတက်ဘူးလား... လူတွေကို အိပ်လို့မရအောင် လုပ်နေတာလား .. "
ရှာကျူးက အိပ်ရာမှ နိုးလာပြီး ဒေါသတကြီးဖြင့် တံခါးလာဖွင့်သည် ။
တံခါးဖွင့်လိုက်သည်နှင့် သူ့ဆီသို့ ဦးတည်၍ ခုတ်ချလာသော တောက်ပနေသည့် ဓားတစ်ချောင်းကို မြင်လိုက်ရ၏ ။
ရှာကျူး ရုတ်တရက် လန့်သွားပြီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်သဖြင့် ဓားချက်ကို သီသီလေး ရှောင်နိုင်ခဲ့သည် ။
သူ သတိပြန်ဝင်လာချိန်တွင် ချွေးစေးများပင် ပြန်နေလေပြီ ။
သူ့ရှေ့ရှိ လူသတ်သမား ကို ကြည့်၍ ရှာကျူး ဒေါသတကြီးဖြင့်...
" ရွှီတာမော့.. မင်း ငါ့ကို သတ်ချင်နေတာလား .. "
" အေး ..ငါ မင်းကို သတ်မှာ .. "
ရွှီတာမော့က အေးစက်စွာ ဟစ်အော်လိုက်ပြီး ဓားကိုကိုင်ကာ ရှေ့သို့ ထပ်တိုးသွားသည် ။
ရှာကျူး မအ ။ ချက်ချင်းလှည့်၍ ထွက်ပြေးလေတော့၏ ။
" အမလေးဗျ..ကယ်ကြပါအုံး... ရွှီတာမော့ ရူးသွားပြီ.. ကယ်ကြပါအုံး .. "
ရှာကျူးက ပြေးရင်း အော်ဟစ် အကူအညီတောင်းနေသည် ။
ပုံမှန်အချိန်တွင် သူက မောက်မာတက်သော်လည်း တကယ့် လက်နက်အစစ်နှင့် တွေ့လာသောအခါ ထွက်ပြေးရပေမည် ။ သိုင်းတက်သည်ဟု ဆိုကာ ဓားသမားကို အထင်သေးသူများ သုံးချိုင်းကင်းတွင် ပုံနေသည် ။
တစ်ယောက်က ပြေး တစ်ယောက်က လိုက်နှင့် ။
သူတို့နှစ်ယောက် အချိန်အတန်ကြာ လိုက်တမ်းပြေးတမ်း ကစားနေကြသည် ။
ထိုအချိန်တွင် လိုရှောင်အဲ ရောက်လာ၏ ။
ရှာကျူးက လိုရှောင်အဲကို မြင်သည်နှင့် သူမ၏ ကျောဘက်သို့ အမြန်ပုန်းလိုက်ပြီး...
" လိုရှောင်အဲ.. နင့်ယောကျ်ား ရူးသွားပြီ.. ငါ့ကို ဓားနဲ့ လိုက်ခုတ်နေတယ် .. "
လိုရှောင်အဲက သူ့ကို ဂရုမစိုက်ဘဲ စိုးရိမ်တကြီးဖြင့် ...
" တာမော့.. နင် ဘာတွေ လုပ်နေတာလဲ.. တကယ်လို့ နင် သူ့ကို ဒဏ်ရာရအောင် လုပ်မိရင် နင်လည်း အဖမ်းခံရပြီး ထောင်ကျလိမ့်မယ်ဆိုတာ မသိဘူးလား .. "
ထိုစကားကို ကြားလျှင် ရွှီတာမော့ အနည်းငယ် ငြိမ်သက်သွားသည် ။
သူက အေးစက်သော လေသံဖြင့်...
" မိန်းမ နင် ဘာသိလို့လဲ.. ငါ အခုလို ဘဝရောက်သွားရတာ ဒီခွေးကောင်ကြောင့် ဆိုတာ နင် သိရဲ့လား .. "
ရှာကျူးက ကြောင်တောင်တောင်ဖြင့် ပြန်မေးသည် ။
" ငါ မင်းကို ဘာလုပ်မိလို့လဲ .. "
ကောင်းကင်နဲ့မြေကြီး သက်သေရှိသည် ။
သူ အခုလေးတင် အိပ်ရာမှ နိုးလာခြင်းသာ ဖြစ်၏ ။
ခဏနေလျှင် အလုပ်သွားရန်ပင် ပြင်ဆင်ရမည် ။
သို့သော် ရွှီတာမော့က သူ့ကို ဓားဖြင့် လာခုတ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း ။
သူသာ အရှောင်မမြန်ခဲ့လျှင် အသားတစ်ဖဲ့ ပါသွားနိုင်သည် ။
ရွှီတာမော့က ဒေါသတကြီးဖြင့်...
" ရှာကျူး.. မင်း ငယ်ငယ်က ငါ့ကို အများကြီး ရိုက်ခဲ့တယ်မလား.. အမြဲတမ်း ယောကျ်ားတွေရဲ့ အရေးကြီးတဲ့ နေရာကိုပဲ ရွေးကန်ခဲ့တာလေ.. ငါ ဒီနေ့ သွားစစ်ဆေးကြည့်တော့ ဆရာဝန်က ငါ ကလေးရဖို့ အရမ်းခက်တယ်တဲ့.. အကြောင်းရင်းက အဲ့ဒီနေရာကို မကြာခဏ ပြင်းပြင်းထန်ထန် အထိခံရလို့တဲ့ .. "
" အဲ့ဒါ ငါလုပ်လို့ ဖြစ်တာ မှန်ချင်မှ မှန်မှာပေါ့.. မင်း ဟိုလူသည်လူနဲ့ ရှုပ်လို့ ဖြစ်တာလည်း ဖြစ်နိုင်တာပဲ .. "
ရှာကျူးက စိတ်မလုံစွာဖြင့် ဆင်ခြေပေးလိုက်သည် ။
ရွှီတာမော့ မည်သည့်အတွက်ကြောင့် ဤမျှ ဒေါသထွက်နေသည်ကို သူ နောက်ဆုံးတော့ နားလည်သွားလေပြီ ။
ပြဿနာက သူက ရွှီတာမော့ကို မျိုးဆက်ပြတ်သွားအောင် ရိုက်နှက်မိခဲ့ခြင်းပင် ။
သူသာ ရွှီတာမော့နေရာတွင် ဆိုလျှင်လည်း ဤသို့ပင် လုပ်မိမည် ။
" ဆင်ခြေပေးရဲသေးတယ်ပေါ့လေ.. ငါ မင်းကို သတ်မယ် .. "
ရွှီတာမော့ ရုတ်တရက် ဒေါသပေါက်ကွဲသွားပြီး ဓားကိုဆွဲကာ ထပ်မံ ပြေးဝင်သွားသည် ။
ရှာကျူးက အမြန် ခြေကုန်သုတ်၍ ပြေးရပြန်၏ ။
ထိုစဥ် အိမ်ပြင်ထွက်လာသော ယီကျုံးဟိုင်ကို မြင်လိုက်ရသဖြင့် ရှာကျူးက ယီကျုံးဟိုင်ရှိရာသို့ အမြန်ပြေးသွားလေသည် ။
" ပထမဦးလေး.. ကျွန်တော့်ကို ကယ်ပါအုံး.. ရွှီတာမော့ ကျွန်တော့်ကို ဓားနဲ့ခုတ်မလို့ လုပ်နေတယ် .. "
ယီကျုံးဟိုင် အံ့သြသွားပြီးနောက် ဓားကိုကိုင်ကာ ပြေးလာသော ရွှီတာမော့ကို မြင်လိုက်ရ၏ ။
သူက အမြန်ပင် တားဆီးလိုက်သည် ။
" ရွှီတာမော့.. မင်း ဘာလုပ်မလို့လဲ.. ဓားကိုင်ပြီး ရမ်းကားရင် အဖမ်းခံရပြီး ထောင်ကျမယ်ဆိုတာ မင်း သိသင့်တယ် .. "