ပြိုလဲကုန်းမြေ၏ ဂုဏ်သတင်း
Vol. 107 Ch. 1466
ထိုသိမ်မွေ့ဆန်းကြယ်မီးကို မမြင်ရနိုင်ပေ။ ၎င်းက စိတ်ခံစားမှုအားလုံးကို တောက်လောင်နိုင်၏။ သို့သော်ငြားလည်း ယင်းမီးသည် ရန်သူများကို ထိခိုက်စေရန်သာ အသုံးပြုနိုင်ပြီး ဟင်္သာငှက်ကလန်ဝင်တစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်မပေးနိုင်ပေ။
သိမ်မွေ့ဆန်းကြယ်မီးသည် လောကကို ပျက်သုဉ်းအောင် လုပ်နိုင်သောမီး ဖြစ်၏။ ၎င်းသည် သတ်ဖြတ်နိုင်စွမ်း ရှိသည်။ သို့သော် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ် ထုတ်နှုတ်ယူနိုင်ခြင်း မရှိပေ။ ၎င်းက မမြင်ရသည့်အတွက်ကြောင့် ထာဝရ တည်တံ့နိုင်လေ၏။
ထိုသိမ်မွေ့ဆန်းကြယ်မီး တည်ရှိမည့် ပမာဏမှာလည်း အထည်ဒြပ်မီးမှ ကူးပြောင်းထားသော ပမာဏအတိုင်းသာ ထာဝရရှိပေမည်။
သို့ရာတွင် ဝမ်လင်း၏သိမ်မွေ့ဆန်းကြယ်မီး မွေးဖွားလာသည့်အခိုက်အတန့်၌ ၎င်းကို သံလိုက်အားက ရိုက်ခတ်သွားခဲ့၏။ ထိုအခါ ပထမမျိုးဆက်ဘိုးဘေးပင် ရှင်းမပြနိုင်သော ထူးဆန်းသည့်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာခဲ့ချေသည်။
သိမ်မွေ့ဆန်းကြယ်မီး မွေးဖွားလာသည့်အခိုက်အတန့်တွင် ၎င်းသည် သံလိုက်အားအချို့ကို စုပ်ယူခဲ့ပြီးပင်။ ထိုမျှသာဆိုပါက အရေးပါလှမည် မဟုတ်သေးပေ။ သံလိုက်အားမှာ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သောကြောင့် ဖြစ်လေ၏။
သို့ပေမည့် ဝမ်လင်း၏ သိမ်မွေ့ဆန်းကြယ်မီးအတွင်း၌ ရှိနေသော သံလိုက်အားမှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့မှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ထို့ကြောင့် ထိုသံလိုက်အားသည် ထာဝရ တည်တံ့ပေလိမ့်မည်။
ယင်းအတွက်ကြောင့် သံလိုက်အားသည် သိမ်မွေ့ဆန်းကြယ်မီး၏ စွမ်းအားကို မပြောင်းလဲသွားစေသော်လည်း ၎င်းက ဝမ်လင်းကို သိမ်မွေ့ဆန်းကြယ်မီးအား စုပ်ယူနိုင်စွမ်းရှိသော ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာစေတော့သည်။
ဝမ်လင်း၏ သိမ်မွေ့ဆန်းကြယ်မီး စတင်မွေးဖွားလာခဲ့စဉ်က ပမာဏ သိပ်မများလှပေ။ သို့သော် သူက ဆက်လက်စုပ်ယူနိုင်ခဲ့ပါက သူ၏သိမ်မွေ့ဆန်းကြယ်မီးစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလာမည်သာ။
ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ သံလိုက်အားသည် အလျင်အမြန် မြင့်တက်လျက် ချက်ခြင်းလိုလို ဒီမြေကြီးစမ်းသပ်မှုအတွင်း၌ ပြည့်နှက်သွား၏။ ခဏအကြာတွင် ၎င်းက မြေကြီးစမ်းသပ်မှုကို ချိုးဖျက်ကာ မဟာအင်ပါယာဂြိုဟ်အထက်ထိ မြင့်တက်သွားတော့သည်။
အဆုံးမဲ့သံလိုက်အားများ တဟုန်ထိုး မြင့်တက်လာပြီး မဟာအင်ပါယာဂြိုဟ်၏ ကောင်းကင်ထက်၌ ပြည့်နှက်သွားသည်။ ၎င်းက သည်ဂြိုဟ်ပတ်လည်ရှိ ဝန်းရံနေသော သံလိုက်အားအဖြစ်သို့ ပြန်လည်ရောက်ရှိလေ၏။
ယင်းအဖြစ်သနစ်သည် အရင်ကအတိုင်းဟု ထင်ရသော်လည်း သေချာကြည့်ပါက ယင်းသံလိုက်အားတို့သည် ခြားနားမှုရှိသည်ကို တွေ့ရနိုင်၏။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်းသို့ မဝင်ရောက်ခင်က သံလိုက်အားသည် အဖျက်အစီးဆန်ကာ အသက်ကင်းမဲ့နေခဲ့၏။ သို့ပေမည့် ခုချိန်တွင်မူ ၎င်းအားသည် ပြီးပြည့်စုံသွားပြီး အသက်ဓာတ် ပါဝင်လာဟန် ထင်ရသည်။
ကျင့်ကြံသူတစ်သောင်းက ထိုအဖြစ်သနစ်အားလုံးကို မင်သက်ကြောင်ရီစွာ ကြည့်နေမိကြ၏။ သူတို့သည် ဒုတိယမြောက်မြေကြီးအမွှေးတိုင်ထံမှ သံလိုက်အားများ ထုတ်လွှတ်သည်ကို စောင့်ကြည့်နေကြစဉ် ယင်းအမွှေးတိုင်ထံမှ အက်သံများ ထွက်ပေါ်သွားခဲ့သည်။
ထိုအသံသည် နားစည်ကွဲလောက်အောင် ကျယ်လှကာ ကျင့်ကြံသူတိုင်း၏နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာ၏။ ထိုအမွှေးတိုင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာကာ စတင် ပျံ့နှံ့သည်။ သိပ်မကြာခင်တွင် အက်ကြောင်းများသည် ယင်းအမွှေးတိုင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ လောင်ကျွမ်းနေသော မြေကြီးအမွှေးတိုင်သည် အလယ်မှအောက်ထိ တစ်ဝက်တိတိ ပိုင်းထွက်သွား၏။ လောင်ကျွမ်းနေသောအပိုင်းက ဧရာမလိပ်ကြီးပေါ်ကနေ လျော၍ သည်ဧရိယာပေါ်သို့ ပြုတ်ကျသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝ ငြိမ်သက်တိတ်ဆိတ်နေ၏။
လူသားအမွှေးတိုင်မှာလည်း လုံးဝ ငြှိမ်းသေသွားခဲ့သလို အခု မြေကြီးအမွှေးတိုင်သည်လည်း တစ်ဝက်တိတိ ကွဲထွက်သွားခဲ့လေပြီ။ ကောင်းကင်ဘုံအမွှေးတိုင်တစ်ခုသာ ကျန်ရစ်လေတော့၏။
ဆရာသခင်ယွင်လော၏ အမူအရာသည် ပို၍ ဖြူရောလာ၏။ မြေကြီးအမွှေးတိုင် ကျိုးပျက်သွားမှုက သူမ၏ယိုယွင်းသွားသောစိတ်အလား။ သူမ၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုက သာ၍ အားကောင်းလာ၏။
“သူ မဖြစ်နိုင်လောက်ပါဘူး။ အဲ့ဒါက…သူ…သူ မဟုတ်နိုင်လောက်ဘူး…”
ဝမ်လင်း၏ စမ်းသပ်မှုအား ကျော်ဖြတ်ပုံကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ပြီးနောက် အရှင်စစ်မိုသည်လည်း အာခြောက်နေလေပြီ။ ဖြစ်ပျက်ခဲ့သမျှသည် သူ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေ၏။ ဝမ်လင်းကိုလည်း သူသည် စိတ်အတွင်းနက်ပိုင်း၌ မသိမသာ ကြောက်လန့်ဟန် ဖြစ်ပေါ်လာခဲ့သည်။
ထိုကဲ့သို့ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်က ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို ကြောက်လန့်မှုမှာ ပုံမှန်ဆို မည်သို့မျှ မဖြစ်နိုင်ပေ။ သို့ပေမည့် သည်အခိုက်အတန့်တွင် အရှင်စစ်မိုထံ၌ ကြောက်လန့်မှု ပေါ်ထွက်လာခဲ့ချေပြီ။
တာအိုသခင်မြောင်ယင်က တစ်ဝက်တိတိ ပျက်စီးသွားသော မြေကြီးအမွှေးတိုင်ကို စိုက်ကြည့်နေ၏။ သူ့မျက်လုံးမှာလည်း ကျဉ်းမြောင်းသွားကာ သူသည် မက်မွန်သီးတစ်လုံးကို ထုတ်ယူကာ တစ်ကိုက်ကိုက်ချလိုက်တော့သည်။ သူ၏မျက်လုံးထဲ၌လည်း လောဘအရိပ်အယောင် ရှိနေသည်။
“ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့…ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့…ငါ ဒါကို လိုချင်တယ်…”
တာအိုသခင်အိပ်မက်ပြာသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူ၏အမူအရာသည် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေကာ သူသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ သူ့ဘေးရှိ သူ့သမီးဖြစ်သူ လီချန်မေကလည်း ခေါင်းငုံ့ထား၏။ မည်သူကမျှ သူမ၏အတွေးကို သိနိုင်လိမ့်မည် မဟုတ်ပေ။
ဟင်္သာငှက်အဘိုးအိုကတော့ သူ့ခေါင်းကို ကုတ်လိုက်ကာ ခါးသီးစွာ ပြုံးသည်။
“ဒီကောင်လေး…သူ ဘာလုပ်ခဲ့တာလဲ။ မဟာအင်ပါယာဂြိုဟ်ပေါ်က အပြောင်းအလဲဟာ သူနဲ့ ပတ်သတ်နေမှာ ကျိန်းသေတယ်။ ဒီကောင်လေးမှာ ကွယ်ဝှက်နေတဲ့ လျှို့ဝှက်ချက် ဘယ်လောက်များများ ရှိနေတာလဲ။ ဒါဟာ ကိစ္စကြီးပဲ။ ပထမဆုံးလူသားအမွှေးတိုင်လည်း ငြှိမ်းသေသွားခဲ့သလို ဒုတိယအမွှေးတိုင်လည်း တစ်ဝက်တိတိ ပျက်စီးသွားခဲ့ပြီ။ ဒီတော့ စမ်းသပ်မှုကို ဘယ်လိုများ ဆက်လုပ်ပါ့မလဲ…”
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်သောင်းသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် အံ့အားတသင့်ကြီး ဖြစ်ကုန်ကြသည်။
“ဒုတိယအမွှေးတိုင်က တကယ့်ကို တစ်ဝက်တိတိ ပျက်စီးသွားခဲ့တယ်။ ဒါဟာ…”
“တတိယမြောက်အင်ပါယာငယ်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်များမလို့ အခုလိုမျိုး လုပ်နိုင်စွမ်း ရှိရတာလဲ…”
“ဒီကိစ္စဟာ တတိယအင်ပါယာငယ်နဲ့ မပတ်သတ်မှာ ငါ စိုးရွှံ့မိတယ်။ ငါ့အထင်တော့ ဒါက သံလိုက်အားနဲ့ ပတ်သတ်နေလိမ့်မယ်။ ဒါပေမဲ့လည်း ဒီသံလိုက်အားဟာ ဘာကြောင့်များ ရုတ်တရက်ကြီး အမွှေးတိုင်ထဲ ဝင်သွားခဲ့ရတာလဲ…”
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ ခေါင်းထဲတွင် အတွေးမျိုးစုံ ဖြစ်ပေါ်နေ၏။ သို့သော် သူတို့၏မျက်လုံးများကမူ ပထမဆုံးအမွှေးတိုင်ရှေ့ရှိ ဝမ်လင်းထံသို့သာ ကျရောက်နေသည်။ သူတို့က သူ နိုးထလာမည်ကို စောင့်ဆိုင်းနေခြင်းပင်။
“သူ နိုးထလာမှာလား။ ဒါမှမဟုတ် သူဟာ နောက်ထပ်အမွှေးတိုင်ကို မထိဘဲနဲ့ မီးငြှိနိုင်မှာလား…”
မြေကြီးစမ်းသပ်မှုထဲ၌ ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ သံလိုက်အားအားလုံး ထိုးထွက်သွားခဲ့ပြီးနောက် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။ ထိုစမ်းသပ်မှုနေရာတစ်ခုလုံးသည် ပြန်တည်ငြိမ်လာခဲ့ကာ ဝမ်လင်း၏ လောင်ကျွမ်းနေသောဟင်္သာငှက်ပတ်လည်ရှိ သိမ်မွေ့ဆန်းကြယ်မီးသာ ရှိလေတော့သည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက ထိုဟင်္သာငှက်ကို ကြည့်ကာ ရှိုက်သွင်းလိုက်သည်။ ထိုအခါ ဟင်္သာငှက်သည် အော်သံတစ်ခု ထုတ်ဖော်ကာ သူ့ဘယ်မျက်လုံးအတွင်းသို့ ဝင်ရောက်သွား၏။ တစ်ချိန်တည်းမှာ သိမ်မွေ့ဆန်းကြယ်မီးသည် ဝမ်လင်း၏ပတ်လည်တွင် ပေါ်လာတော့သည်။ ထိုမီးသည် အရောင်အဆင်းမဲ့ကာ ဖျက်စီးခြင်းအော်ရာတစ်ခုကိုသာ ပေးစွမ်းသည်။
ဝမ်လင်းက လေအပြည့်ရှုထုတ်လိုက်ပြီး ကောင်းကင်ထက်သို့ မော့ကြည့်၏။ ခဏအကြာတွင် သူက ထွက်ခွာရမည့်အစား ရှေ့သို့ ခြေလှမ်းသည်။ သူသည် ကီလိုမီတာသောင်းချီကို ဖြတ်သန်းလာခဲ့ပြီး ဒီမြေကြီးစမ်းသပ်မှုအစွန်းအဖျားရှိ လောင်ကျွမ်းခြင်း မခံရသော တောင်ဂတုံးထံသို့ ရောက်လာသည်။
စတုတ္ထမျိုးဆက်ဟင်္သာငှက်က ထိုတောင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်လျက်ရှိသည်။ သလည်း စမ်းသပ်မှုနေရာအတွင်း၌ ရှိနေသည့်သူ ဖြစ်၏။ ထို့ကြောင့် သူက ဝမ်လင်း မည်သို့ဖြတ်ကျော်ခဲ့ပုံကို ရှင်းလင်းစွာ ခံစားမိပြီး တုန်လှုပ်ခဲ့မိသည်။
သို့ပေမည့် သူသည် သာမန်လူတစ်ယောက် မဟုတ်ပေ။ သူက ထိုတုန်လှုပ်မှုကို အလျင်အမြန် ဖိနှိပ်ကာ အကွာအဝေးတစ်ခုထံသို့ ငြိမ်သက်စွာ ကြည့်နေသည်။
သူ့ရှေ့ရှိ လောကမှာ တွန့်ခေါက်သွားပြီး ဝမ်လင်း လှမ်းထွက်လာသည်။ ဝမ်လင်းသည် စတုတ္ထမျိုးဆက်ဟင်္သာငှက်ရှေ့သို့ ရောက်လာသည့်နောက် သူလည်း ငြိမ်သက်စွာ စဉ်းစားနေသည်။
စတုတ္ထမျိုးဆက်ဟင်္သာငှက်ကလည်း ဝမ်လင်းကို ကြည့်နေရင်း ခပ်တိုးတိုး ဆိုလာသည်။ “မင်းရဲ့ လေးကြိမ်မြောက်နိုးထမှု ပြီးတဲ့နောက် မင်းဟာ ဒီသိမ်မွေ့ဆန်းကြယ်မီးကို အားပြည့်စေဖို့ အချိန်ခဏလောက် လိုလိမ့်မယ်…”
ဝမ်လင်းသည် သူ့ရှေ့ရှိ သက်လတ်ပိုင်းလူကို ကြည့်ကာ စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်သည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကာ မေးလိုက်သည်။ “စီနီယာဟာ စတုတ္ထမျိုးဆက်ဟင်္သာငှက်လား…”
“ဟုတ်တယ်…” ထိုသက်လတ်ပိုင်းလူက ခေါင်းညိတ်လိုက်သည်။
ဝမ်လင်းသည် ငြိမ်သက်တိတ်ဆိတ်နေဆဲပင်။ အချိန်အတန်ကြာပြီးနောက်မှ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ငါးယောက်မြောက်မျိုးဆက်ဟင်္သာငှက်ဟာ ဂျူနီယာအတွက် အများကြီး ပြုလုပ်ပေးခဲ့တယ်။ သူ မသေခင် သူက သူ လေးယောက်မြောက်မျိုးဆက်ဟင်္သာငှက်နဲ့ ဘယ်လိုဘယ်ပုံအတူတူ ရှိခဲ့တဲ့အကြောင်းကို အများကြီး ပြောပြခဲ့ဖူးတယ်…”
သက်လတ်ပိုင်းလူ၏မျက်လုံးထံမှ စိတ်မကောင်းဖြစ်ဟန် ဖြစ်ပေါ်သည်။ သူက ခေါင်းညိတ်ပြလိုက်၏။ သူ့အသံထဲ၌ အတိတ်ကိုအောက်မေ့ဟန် ပါဝင်ကာ သူသည် ခပ်တိုးတိုးဆိုသည်။ “ငါ သိပါတယ်…”
ဝမ်လင်းက သူ့ညာလက်ကို မြှောက်ကာ လေဟာနယ်ထံသို့ ဝေ့ယမ်းသည်။ သူ့သိုလှောင်နေရာလွတ်သည် ပွင့်ဟသွားပြီး ကျောက်ရုပ်တုတစ်ခု ဖြည်းဖြည်းချင်း ပျံသန်းထွက်လာသည်။
ထိုကျောက်ရုပ်တုသည် ငါးယောက်မြောက်မျိုးဆက်ဟင်္သာငှက်နတ်အင်ပါယာဟောင်း သေဆုံးသွားခဲ့ပြီးနောက် ရုပ်တု ဖြစ်လေ၏။
“ဟင်္သာငှက်နတ်အင်ပါယာဟောင်းဟာ သူ့ဘဝကို ဟင်္သာငှက်ကလန်အတွက် ရှင်သန်ခဲ့တယ်…” ဝမ်လင်းသည် ဟင်္သာငှက်နတ်အင်ပါယာဟောင်း၏ ရုပ်တုကို ကြည့်နေရင်း အတိတ်ကမှတ်ဉာဏ်များ သူ့စိတ်ထဲတွင် တဖျပ်ဖျပ် ပြန်ပေါ်လာသည်။
“ဟင်္သာငှက်နတ်အင်ပါယာဟောင်းဟာ ဟင်္သာငှက်နတ်ကလန်နဲ့ ပတ်သတ်လို့ စိုးရိမ်ပူပန်ခဲ့တယ်။ သင် အဲ့မှာ မရှိခဲ့တဲ့အချိန်၊ ဒုတိယမြောက်မျိုးဆက်ဟင်္သာငှက်လည်း မရှိခဲ့တဲ့အချိန်…နတ်လေးပါးကလန်မှာ ကျားဖြူနတ်အင်ပါယာ သေဆုံးခဲ့တယ်။ လိပ်နက်အင်ပါယာဟာ အညံ့ခံခဲ့တယ်။ အဇူရာနဂါးနတ်အင်ပါယာဟာ ပိတ်လှောင်တာ ခံခဲ့ရတယ်။ နှစ်သောင်းနဲ့ချီကြာအောင် ဟင်္သာငှက်နတ်အင်ပါယာဟောင်း တစ်ယောက်တည်းကသာ တောင့်ခံထားခဲ့ရတယ်။ သူ သေဆုံးခဲ့တဲ့အချိန်ထိတောင် သူဟာ ဟင်္သာငှက်နတ်ကလန်နဲ့ ပတ်သတ်လို့ မမေ့ထားခဲ့ဘူး။ သူဟာ သူ့ဆရာကိုလည်း မမေ့ခဲ့ဘူး။ ဒီနေ့…ဂျူနီယာဟာ စီနီယာကို တွေ့နိုင်ခဲ့ပြီ။ဒါ့ကြောင့် ငါဟာ သူ့ရဲ့အကြွင်းအကျန်ရုပ်တုကို ဒီမှာထားခဲ့မယ်။ ဒါမှ သူဟာ သူ့ကို စွန့်ပစ်ခဲ့တဲ့ ဆရာနဲ့ အတူ ရှိနေနိုင်မှာ…”
ဝမ်လင်းက ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ကာ ဟင်္သာငှက်နတ်အင်ပါယာဟောင်းရှေ့မှာ ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဂါဝရပြုသည်။ သူက ပြောလိုက်၏။ “ဟင်္သာငှက်နတ်အင်ပါယာဟောင်း…ဒီတပည့်က သင့်ကို ဟင်္သာငှက်နတ်ကလန်ကနေ ဒီအထိ ခေါ်လာပေးခဲ့ပြီး ဖြစ်ပါတယ်။ ငါဟာ လေးယောက်မြောက်မျိုးဆက် ဟင်္သာငှက်ရဲ့အနားထိ သင့်ကို ခေါ်လာခဲ့ပေးပြီးပြီး။ ဒါက သင့်ရဲ့အိမ်ပဲ။ ငါဟာ သင် ငါ့အပေါ် လုပ်ပေးခဲ့တာတွေအတွက် ပြန်မပေးဆပ်နိုင်ခဲ့ပေမယ့်လို့ ငါ့ကတိကတော့ ဆက်ရှိနေအုံးမှာ ဖြစ်တယ်…”
ပြန်ထလာပြီးနောက် ဝမ်လင်းက စတုတ္ထမျိုးဆက်ဟင်္သာငှက်ကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။ သူက လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်၏။ “စောနက ငါ့ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါ စီနီယာ။ ဂျူနီယာ ထွက်သွားပါတော့မယ်…” ဝမ်လင်းသည် သက်ပြင်းချလိုက်ပြီး လှမ်းထွက်သွားတော့သည်။
သူသည် ဒုတိယမြောက်ဟင်္သာငှက်ကို လက်သင့်ခံနိုင်သေး၏။ သို့သော် သူက လေးယောက်မြောက်မျိုးဆက်ဟင်္သာငှက်ကိုမူ လက်သင့်မခံနိုင် ဖြစ်နေသည်။ လေးယောက်မြောက်မျိုးဆက်ဟင်္သာငှက်ကသာ ထွက်မသွားခဲ့ပါက ဟင်္သာငှက်နတ်အင်ပါယာဟောင်း (ဝါ) ငါးယောက်မြောက်ဟင်္သာငှက်သည် ဟင်္သာငှက်လေးကြိမ်မြောက်နိုးထနိုင်ပေလိမ့်မည်။ လေးယောက်မြောက်ဟင်္သာငှက်သာ ထွက်မသွားခဲ့ပါက သူသည် သေဆုံးခဲ့လိမ့်မည် မဟုတ်ပေ။
လေးယောက်မြောက်မျိုးဆက်ဟင်္သာငှက်က သူ့တပည့်၏အလောင်းကို ကြည့်နေကာ သူ၏ခန္ဓာကိုယ်မှာ တုန်နေသည်။ သူ့မျက်လုံးထဲတွင်လည်း ဝမ်းနည်းမှုအားကောင်းစွာ ဖြစ်ပေါ်နေသည်။ သူက ဖြည်းဖြည်းချင်း ထရပ်ကာ သူ့တုန်နေသော ညာလက်ဖြင့် သူ့တပည့်၏မျက်နှာကို ထိသည်။
“လုယွမ်…မင်းရဲ့ဆရာဟာ မင်းအပေါ် မှားခဲ့တယ်…” လေးယောက်မြောက်ဟင်္သာငှက်သက်လတ်ပိုင်းလူထံမှ မျက်ရည်များ ကျဆင်းလာခဲ့၏။
“ဆရာဟာ နတ်လေးပါးကလန်အကြောင်း အားလုံး သိထားတယ်။ ဒါပေမဲ့ ငါ မပြန်နိုင်ခဲ့ဘူး။ ငါ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းကို လာခဲ့တဲ့အချိန်တုန်းက တစ်စုံတစ်ယောက်ဟာ ငါ့ကိုယ်ပေါ်မှာ ချိပ်ပိတ်မှုတစ်ခုကို ချထားခဲ့တယ်…” လေးယောက်မြောက်ဟင်္သာငှက်သည် ခပ်တိုးတိုး ရေရွတ်နေသည်။ သူ့အသွင်အပြင်မှာ အတော်လေး အိုစာသွားဟန် ပေါက်၏။ သူက သူ့တပည့်၏အလောင်းကို ကြည့်ကာ အတိတ်ကို ပြန်တွေးနေမိသည်။
“နှစ်ပေါင်းများစွာ ငါဟာ ငါ့ကိုယ်ပေါ်က ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ငါ မအောင်မြင်ခဲ့ဘူး။ ပထမမျိုးဆက်ဟင်္သာငှက်တောင် ဒီချိပ်ပိတ်မှုကို ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ငါဟာ ဒီမြေကြီးစမ်းသပ်မှုအတွင်းမှာပဲ နေထိုင်နိုင်တော့တယ်။ အပြင်ကို ခြေတစ်လှမ်းတောင် ထွက်လို့ မရခဲ့ဘူး။ ငါသာ ဒီက ထွက်သွားတာနဲ့ ချိပ်ပိတ်မှုဟာ ပေါက်ကွဲထွက်လာပြီး ငါ့ကို အသိစိတ်လွတ် ရူးသွပ်သွားစေလိမ့်မယ်။ လုယွမ်။ ဒါဟာ ဆရာ ပြန်မလာချင်ခဲ့တာကြောင့် မဟုတ်ဘူး။ ပြန်မလာနိုင်ခဲ့တာပါ…”
“ဒီလိုဖြစ်တာ ငါ တစ်ယောက်တည်း မဟုတ်ခဲ့ဘူး။ ဒုတိယဟင်္သာငှက်မျိုးဆက်လည်း ငါ့လို့ပဲ ချိပ်ပိတ်ခံထားခဲ့ရတာ။ သူက ဒါကို ဖိနှိပ်ထားနိုင်ခဲ့တယ်။ ဒါ့ကြောင့် သူဟာ မြေကြီးစမ်းသပ်မှုအတွင်းမှာ နေစရာ မလိုခဲ့ဘူး။ ဒါပေမဲ့ သူလည်း ဒီပြိုလဲကုန်းမြေကနေ မထွက်သွားနိုင်ခဲ့ဘူး။ ပြိုလဲကုန်းမြေ...ပြိုလဲကုန်းမြေ..." ”လေးယောက်မြောက်ဟင်္သာငှက်သည် သူ့တပည့်ကို ရှင်းပြနေသည့်အလား ခပ်တိုးတိုး ရေရွတ်နေသည်။ ဝမ်လင်း၏ပုံရိပ်ကမူ ကောင်းကင်ထက်သို့ လှမ်းတက်ကာ ဝေးသထက်ဝေးသွားရင်း သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့လေပြီ။
သူ့ပုံရိပ်ပျောက်ကွယ်သွားချိန်၌ အပြင်ဘက်ရှိ လူသားအမွှေးတိုင်အောက်မှ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် မျက်လုံးပြန်ဖွင့်လာလေ၏။
***