အခန်း ၂၂၁
Vol. 23 Ch. 221
အခန်း ၂၂၁
အဖွဲ့ခွဲပြီးနောက် ကျန်းဟန်သည် သူ၏ အဖွဲ့ဝင်လေးယောက်ကို ဦးဆောင်ကာ ယပ်တောင်ပုံစံ ဖြန့်ကျက်ပြီး ရှာဖွေရေးကို စတင်ခဲ့လေသည်။
ခရီးမလှမ်းမကမ်း ရောက်သောအခါ ကျန်းဟန်သည် စမ်းချောင်းငယ်လေးတစ်ခုကို ရှာတွေ့ခဲ့လေသည်။
“အု...အု...”
မဟာရွှံ့ညွန်ဖား တစ်ကောင်သည် တဂွမ်ဂွမ် အော်မြည်ကာ ကျန်းဟန်၏ ဘေးနားမှ ခုန်ကျော်ပြေးထွက်သွား၏။
“မဟာရွှံ့ညွန်ဖား... သုံးကြယ်ပွင့် အလားအလာရှိတဲ့ သားရဲတစ်ကောင်ပဲ။ သူ့ရဲ့ စရိုက်က သွေးအေးပြီး လူတွေကို အလိုအလျောက် ရန်မမူတတ်ဘူး။ နှမြောစရာကောင်းတာက ဒီတစ်ကောင်က အသက်ကြီးနေပြီ။ သဘာဝအတိုင်း ကြီးထွားမှုကြောင့် သူ့ရဲ့ အလားအလာတွေ အကုန်ကုန်ခမ်းသွားပြီ။”
ကျန်းဟန်သည် တစ်ချက်ကြည့်ပြီးနောက် ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ အကယ်၍ သူသာ မွေးကင်းစ မဟာရွှံ့ညွန်ဖားတစ်ကောင်နှင့် တွေ့ခဲ့လျှင် ဖမ်းဆီးရသည်မှာ အဆင်ပြေမည် ဖြစ်သော်လည်း ဤတစ်ကောင်မှာ လက်ရွေးစင်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး အနည်းဆုံး သက်တမ်း နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် ရှိနေပြီဖြစ်ရာ အလားအလာ လုံးဝမကျန်တော့ပေ။
သို့သော်လည်း ဤနေရာသည် နိုင်ငံတော်အဆင့် ၂ သားရဲထိန်းချုပ်ခြင်း ဥယျာဉ်တစ်ခု ဖြစ်သည်နှင့်အညီ စမ်းချောင်းငယ်လေး ဘေးတွင်ပင် မဟာရွှံ့ညွန်ဖားများကို ရှာဖွေတွေ့ရှိနိုင်ပေသည်။
“အု...အု...အု...”
မကြာမီ ကျန်းဟန်သည် အမွှေးစိမ်းများပေါက်နေသော အစိမ်းရောင် ဖားပြုတ်တစ်ကောင်နှင့် ထပ်တိုးမိပြန်၏။ ၎င်းမှာ နှစ်ကြယ်ပွင့် အလားအလာသာရှိသော အဆိပ်နှင့် သစ်သားတွဲစပ် သားရဲတစ်ကောင် ဖြစ်သည်။
“ခေါင်းဆောင် ကျန်းဟန်....ဒီဘက်ကို လာပြီး ကျွန်တော့်ကို ကူညီပါဦး။ ကျွန်တော် ဆာဗိုင်းမြွေတစ်ကောင်ကို တွေ့ထားလို့။”
ထိုအချိန်တွင် မလှမ်းမကမ်းရှိ အဖွဲ့ဝင်တစ်ဦးက လှမ်းအော်လိုက်၏။ ကျန်းဟန်သည် ဟုတ်ဟုတ်နှင့်အတူ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
“ခေါင်းဆောင် ကျန်းဟန်...ဒီမှာ ဆာဗိုင်းမြွေ အကောင်ပေါက်လေးတစ်ကောင် ရှိတယ်။ ဒါပေမဲ့ သူက ရေကန်ထဲကို ကူးးသွားပြီ။ အဲဒီ ရေကန်ထဲမှာ ငွေရောင်သံချပ်ကာ မိကျောင်းတွေ ရှိနေတယ်။”
အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ထိုအဖွဲ့ဝင်က ပြောလိုက်သည်။
၎င်းတို့ရှေ့တွင် မီတာနှစ်ဆယ်ခန့် ကျယ်ဝန်းသော ရေကန်ကြီးတစ်ခု ရှိနေပြီး အစိမ်းရောင် ရေမှော်ပင်များ အောက်၌ ခေါင်းဆောင်အဆင့် ငွေရောင်သံချပ်ကာ မိကျောင်းအချို့၏ မျက်လုံးများကို မြင်တွေ့နေရသည်။
၎င်းတို့၏ ရုပ်ဖျက်မှုမှာ ကောင်းမွန်လှသော်လည်း သားရဲထိန်းချုပ်သူတစ်ယောက်၏ စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်းကိုမူ မလှည့်စားနိုင်ပေ။
“ဒါဆိုရင်တော့ လက်လွှတ်လိုက်တာ ပိုကောင်းမယ်။ ဆာဗိုင်းမြွေတွေကို တခြားနေရာတွေမှာလည်း ရှာလို့ရနိုင်တာပဲ။ အလောတကြီး ဖြစ်နေဖို့ မလိုပါဘူး။”
ကျန်းဟန်က အကြံပြုလိုက်သည်။
“ပြီးတော့ ဒီဆယဗိုင်းမြွေက ထူးထူးခြားခြား ကောင်းမွန်လှတယ်လို့လည်း ငါမခံစားရဘူး။ တကယ်လို့ မင်း ငါ့ကို လှုပ်ရှားပေးစေချင်တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ခေါင်းဆောင်အဆင့် မွန်းစတားရဲ့ သားရဲအမြုတေတစ်တုံး ပေးရုံပဲ။”
မှန်ပါသည်။ အကူအညီတောင်းခံခြင်းအတွက် အဖိုးအခ ပေးဆောင်ရမည် ဖြစ်သည်။ ရှားပါးသားရဲအကောင်ပေါက်ကို ရှာဖွေတွေ့ရှိခြင်း ဖြစ်စေ၊ အန္တရာယ်ရှိသော သတင်းအချက်အလက် ဖြစ်စေ အခကြေးငွေ ယူနိုင်သည်။
၎င်းက သူ၏ နောက်ဆုံး ဖြည့်စွက်အဆိုပြုချက် ဖြစ်သည်။ အတန်းဖော်အချင်းချင်း ကူညီသင့်ပြီး အခကြေးငွေမယူသင့်ဟု ယူဆကာ လူနည်းစုက သဘောမတူခဲ့ကြသော်လည်း အကျိုးအမြတ်မရှိဘဲ ထိုမျှကြီးမားသော ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်ရန် မဖြစ်နိုင်သဖြင့် နောက်ဆုံးတွင် ဤအဆိုပြုချက်မှာ အတည်ပြုချက် ရရှိခဲ့သည်။ သန်မာသူက အားနည်းသူကို ကူညီခြင်းက သူ့အလိုလို အလကားမရနိုင်ပေ။
ထို့အပြင် အကျိုးအမြတ်များ၏ တွန်းအားပေးမှု မရှိပါက အချို့သူများသည် မိမိနှင့် သင့်တော်သော သားရဲတစ်ကောင်ကို ရှာတွေ့သည်နှင့် ထွက်ခွာသွားကြမည်ဖြစ်၏။ ကျန်းဟန်ကဲ့သို့ ပိုမိုနက်ရှိုင်းသောနေရာများသို့ စွန့်စားသွားရောက်လိုသူများအတွက် မည်သည့်အထောက်အကူမျှ ဖြစ်လာမည်မဟုတ်ပေ။
သို့သော် အကျိုးအမြတ်များ ရှိနေပါက ရှားပါးသားရဲအကောင်ပေါက်ကို ရှာဖွေတွေ့ရှိပြီး သတင်းမျှဝေလိုက်သည်နှင့် လိုအပ်နေသူက မိမိအလိုရှိသော သားရဲကို ရရှိနိုင်သလို ရှာဖွေတွေ့ရှိသူကလည်း ငွေကြေးအချို့ကို ရရှိနိုင်မည်ဖြစ်သဖြင့် နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေစေမည်ဖြစ်သည်။
သတင်းအချက်အလက် လက်ဆင့်ကမ်းသည့် နည်းလမ်းမှာမူ တစ်ယောက်မှ တစ်ယောက်သို့ ပါးရခြင်း ဖြစ်သည်။ ကျန်းဟန်သည် ၎င်းတို့ကြားရှိ အကွာအဝေးကို သင့်တော်ရုံ သတ်မှတ်ပေးထားသဖြင့် သားရဲထိန်းချုပ်သူများသည် တစ်ဦးနှင့်တစ်ဦး သတင်းအချက်အလက် ပေးပို့ရန်အတွက် အချိန်အများကြီး ဖြုန်းတီးရန်မလိုပေ။
“ကောင်းပြီလေ။”
ထိုအဖွဲ့ဝင်သည်လည်း ဇွတ်မတောင်းဆိုတော့ပေ။ ဆာဗိုင်းမြွေသည် သူ၏ ရွေးချယ်စရာများထဲမှ တစ်ခုသာ ဖြစ်သည်။
နောက်ထပ် ကီလိုမီတာ အနည်းငယ်ခန့် ရှေ့တိုးပြီးနောက် ကျန်းဟန်သည် ဆာဗိုင်းမြွေ အကောင်ပေါက်တစ်ကောင်ကို ထပ်မံရှာတွေ့ခဲ့ပြီး စစ်ဆေးကြည့်ရာ ကြယ်သုံးပွင့် အလားအလာရှိသော အကောင် ဖြစ်နေသည်။
“မင်း ယူမလား။”
ကျန်းဟန်က မေးလိုက်၏။
“လောလောဆယ်တော့ ယူထားလိုက်မယ်။ ပြီးမှ ထပ်ရှာကြည့်တာပေါ့။”
ထိုလူငယ်သည် အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး ချက်ချင်း စာချုပ်မချုပ်ဆိုသေးသော်လည်း ကျန်းဟန်ကို အဆင့် ၂ စွမ်းအင်ပုံဆောင်ခဲ တစ်တုံး ပေးအပ်ခဲ့သည်။ ကျန်းဟန်က ကူညီရန် လှုပ်ရှားခြင်း မပြုခဲ့သော်လည်း သူက ပထမဆုံး ရှာဖွေတွေ့ရှိသူ ဖြစ်သောကြောင့်ပင်။
သူတို့ ပိုမိုနက်ရှိုင်းသောနေရာသို့ ဆက်လက်ဝင်ရောက်လာသည်နှင့်အမျှ မကြာမီ ပတ်ဝန်းကျင်က အန္တရာယ်ရှိလာခဲ့သည်။ စစ်တပ်က ဤနေရာရှိ လွန်စွာအစွမ်းထက်သော သားရဲများကို နှစ်စဉ် ရှင်းလင်းပေးသော်လည်း ဤနေရာရှိ သားရဲများသည် ယေဘုယျအားဖြင့် အလားအလာ မြင့်မားကြပြီး ကဏ္ဍစုံရှိ ၎င်းတို့၏ အချက်အလက်များက သာမန်သားရဲများထက် ပိုမိုသန်မာသောကြောင့် အန္တရာယ်အဆင့်က သာမန်တောရိုင်းများထက် မြင့်မားနေဆဲပင်။
ကျန်းဟန် ပတ်ဝန်းကျင်ကို ရှာဖွေနေစဉ်မှာပင် သူ၏ ဘယ်ဘက်ကောင်းကင်သို့ အနီရောင် စိတ်ဝိညာဉ်စွမ်းအင် ဘောလုံးတစ်လုံး ရုတ်တရက် ပျံတက်သွားခဲ့သည်။
“တစ်ယောက်ယောက် အကူအညီတောင်းနေပြီ။ သူတို့ အန္တရာယ်နဲ့ ကြုံနေရပြီ ထင်တယ်။”
ကျန်းဟန်၏ အဖွဲ့ဝင်များ လျင်မြန်စွာ စုရုံးလာကြ၏။ လီဇီဝေလည်း လျှောက်လာခဲ့သည်။
“ငါတို့ သွားကယ်ကြမလား။”
လီဇီဝေက မေးလိုက်သည်။ သူတို့သည် ဘယ်ဘက်အဖွဲ့နှင့် အနီးဆုံးရှိနေသော အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်။
ယေဘုယျအားဖြင့် ခေါင်းဆောင်က ကယ်ဆယ်ရေးသွားလေ့ရှိပြီး အဖွဲ့ဝင်များကမူ ၎င်းတို့၏ အစုအဖွဲ့ကို ပိုမိုကျစ်လစ်အောင် ဖွဲ့စည်းကာ ကိုယ့်ရှာဖွေရေးကိုယ် ဆက်လုပ်ကြရသည်။
“မကောင်းတော့ဘူး။ နောက်ထပ် အနီရောင်အလင်းလုံးတစ်ခု တက်လာပြန်ပြီ။ သူတို့ ဒုက္ခအကြီးအကျယ် ရောက်နေပြီ။”
ထိုအချိန်တွင် ထိုနေရာမှပင် နောက်ထပ် စိတ်ဝိညာဉ်စွမ်းအင် အလင်းလုံးတစ်လုံး ကောင်းကင်သို့ ပျံတက်သွားပြီးနောက် နောက်ထပ်နှစ်လုံးပါ တစ်ပြိုင်နက်တည်း ထပ်မံပျံတက်သွားပြန်သည်။
“သတင်းရောက်လာပြီ။ သူတို့က အရှင်သခင်အဆင့်တစ်ဝက် လျှပ်စီးကြံ့ပိုးကောင်နဲ့ တိုးနေတာပဲ။ အဲဒီလျှပ်စီးကြံ့ ပိုးကောင်က ဥတွေဥထားလို့ ကြယ်လေးပွင့် အလားအလာရှိတဲ့ သားရဲအကောင်ပေါက်တွေ ပေါက်ဖွားလာနိုင်ခြေ ရှိတယ်။”
ထိုအချိန်တွင် ဟွမ်ထောင်း ရောက်ရှိလာပြီး ဟိုဘက်မှ လက်ဆင့်ကမ်းလာသော သတင်းကို လာရောက်ပြောပြလာခဲ့သည်။
“သူတို့ရဲ့ အကူအညီတောင်းခံမှုက အရေးကြီးနေပုံပဲ။ ဒါကြောင့် သွားကြည့်ရအောင်။ ဟွမ်ထောင်း... မင်းတို့နှစ်ယောက် စောင့်ကြည့်ဖို့ ကျန်ခဲ့လိုက်ပါ။ လီဇီဝေနဲ့ ငါနဲ့ သွားလိုက်မယ်။”
ကျန်းဟန်က အစီအစဉ်များ ချမှတ်ပြီးနောက် လီဇီဝေနှင့်အတူ ထွက်ခွာသွားခဲ့သည်။
လမ်းခရီးတွင် အခြားသူများသည်လည်း ထိုနေရာသို့ အပြေးအလွှား သွားနေကြသည်ကို သတိပြုမိလိုက်၏။ ကျန်းဟန်တို့အဖွဲ့နှင့် မတူဘဲ အခြားသူများသည် တစ်ဦးချင်းစီ ရှာဖွေနေကြခြင်းဖြစ်ပြီး လူအနည်းငယ်သာ အဖွဲ့ငယ်လေးများ ဖွဲ့ထားကြခြင်း ဖြစ်သည်။ ၎င်းတို့တွင် ကျန်းဟန် စီစဉ်ထားသကဲ့သို့ စနစ်တကျ ဖြန့်ကျက်ထားသော အစုအဖွဲ့ကြီးမျိုး မရှိကြပေ။
၎င်းတို့သည် အခြေအနေကို သေချာနားမလည်ဘဲ တစ်နေရာရာတွင် တိုက်ပွဲဖြစ်ပွားနေပြီဟု တွေးကာ အကျိုးအမြတ် တစ်ခုခု ရနိုင်မလားဟူသော အတွေးဖြင့် အပြေးအလွှား လာနေကြခြင်း ဖြစ်သည်။
ဆယ်မိနစ်ခန့်အကြာတွင် ကျန်းဟန်သည် လီဇီဝေနှင့်အတူ ရောက်ရှိလာ၏။ ပြင်းထန်သော တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲပင်။ ထိုနေရာတွင် ရှန်းဟွာ အထက်တန်းကျောင်းမှ လူအယောက် နှစ်ဆယ်ခန့် စုရုံးရောက်ရှိနေပြီဖြစ်သော်လည်း ခုနစ်ယောက်၊ ရှစ်ယောက်ခန့်၏ သားရဲများမှာ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးနေပြီ ဖြစ်သည်။
မကြာမီ ကျန်းဟန်တို့ လာမည့်နေရာသို့ ရောက်ရှိလာသည်။ တစ်ချိန်တည်းမှာပင် ရောက်ရှိလာသူမှာ အခြားလူအယောက်နှစ်ဆယ် အဖွဲ့၏ ခေါင်းဆောင် ဖြစ်သူ ဟုန်ရွှယ်ဖြစ်ပြီး သူမသည်လည်း လူတစ်ယောက်သာ ခေါ်ဆောင်လာခဲ့သည်။
“ကျန်းဟန်... နင် ဘယ်လိုထင်လဲ။ ငါတို့ သူတို့ကို ကယ်ပြီး ထွက်သွားကြမလား။ ဒါမှမဟုတ် တိုက်ရိုက် ဝင်တိုက်မလား။”
ဟုန်ရွှယ်သည် ရဲရင့်ဖျတ်လတ်သော ပုံစံဖြင့် အနီရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။
“သေချာပေါက် တိုက်မှာပေါ့။ နင်တို့ သုံးယောက် အရင်သွားပြီး ငါ့အတွက် တိုက်စစ်ဆင်ဖို့ အခွင့်အရေးရအောင် သူ့အာရုံကို လွှဲပေးထားကြ။ ကျန်တာကို ငါ့နဲ့ လွှဲထားလိုက်။”
ကျန်းဟန်က လျှပ်စီးကြံ့ ပိုးကောင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ သူ၏ အကဲဖြတ်ချက်အရ ဤသတ္တဝါသည် သတင်းပို့ချက်ထဲကကဲ့သို့ အရှင်သခင်အဆင့်တစ်ပိုင်း မဟုတ်ပေ။
၎င်းသည် မူလက အရှင်သခင်အဆင့် ဖြစ်သော်လည်း ဥများဥရခြင်းကြောင့် ၎င်း၏ မူလစွမ်းအင် ပြင်းထန်စွာ ထိခိုက်သွားကာ သခင်အဆင့်တစ်ပိုင်းသို့ ကျဆင်းသွားခြင်း ဖြစ်ရမည်။ ၎င်း၏ခြေဖဝါးအောက်ရှိ အရှင်သခင်အရှိန်အဝါမှာ မှေးမှိန်နေပြီး ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။
ထိုသို့မဟုတ်ပါက ဤလူများသည် ယခုအချိန်အထိ တောင့်ခံနိုင်ကြမည် မဟုတ်ပေ။
သို့သော် သူက ၎င်းကို ထုတ်ပြောရန် ရည်ရွယ်ချက်မရှိပေ။ အဘယ်ကြောင့်ဆိုသော် တစ်ခါက ထုတ်ပြောလိုက်သည်နှင့် ဤလူများအနေဖြင့် တိုက်ရဲကြတော့မည် မဟုတ်သောကြောင့်ပင်။ အဆင့် ၄ အရှင်သခင်အဆင့် သားရဲတစ်ကောင်ကို စိန်ခေါ်ရန် လူတိုင်းတွင် သတ္တိမရှိကြပေ။
“ကောင်းပြီ။ ငါ နင့်ကို ယုံတယ်။ တိုက်ကြစို့။”
ဟုန်ရွှယ်က ထိုသို့ပြောပြီးနောက် သူမ၏ သားရဲဖြစ်သော ငွေမီးမြေခွေးကို တိုက်ခိုက်ရန် ပြတ်ပြတ်သားသား အမိန့်ပေးလိုက်တော့သည်။
ငွေမီးမြေခွေးသည် ခေါင်းဆောင်အဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေရုံသာမက ရေကိုပင် လောင်ကျွမ်းစေနိုင်သော အစွမ်းရှိသည့် ထူးခြားသော ငွေရောင်မီးတောက်များကိုလည်း ပိုင်ဆိုင်ထား၏။
တစ်ချိန်တည်းမှာပင် သူမလက်အောက်ရှိ လူငယ်သည်လည်း ၎င်း၏ မြက်လှောင်အိမ်ဖားကို ထုတ်လွှတ်လိုက်သည်။ ထိုသားရဲသည် ခေါင်းဆောင်အဆင့် အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း အလွန်ကောင်းမွန်သော ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။ ၎င်းသည် မျက်နှာသစ်ဇလုံ အရွယ်အစားခန့်သာ ရှိသော်လည်း ကော်မြက်လှောင်အိမ်ဟုခေါ်သည့် အထူးစွမ်းရည်တစ်ခုကို ဖန်တီးနိုင်သည်။
ရန်သူကို ထိမှန်သွားပြီးနောက် ၎င်းသည် ရန်သူ့အပေါ် ကပ်တွယ်သွားမည့် မြက်ပိုက်ကွန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရန်သူ၏ လှုပ်ရှားမှုကို ကန့်သတ်ပစ်မည်ဖြစ်သည်။ မြက်လှောင်အိမ်ပေါ်ရှိ အလွန်ပြင်းထန်သော ကော်အရည်များသည် ပြိုင်ဘက်ကို ၎င်းတို့လျှောက်သွားသည့် မည်သည့်နေရာကိုမဆို ကပ်ငြိသွားစေမည်ဖြစ်ရာ အလွန်ပင် ရွံရှာဖွယ်ကောင်းလှသည်။
“ဒါဆို ငါလည်း သွားပြီ။”
လီဇီဝေကလည်း ထိုသို့ပြောလိုက်ပြီးနောက် မီးတောက်ခွေးကို ပြေးထွက်သွားရန် အမိန့်ပေးလိုက်သည်။
မီးတောက်ခွေးနှင့် ငွေမီးမြေခွေးတို့သည် လျှပ်စီးကြံ့ ပိုးကောင်ထံသို့ ဘယ်နှင့်ညာ ဘေးတစ်ဖက်တစ်ချက်စီမှ အသီးသီး ပြေးဝင်သွားကြ၏။ လမ်းတစ်လျှောက်တွင် ၎င်းတို့သည် ပြင်းထန်သော မီးတောက်တိုက်ခိုက်မှုများကို ထုတ်လွှတ်ကာ ၎င်းတို့၏လမ်းကို ပိတ်ဆို့နေသော အင်းဆက်ပုံစံ မွန်းစတားများအားလုံးကို သုတ်သင်ရှင်းလင်းသွားကြသည်။
“ကယ်ဆယ်ရေး ရောက်လာပြီ။ အားလုံးပဲ ခွန်အားနည်းနည်း ပိုစိုက်ထုတ်ပြီး သူတို့ကို ဆက်ပြီး အာရုံနောက်အောင် ပိတ်ဆို့ထားကြ။”
လျှပ်စီးကြံ့ ပိုးကောင်ကို တိုက်ခိုက်နေကြသော ကျောင်းသားများသည် ရင်းနှီးနေသော သားရဲများကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်ဓာတ်ခွန်အားများ တက်ကြွလာကြပြီး တစ်ယောက်ပြီးတစ်ယောက် တန်ပြန်တိုက်ခိုက်မှုများကို စတင်လိုက်ကြတော့လေသည်။