ရှေးအမိန့်ဂူသင်္ချိုင်း…ပွင့်လာခြင်း။
Vol. 107 Ch. 1467
ဝမ်လင်း မျက်လုံးဖွင့်လိုက်သည့်အခါတွင် သူ့ဘယ်မျက်လုံးအတွင်းရှိ ကိုးရောင်စုံမီးသည် သိမ်မွေ့ဆန်းကြယ်မီး ဖြစ်လာကာ မြန်ဆန်စွာ လှည့်လည်သည်။ ယင်းအဖြစ်က သူ့ကို အလွန်ဆန်းကြယ်သွားစေ၏။
သူ မျက်လုံးဖွင့်လာချိန်၌ သိမ်မွေ့ဆန်းကြယ်မီးသည် သူ၏ခန္ဓာကိုယ်ထံမှ ပေါက်ကွဲထွက်လာသည်။ ယင်းမီးသည် ကောင်းကင်တုန်လှုပ်ဖွယ်ရာတည်း။ အဘက်ဘက်သို့ ပျံ့နှံ့ကုန်၏။
ဝမ်လင်း၏ ဆံပင်များသည် လေမတိုက်ပါဘဲ တဖျပ်ဖျပ် လွင့်မြော၏။ သူက သူ့လက်ကို ပထမဆုံးအမွှေးတိုင်ထံမှ ပြန်ရုတ်ကာ သူ့ဘေးပတ်လည်သို့ ကြည့်လိုက်သည်။
ဆရာသခင်ယွင်လောက ဝမ်လင်းကို စိုက်ကြည့်နေဆဲ ဖြစ်၏။ ဝမ်လင်း မျက်လုံးဖွင့်လာချိန်၌ သူမသည် သူ၏ဘယ်မျက်လုံးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ထိုအခါ သူမသည် မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်ကာ သူမ၏မျက်လုံးအတွင်း၌ ကြောက်လန့်မှု ကြီးစွားသွားလေ၏။
သူမ၏ခန္ဓာကိုယ်ပါ တုန်ရီနေပြီး နောက်သို့ စတင်ဆုတ်သည်။ သူမစိတ်အတွင်း မိုးကြိုးအချက်ပေါင်းများစွာ ပစ်ချခံလိုက်ရသည့်အလား။ သူမ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများသည်ပင် ဆုံးရှုံးသွားကာ သူမမျက်နှာသည် လူသေတစ်ကောင်အလား ဖြူရောသွား၏။
“ဒီအကြည့်…ဒါက…” ဆရာသခင်ယွင်လောက သူမ အစောပိုင်းက ကြိုမြင်ခဲ့သော မြင်ကွင်းပုံရိပ်ကို လုံးဝ မေ့နိုင်တော့မည် မဟုတ်ပေ။ ယင်းပုံရိပ်က သူမ သေအံ့မူးမူးအချိန် သူမအား ကြည့်ခဲ့သော အကြည့်ထဲတွင်လည်း ကိုးရောင်စုံဝဲကတော့တစ်ခု ပါဝင်နေခဲ့ပေသည်။
အရှင်စစ်မိုကလည်း ဝမ်လင်းကို စိုက်ကြည့်လျက် ငြိမ်သက်စွာ စဉ်းစားနေ၏။
အလားတူပင် တာအိုသခင်မြောင်ယင်ကလည်း ဝမ်လင်းကို ကြည့်နေ၏။ သူ့မျက်လုံးအတွင်း၌ ထူးဆန်းသောအကြည့် ဖြစ်ပေါ်နေကာ သူက သတိမပြုမိနိုင်လောက်စွာ နှာခေါင်းရှုံ့လိုက်၏။
ဟင်္သာငှက်အဘိုးအိုကမူ ရယ်မောကာ ရပ်နေ၏။ သူသည် စိတ်အေးလက်သာ ခံစားနေရ၏။ သို့ပေမည့် ဖြစ်ပျက်ခဲ့သမျှသည် ဝမ်လင်းက သူ့ကို အနှစ်သာရငါးခု ပိုင်ဆိုင်ခဲ့သည်ကို သိခဲ့စဉ်ကထက် ပို၍ တုန်လှုပ်မိစေခဲ့သည်။
ထိုအဘိုးအိုက ရယ်မောကာ ပြောလိုက်၏။ “မင်းက လေးကြိမ်မြောက်နိုးထနိုင်ဖို့ ကိုးရောင်စုံကံမ္မမီးကို လောင်ကျွမ်းစေခဲ့ပြီး သိမ်မွေ့ဆန်းကြယ်မီးနယ်ပယ်ကို ဝင်ရောက်ခဲ့တယ်။ ကောင်းတယ်…တော်တယ်…”
ကင်းလိပ်ချောပေါ်ရှိ အဘိုးအိုကလည်း ဝမ်လင်းကို မထူးခြားနားဟန်ဖြင့် ကြည့်နေ၏။ သူက ဟင်္သာငှက်အဘိုးအိုနှင့် အကြိမ်များစွာ တိုက်ခိုက်ခဲ့ဖူး၍ ထိုဆန်းကြယ်သိမ်မွေ့မီးက မည်မျှ အစွမ်းထက်သည်ကို ကောင်းကောင်းသိထားသူ ဖြစ်သည်။ ခုချိန်၌ ဝမ်လင်းသည် ထိုမီးနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ရာ သူ့အဖို့ ဝမ်လင်းကို အာရုံမစိုက်မိဘဲ မနေနိုင် ဖြစ်ရသည်။
တာအိုသခင်အိပ်မက်ပြာနောက်ရှိ အမျိုးသမီးကလည်း ဝမ်လင်းကို တိတ်ဆိတ်စွာ ကြည့်နေ၏။ တာအိုသခင်အိပ်မက်ပြာက သူ့သမီးဖြစ်သူ၏အမူအရာကို တွေ့မြင်သည့်အခါ စိတ်ထဲကနေ သက်ပြင်းချမိသည်။
“မန္တာန်သုံးခုပဲ သင်ပေးခဲ့မယ့်အစား ငါသာ ယွဲ့အာရဲ့ မှတ်ဉာဏ်တွေကို မဖယ်ရှားပစ်ဘဲ ဝမ်လင်းရဲ့ ကျင့်ကြံမှုကို ကူညီပေးခဲ့ရင်…” တာအိုသခင်အိပ်မက်ပြာသည် ပထမဆုံးအကြိမ်အဖြစ် အတိတ်က သူ လုပ်ခဲ့သည့်အရာအပေါ် မတင်မကျ ခံစားမိနေသည်။
ဝမ်လင်းက လူတိုင်းကို ဝေ့ကြည့်လိုက်၏။ သူက ထိုသူအားလုံးထံမှ စိတ်ခံစားမှုများ စီးဆင်းနေပုံကို မြင်နေရသည်။ သူသာ လုပ်ချင်ပါက သူက ထိုစိတ်ခံစားချက်များကို သိမ်မွေ့ဆန်းကြယ်မီးအဖြစ်သို့ ပြောင်းလဲပစ်နိုင်ပေသည်။
ဝမ်လင်း၏အကြည့်က ဆရာသခင်ယွင်လောထံသို့ ရောက်ရှိသွားချိန်၌ သူမသည် ချက်ခြင်းပင် ခေါင်းငုံ့ကာ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွား၏။ သို့ပေမည့် ဝမ်လင်းသည် သူမ၏စိတ်ခံစားချက်များသည် ဤနေရာရှိ လူတိုင်းထက် ပိုပြင်းထန်သည်ကို မြင်နိုင်သည်သာ။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ လက်နှစ်ဖက်ဆုပ်၍ ဟင်္သာငှက်အဘိုးအိုထံသို့ ကြည့်ကာ ပြောလိုက်သည်။ “ဂျူနီယာ ကံကောင်းသွားခဲ့လို့ နိုးထနိုင်ခဲ့ပါတယ်…”
ဟင်္သာငှက်အဘိုးအိုက ပို၍ တောက်ပစွာ ပြုံး၏။ ထို့နောက် သူက သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး လက်ထဲရှိ နဂါးကို အဝေးသို့ ပစ်လွှတ်လိုက်ကာ ပြောသည်။ “မင်း အခုလွတ်လပ်သွားပြီး နဂါးလေး…”
ထိုနဂါးမှာ ၎င်း၏သွေးအားလုံးနီးပါး ဆုံးရှုံးထားခဲ့ရသဖြင့် သေလုမြောပါး ဖြစ်နေခဲ့ပေပြီ။ ၎င်းက ဟင်္သာငှက်အဘိုးအို၏ စကားကို ကြားလိုက်ရသည့်အခါ ၎င်း၏မျက်လုံးသည် တောက်ပသွားပြီး ဟိန်းသံတစ်ချက်ပေးလျက် အဝေးသို့ ရုန်းကန်ရင်း ပျံသန်းသွားတော့သည်။ ထိုနဂါးသည် မိုးကုပ်စက်ဝန်းအတွင်းသို့ ပျောက်ကွယ်သွားလေ၏။
“ဒီစမ်းသပ်မှုက မပြီးသေးဘူး။ နောက်ဆုံးကောင်းကင်ဘုံအမွှေးတိုင်ဟာ တစ်စုံတစ်ယောက်ကို စောင့်နေတုန်းပဲ။ သွားတော့…” ဟင်္သာငှက်အဘိုးအိုက ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်သည်။
“လူသားစမ်းသပ်မှုအမွှေးတိုင်ဟာ ငြှိမ်းသေသွားခဲ့သလို မြေကြီးအမွှေးတိုင်ဟာလည်း ထက်ပိုင်းပျက်စီးသွားခဲ့ပြီ။ ဒါပေမဲ့ ကောင်းကင်ဘုံအမွှေးတိုင်ကတော့ မငြှိမ်းသေသေးသလို ပျက်စီးသွားတာလည်း မရှိသေးဘူး။ ဒီအမွှေးတိုင်ကို ပထမဘိုးဘေးကိုယ်တိုင် စောင့်ကြပ်နေတယ်။ အထဲကစမ်းသပ်မှုကတော့ နေထိုင်နိုင်ခြင်းစွမ်းရည်ပဲ။ မင်း ပိုပြီး တောင့်ခံထိန်းသိမ်းနိုင်လေလေ မင်းစွမ်းရည်ဟာ ပိုရှိလေပဲ။ ဒီစမ်းသပ်မှုအတွင်း ဒီအဘိုးအိုဟာ အသက်ရှုချိန် ဆယ့်နှစ်ကြိမ်စာ ကြာခဲ့တယ်။ လေးယောက်မြောက်ဟင်္သာငှက်ကတော့ အသက်ရှုချိန် ဆယ့်လေးကြိမ်စာ ကြာခဲ့တယ်။ မင်းကော ဘယ်လောက်ထိ ကြာနိုင်မလဲ ငါ သိချင်မိတယ်။ မင်းသာ ဒီအဘိုးအိုကို ထပ်ပြီး အံ့အားသင့်စေနိုင်မယ်ဆိုရင် ဒီအဘိုးအိုက မင်းကို ဟိုကြောင်တောင်တောင် နဂါးကို ထိန်းချုပ်နိုင်တဲ့ အတားအဆီးကို လက်ဆောင်ပေးမယ်။ ဒီအတားအဆီးနဲ့ဆို အဲ့နဂါး ဘယ်နေရာကို ထွက်ပြေးသွားလဲဆိုတာ မင်းအနေနဲ့ လွယ်လွယ်ရှာနိုင်လိမ့်မယ်…”
“ဒီနဂါးနဲ့ဆိုရင် ဒီအဘိုးအိုက မင်း ဒီနေရာကနေ ထွက်သွားတဲ့အခါ စိတ်အေးရလိမ့်မယ်…” ဟင်္သာငှက်အဘိုးအို၏စကားလုံးများသည် ဝမ်လင်း၏စိတ်အတွင်း ဝင်ရောက်လာသည်။ ဝမ်လင်းကလွဲ၍ မည်သူကမျှ သည်စကားများကို မကြားနိုင်ပေ။
ဝမ်လင်းက ခေါင်းညိတ်လိုက်ကာ နဂါးပျံသန်းထွက်သွားသောနေရာသို့ ကြည့်လိုက်သည်။ မဟာအင်ပါယာဂြိုဟ်ထံကနေ အခုမှ ထွက်ခါလာစ နဂါးသည် အတော်လေး စိတ်လှုပ်ရှားနေချေ၏။
“လွတ်လပ်သွားပြီ…နောက်ဆုံးတော့ လွတ်မြောက်သွားပြီး။ ဒီနဂါးအိုဟာ နောက်ဆုံးတော့ မိစ္ဆာတွေရဲ့ လက်ထဲကနေ လွတ်လာနိုင်ခဲ့ပြီ။ နှစ်ပေါင်းဘယ်လောက်များခဲ့ပြီလဲ၊ ဘယ်လောက်များ ကုန်ဆုံးခဲ့ပြီလဲ…” ထိုနဂါး၏မျက်လုံးထံမှ မျက်ရည်များပင် စီးကျလာ၏။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ ထို့နောက် သူက ကောင်းကင်ဘုံအမွှေးတိုင်ထံသို့ ကြည့်သည်။ ခဏတာ စဉ်းစားပြီးနောက် သူက အသက်ဝဝရှုသွင်းကာ သူ့လက်ကို ထိုအမွှေးတိုင်ပေါ်သို့ တင်လိုက်သည်။
“ပထမမျိုးဆက်ဟင်္သာငှက်ဘိုးဘေး…ဟင်္သာငှက်ကလန်ရဲ့ဘိုးဘေး….။ ရှေးဟောင်းကောင်းကင်ဘုံအုပ်စိုးသူရဲ့ လက်အောက်က မဟာဗိုလ်ချုပ်လေးယောက်ထဲက တစ်ယောက်။ ဒီလိုလူမျိုးဟာ လျှို့ဝှက်ချက်တွေအများကြီး သိထားနိုင်လောက်တယ်…”
“ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းထဲမှာ ဟင်္သာငှက်ကလန်ရှိနေခဲ့ရင် ဘာကြောင့်များ မီးစာကလေးကလန်က တည်ရှိနေတာလဲ…”
“ဟင်္သာငှက်ကလန်က ဒီနေ့ထိ တည်ရှိနေမှတော့ အဇူရာနဂါးကလန်၊ လိပ်နက်ကလန်၊ ကျားဖြူကလန်တို့လည်း အသက်ရှင်လျက် ရှိနေအုံးမယ်လို့ ငါ ယူဆမိတယ်။ သူတို့ကော ဘယ်နေရာရောက်နေကြလဲ…”
“ရှေးဟောင်းကောင်းကင်ဘုံအုပ်စိုးသူ…ဒီလူဟာ ချိပ်ပိတ်နယ်မြေသခင် ပြောခဲ့တဲ့ ရှေးဟောင်းကောင်းကင်ဘုံအင်ပါယာနဲ့ အတူတူပဲလား…။ မဟုတ်ရင် သူတို့ရဲ့ ပတ်သတ်မှုက ဘာများ ဖြစ်နေမလဲ…”
ဝမ်လင်းသည် စဉ်းစားနေရင်း မျက်လုံးမှိတ်ထားလိုက်၏။
ကောင်းကင်ဘုံစမ်းသပ်မှုသည် အစောပိုင်းက စမ်းသပ်မှုနှစ်ခုနှင့် လုံးဝ ကွာခြားပေ၏။ သည်စမ်းသပ်မှုမှာ တိမ်ဖြူများဖြင့် ပြည့်နှက်သော လောကတစ်ခုပင်။ ထိုတိမ်ဖြူများအပြင် အခြားအရာဟူ၍ တစ်ခုတည်းသာ ရှိသည်။
၎င်းမှာ ဧရာမရုပ်တုကြီးတစ်ခု ဖြစ်သည်။ ၎င်းက အလွန်ကြီးမားလှသဖြင့် ဤလောက၏ နေရာအစိတ်အပိုင်းတစ်ခုအထိ လွှမ်းမိုးနေရာယူထားသည်။ ၎င်းမှာ ဟင်္သာငှက်နှင့်တူသော အဘိုးအိုတစ်ယောက်ပင်။ သူ့နှာခေါင်းက ရှည်လျားပြီး သူ့ကျောပေါ်တွင်လည်း ဟင်္သာငှက်တောင်ပံများပင် ရှိနေချေ၏။
သူ့မျက်လုံးက မှိတ်လျက်သား။ သူ့မျက်ခုံးနှစ်ခုကြားတွင်မူ ကိုးရောင်စုံမီးလောင်ကျွမ်းလျက် ရှိသည်။
ထိုရုပ်တု၏ ညာလက်က ဆန့်ထုတ်ထားကာ လက်ဝါးဖြန့်လျက်ပင်။ ဝမ်လင်း၏ပုံရိပ်က ထိုလက်ဝါးအတွင်း၌ ပေါ်လာသည်။
သည်ရှေးဟောင်းကြယ်အဖွဲ့အစည်းအတွင်း၌ တည်ငြိမ်နေသောကြယ်နယ်မြေတစ်ခုအတွင်းမှာ လှိုင်းဂယက်များ ပဲ့တင်ထပ်လာ၏။ ထိုလှိုင်းဂယက်များသည် ရေလှိုင်းများအလား။ ယင်းတို့သည် အဘက်ဘက်သို့ ဖြည်းဖြည်းချင်း ပျံ့နှံ့လေသည်။ သိပ်မကြာခင်တွင် တစ္ဆေအလင်းတန်းတစ်ခု လင်းလက်သွားသည်။
ထိုတစ္ဆေအလင်းတန်း ဖြတ်သန်းမသွားခင်မှာ ဤနေရာတွင် စွန့်ပစ်ဂြိုဟ်တစ်လုံး ရှိနေ၏။ ယင်းဂြိုဟ်ပေါ်တွင် မည်သည့်သက်ရှိမှ ရှိမနေ၊ စိတ်ဝိညာဉ်စွမ်းအင်လည်း ကင်းမဲ့နေလေ၏။
ကျင့်ကြံသူတစ်ယောက်ယောက်သာ သည်ဂြိုဟ်နား ချဉ်းကပ်လာခဲ့လျှင်ပင် တစ်ချက်တောင် ကြည့်လိမ့်မည် မဟုတ်ပါ။ သို့ပေမည့် သည်စွန့်ပစ်ခံဂြိုဟ်ကို တစ္ဆေအလင်းတန်းက ဖြတ်သန်းသွား၏။ ထိုအလင်း ဖြတ်သန်းသွားသည့်အခါ ယင်းဂြိုဟ်သည် တစစီဖြစ်သွားပြီး တဖြည်းဖြည်းပျံ့နှံ့နေသော လှိုင်းဂယက်များသည် ကျန်ခဲ့လေတော့သည်။
သို့ရာတွင် ဤအခိုက်အတန့်၌ ပေတစ်ရာအက်ကြောင်းတစ်ခုက သည်လှိုင်းဂယက်များကြား၌ ပေါ်လာ၏။ ယင်းအက်ကြောင်းအတွင်းမှ အတိုင်းမသိသေဆုံးခြင်းအော်ရာများ ထွက်ပေါ်လာကာ အက်ကြောင်းကို ပိုကြီးသထက်ကြီးမားလာစေသည်။
ထိုအက်ကြောင်းတစ်လျှောက်တွင် လူတစ်ယောက်သည် အခြားလောကတစ်ခုကို မြင်နိုင်ပေမည်။ ၎င်းနေရာ၌ မရေမတွက်နိုင်သောကျောက်တုံးများ မြောလွင့်လျက်ရှိကာ ထိုကျောက်တုံးများပေါ်တွင်မူ ဦးခေါင်းကြီးများ ရှိနေ၏။ အချို့မှာ ရှေးဟောင်းနတ်ဘုရားများ၏ ဦးခေါင်း၊အချို့က ရှေးဟောင်းနတ်ဆိုး၊ အချို့ကတော့ ရှေးဟောင်းမိစ္ဆာများ၏ ဦးခေါင်းများ ဖြစ်ကြ၏။ ထိုအက်ကြောင်းသည် ပေတစ်ထောင်လောက်ထိ ချဲ့ကားထွက်လာပြီးနောက် ရပ်တန့်သွားသည်။ ၎င်းက ရောက်ရှိလာမည့်အစာကို စောင့်ဆိုင်းနေသော ပါးစပ်ကြီးတစ်ခုအလား။ ၎င်း၏ပုံပန်းသွင်ပြင်က ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းကို မုန်တိုင်းထန်စေတော့မည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများကို တုန်လှုပ်စေပေတော့မည်။ ရှေးအမိန့်ဂူသင်္ချိုင်း ပွင့်လာခဲ့ခြင်းတည်း။
***