အခန်း ၃၈၂
Vol. 41 Ch. 382
အခန်း (၃၈၂) တွေ့ဆုံပွဲ
“ဒါဆို... နောက်ထပ် ဘယ်သွားကြမလဲ”
ဖုန်းပုကြွယ်က မေးလိုက်သည်။
“ငါတို့နှစ်ယောက်တည်း အပြင်ထွက်ရတာ ရှားရှားပါးပါးပါပဲ၊ ပြီးတော့ မေဒေးရုံးပိတ်ရက်လည်း ဖြစ်နေတယ်၊ ရုပ်ရှင်သွားကြည့်ဖို့ကျတော့လည်း နည်းနည်းလူရှုပ်နေမလားလို့...”
“ရှင့်အိမ် သွားရအောင်”
ရီရူလီက သူမ၏ ပုံမှန် အေးစက်စက်လေသံဖြင့် ကြားဖြတ်ပြောလိုက်သည်။
“မင်း... ဒါက... ငါ...”
အမြဲတစေ နှုတ်သွက်လျှာသွက်ဖြင့် စကားပြောကောင်းလှသော ဖုန်းပုကြွယ်ပင် ဤအခိုက်အတန့်တွင် ဝါကျတစ်ကြောင်းအောင်ပင် စကားမဆိုနိုင်တော့ချေ။
“ရှင် အတွေးလွန်နေပြီ”
ရီရူလီက ပြန်ပြောလိုက်သည်။
“အိုကေ...”
ဖုန်းပုကြွယ်က ဆိုသည်။
နှစ်ဦးသား တစ်ဦး၏ ဆိုလိုရင်းကို တစ်ဦးက မည်သို့နားလည်သွားကြကြောင်းကိုတော့... သူတို့ကိုယ်တိုင်သာ သိကြပေလိမ့်မည်။
“အိုး... ခဏလေးနော်”
ဖုန်းပုကြွယ်ပြောရင်း သူ့အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ အမြန်ခေါ်ဆိုမှု နံပါတ်တစ်ခုကို နှိပ်လိုက်သည်။
ဆယ်စက္ကန့်ခန့် ကြာပြီးနောက် အခြားတစ်ဖက်မှ ဖုန်းကို ကိုင်လိုက်ပြီး ရှောင်တန်၏ အသံ ထွက်ပေါ်လာလေသည်။
“ဟဲလို ဖုန်းပုကြွယ်လား၊ ဘာကိစ္စရှိလို့ပါလဲ”
“အိုး... ဘာမှထူးထူးခြားခြား မဟုတ်ပါဘူး၊ မင်းနဲ့ မင်းဘေးက ကောင်မလေးကို သစ်ပင်တန်းတွေနောက်ကနေ ထွက်လာပြီး ငါ့အိမ်ကို ခဏလောက်လာခဲ့ဖို့ ဖိတ်ချင်လို့ပါ”
...
ငါးမိနစ်ခန့် ကြာပြီးနောက် သူတို့လေးဦးလုံး ရှောင်တန်၏ ကားထဲတွင် ထိုင်နေကြပြီ ဖြစ်သည်။
ရှောင်တန်နှင့် ရီရူယွီတို့မှာ ရှေ့ခန်းတွင် ထိုင်ကြပြီး အစ်ကိုကြွယ်နှင့် ရီရူလီတို့မှာမူ နောက်ခန်းတွင် တစ်ဦးနှင့်တစ်ဦး တော်တော်လေးဝေးဝေး ထိုင်နေကြလေသည်...။ နှစ်ဦးလုံးသည် လက်တစ်ဖက်ဖြင့် မေးထောက်ထားသည့် ပုံစံတူအနေအထားမျိုးဖြင့် ဘေးဘယ်ညာ ပြတင်းပေါက် အပြင်ဘက်က ရှုခင်းများကို ကြည့်ရှုနေကြသည်။
“နင် ရှပ်ပြာရှပ်ပြာလုပ်လွန်းလို့ အမိခံလိုက်ရတာ နေမှာ”
ရီရူယွီမှာ ညည်းတွားနေဆဲ ဖြစ်သည်။
ရှောင်တန်က ပြန်ပြောလိုက်သည်။
“ငါ ကားမောင်းနေတုန်း လာမရှုပ်နဲ့ဦးနော်၊ အိုး... ထိုင်ခုံခါးပတ် ပတ်ဖို့လည်း မမေ့နဲ့ဦး”
ဤအချိန်တွင် သူတို့နှစ်ဦးလုံးသည် နေကာမျက်မှန်များနှင့် ဦးထုပ်များကို ချွတ်ထားကြပြီဖြစ်ပြီး သူတို့အမူအရာများမှာ အနည်းငယ် အနေရခက်နေလေကြသည်။
“သူ့အပြစ် မဟုတ်ပါဘူး”
ဖုန်းပုကြွယ်က နောက်ခန်းမှ လှမ်းပြောလိုက်သည်။
“ငါ့ရဲ့ ခြေရာခံမှု တန်ပြန်ကာကွယ်တဲ့စွမ်းရည်တွေက စနစ်တကျ လေ့ကျင့်ထားတာလေ၊ သီအိုရီပိုင်းဆိုင်ရာ ဗဟုသုတရော လက်တွေ့အတွေ့အကြုံရောက မင်းတို့ လိုက်မီနိုင်တဲ့အဆင့် မဟုတ်ဘူး၊ ဒေသခံ ရဲတွေတောင်မှ...”
“ဟေး အဲ့ဒီလို စကားမျိုးတွေကို လျှောက်မပြောနဲ့လေ”
ရှောင်တန်က လှမ်းအော်၍ စကားဖြတ်လိုက်သည်။
“အာ ထားလိုက်ပါတော့၊ တကယ်တော့ ဒီလိုဖြစ်သွားတာလည်း အဆင်ပြေပါတယ်၊ ငါတို့လေးယောက် ဆုံရခဲတယ်လေ”
ရီရူယွီက ပြောလိုက်သည်။
“ဒါ့အပြင် အခုလို အမျိုးသားရုံးပိတ်ရက်တွေမှာ အများပြည်သူနေရာတွေက လူတွေ ပြည့်နေတတ်တယ်၊ ဒါကြောင့် ခေါင်းဆောင်ရဲ့ အိမ်ကို သွားတာက တကယ်ကို ရွေးချယ်မှုကောင်းပဲ”
“အင်း... အမှန်ပဲ၊ ‘တစ်ကိုယ်တည်းနေတဲ့ အိုတာကူတစ်ယောက်ရဲ့ အိမ်ဟာ ရုပ်ရှင်ရုံ၊ ဘုတ်ဂိမ်းကစားတဲ့အခန်း၊ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်အားလုံးကို တစ်နေရာတည်းမှာ ပေါင်းစပ်ထားတဲ့ နေရာတစ်ခုပဲ’”
ရီရူလီက တစ်သမတ်တည်း လေသံဖြင့် ဝင်ပြောလိုက်သည်။
“ဒါက ငါ့ရဲ့...”
ဖုန်းပုကြွယ်သည် ဤစာသားမှာ သူ့ဝတ္ထုထဲတွင် ရေးသားခဲ့သော စာသားတစ်ခု ဖြစ်ကြောင်းကို ချက်ချင်း မှတ်မိသွား၏ည်။
“ရှင် လွန်ခဲ့တဲ့သုံးနှစ်က ရေးခဲ့တဲ့ ‘အဆောက်အဦးတစ်လျှောက်က မျက်စိများ’ ဆိုတဲ့ ဝတ္ထုတိုထဲမှာ ရေးထားတာလေ”
ရီရူလီက ဆက်ပြောလိုက်သည်။
“မင်းက ငါရေးတာတွေကို ယုံလို့လား...”
ဖုန်းပုကြွယ်က မေးလိုက်သည်။
“သေချာပေါက် ရှင်ရေးတာတွေကို မယုံဘူးပေါ့၊ ကျွန်မက အဲ့ဒါတွေထဲက ဘယ်လောက်အထိက ရှင့်ရဲ့ လက်တွေ့ဘဝနဲ့ ဆက်စပ်နေလဲဆိုတာကိုပဲ ခန့်မှန်းကြည့်တာပါ”
ရီရူလီက ဆိုသည်။
“ငါတို့သာ ကျား/မ ပြောင်းပြန် ဖြစ်နေရင်... ငါ အခုလောက်ဆို ရဲခေါ်လို့ ရနေပြီ”
ဖုန်းပုကြွယ် မျက်လုံးများမှေးလိုက်ပြီး သူ့ဘေးက ရီရူလီကို လှမ်းကြည့်လိုက်သည်။
“ကျွန်မက ခန့်မှန်းကြည့်ရုံတင်ပါ၊ ဘာလက်တွေ့ စုံစမ်းစစ်ဆေးမှုမှ မလုပ်ထားပါဘူး”
ရီရူလီက ဆိုသည်။
“သည်းထိတ်ရင်ဖို သုခဘုံထဲမှာ ရှင့်ကို တွေ့လိမ့်မယ်လို့တော့ ကျွန်မ မထင်ထားခဲ့ဘူးပေါ့”
“ဒါကို ကံကြမ္မာလို့ ခေါ်တာလေ”
ရှောင်တန်က ကားမောင်းနေရာမှ လှည့်မကြည့်ဘဲ ကြားဖြတ်ပြောလိုက်သည်။
...
နာရီဝက်ခန့် ကြာပြီးနောက် သူတို့အဖွဲ့လေးသည် အစ်ကိုကြွယ်၏ နေအိမ်သို့ ရောက်ရှိလာကြသည်။ သူတို့သည် ရုပ်ရှင်ရုံ၊ ဘုတ်ဂိမ်းအခန်း၊ ကော်ဖီဆိုင်နှင့် စားသောက်ဆိုင်တို့ ပေါင်းစပ်ထားသည့် ထိုနေရာသို့ ရောက်ရှိသွားကြခြင်းဖြစ်သည်...။
“အာ တစ်အိမ်လုံးကို အလကား ရလိုက်သလို ခံစားရတယ်...”
ရီရူယွီသည် လုံးဝတုံ့ဆိုင်းမှုမှု မရှိဘဲ အစ်ကိုကြွယ်၏ ဆိုဖာပေါ်သို့ ခုန်တက်ကာ ပျင်းရိပျင်းတွဲဖြင့် အကြောဆန့်လိုက်လေသည်။
“ယိုး... အာသပ်စ် မင်း ဒီနေ့လည်း မောက်မာနေတုန်းပဲလား”
ရှောင်တန်သည် အခန်းထောင့်တွင် လှဲလျောင်းနေသော ကြောင်ကျားလေးကို တွေ့ရှိသွားပြီး ၎င်းရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
“အယ်၊ ခေါင်းဆောင်မှာ ကြောင်ရှိတာလား”
ရီရူယွီသည် ဆိုဖာပေါ်မှ ပြန်လည်ခုန်ထွက်လာပြီး အပြေးအလွှားသွားကာ ရှောင်တန့်ဘေးတွင် ဒူးထောက်လိုက်သည်။
“အင်း... ဒီကြောင်ရဲ့ မျက်လုံးတွေက တော်တော်လေး မောက်မာပုံရတယ်...”
“သူ့အမူအရာက သူ့သခင်နဲ့ တော်တော်လေး တူတာပဲ...”
ရီရူလီလည်း အနားသို့ ရောက်ရှိလာလေသည်။
သူစိမ်းသုံးဦး၏ ဝိုင်းရံခံနေရသော်လည်း အာသပ်စ်သည် လုံးဝဂရုမစိုက်ဘဲ အေးအေးဆေးဆေးပင် ရှိနေလေသည်။ ၎င်းသည် ပုံမှန် ကြောင်တစ်ကောင်၏ အနေအထားအတိုင်း လှဲလျောင်းလျက် လူတိုင်းကို တစ်ချက်လှမ်းကြည့်ပြီးနောက် ခေါင်းကို အခြားတစ်ဖက်သို့ လွှဲကာ သမ်းလိုက်လေသည်။
“မင်းတို့ကတော့ တကယ့်ကို ကိုယ့်အိမ်ကိုယ်ယာလို သဘောထားနေကြတာပဲ...”
ဖုန်းပုကြွယ်သည် နောက်ဆုံးမှ ဝင်လာရင်း တံခါးပိတ်ကာ ပြောလိုက်သည်။
“ဟေး ခေါင်းဆောင်၊ ကြောင်ကစားစရာတွေ ရှိလား”
ရီရူယွီက မေးမြန်းလိုက်သည်။
“ငါ သူ့ကို တွေ့တဲ့နေ့က တချို့တလေ ဝယ်ခဲ့သေးတယ်၊ ဒါပေမဲ့ တစ်ခါမှ မသုံးရသေးဘူး၊ ဒီကောင်က ဘာကိုမှ မကုတ်ဘူးလေ၊ ကိုက်လည်း မကိုက်ဘူး၊ ကြောင်ကစားစရာတွေ ဒါမှမဟုတ် ချည်လုံးတွေကိုလည်း လုံးဝ မတုံ့ပြန်ဘူး...”
ဖုန်းပုကြွယ် ပြန်ဖြေလိုက်သည်။
“ဒါကြောင့် ရက်နည်းနည်းကြာတော့ ကြောင်ကစားစရာတွေ အားလုံးကို ပြန်ပေးလိုက်တယ်”
“ဒါဆို... သူက တော်တော်လေး လိမ္မာတာပေါ့၊ ဟမ်”
ရီရူယွီက ဆိုသည်။
“စနစ်တကျ မစင်မိုင်းတွေ ထောင်တာနဲ့ ငါ့ကို နည်းမျိုးစုံနဲ့ လျစ်လျူရှုထားတာကလွဲရင်ပေါ့...”
ဖုန်းပုကြွယ်က ဆိုသည်။
“ဒါနဲ့ ပြောရမယ်ဆိုရင်... ငါက ဘာဖြစ်လို့ အခုလို အရှင်သခင်တစ်ပါးကို အလုပ်အကျွေးပြုဖို့ ဖိတ်ခေါ်လာခဲ့မိတာပါလိမ့်...”
“အထီးကျန်လို့ပေါ့”
ရီရူလီသည် ကြောင်လေး၏ အနားမှ ထွက်ခွာကာ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။
“တစ်ခုခု သောက်ကြဦးမလား”
“ဟေး ဒါက အိမ်ရှင်မေးရမယ့် မေးခွန်းလေ”
ဖုန်းပုကြွယ် အော်ပြောလိုက်သည်။
“ရေနွေး”
“ဘာဖြစ်ဖြစ်”
ရီရူယွီနှင့် ရှောင်တန်တို့က အသီးသီး ပြန်ဖြေလိုက်ကြသည်။
“အာ ဘာလို့ ရေနွေး... အွတ်...”
ရှောင်တန်က မေးရန် ပြင်လိုက်သော်လည်း တံတောင်ဆစ်ဖြင့် ထပ်မံ အတွက်ခံလိုက်ရပြန်သည်။
“မင်းတို့ရဲ့ အိမ်ထောင်ရေးဘဝကို ငါ အခုကတည်းက မြင်ယောင်နေမိပြီ”
ဖုန်းပုကြွယ်က အေးစက်စက် ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ရေခဲသေတ္တာနားတွင် ရပ်နေသော ရီရူလီသည် အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး မျက်မှောင်အနည်းငယ်ကြုတ်ကာ အစ်ကိုကြွယ်ဘက်လှည့်၍ ပြောလိုက်သည်။
“ဘာဖြစ်လို့... ရှင့်ရဲ့ ရေခဲသေတ္တာထဲမှာ အတွင်းခံဘောင်းဘီတွေ ရှိနေရတာလဲ...”
ဖုန်းပုကြွယ်သည် လုံးဝ ရှက်ရွံ့ခြင်းမရှိဘဲ လေးနက်သောလေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“အာ... မင်းသာ အေးစက်စက်အမျိုးအစားကို တစ်ကြိမ်လောက် ဝတ်ဖူးသွားရင် နွေးထွေးတဲ့ အမျိုးအစားကို ပြန်ဝတ်နိုင်တော့မှာ မဟုတ်ဘူး...”
“ဒါဆို အကြောင်းပြချက်က ဝတ်ရတာ သက်တောင့်သက်သာ ရှိလို့ပေါ့...”
ရီရူလီက တွေးတောရင်း သူမ၏ပါးပြင်များ အနည်းငယ် နီမြန်းသွားကာ ရေခဲသေတ္တာဆီသို့ အကြည့် ပြန်ရွှေ့လိုက်လေသည်။
“ပြီးတော့ ဒါတွေအားလုံးက ယောက်ျားလေးဝတ် အတွင်းခံတွေချည်းပဲလား...”
“ဟေး ဟေး ... ဘယ်လို့ ကမောက်ကမနိုင်တဲ့ ခံစားချက်ကြီး ဖြစ်နေရတာလဲ၊ ကျား/မ အခန်းကဏ္ဍတွေ ပြောင်းပြန်ဖြစ်နေပြီနော်... ယေဘုယျအားဖြင့် ပြောရရင် ငါက မင်းရဲ့ အတွင်းခံအရောင်ကို တမင်သိချင်နေရမှာ မဟုတ်လား...”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“ဒါက ဘာပုံမှန်ဖြစ်လို့လဲ...”
ရှောင်တန်က ဘေးမှ မှတ်ချက်ချလိုက်သည်။
“တစ်ခုတည်းသော ကွာခြားချက်ကတော့ ရောဂါသည်ဆန်မှုအတိုင်းအတာပဲ...”
...
ထိုနေ့မွန်းလွဲပိုင်းတွင် လေးယောက်သား ပျော်ရွှင်စွာ စကားစမြည်ပြောဆိုရင်း အချိန်ကောင်းများကို ဖြတ်သန်းခဲ့ကြသည်။ အဆောက်အအုံ၏ အသံလုံစနစ်သည် ကောင်းမွန်ပြီး ဖုန်းပုကြွယ်မှာလည်း အပေါ်ဆုံးထပ်တွင် နေထိုင်သောကြောင့် ကြမ်းပြင်ပေါ် ခြေဆောင့်မနင်းသရွေ့ သူတို့ ဘုတ်ဂိမ်းကို မည်မျှဆူညံစွာကစားပါစေ ပြဿနာမရှိချေ။
ဖုန်းပုကြွယ်၏ နေအိမ်တွင် သေချာပေါက် ဖျော်ဖြေရေးပစ္စည်းမျိုးစုံ ရှိနေလေသည်။ ရီရူလီ ပြောခဲ့သည့်အရာများအပြင် ဖုန်းပုကြွယ်၏ ဂိမ်းစက် စုဆောင်းမှုများမှာ ပလတ်ဖောင်းမျိုးစုံသို့ ဖြန့်ကြက်ထားပြီး ဂိမ်းခွေ/ကတ်ပြားများစွာလည်း ရှိနေခဲ့သည်...။ သူ့အိမ်တွင် ၁၉၉၀ ပြည့်လွန်နှစ်များမှ ၂၀၅၀ ပြည့်လွန်နှစ်များအထိ ခေတ်စားခဲ့သော ဂိမ်းစက်အားလုံးကို ကစားနိုင်လေသည်။
ညနေ ၅ နာရီခန့်တွင် ဖုန်းပုကြွယ်သည် မီးဖိုချောင်ထဲ၌ တစ်ကိုယ်တည်း ရယ်စရာကောင်းသော ဟင်းလျာများကို ချက်ပြုတ်နေစဉ် အခြားသုံးဦးမှာ ဖုန်းပုကြွယ်၏ “ကျွန်တော်က စာရေးဆရာတစ်ယောက်ပါ” ဗီဒီယိုကို ထပ်မံကြည့်ရှုနေကြသည်။ ထိုအပိုင်းမှာ တီဗီတွင် ထုတ်လွှင့်ပြသပြီး ဖြစ်သော်လည်း ရီရူလီက ၎င်းကို တိတ်တဆိတ် ဗီဒီယိုရိုက်ကူးထားခဲ့ပြီး ယခုဗားရှင်းကိုလည်း အလွန်အမင်း အာရုံစိုက်ကာ ကြည့်ရှုနေခဲ့သည်။
ညစာကတော့ သဘာဝကျကျပင် ဆန်းပြားလှပြီး ဖုန်းပုကြွယ်၏ အချက်အပြုတ်စွမ်းရည်မှာ မိန်းကလေးနှစ်ဦးကို အရှက်ရစေခဲ့သည်။ မှန်ပေသည်၊ သူ ချက်ပြုတ်နေစဉ်အတွင်း ပြုလုပ်ခဲ့သော အမျိုးမျိုးသော အမူအရာများမှာ ပို၍ပင် ရယ်စရာကောင်းနေခဲ့သေးသည်။
ညစာစားပြီးနောက် မည်သူမျှ ပြန်ချင်ပုံမရကြသဖြင့် ရီရူယွီ၏ အကြံပြုချက်အရ သူတို့သည် ဖုန်းပုကြွယ်၏ အတော်လေး ဇိမ်ကျလှသော အိမ်တွင်းရုပ်ရှင်ရုံတွင် ကာရာအိုကေ သီချင်းဆိုကြတော့သည်...။သို့သော်လည်း အများစုမှာ ရှောင်တန်နှင့် ရီရူယွီတို့သာ သီချင်းဆိုကြခြင်း ဖြစ်သည်။ ဤချမ်းသာသော ကလေးနှစ်ယောက်မှာ အတော်လေး ချောမောလှပကြပြီး အသံပါရမီလည်း အသင့်အတင့် ရှိကြသဖြင့် ရိုးရိုးသားသား ပြောရလျှင် အရည်အချင်းစစ်ပြိုင်ပွဲတစ်ခု၏ ထိပ်သီး အယောက် ၂၀ ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်လောက်သည်။
ဖုန်းပုကြွယ်သည်လည်း ယနေ့တွင် စိတ်လှုပ်ရှားတက်ကြွနေပြီး “Love Has No Reason” (အချစ်မှာ အကြောင်းပြချက်မရှိ) သီချင်းကိုပင် သီဆိုခဲ့သည်။
“တကယ်တော့ တစ်ယောက်တည်း နေရတာလည်း မဆိုးလှပါဘူး၊ တစ်ခါတစ်လေ ဝမ်းနည်းမှုလေးတွေ ရှိတတ်ပေမယ့် တခြားသူတွေ မမြင်နိုင်ဘူးလို့ ငါထင်ပါတယ်၊ အထီးကျန်မှုက ငါ့ကို ဝမ်းနည်းစေရင်တောင်၊ ငါအကောင်းမြင်စိတ်နဲ့ တွေးဖို့ ကြိုးစားမှာပါ...”
သူသည် နည်းလမ်းများစွာဖြင့် အစောပိုင်းက ရီရူလီ ပြောကြားချက်ဖြစ်သော “အထီးကျန်လို့ပေါ့” ဟူသည်ကို ပြန်လည် တုံ့ပြန်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
ည ၉ နာရီခန့်တွင် သုံးဦးသားသည် မပြန်ချင်ပြန်ချင်ဖြင့် နှုတ်ဆက်ထွက်ခွာသွားကြပြီး ရှောင်တန်ကတော့ ကောင်မလေးနှစ်ဦးကို အိမ်ပြန်ပို့ပေးရန် တာဝန်ယူခဲ့လေသည်။
...
သူငယ်ချင်းများကို လိုက်ပို့ပြီးနောက် ဖုန်းပုကြွယ်သည် ဆိတ်ငြိမ်သော အိမ်အလွတ်ကြီးထဲတွင် တစ်ကိုယ်တည်း ပြန်လည်ကျန်ရစ်ခဲ့ရှာသည်။
ပန်းကန်ဆေးကန်ထဲတွင် ရှုပ်ပွနေသော ပန်းကန်ခွက်ယောက်များ ကျန်ရှိနေခဲ့ပြီး ကြောင်အိမ်သာ သန့်ရှင်းရေးလုပ်ရန်လည်း လိုအပ်နေကာ ရီရူလီ သူ့ကွန်ပျူတာကို “စစ်ဆေး” နေစဉ်အတွင်း ဖျက်ပစ်ခဲ့သော တန်ဖိုးရှိသည့် ဗီဒီယိုဖိုင်အချို့ကိုလည်း ပြန်လည်ဆယ်ယူရန် လိုအပ်နေပေသည်...။
သို့သော်လည်း ဖုန်းပုကြွယ်သည် ဆိုဖာပေါ်တွင် ထိုင်ရုံသာထိုင်နေပြီး မီးအားလုံးကို ပိတ်ကာ မျက်လုံးများကို တိတ်တဆိတ် မှိတ်ထားလိုက်သည်။
သူသည် ထိုမှတ်ဉာဏ်လေးကို သူ့စိတ်၏ ဘေးကင်းရာနေရာထဲသို့ ယူဆောင်သွားကာ နုနယ်လှပသော သေတ္တာလေးတစ်ခုထဲတွင် ထည့်သွင်းပိတ်ဆို့ပြီး ပျော်ရွှင်မှုဟူသော တံဆိပ်ကို ခတ်နှိပ်၍ ထာဝရ သိမ်းဆည်းထားချင်ပုံရသည်။
ဖုန်းပုကြွယ်သည် အကောင်းမမြင်တတ်သော လူတစ်ယောက်ဖြစ်ပြီး အမြဲ တွေးတောခဲ့ဖူးသည်...။ တစ်နေ့တွင် သူ့ဦးနှောက်ထဲက အရိပ်သည် သူ့ထံမှ ကြောက်ရွံ့စိတ်ကိုသာမက သူ့ဉာဏ်ပညာနှင့် သူ့ဘဝကိုပါ လုယူသွားနိုင်သည်ဟု...။
အကယ်၍ ထိုနေ့ အမှန်တကယ်ရောက်လာခဲ့လျှင်ပင် အနည်းဆုံးတော့... သူသည် သူ့ဘဝ၏ နောက်ဆုံးရက်စွဲများကို သူ့စိတ်၏ ဘေးကင်းရာနေရာထဲတွင် အမှတ်တရများကို ပြန်လည် တမ်းတရင်း ဖြတ်သန်းသွားနိုင်လိမ့်မည် ဖြစ်သည်။