အခန်း ၂၂၅
Vol. 23 Ch. 225
အခန်း ၂၂၅
သူတို့ ပိုမိုနက်ရှိုင်းသောနေရာသို့ စွန့်စားဝင်ရောက်လာသည်နှင့်အမျှ ကျန်းဟန် တည်ဆောက်ထားခဲ့သော ဆက်သွယ်ရေးကွန်ရက်သည် တစ်နေ့ထက်တစ်နေ့ ပိုမိုထိရောက်လာ၏။ လူအယောက်တစ်ရာကျော် ပူးပေါင်းဆောင်ရွက်ကြသဖြင့် အောင်မြင်မှုများကို လက်တစ်ကမ်းအတွင်း လွယ်လွယ်ကူကူ ရရှိနိုင်ခဲ့သည်။
“ကျန်းဟန်... တစ်ယောက်ယောက်က ချီမြွေ အကောင်ပေါက်လေးတစ်ကောင်ကို လှမ်းမြင်လိုက်တယ်တဲ့။ ငါသွားကြည့်ချင်တယ်။”
လီဇီဝေက ကျန်းဟန်ကို လာရှာပြီး ပြောလာခဲ့သည်။
“ငါလည်း အဲဒီအကြောင်း ကြားထားတယ်။ အလယ်က မြစ်ကြီးရဲ့ ဘေးနားမှာပဲ။ ငါလည်း လိုက်ခဲ့ပေးမယ်။”
ကျန်းဟန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
ချီမြွေသည် လွန်စွာထူးခြားသော သားရဲအမျိုးအစား ဖြစ်သည်။ ၎င်းသည် ချီစွမ်းအားမျိုးစုံများကို ဝါးမြိုနိုင်ပြီး ၎င်း၏ခန္ဓာကိုယ်တွင်းရှိ လေအိတ်ထဲတွင် သိုလှောင်ထားနိုင်သည်။ ချီအမျိုးအစားတစ်ခုစီတွင် မတူညီသော သက်ရောက်မှုများ ရှိကြသည်။ အချို့ကို တိုက်စစ်အတွက် သုံးနိုင်ပြီး အချို့ကိုမူ ခံစစ်အတွက် သုံးနိုင်သည်။
ထို့အပြင် ချီမြွေများသည် မွေးရာပါ ပျံသန်းနိုင်စွမ်း ရှိကြသဖြင့် လီဇီဝေ အလိုရှိနေသည့် ဝိသေသလက္ခဏာများနှင့် တိကျစွာ ကိုက်ညီနေပေသည်။
အကယ်၍ ထိုပျံသန်းနိုင်သောမြွေကို အုပ်စုလိုက်ထိန်းချုပ်ခြင်း အပိုင်းတွင် အဓိကထားလိုပါက ၎င်းအား ထိန်းချုပ်မှုစွမ်းရည်ရှိသော ချီများကို စုပ်ယူစေနိုင်သည်။ အကယ်၍ ထိခိုက်ဖျက်ဆီးမှုပေးလိုပါက တိုက်ခိုက်ရေးစွမ်းအား မြင့်မားသော ချီများကို စုပ်ယူရန် ရွေးချယ်နိုင်သည်။ ကုသမှုလိုအပ်ပါက ၎င်းသည် ပြန်လည်ကုသနိုင်သော စွမ်းရည်ရှိသည့် ချီများကိုပင် စုပ်ယူနိုင်သည်။
ပြောရလျှင် ချီမြွေသည် တိုက်စစ်၊ ကုသရေးနှင့် ထိန်းချုပ်ရေးတို့တွင် စွယ်စုံရသည့် သားရဲတစ်ကောင် ဖြစ်သည်ဟု ဆိုနိုင်သည်။
သို့သော် ၎င်း၏ အားနည်းချက်မှာလည်း လွန်စွာ ထင်ရှားလှ၏။ ၎င်း၏ မွေးရာပါ စိတ်ဝိညာဉ်စွမ်းအင်တွင် မည်သည့်ဒြပ်စင်စွမ်းအင်မျှ မရှိချေ။ ထိုသို့ မရှိခြင်းကြောင့်ပင် မတူညီသော ချီများကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။
ဆန့်ကျင့်ဘက်အနေဖြင့် ထိုအရာသည်လည်း ၎င်း၏ အားနည်းချက် ဖြစ်လာပြန်သည်။ လုံလောက်သော ချီစွမ်းအားမရှိပါက ချီမြွေ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ များစွာ ကျဆင်းသွားမည်ဖြစ်သည်။
“ကောင်းပြီ။ လူအများကြီးက အဲဒီချီမြွေအကောင်ပေါက်လေးကို လိုက်ဖမ်းနေကြတယ်လို့ ငါကြားတယ်။ ဒီပတ်ဝန်းကျင်မှာ အရွယ်ရောက်ပြီးသား ချီမြွေတစ်ကောင်မှ မတွေ့ရဘူး။ အဲ့ဒါကြောင့် ဒါက ဥယျာဉ်ထဲကို လတ်တလောမှ လွှတ်ပေးလိုက်တဲ့ အကောင်ပေါက် ဖြစ်ဖို့များတယ်။”
လီဇီဝေက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ကျန်းဟန် ဘေးတွင် ရှိနေခြင်းက သူမကို ပို၍ စိတ်အေးစေ၏။
ကြယ်သုံးပွင့် အလားအလာသာ ရှိလျှင်ပင် လူအများအပြားသည် ချီမြွေအတွက် လုယက်တိုက်ခိုက်ကြပေလိမ့်မည်။ ဤသတ္တဝါသည် အခြားတိုက်ကြီးများမှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး အလွန် ရှားပါးလှသဖြင့် သာမန်အခြေအနေမျိုးတွင် တိုက်ဆိုင်ရန် မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် ကျန်းဟန်သည် အတူတူသွားရန်အတွက် အဖွဲ့တစ်ဖွဲ့ကို တိုက်ရိုက် စုစည်းလိုက်၏။ မှန်ပါသည်... ၎င်းတို့ကို စုစည်းရန် ကုန်ကျစရိတ်ကိုတော့ လီဇီဝေက ပေးဆောင်ရမည် ဖြစ်သည်။
“သူတို့ကို အဖိုးအခပေးဖို့ မမေ့နဲ့။ ပြီးတော့ ငါ့ကိုလည်း ပေးရဦးမှာနော်။”
ကျန်းဟန်က သတိပေးလိုက်သည်။
လီဇီဝေ - “...”
သူမသည် သူမ၏မျက်လုံးလေးကို လှိမ့်လိုက်မိပြီး စကားမပြောနိုင်အောင် ဖြစ်သွားခဲ့ရသည်။
အဲဒါဆို ငါ နင့်ကို အကြိမ်ကြိမ် ထမင်းကျွေးခဲ့တာတွေက အလကား ဖြစ်သွားတာပေါ့ ဟုတ်လား။
သို့သော် ၎င်းမှာ စိတ်ထဲမှ ညီးတွားမှုမျှသာ ဖြစ်သည်။ ကျန်းဟန်သည် ထိုကဲ့သို့သော လူစားမျိုး ဖြစ်သည်ကို သူမ သိပေသည်။ မည်မျှပင် သူငယ်ချင်းကောင်း ဖြစ်နေပါစေ...သူရသင့်သည့် ပိုက်ဆံကိုတော့ မရရအောင် ယူတတ်သူပင်။
ထိုအဖွဲ့သည် လျင်မြန်စွာ ခရီးနှင်ခဲ့ကြပြီး မကြာမီမှာပင် အလယ်ဗဟိုရှိ မြစ်ကြီး၏ ဘေးနားသို့ ရောက်ရှိလာခဲ့ကြလေသည်။
“ချီမြွေက ဒီဧရိယာထဲမှာပဲ။ စောစောကလေးတင် ပေါ်လာသေးတယ်။ ဒါပေမဲ့ အခု ဘယ်ပျောက်သွားမှန်း မသိတော့ဘူး။ အားလုံး လိုက်ရှာနေကြတယ်။”
စကားပြောလိုက်သူမှာ ပါးဖောင်းဖောင်းနှင့် အရပ်ပုပြတ်ပြတ်နှင့် လူငယ်လေး ကျန်းရွှီဖြစ်သည်။ သူသည် ကြယ်သုံးပွင့် အလားအလာရှိသော သားရဲတစ်ကောင်နှင့် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ရာ ချီမြွေကို ထပ်မံ လိုအပ်ခြင်း မရှိတော့ပေ။
“ဒါဆို ငါတို့ကို ကူရှာပေးပါဦး။ မင်း ရှာတွေ့ရင် လီဇီဝေက ဆုကြေးပေးလိမ့်မယ်။”
ကျန်းဟန်က ပြောလိုက်သည်။
“ဟားဟား...မင်းတို့ကို ကူညီပေးခွင့်ရတာ ဝမ်းသာစရာပါ။”
ကျန်းရွှီက ရယ်မောလိုက်၏။ ဤသည်က သူ စောင့်မျှော်နေသည့် အရာပင် မဟုတ်ပါလော။
“မင်းတို့လည်း လူခွဲပြီး ကူရှာပေးကြပါ။”
ကျန်းဟန်က သူခေါ်ဆောင်လာသော အဖွဲ့ဝင်များကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ ၎င်းတို့သည်လည်း သားရဲများနှင့် စာချုပ်ချုပ်ဆိုပြီးသားသူများ ဖြစ်ကြသဖြင့် ချီမြွေအပေါ် စိတ်ဝင်စားမှု မရှိကြပေ။
အဖွဲ့ဝင်များ လူစုခွဲသွားပြီးနောက် ကျန်းဟန်သည် အနီးရှိ ကျောက်တုံးကြီးတစ်ခုနားသို့ လျှောက်သွားကာ အဝေးရှိ မြစ်ပြင်ကျယ်ကြီးကို လှမ်းကြည့်လိုက်၏။ မြစ်ရေသည် လှိုင်းမထန်ဘဲ တည်ငြိမ်နေပုံရသည်။ အဘယ်ကြောင့်ဆိုသော် သားရဲထိန်းချုပ်ခြင်း ဥယျာဉ်အတွင်းရှိ မြေမျက်နှာပြင်မှာ အနိမ့်အမြင့် ကွာခြားချက် သိပ်မရှိသောကြောင့်ပင်။
ကျန်းဟန်သည် ထိန်းချုပ်ခြင်းအမျိုးအစား သားရဲတစ်ကောင်ကို ပိုင်ဆိုင်လိုသော်လည်း ယခုအချိန်အထိ ကောင်းမွန်သောအကောင်မျိုး မတွေ့ရသေးပေ။
ဤချီမြွေသည် မဆိုးလှသော်လည်း သူ စိတ်ကူးထားသည့်အရာနှင့်မူ အနည်းငယ် လိုအပ်ချက် ရှိနေသေးသည်။
“တကယ်တော့ ချီမြွေတစ်ကောင်ကို ဖမ်းဖို့ အကောင်းဆုံးနည်းလမ်းက ရှားပါးတဲ့ ချီတစ်မျိုးမျိုးကို သုံးပြီး သူ့ကို မျှားခေါ်တာပဲ။ မကြာခင် သူ သူ့ဖတ်သာသူ ရောက်လာလိမ့်မယ်။”
ကျန်းဟန်က ပြောလိုက်သည်။
“ဒါပေမဲ့ ငါ့ဆီမှာ အဲလိုမျိုး မရှိဘူးလေ။”
လီဇီဝေက ပြောလိုက်၏။
“မင်းဆီမှာမရှိလဲ ကိစ္စမရှိပါဘူး။ ငါ့မှာနည်းလမ်းရှိတယ်။ ငါတို့ ဒီနေရာမှာတင် ချက်ချင်းဖန်တီးလို့ရတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်ကိုတော့ မင်းဘာသာ စိုက်ထုတ်ရမှာနော်။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။
“ပြဿနာမရှိဘူး။ အကောင်အထည်သာ ဖော်လိုက်။ ကုန်ကျစရိတ်အားလုံးကို ငါတာဝန်ယူတယ်။”
လီဇီဝေက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး ဆေးပင်အချို့နှင့် ကိရိယာအချို့ကို ထုတ်ယူလိုက်သည်။
ပထမဆုံးအနေဖြင့် သူသည် အဆင့် ၃ သားရဲအချို့ကို ဖမ်းဆီးကာ သတ်ဖြတ်လိုက်ပြီး သွေးများဖောက်ထုတ်လိုက်၏။ ထို့နောက် သွေးခဲပန်း၊ ချီတိုက်စားခြင်းဆေးမှုန့်နှင့် ရာဖလေရှားပန်းအဆီအနှစ်တို့ကို ထိုသွေးထဲသို့ ဆက်တိုက် ထည့်သွင်းလိုက်သည်။
မကြာမီမှာပင် သွေးများ ဆူပွက်လာပြီး သွေးရောင် ချီစွမ်းအင် အမျှင်တန်းများအဖြစ် ပြောင်းလဲသွားကာ မီးခိုးငွေ့များကဲ့သို့ လွင့်ပျံလာပြီး အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။
“ဒါက သွေးချီလား။”
လီဇီဝေတစ်ယောက် အံ့အားသင့်သွား၏။ ကျန်းဟန်၏ သားရဲမွေးမြူရေး အရည်အချင်းက ဤမျှအထိ မြင့်မားလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။
“ဒီကောင်လေးက သားရဲမွေးမြူသူတစ်ယောက်အနေနဲ့ တကယ့်ကို အထင်ကြီးစရာကောင်းတဲ့ အောင်မြင်မှုတွေ ရှိနေတာပဲ။ ဒါပေမဲ့ ဒီအချက်တစ်ခုတည်းနဲ့တင် ချီမြွေကို ဆွဲဆောင်ဖို့က မလုံလောက်သေးဘူး။”
စစ်စခန်းအတွင်း၌ ပရော်ဖက်ဆာ ထျန်းကွမ်းက ဖန်သားပြင်ပေါ်ရှိ ကျန်းဟန်ကို ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
သို့သော် မကြာမီမှာပင် ကျန်းဟန်သည် မြေကြီးမိစ္ဆာမြက်တစ်မျိုးနှင့် အခြားပစ္စည်းအချို့ကို အသုံးပြု၍ မြေမိစ္ဆာချီကို ဖန်တီးလိုက်၏။ ထို့နောက် မီးချီနှင့် ရေချီကဲ့သို့သော အခြား ချီအမျိုးအစားအချို့ကိုပါ ဆက်တိုက် ဖန်တီးလိုက်ပြန်သည်။
ဤသို့သော ချီအမျိုးအစားစုံလင်စွာ ပေါ်ထွက်လာခြင်းက နောက်ဆုံး၌ ချီမြွေကို ငြိမ်ငြိမ်မနေနိုင်အောင် ဖြစ်သွားစေခဲ့သည်။ ၎င်းသည် ရုတ်တရက် ကိုယ်ထင်ပြလာပြီး သွေးချီများကို ရူးသွပ်စွာ စုပ်ယူတော့သည်။
“သူ အခုတော့ မပြေးလို့မကတော့ဘူး။”
ထိုသားရဲ ကိုယ်ထင်ပြလာသည်ကို မြင်ပြီးနောက် ကျန်းဟန်က ပြုံးကာ ပြောလိုက်၏။
ချီမြွေသည် မီးခိုးရောင် ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော မြွေတစ်ကောင်နှင့် တူသည်။ ၎င်းသည် ဒြပ်ထုအစိုင်အခဲပုံစံနှင့် အငွေ့ပုံစံအကြား ကူးပြောင်းနိုင်သော်လည်း အနှစ်သာရအားဖြင့်တော့ မြွေတစ်ကောင်သာ ဖြစ်နေဆဲပင်။
“ဟားဟားဟား...ဒီချီမြွေကို ငါ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ့မယ်။ သူ့ကို မျှားခေါ်ပေးတဲ့အတွက် ကျေးဇူးပဲ။”
အတိအကျ ထိုအချိန်၌ ဘေးဘက်မှနေ၍ ဧရာမ ငှက်နီကြီးတစ်ကောင် ရုတ်တရက် ပျံသန်းထွက်ပေါ်လာခဲ့သည်။ ၎င်း၏ ကျောပေါ်တွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ထိုင်နေပြီး သူက ကျန်းဟန်နှင့် အခြားသူများကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောနေခဲ့သည်။
စောစောက ပေါ်လာသော ချီမြွေသည် ထိုဧရာမ ငှက်နီကြီး မှုတ်ထုတ်လိုက်သည့် မီးတောက် စိတ်ဝိညာဉ်စွမ်းအင် လှောင်အိမ်၏ ဖမ်းဆီးခြင်းကို ချက်ချင်း ခံလိုက်ရတော့သည်။
“ဟုတ်ဟုတ်..... နောက်က လိုက်သွား။”
ကျန်းဟန်သည် ဤအခြေအနေအပေါ် အံ့ဩခြင်းမရှိဘဲ အစကတည်းက မျှော်လင့်ထားသည့်အတိုင်း ဟုတ်ဟုတ်ကို ကြည့်ကာ ပြောလိုက်သည်။
“ဂူး...”
ဟုတ်ဟုတ်သည် ၎င်း၏ အတောင်ပံများကို ဖြန့်ကာ မြေပြင်မှ ပျံတက်သွားပြီး ဧရာမ ငှက်နီကြီးထံသို့ အရိပ်အလင်းဓားများကို ပစ်လွှတ်လိုက်၏။
“သူ့နောက်ကို လိုက်ကြ။ ချီမြွေက သူ့လက်ထဲမှာပဲ။”
“သူ့ကို ပစ်ချကြစမ်း။ ဒါဆို ချီမြွေက ငါတို့အပိုင် ဖြစ်လာလိမ့်မယ်။”
ဤအချိန်တွင် ချီမြွေကို လိုချင်နေကြသော အခြားသူများသည်လည်း ဟိန်းဟောက်ကာ ရှေ့သို့ ပြိုင်တူ ပြေးဝင်သွားကြတော့သည်။
အခြားသားရဲများနှင့်မတူဘဲ ချီမြွေသည် လွန်စွာ ရှားပါးပြီး လူတိုင်းက ၎င်းကို မက်မောနေကြရာ အားလုံးက သူ့နောက်သို့ အုပ်စုလိုက် လိုက်လံ တိုက်ခိုက်ကြတော့သည်။
ကျန်းဟန် ခေါ်ဆောင်လာခဲ့သော လူများပင်လျှင် ထိုအထဲ၌ ပါဝင်သွားကြပြီး လီဇီဝေနှင့် ကျန်းဟန် နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။
“ငါတို့ လိုက်မသွားဘူးလား။”
လီဇီဝေက နားမလည်နိုင်သည့် အမူအရာဖြင့် မေးလိုက်၏။
“လူတွေ ဒီလောက်အများကြီးကို သူတို့ကို အရင် တိုက်ခိုင်းလိုက်ပါဦး။ ပြီးမှ ငါတို့ သွားကြတာပေါ့။ ဟုတ်ဟုတ်က အခြေအနေကို စောင့်ကြည့်နေမှာဆိုတော့ ဘာမှ လွဲချော်မှာ မဟုတ်ဘူး။ မင်းက ငါ့ကို ကာကွယ်ပေးထားဖို့ပဲ လိုတယ်။”
ကျန်းဟန်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် ချီမြွေအတွက် ပြိုင်ဆိုင်နေကြသူ စုစုပေါင်း ၅၀ သို့မဟုတ် ၆၀ ခန့် ရှိနေ၏။ သူကိုယ်တိုင်ပင်လျှင် ၎င်းတို့ကို အင်အားသုံး၍ တိုက်ရိုက် မဖိနှိပ်ဝံ့ချေ။ ထို့ကြောင့်ပင် ထိုကောင်အား ချီမြွေကို တမင်သက်သက် လုယူခွင့်ပေးလိုက်ခြင်း ဖြစ်ပေသည်။ ၎င်းအား လူအုပ်ကြီး၏ ဖိအားကို တိုက်ရိုက် ခံစားခိုင်းလိုက်ခြင်းပင်။
သူ့တွင် လုံလောက်သော စွမ်းအား ရှိသော်လည်း မတိုက်ခိုက်ရဘဲနှင့် ပန်းတိုင်ရောက်မည့် နည်းလမ်းကိုသာ သူ ပို၍ သဘောကျပေသည်။
“ကောင်းပြီ။”
လီဇီဝေက ခေါင်းညိတ်လိုက်ပြီး ကျန်းဟန်၏ ဆုံးဖြတ်ချက်ကို လုံးဝ သံသယမဝင်ခဲ့ပေ။
“ဒါ့အပြင် အဲဒီချီမြွေအပြင် ငါ နောက်ထပ် သူငယ်ချင်းလေးတစ်ယောက်ကိုလည်း ရှာတွေ့ထားသေးတယ်။”
ကျန်းဟန်၏ မျက်နှာတွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး သွေးအိုင်နားသို့ လျှောက်သွားကာ ပြောလိုက်သည်။
“အီယာ...။”
ဖျော့တော့တော့ အပြာရောင် ပုံရိပ်တစ်ခုသည် သွေးအိုင်ထဲမှ ရုတ်တရက် ဝုန်းခနဲ ထွက်လာပြီး မြစ်ဆီသို့ ဦးတည်ကာ အပြင်းနှင်တော့သည်။
၎င်း ပြေးလွှားနေစဉ်အတွင်း ၎င်း၏ ပုံသဏ္ဌာန်မှာ ပေါ်လွင်လာခဲ့သည်။ ၎င်းမှာ လူသားပုံသဏ္ဌာန်ရှိသော သားရဲတစ်ကောင် ဖြစ်ပေသည်။
၎င်း၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ ငါးအမြီးဖြစ်သော်လည်း အပေါ်ပိုင်းမှာမူ လူသား မိန်းမငယ်လေးနှင့် တူသည်။ ၎င်း၏ မျက်နှာပေါ်တွင် ဖျော့တော့တော့ အပြာရောင် ငါးကြေးခွံများ ရှိပြီး ပါးပြင်ပေါ်တွင် ပါးဟက်ကြောင်းများ ရှိနေကာ ၎င်း၏ ဆံပင်မှာ အပြာရောင်ဖျော့ဖျော့ဖြစ်သော်လည်း လူသားများထက် များစွာ ပိုမို ထူထဲသည်။ ဆံပင်တစ်ပင်ချင်းစီမှာ သွားကြားထိုးတံတစ်ချောင်းခန့်ပင် တုတ်ခိုင်နေလေသည်။
“ဒါက ရေသူမလေးပဲ။”
လီဇီဝေ အံ့အားသင့်သွားရ၏။ ဤနေရာတွင် ဤသို့သော သတ္တဝါမျိုးကို တွေ့ရလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။