အခန်း ၃၈၉
Vol. 41 Ch. 389
အခန်း (၃၈၉) အပြတ်အသတ်ရိုက်ချက်
လွန်ခဲ့သော သုံးမိနစ်ခန့်က ဥမင်လိုဏ်ခေါင်း၏ အခြားတစ်ဖက်၌...
ရှောင်တန်သည် မျက်လုံးများတောက်ပလျက် ရထားသံလမ်းအလယ်၌ မတ်တပ်ရပ်နေခဲ့သည်။
သူသည် ထင်သာမြင်သာရှိသော မည်သည့်လှုပ်ရှားမှုကိုမျှ ပြုလုပ်မနေသော်လည်း စနစ်က သူ့ကို ဂိမ်းအပေါ်စိတ်မပါသူအဖြစ် သတ်မှတ်ခြင်းမရှိပေ။
ဝမ်တန်ကျိနှင့် လုံအောင်းမင်တို့သည် သည်းထိတ်ရင်ဖို သုခဘုံ၏ ပထမဆုံးသော ကစားသမားများထဲတွင် ပါဝင်ကြသူများ ဖြစ်သည်။ စနစ်က ဖန်တီးပေးထားသော မြေပုံတွင် ထွက်ပေါက်မရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုကို ပြသနေသရွေ့ ရထားတစ်စင်း သေချာပေါက် ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း သူတို့နှစ်ဦးလုံး ကောင်းစွာ သိရှိထားကြသည်။
ယခုအခိုက်အတန့်တွင် ရှောင်တန်သည် ထိုရထားကို အသုံးချ၍ လောင်းကြေးထပ်နေခြင်း ဖြစ်သည်။ ပြိုင်ဘက်ကို အပြတ်အသတ် အနိုင်ပိုင်းနိုင်ရန်အတွက် တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ နီးပါးနှုန်းဖြင့် မောင်းနှင်လာမည့် ဤရထားကြီး၏ အရှိန်အဟုန်ကို သူ လိုအပ်နေလေသည်။
ထို့အပြင် ရထားသည် သူ့ဘက်မှနေ၍ လုံအောင်းမင်ရှိရာဘက်သို့ ဦးတည်မောင်းနှင်သွားမှသာ သူ့အစီအစဉ်က အောင်မြင်မည် ဖြစ်သည်။ သို့မဟုတ်ပါက သူ ကြံစည်ထားသမျှ အလဟဿ ဖြစ်သွားပေလိမ့်မည်။
ပြောရလျှင် ရှောင်တန်၏ ကံတရားက အမှန်တကယ်ပင် ကောင်းမွန်လှသည်ဟု ဆိုရပေမည်။ အကယ်၍သာ အစ်ကိုကြွယ်၏ ဇာတ်ကောင်စရိုက်နှင့်ဆိုပါက အခြေအနေက ခြားနားသွားလောက်ပြီဖြစ်သည်...။
မည်သို့ပင်ဖြစ်စေ တဂျုန်းဂျုန်း မြည်ဟည်းသံနှင့်အတူ ရထားကြီးသည် နောက်ဆုံးတွင် သူ မျှော်လင့်ထားသည့် လမ်းကြောင်းအတိုင်း ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။
ရှောင်တန်သည် ရှေ့သို့ တိုးကပ်လာနေသော ရထားစက်ခေါင်းကြီးကို ရင်ဆိုင်ရင်း သတ္တိမွေးသည့်အနေဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
ရထား၏အရှိန်မှာ အလွန်အမင်း မြန်ဆန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်း မီတာနှစ်ဆယ်အကွာအဝေးအထိ နီးကပ်လာခဲ့သည်။ ရှောင်တန်သည် အချိန်ကို တိတိကျကျ တွက်ချက်ပြီးနောက် သူ၏ညာလက်ကို မြှောက်၍ လက်ဖဝါးကို ရှေ့သို့ဖြန့်ကာ ချုပ်နှောင်အစွယ် စကေးကို ပြတ်ပြတ်သားသား ထုတ်လွှတ်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် ရှောင်တန်၏ လက်ဖဝါးထဲမှ သားရဲအရိပ်ကြီးတစ်ခု ခုန်ထွက်လာပြီး လေထုထဲတွင် ဟိန်းဟောက်သံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအရိပ်ကြီးသည် ချက်ချင်းပင် အံ့ဩစရာကောင်းလောက်အောင် ကြီးမားလာပြီး ရထားတစ်စင်းလုံးကို ဝါးမြိုပစ်တော့မည့်အလား ၎င်း၏ အစွယ်များပြည့်နေသော မေးရိုးကြီးဖြင့် ရထားစက်ခေါင်းကို ရက်စက်ကြမ်းကြုတ်စွာ ကိုက်ခဲလိုက်လေသည်။
အပြန်အလှန် ရောယှက်နေသော အစွယ်ကြီးများမှာ ဒြပ်မဲ့အရာများ ဖြစ်သော်လည်း ၎င်းတို့၏ ရိုက်ခတ်မှုဒဏ်က ရထားအင်ဂျင်၏ အရှိန်ကို သိသိသာသာ လျော့ကျသွားစေခဲ့သည်။
ထိုအခိုက်အတန့်တွင် ရထားကြီးသည် စေးပျစ်လှသော ကော်စေးများထဲ တိုးဝင်သွားသကဲ့သို့ သိသိသာသာ ရပ်တန့်သွားခဲ့သည်။ နောက်ထပ် လေး၊ ငါးစက္ကန့်အတွင်းတွင် ရထားသည် အရှိန်လျော့သွားပြီးနောက် ပြန်လည်မြန်ဆန်လာသည့် တိုတောင်းသောသံသရာတစ်ခုကို ကြုံတွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ရှောင်တန်သည် ချုပ်နှောင်အစွယ်စကေး ထွက်ခွာသွားသည်နှင့် နောက်လှည့်ကာ အသည်းအသန် ပြေးတော့သည်။ သူသည် ညအိပ်မက်ဆိုး၏ ခြေရာတစ်ခုစကေးကို အသုံးပြု၍ ဥမင်နံရံပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်သည်။
ရထားအရှိန် လျော့ကျသွားသည့် ထိုအဖိုးတန်စက္ကန့်အနည်းငယ်အတွင်း သူသည် သူ၏ အမြင့်ဆုံးမြန်နှုန်းကို အသုံးပြုကာ နံရံတစ်လျှောက် ရထားစက်ခေါင်းနှင့်အပြိုင် တဟုန်ထိုး ပြေးဝင်သွားခဲ့ပြီး ရထားရှေ့မှ သုံးမီတာခန့်အကွာအဝေးတွင် အသာစီး ရယူထားနိုင်လိုက်သည်။
ထို့နောက် ရထားကြီး ပြန်အရှိန်မြှင့်မလာမီမှာပင် သူသည် စက်ခေါင်း၏ အရှေ့တည့်တည့်ဆီသို့ စွန့်စား၍ ခုန်ချလိုက်တော့သည်။ ဤလှုပ်ရှားမှုကြောင့် သူ၏ အသက်အမှတ် ၃၉ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားရသော်လည်း ပြန်တွေးကြည့်လျှင် ဤစွန့်စားမှုက အမှန်တကယ် တန်ဖိုးရှိပေသည်။
ဤခေတ်ဟောင်းရထားကြီး၏ ရှေ့ဘက်တွင် ပြူထွက်နေသော တြိဂံအနားစွန်းတစ်ခု ပါရှိပြီး ၎င်း၏ ဆလင်ဒါပုံစံ စက်ခေါင်းထိပ်မှာလည်း လှမ်းကိုင်ရန် အလွန်လွယ်ကူလှသည်။ ထို့ကြောင့် စကေးတစ်ခုကို စနစ်တကျ အသုံးချကာ သူ၏ အသက်အမှတ်ထက်ဝက်နီးပါးကို စွန့်လွှတ်လိုက်ပြီးနောက် ရှောင်တန်သည် ရထားစက်ခေါင်းရှေ့တွင် မြဲမြံစွာ ဖက်တွယ်နိုင်ခဲ့သည်။
“ဟူး... သေမတတ် ကြောက်သွားတာပဲ...”
ရှောင်တန်သည် အောင်မြင်သွားသော်လည်း ရင်တုန်ပန်းတုန် ဖြစ်နေဆဲပင်။ သူသည် အဆင့်တိုင်းကို ကြိုတင်တွက်ချက်ထားခဲ့သော်လည်း လက်တွေ့လုပ်ဆောင်သည့် စက္ကန့်ပိုင်းအတွင်း သူ၏ ကြောက်ရွံ့မှုအဆင့်မှာ ကောင်းကင်သို့တိုင် ထိုးတက်သွားခဲ့ပြီး အထူးသဖြင့် ခုန်ချလိုက်သည့် အခိုက်အတန့်တွင်မူ သူ့နှလုံးခုန်သံပင် ရပ်တန့်သွားခဲ့ရသည်။
“ဒါက တကယ်ကြီး ရထားကြီးပဲ... ချုပ်နှောင်အစွယ်ရဲ့ မလှုပ်ရှားစေတဲ့ အာနိသင်က ရထားပေါ်မှာတော့ အများကြီး လျော့သွားတာပဲ...”
ရှောင်တန် စိတ်ထဲတွင် တွေးလိုက်မိသည်။
အမှန်တကယ်တော့ သူ ရထားပေါ်သို့ မခုန်ချမီကပင် စကေးကို ထုတ်လွှတ်ပြီးနောက် ဖြစ်လာနိုင်မည့် အခြေအနေအားလုံးကို ကြိုတင်စဉ်းစားထားခဲ့ပြီး ဖြစ်သည်။ ဥပမာအားဖြင့် အကယ်၍ ချုပ်နှောင်အစွယ်က လုံးဝအသုံးမဝင်ခဲ့ပါက သူ နံရံပေါ်သို့ ပြေးတက်ပြီးသည်နှင့် ရထားနောက် ပြေးမလိုက်တော့ဘဲ နံရံတွင်သာ မြဲမြံစွာကပ်နေရန် ဖြစ်သည်။ သို့မဟုတ် အကယ်၍ ရထားကြီး လုံးဝ ရပ်တန့်သွားခဲ့မည်ဆိုပါက ၎င်းမှာ အကောင်းဆုံးဖြစ်ပြီး သူသည် စက်ခေါင်းပေါ်တွင် အေးအေးလူလူ ထိုင်နေရုံသာ ဖြစ်သည်။ ထို့ထက် ပိုမိုဆိုးရွားသော အခြေအနေမျိုးဖြစ်သည့်... စကေး၏ တားဆီးမှုကြောင့် စက်ခေါင်းက လမ်းချော်သွားခြင်း သို့မဟုတ် တိမ်းမှောက်ပြီး အရှိန်ပြင်းစွာ လျှောတိုက်လာခဲ့ပါက နံရံပေါ်တွင်နေနေခြင်းက ဘေးကင်းမည်မဟုတ်သဖြင့် သူသည် ရှေ့သို့သာ အသည်းအသန် ပြေးရပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် လက်တွေ့ရလဒ်မှာ စကေးသည် ကြားခံအရှိန်လျှော့ပေးသည့် အာနိသင်ကို ဖြစ်ပေါ်စေခဲ့ပြီး ရထားပေါ်တက်ရန် အလွန်ခက်ခဲခဲ့သော်လည်း ကပ်သီလေး အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။
...
အစည်းအဝေးခန်းထဲတွင်လည်း ရီရူယွီသည် အသက်အောင့်ကာ စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ပြီး ရှောင်တန် ဘေးကင်းသွားသည်ကို မြင်တွေ့ခါမှ သက်ပြင်းချနိုင်တော့သည်။
“ဒါက အရမ်းစွန့်စားလွန်းတယ်... သူ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေတာလို့တောင် ထင်မိတယ်...”
“သူ ဘာလုပ်မလဲဆိုတာကို ငါသိပြီထင်တယ်...”
ရီရူလီက ဝင်ပြောလိုက်သည်။
“ဒါက တကယ့်ကို အန္တရာယ်များတဲ့ ဗျူဟာတစ်ခုပဲ...”
ဖုန်းပုကြွယ်က ဆိုသည်။
“ဒါပေမဲ့ တစ်ဖက်ကနေ ကြည့်မယ်ဆိုရင်တော့ ဒါက တကယ့်ကို ပါးနပ်တဲ့လုပ်ရပ်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်...”
“ကျွန်မလည်း သဘောပေါက်လိုက်ပြီ၊ သူက ရထားရဲ့ ရိုက်ခတ်မှုအရှိန်ကိုသုံးပြီး ဝိညာဉ်နူတ်အရိပ်ကို အသက်သွင်းဖို့ ကြိုးစားနေတာပဲ...”
ရီရူယွီက ပြောလိုက်သည်။
“ဒါပေမဲ့ ဒီလှုပ်ရှားမှုမှာ မရေရာတဲ့အချက်တွေ အရမ်းများလွန်းတယ်၊ တကယ်လို့ ရထားက ဥမင်လိုဏ်ခေါင်းရဲ့ အခြားတစ်ဖက်ကနေ လာခဲ့ရင်ကော... ပြီးတော့ ရထားအရှိန်က မျှော်လင့်ထားတာထက် ပိုမြန်နေရင်ကော... ရထားအရှေ့ပိုင်းက ပြားနေရင်ကော... ချုပ်နှောင်အစွယ်က အလုပ်မလုပ်ခဲ့ရင်ကော...”
“ဒါကတော့ ဘာမှလုပ်လို့မရဘူးလေ...”
ဖုန်းပုကြွယ်က ဆိုသည်။
“ဒါက အစကကတည်းက လောင်းကြေးထပ်ထားတဲ့ ပွဲတစ်ပွဲပဲ၊ သူက ဒီပွဲရဲ့ အနိုင်အရှုံးရလဒ်တစ်ခုလုံးကို ဒီလုပ်ရပ်ပေါ်မှာပဲ ပုံအောထားတာ...”
သူက ချီးမွမ်းအံ့ဩသောအသံဖြင့်ပင် ဆက်ပြောလိုက်သည်။
“ဘယ်နေရာကပဲဖြစ်ဖြစ် အမှားတစ်ခုခုကြုံရတာနဲ့ သူ ကျရှုံးသွားမှာပဲ၊ ပြီးတော့ ဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတိုင်းကလည်း အမှားဖြစ်သွားဖို့ အရမ်းလွယ်နေတယ်၊ အောင်မြင်ဖို့အတွက်ဆိုရင် ကစားသမားက တကယ့်ကို အားကောင်းတဲ့ လက်ငင်းတုံ့ပြန်နိုင်စွမ်းနဲ့... ကံတရားကို ပိုင်ဆိုင်ထားရမယ်...”
ကံတရားအကြောင်းကို ပြောလိုက်မိသောအခါ အစ်ကိုကြွယ်သည် သူနှင့် ဇီးရိုးအမျိုးအစား မှော်ဖျက်ဆီးရေးစက်တို့ကြားရှိ ပြောမပြတတ်သော ဇာတ်လမ်းအချို့ကို မလွှဲမရှောင်သာ သတိရသွားမိသည်။ သူ ခေတ္တမျှ ရပ်နားလိုက်ပြီး မျက်ဝန်းများတွင် ဝမ်းနည်းရိပ်များ ယှက်သန်းလျက် ဆက်လက်ပြောဆိုလိုက်သည်။
“ငြင်းလို့မရတာကတော့... ဒီအချက်နှစ်ခုလုံးဟာလည်း ခွန်အားရဲ့ အစိတ်အပိုင်းတွေဖြစ်ကြတာပါပဲ၊ ရှောင်တန်အနေနဲ့ ဒီလိုစိတ်ကူးမျိုးကို တွေးမိပြီး စွန့်စားဝံ့တယ်ဆိုရင်ပဲ... သူဟာ ဒီအောင်ပွဲနဲ့ ထိုက်တန်သူ ဖြစ်သွားပါပြီ...”
...
အချိန်ကာလသည် ယခုအခိုက်အတန့် ဥမင်လိုဏ်ခေါင်းထဲသို့ ပြန်လည်ရောက်ရှိလာလေသည်။
ရထားစက်ခေါင်းကို မြဲမြံစွာ ဖက်တွယ်ထားပြီး ကိုယ်ကို ရှေ့သို့ကိုင်း၍ စစ်သုံးဓားမြှောင်တစ်လက်ကို ကိုင်ဆောင်ထားသည့် ရှောင်တန်ကို ကြည့်ရင်း လုံအောင်းမင်မှာ စိတ်ဓာတ်ကျခြင်းမှလွဲ၍ ဘာမှ မခံစားရတော့ပေ။
“ငါ နံရံကို ကပ်နေရင်လည်း သေချာပေါက် တိုက်ခိုက်ခံရမှာပဲ... သူက လက်ဆန့်ပြီး ရထားရဲ့ အရှိန်ကို သုံးပြီး ဓားနဲ့ လှမ်းခုတ်ရုံပဲ...”
ထိုစက္ကန့်ပိုင်းအတွင်း လုံအောင်းမင်၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သကဲ့သို့ အတွေးပေါင်းစုံ ဖြတ်သန်းသွားခဲ့သည်။
“ငါ အပေါ်ကို ခုန်တက်မယ်ဆိုရင်လည်း... ငါ့ရဲ့ လေးလံတဲ့ချပ်ဝတ်တွေအပြင် ငါ့ရဲ့ ခုန်နိုင်စွမ်းကလည်း အကန့်အသတ်ပဲ ရှိတာ၊ ငါ ခေါင်းနဲ့ မျက်နှာကျက်ကို ဆောင့်မိပြီး ကိုယ်ကို ကျုံ့ထားနိုင်ခဲ့ရင်တောင်... သူက ဓားကိုအပေါ်မြှောက်ပြီး ရထားအရှိန်နဲ့ ငါ့ရဲ့ ဆီးခုံကို လှမ်းခုတ်လိုက်ရုံပဲ...”
သူ့အကြည့်က ရထားသံလမ်းဆီသို့ လျင်မြန်စွာ ရောက်ရှိသွားပြန်သည်။
“သံလမ်းအလယ်မှာ ပြားပြားဝပ်ပြီး ရထားကို အပေါ်ကနေ ဖြတ်မောင်းသွားခိုင်းလိုက်ရင်ကော... ဒါဆိုလည်း သူက ရထားအောက်ကနေ လက်နက်ကို ဆန့်ထုတ်ပြီး ရထားအရှိန်နဲ့... အား...”
လုံအောင်းမင်သည် သူစဉ်းစားလိုက်သမျှ နည်းလမ်းအားလုံး၏ ရလဒ်များမှာ အကောင်းမြင်စရာ မရှိကြောင်း သဘောပေါက်သွားလေသည်။ ယခုအခိုက်အတန့်တွင် သူသည် မစ္စတာကီဇာရု၏ ကျော်ကြားလှသော စကားစုတစ်ခုကို မလွှဲမရှောင်သာ သတိရလိုက်မိတော့သည်။ အမြန်နှုန်းသည် စွမ်းအား ဟူ၏။
ရထားစက်ခေါင်းပေါ်ရှိ ရှောင်တန်သည်လည်း လုံအောင်းမင်၏ ပုံရိပ်ကို အမိအရ မြင်တွေ့လိုက်ရသည်။ ၎င်းမှာ အလေ့အထကြောင့် ဖြစ်နိုင်သော်လည်း... သက်ရှိတစ်ဦးဦးကို မြင်လိုက်ရသည်နှင့် သူ၏ ဗီဇစိတ်အရ ရထားစက်ခေါင်းပေါ်တွင် လက်ညှိုးဖြင့် “X” ကို တိတ်တဆိတ် ရေးဆွဲကာ “မင်းကို ကျိန်စာတိုက်ဖို့ X တစ်လုံးဆွဲလိုက်မယ်” ကျိန်စာကို ထုတ်လွှတ်လိုက်တော့သည်။
အစ်ကိုလုံ၏ နှလုံးသားထဲတွင် အကြောင်းပြချက်မရှိဘဲ မကောင်းသော ခံစားချက်များ အဆမတန် တိုးပွားလာသော်လည်း သူ ဂရုမစိုက်နိုင်ချေ။ အကယ်၍ သူသာ ထိုအချိန်တွင် ဂိမ်းမီနူးကို ဖွင့်ကြည့်လိုက်မည်ဆိုပါက သူ၏ ကစားသမားအခြေအနေတွင် “ကျိန်စာသင့်ခြင်း” ဟူသော အထူးအခြေအနေပြ ညွှန်ပြချက်ကို မြင်တွေ့ရမည် ဖြစ်သည်။
သို့သော်လည်း အရာအားလုံးက မြန်ဆန်လွန်းလှသည်...။
နောက်ဆုံးတွင် လုံအောင်းမင် ရွေးချယ်လိုက်သော ဖြေရှင်းချက်မှာ သူ၏ ဘွဲ့စွမ်းရည်ဖြစ်သော “ဒေါသဒိုင်းကာ” ကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
ဤဘွဲ့စွမ်းရည်အမည်မှာ သူ၏ ဘွဲ့အမည်နှင့် တစ်ထေရာတည်း တူညီပြီး ၎င်းမှာ အသွင်ပြောင်းစကေးတစ်ခု ဖြစ်သည်။ သို့သော်လည်း ၎င်း၏ စွမ်းဆောင်ရည်နှင့် ဘေးထွက်ဆိုးကျိုးများမှာ “မိစ္ဆာဆင်းသက်ခြင်း” ကဲ့သို့တော့ အံ့ဩတုန်လှုပ်စရာ မကောင်းလှပေ။
ဒေါသဒိုင်းကာအခြေအနေတွင် လုံအောင်းမင်သည် သူရရှိမည့် ထိခိုက်မှုအားလုံးကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး သူ၏ အမြင့်ဆုံး အသက်အမှတ်ကို နှစ်ဆအထိ တိုးမြှင့်နိုင်မည် ဖြစ်သည်။ ဤစကေးကို ဇာတ်လမ်းတစ်ခုတွင် တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး သက်လုံ ၇၀၀ နှင့် သူ၏ အမြင့်ဆုံး သက်လုံပမာဏ၏ ၂၀ ရာခိုင်နှုန်းကို ကုန်ဆုံးစေမည်ဖြစ်ကာ သုံးမိနစ်ခန့် ကြာမြင့်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် ဤစကေးကို အသုံးပြုပြီးနောက် အစ်ကိုလုံ၏ အမြင့်ဆုံးသက်လုံပမာဏသည် ၃၇၀၀ မှ ၂၉၆၀ အထိ ဇာတ်လမ်းပြီးဆုံးသည်အထိ လျော့ကျသွားမည်ဖြစ်ပြီး လော့ဂ်အင်နေရာသို့ ပြန်ရောက်မှသာ ပြန်ပြည့်လာလိမ့်မည် ဖြစ်သည်။
မှန်ပေသည် ယခုအချိန်တွင် သူသည် ထိုအရာများကို တွေးပူမနေနိုင်တော့ချေ။ ချက်ချင်း အသတ်ခံရခြင်းမှ ရှောင်ရှားရန်အတွက် သူသည် အသုံးပြုနိုင်သမျှ ကာကွယ်ရေးစကေးမှန်သမျှကို အသက်သွင်းလိုက်တော့သည်။ သူ၏ ဘွဲ့စွမ်းရည်အပြင် အစ်ကိုလုံသည် အခြား အဓိက ကာကွယ်ရေးစကေးတစ်ခုဖြစ်သည့် ရေခဲဒိုင်းကာကိုပါ ထပ်မံထုတ်လွှတ်လိုက်ရာ သူ၏ ဒိုင်းအဝိုင်းကြီးပေါ်တွင် ရေခဲလွှာတစ်ချပ် ချက်ချင်းဖုံးလွှမ်းသွားလေသည်။
သူသည် ဒိုင်းကို အရှေ့တွင် ခပ်စောင်းစောင်းကိုင်ထားရင်း နံရံကို ကျောမှီ၍ ရောက်ရှိလာမည့် တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်တော့သည်...။
ရှောင်တန်ဘက်ကို ကြည့်မည်ဆိုပါက... သူသည်လည်း အစွမ်းကုန် ပုံအောထားခဲ့ပြီး ဖြစ်သည်။ သူသည် ကျိန်စာကို ထုတ်လွှတ်ပြီးနောက် ဝိညာဉ်နူတ်အရိပ်ကိုပါ အသက်သွင်းလိုက်သည်။ လှုပ်ရှားမှုအရှိန်နှင့် ရိုက်ခတ်မှုဒဏ်ပေါ်တွင်မူတည်၍ စွမ်းအားပြောင်းလဲတတ်သော ဤစကေးကြောင့် ယခုအခိုက်အတန့်တွင် သူ့ထံ၌ ရထားမိစ္ဆာတစ်ကောင် ပူးကပ်နေသကဲ့သို့ ဖြစ်နေလေသည်။ ၎င်းမှာ ပထမဆုံးအကြိမ် တိုက်ခိုက်မှု ၁၀ ရာခိုင်နှုန်း အပိုဆောင်းဆုလာဘ်နှင့် ပေါင်းစပ်သွားသောအခါ မည်မျှကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်ကို ဖြစ်ပေါ်စေမည်နည်း... စနစ်သာလျှင် သိပေလိမ့်မည်။
နှစ်ဦးစလုံးသည် သူတို့တတ်နိုင်သမျှ အရာအားလုံးကို အစွမ်းကုန် လုပ်ဆောင်ထားခဲ့ကြပြီ ဖြစ်သည်။
နိုင်ပွဲ သို့မဟုတ် ရှုံးနိမ့်မှု... ဟူသည်မှာ ဤတစ်ချက်တည်းသော တိုက်ခိုက်မှုအပေါ်တွင်သာ လုံးဝ မူတည်နေတော့သည်။