အခန်း ၃၉၀
Vol. 41 Ch. 390
အခန်း (၃၉၀) နူတ်ဆက်ပါတယ်
ဒုတိယပွဲစဉ်အပြီးတွင် ပိုးအိမ်တိုက်ပွဲ၌ ပြိုင်ပွဲဝင် ၇၂၀ သာ ကျန်ရှိတော့သည်။
ဝမ်တန်ကျိသည်လည်း ထိုသူများထဲတွင် ပါဝင်ခဲ့သည်။
ပွဲအပြီးတွင် အစ်ကိုလုံသည် ရှောင်တန်နှင့် ဆက်သွယ်ကာ အခြေအနေများကို သတင်းအချက်အလက်ဖလှယ်ခဲ့ကြသည်။ လုံအောင်းမင်သည် တကယ့်ကို "နှိမ့်ချတတ်သူ" ဖြစ်သဖြင့်ပြီး ရှုံးနိမ့်ပြီးနောက်တွင်လည်း အလွန်သဘောထားကြီးခဲ့သည်။ သူသည် စိတ်ဆိုးဒေါသထွက်ခြင်း လုံးဝမရှိခဲ့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ရှောင်တန်၏ အံ့အားသင့်ဖွယ် ဗျူဟာများကို အလွန်အမင်းချီးကျူးခဲ့ပြီး လက်ခုပ်ပင် တီးပေးလုနီးပါး ဖြစ်ခဲ့သည်...။ မည်သို့ပင်ဖြစ်စေ ဓားသွားအဖွဲ့သည် စီးပွားဖြစ်ဂိမ်းစတူဒီယိုတစ်ခုမဟုတ်သဖြင့် ၎င်းတို့၏ အဖွဲ့ဝင်များအတွက် မည်သည့်အဆင့် သတ်မှတ်ချက်လိုအပ်ချက်မှ မရှိသောကြောင့် အစ်ကိုလုံ မည်သည့်နေရာတွင် ရှုံးနိမ့်ခဲ့သည်က အရေးမကြီးပေ။
သို့သော်လည်း ဤပွဲသည် ဖိုရမ်တွင် များစွာသော ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အစ်ကိုလုံသည် ပထမပွဲစဉ်တွင် မုန့်ကျန်းချန်ကို ထပ်ဆောင်းပွဲစဉ်သို့ ပို့ဆောင်နိုင်ခဲ့သောကြောင့် ကစားသမားများစွာက သူ့ကို ဤပြိုင်ပွဲ၏ မြင်းနက်တစ်ကောင်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ရလဒ်အနေဖြင့် ပွဲစဉ်တစ်ခုအပြီးတွင် အနည်းငယ် ရေပန်းစားလာခဲ့သည့် လုံအောင်းမင်ဟူသော အိုင်ဒီမှာ ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။
"ငါပြောသားပဲ၊ လုံအောင်မင်က ပထမပွဲစဉ်မှာ ကံကောင်းလို့ နိုင်ခဲ့တာ" ဟူသော ထင်မြင်ချက်များသည် ဖိုရမ်ပေါ်တွင် မိုးရွာပြီးခါစ မှိုပွင့်သကဲ့သို့ ပေါ်ထွက်လာတော့သည်။ အမှန်တော့... ဤထင်မြင်ချက်များကို ဖော်ပြကြသူများ၏ ၉၀ ရာခိုင်နှုန်းသည် အစ်ကိုလုံ၏ ပွဲစဉ်များကို ကြည့်ရှုခဲ့သူများမဟုတ်ချေ... ပွဲစဉ်နှစ်ခုပင် ပြည့်အောင်ကြည့်ခဲ့ကြသူများ မဟုတ်ပေ။ သူတို့သည် ပို့စ်အချို့နှင့် သတင်းအချို့ကိုသာဖတ်ပြီး ရလဒ်အပေါ် အခြေခံကာ ထင်ကြေးပေးလျက် မဟုတ်တမ်းတရားများကို ထုတ်ဖော်ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
မှန်ပေသည် ဝမ်တန်ကျိနှင့် လုံအောင်းမင်တို့၏ တိုက်ပွဲကို အမှန်တကယ် ကြည့်ရှုခဲ့ကြသည့် ကစားသမား အနည်းငယ်လည်း ရှိပါသည်။ သူတို့အနက်အများစုမှာ အစ်ကိုလုံကို လာရောက်ကြည့်ရှုကြခြင်းဖြစ်သော်လည်း ဥမင်တိုက်ပွဲ၏ ရလဒ်က ဤသို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြသလို... ဖြစ်စဉ်ကလည်း ဤမျှအထိ စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
ရှောင်တန်သည် ထောင်ပေါင်းများစွာသော ကြည့်ရှုသူများရှေ့တွင် ဂန္ထဝင်မြောက်သတ်ဖြတ်မှုတစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကံတရားအချို့ပါဝင်နေသော်လည်း ဖုန်းပုကြွယ်ပြောခဲ့သကဲ့သို့ သူသည် ဤစိတ်ကူးကို တွေးတောမိပြီး စွန့်စားလုပ်ဆောင်ဝံ့ခဲ့သည့်အတွက် ဤအောင်ပွဲနှင့် ထိုက်တန်သူ ဖြစ်သည်။
သို့သော်လည်း... ပထမအချီအပြီးတွင် အစ်ကိုလုံ၏ ချက်ချင်းနာမည်ကြီးလာမှုနှင့် နှိုင်းယှဉ်ပါက ဝမ်တန်ကျိဟူသော အိုင်ဒီမှာမူ သာမန်မျှသာ ရှိနေခဲ့သည်။ လူအများစုက သူ့အား ကံကောင်း၍ နိုင်ခဲ့သည်ဟုသာ ထင်မြင်နေကြဆဲ ဖြစ်ပုံရသည်။
...
မေလ ၂၁ ရက် နံနက် ၁ နာရီတွင် တတိယပွဲစဉ်စတင်ခဲ့သည်။
ရှောင်တန်သည် ယခင်ပွဲစဉ်နှစ်ခုကဲ့သို့ပင် လော့ဂ်အင်နေရာ၌ အချိန်မှန် စောင့်ဆိုင်းနေလိုက်သည်။
ရင်းနှီးပြီးသား စနစ်သတိပေးချက် ပေါ်လာလေသည်။
“ပိုးအိမ်တိုက်ပွဲ၏ တတိယပွဲစဉ် စတင်တော့မည် ဖြစ်ပါသည်။ သင်၏ အချက်အလက်များကို စက္ကန့်သုံးဆယ်အတွင်း တင်သွင်းပါမည်။ ကျေးဇူးပြု၍ သင်၏ လော့ဂ်အင်နေရာမှ မထွက်ခွာပါနှင့်။”
“မစတင်မီ ဆယ်စက္ကန့် နောက်ပြန်ရေတွက်ခြင်း - ၉၊ ၈၊ ၇... ၂၊ ၁”
သို့သော်... အချိန်နောက်ပြန် ရေတွက်ခြင်း ပြီးဆုံးသွားသည့်တိုင် မျှော်လင့်ထားသည့် အဖွင့်စကားလုံးများ ရောက်ရှိမလာချေ။
ငါးစက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ရှောင်တန် တစ်ခုခုမှားယွင်းနေပြီဟု ခံစားလိုက်ရချိန်တွင် စနစ်အသံက ကြေညာလိုက်သည်။
“ကိုက်ညီသော ပစ်မှတ်ကို ရှာမတွေ့ပါ။ သင်သည် ဤအချီတွင် ပွဲစဉ်မရှိဘဲ တိုက်ရိုက် အောင်မြင်ပါသည်။ စတုတ္ထအချီသို့ တိုက်ရိုက်တက်ရောက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။”
"ဟင်"
ရှောင်တန်သည် ဤသတိပေးချက်ကို ကြားပြီးနောက် အတော်လေး စိတ်ရှုပ်ထွေးသွားရသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ သဘောပေါက်သွား၏။
"တစ်ယောက်ယောက် အချိန်မီ တန်းမစီခဲ့လို့လား"
သေချာပေါက်ပင် ဟုတ်ပါသည်။
ပိုးအိမ်တိုက်ပွဲ၏ တတိယပွဲစဉ်သို့ တက်ရောက်ခဲ့သည့် ကစားသမား ၇၂၀ ဦးအနက်မှ ယနေ့ညတွင် တစ်ဦးရောက်မလာခဲ့ခြင်းက အမှန်တကယ် တိုက်ဆိုင်မှုတစ်ခု ဖြစ်သည်။ အကြောင်းရင်းမှာ ထိုသူ၏ဇနီးက မီးဖွားနေသောကြောင့်... ညနေပိုင်းတွင် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ရသဖြင့် သူသည် ဂိမ်းထဲသို့ လုံးဝလော့ဂ်အင်မဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ပျက်ကွက်သူအရေအတွက်က စုံဂဏန်းဖြစ်နေပါက စနစ်သည် နောက်ပွဲစဉ်တွင် စုံဂဏန်းအရေအတွက် မဖြစ်မချင်း တွဲဖက်မှုလုပ်ငန်းစဉ်ကို ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ သို့သော် ယနေ့ညတွင် ကစားသမားတစ်ဦးတည်းသာ ပျက်ကွက်ခဲ့သဖြင့်... ကစားသမားတစ်ဦးသည် ပွဲစဉ်မရှိဘဲ တိုက်ရိုက်အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ရိုက်အောင်မြင်သွားသူမှာ ရှောင်တန်ပင်။
ငါးမိနစ်ခန့် ကြာပြီးနောက် သူ ဖုန်းပုကြွယ်၏ အစည်းအဝေးခန်းမသို့ ရောက်ရှိလာပြီး သူ၏ တိုက်ရိုက် အောင်မြင်မှုကို ရှင်းပြသောအခါ ဖုန်းပုကြွယ်က ဤသို့မှတ်ချက်ချလိုက်လေသည်။
"မင်းရဲ့ ကံတရားကတော့ကွာ... ငါ့ကိုသာ ၂၀ ရာခိုင်နှုန်းလောက် ခွဲပေးနိုင်ရင် ငါ မနက်ဖြန် ငါ့ပိုင်ဆိုင်မှုအားလုံးကိုရောင်းပြီး မကာအိုသွားမယ့် လေယာဉ်လက်မှတ် ဝယ်ပစ်လိုက်မယ်"
(TL note - မကာအိုမှာ ကာစီနိုရုံတွေရှိလို့ပါ)
...
အတိုချုပ်ပြောရလျှင် ရှောင်တန်သည် မည်သည့် ကြီးကြီးမားမားဖြစ်ရပ်မျိုးမျှမရှိဘဲ ထိပ်တန်း ၃၆၀ စာရင်းထဲသို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။
နောက်တစ်နေ့တွင် ထိုတိုက်ရိုက်အောင်မြင်မှု ဖြစ်ရပ်သည် အဓိကအကြောင်းအရာတစ်ခု ဖြစ်လာပြီး အခကြေးငွေဖြင့်ငှားရမ်းထားသော အွန်လိုင်းဝေဖန်ရေးသမားများစွာသည် ဖိုရမ်အသီးသီးတွင် အိပ်မက်ကုမ္ပဏီကို စတင်တိုက်ခိုက်ကြတော့သည်။
၎င်းတို့၏ အဓိကငြင်းခုန်မှုများကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက အဓိကဆိုလိုချင်သည်မှာ ဤသို့ဖြစ်သည်။
"ဒါတော့ မတရားဘူး၊ ခြေစစ်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ တစ်ယောက်ယောက်က သူ့ကို စိန်ခေါ်ရမယ်၊ အနိုင်ရတဲ့သူက ရှေ့ဆက်ရမယ်"
မျက်စိရှိသူမည်သူမဆို ဤအရာသည် မရိုးသားသည့် ဂိမ်းစတူဒီယိုအချို့က ပြိုင်ပွဲမှ ထွက်ခွာသွားရသော သူတို့၏ ကစားသမားများအား နောက်ထပ်အခွင့်အရေးတစ်ခု ပေးနိုင်ရန် လုပ်ကြံဖန်တီးထားသည့် ပြဇာတ်တစ်ခုဖြစ်ကြောင်း မြင်နိုင်ပေသည်။ ထိုစတူဒီယိုများသည် ဤတိုက်ရိုက်အောင်မြင်မှုကို အသက်ကယ်ကြိုးတစ်ခုအဖြစ် မြင်ကြပြီး ဘေးလူကဲ့သို့ ဟန်ဆောင်ကာ တရားမျှတမှုအတွက် ဒေါသထွက်နေသည့်အလား ငှားရမ်းထားသော ဝေဖန်ရေးသမား အများအပြားကို စေလွှတ်၍ ဂိမ်းကုမ္ပဏီကို ဖိအားပေးရန် လူထုအမြင်များအဖြစ် အစွမ်းကုန် ဖန်တီးခဲ့ကြခြင်းဖြစ်သည်။
သို့သော် သူတို့သည် သူတို့တိုက်ခိုက်မည့်ကုမ္ပဏီကို မှားရွေးခဲ့ကြကြောင်း ထင်ရှားလှသည်...။
အိပ်မက်ကုမ္ပဏီသည် သာမန်ဂိမ်းလုပ်ငန်းမျိုး မဟုတ်ပေ။ ၎င်းတို့၏ ဆောင်ပုဒ်မှာ "သူတို့ ကြိုက်တာ လုပ်ပါစေ၊ သူတို့ကို စိတ်ကြိုက်လုပ်ခွင့်ပြုမယ်" ဟူ၍ ဖြစ်သည်။
စည်းမျဉ်းများတွင် ကစားသမားတစ်ဦးသည် ပြင်ပအကြောင်းအရာများကြောင့် ပြိုင်ပွဲမဝင်နိုင်ပါက ၎င်းကို အရှုံးပေးခြင်းအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ကန့်ကွက်ရန် အခွင့်အရေးမရှိကြောင်း ရှင်းလင်းစွာ ဖော်ပြထားပေသည်။ ထို့ကြောင့် အိပ်မက်ကုမ္ပဏီသည် ငှားရမ်းထားသော ဝေဖန်ရေးသမားများကို လုံးဝလျစ်လျူရှုထားခဲ့သည်။
ထို့ကြောင့် တစ်နေ့လုံး အကျိုးမဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီးနောက် စိတ်ပျက်သွားရသည့် ငှားရမ်းထားသော ဝေဖန်ရေးသမားများသည် သူတို့၏ဒေါသကို ရှောင်တန်ထံသို့ လွှဲပြောင်းလိုက်လေသည်...။ အတိုချုပ်ပြောရလျှင် ရှောင်တန်သည် ယခုအခါ ပစ်မှတ်ထားခံနေရပြီဖြစ်သည်။ အကယ်၍ သူသည် စတုတ္ထပွဲစဉ်တွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပါက ပြောစရာရှိမည်မဟုတ်သော်လည်း အကယ်၍ သူသာ အားနည်းချက်ပြခဲ့ပါက ပွဲအပြီးတွင် ဝေဖန်တိုက်ခိုက်သူများ၏ အဓိကဆင်ခြေတစ်ခု ဖြစ်လာမည်မှာ သေချာနေပေသည်။
ထို့နောက်...
"တကယ်လို့ ဘယ်သူဘယ်ဝါသာ ယှဉ်ပြိုင်ခဲ့ရင် သူတို့တော့ သေချာပေါက် ရှေ့ဆက်နိုင်မှာ"
"အိပ်မက်ကုမ္ပဏီက အရည်အချင်းရှိတဲ့ ကစားသမားကို အခွင့်အရေးပေးမယ့်အစား အသုံးမကျတဲ့ ကစားသမားကို တိုက်ရိုက်အောင်မြင်ခွင့်ပေးတယ်၊ တရားမျှတမှုက ဘယ်မှာလဲ"
စသည့်မှတ်ချက်များ ပေါက်ကွဲထွက်လာမည်ကို ကြိုတင်မြင်တွေ့နိုင်ပြီးသား ဖြစ်သည်...။
...
မေလ ၂၂ ရက်၊ နံနက် ၁ နာရီ၊ ပိုးအိမ်တိုက်ပွဲ စတုတ္ထပွဲစဉ်။
"နက်ရှိုင်းတဲ့ တောအုပ်ကြီးရဲ့ အမှောင်ထုထဲမှာ ပိုးအိမ်က သုံးကြိမ်တိုင်တိုင် အိပ်စက်တယ်၊ လက်ချောင်းတွေရဲ့ နူးညံ့မှုက အကြိမ်ပေါင်းရာချီပြီး သန်မာမှုအဖြစ် ပြောင်းလဲသွားတယ်"
အလိုအလျောက် နောက်ပြန်ရေတွက်ခြင်း ပြီးဆုံးပြီးနောက် စနစ်အသံက အဖွင့်စကားလုံးများကို ကြည်လင်ပြတ်သားသော လေသံဖြင့် ဖတ်ကြားလိုက်သည်။
“စာရင်းသွင်းမှု ပြီးဆုံးပါပြီ၊ သင်သည် လက်ရှိတွင် အထွတ်အထိပ်ပြိုင်ပွဲ - ပိုးအိမ်တိုက်ပွဲကို ကစားနေပါသည်”
“ဤမုဒ်တွင် ဇာတ်လမ်းမိတ်ဆက်၊ ဘေးထွက်/လျှို့ဝှက်တာဝန်များ သို့မဟုတ် အထူးကမ္ဘာ့အမြင်များ မရှိပါ”
“ဇာတ်လမ်းအောင်မြင်မှု ဆုလာဘ် - ထိပ်တန်း ၁၈၀ သို့ တက်ရောက်ခွင့်”
“အဓိကတာဝန် စတင်ပါပြီ”
“ပြိုင်ဘက်ကို သတ်ဖြတ်ပါ”
ရှောင်တန်သည် အနက်ရောင်လွင်တီးခေါင်ပြင်တစ်ခုသို့ ရောက်ရှိသွားပြီး မြေပြင်မှာ မာကျောသော ကျောက်ဆောင်များဖြင့် ဖွဲ့စည်းထားသဖြင့် မြက်ပင်တစ်ပင်မျှပင် ပေါက်ရောက်နေခြင်းမရှိချေ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အလွန်ကျယ်ပြောလှပြီး အဆုံးအစမရှိသလို မည်သည့်ထင်ရှားသော အမှတ်အသားလည်း မရှိချေ။
ကောင်းကင်ယံတွင် လပြည့်ဝန်းကြီးတစ်စင်း ချိတ်ဆွဲလျက် ရှိနေခဲ့သည်။
လူရိပ်နှစ်ခု မတ်တပ်ရပ်နေကြသည်။
ဝမ်တန်ကျိ၏ အမြင်အာရုံထဲသို့ ရင်းနှီးသော မျက်နှာတစ်ခု ရောက်ရှိလာလေသည်။ ဂိမ်းမီနူးကို စစ်ဆေးရန်မလိုဘဲ ဝမ်တန်ကျိသည် တစ်ဖက်လူမှာ ခုနှစ်ထွေသတ်ဖြတ်ခြင်းဖြစ်ကြောင်း မှတ်မိလိုက်သည်။
ခုနှစ်ထွေသတ်ဖြတ်ခြင်းသည်လည်း လုပ်ကြံသတ်ဖြတ်သူကဲ့သို့ ဝတ်ဆင်ထားသည့် အဝေးမှလူကို မှတ်မိလိုက်သည်။
ဤမြေပုံသည် ရွေးချယ်စရာ များများစားစား မရှိကြောင်း နှစ်ဦးစလုံး သိကြသည်။
ခုနှစ်ထွေသတ်ဖြတ်ခြင်းနှင့် အစ်ကိုလုံတို့သည် ရင်းနှီးသောဆက်ဆံရေးရှိကြပြီး ၎င်းအပြင် သူသည် ဝမ်တန်ကျိနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်း မဟုတ်ပေ။ ထို့ကြောင့် သူ ရှောင်တန်ကို လျှော့တွက်လိမ့်မည်ဟု မျှော်လင့်ရန်မှာလည်း လုံးဝမဖြစ်နိုင်ပေ။
လမင်းသည် တောက်ပစွာသာနေပြီး သတ်ဖြတ်လိုသည့် အရှိန်အဝါများ မြင့်တက်လာတော့သည်။
အနိုင်ရသူသည် ရှေ့ဆက်ရမည်ဖြစ်ပြီး ရှုံးနိမ့်သူမှာ ပြိုင်ပွဲမှ ထွက်ခွာရမည်ဖြစ်သည်။ နောက်ဆုတ်ရန် လမ်းမရှိသလို မည်သူမျှလည်း အလျှော့ပေးမည်မဟုတ်ပေ။
"ဟူး... ဒီလိုမြေပုံမျိုး ဒီလိုပြိုင်ဘက်မျိုးနဲ့တော့... ငါတော့ သွားပြီထင်တယ်..."
ဝမ်တန်ကျိသည် သူ၏အသက်ရှူနှုန်းကို ပြန်လည်ထိန်းညှိရင်း ရေရွတ်လိုက်မိသည်။
"ဒါပေမဲ့..."
သူသည် သူ့လက်ဖဝါးနှစ်ဖက်ကို ငုံ့ကြည့်လိုက်မိသည်။
"ငါ ဘာလို့ စိတ်လှုပ်ရှားပြီး တုန်ရင်နေရတာလဲ... ငါ့အနက်ပိုင်းတစ်နေရာမှာ... ဒီလိုတိုက်ပွဲမျိုးကို တောင့်တနေခဲ့လို့လား..."