← Chapters

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

“အချိန်ကျပြီ။ ချီမြွေ ဘာဖြစ်နေလဲဆိုတာ သွားကြည့်ရအောင်။ ဟိုဘက်က လုယက်ပွဲလည်း ပြီးခါနီးနေလောက်ပြီ။”

ကျန်းဟန်က လီဇီဝေကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ။ ဒါဆို သွားကြစို့။”

လီဇီဝေလည်း ခေါင်းညိတ်လိုက်၏။ ကျန်းဟန်၏ သားရဲက ထိုနေရာမှ အခြေအနေကို စောင့်ကြည့်နေသည်ဆိုသော်လည်း သူမအနေဖြင့် အနည်းငယ်တော့ စိတ်ပူနေဆဲပင်။

ထိုချီမြွေသည် သူမကို အမှန်တကယ် ဆွဲဆောင်နိုင်သော သားရဲတစ်ကောင် မဟုတ်ပါလော။

ဟုတ်ဟုတ်နှင့် ချိတ်ဆက်ထားသည့်အတွက်ကြောင့် ကျန်းဟန်သည် ရှေ့သို့သွားရာတွင် အားစိုက်ထုတ်စရာ မလိုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းဟန်သည် ရှေ့ကလူများ သွားခဲ့သည့် လမ်းကြောင်းအတိုင်း မလိုက်ဘဲ သူ့ဘာသာလမ်းအသစ် ထွင်ခဲ့သောကြောင့် ဖြစ်သည်။

ထိုလူများ အစောပိုင်းက ဖြတ်သန်းသွားခဲ့သည့် နေရာများသည် သားရဲများစွာကို ဆွဲဆောင်သွားခဲ့ပြီးဖြစ်ရာ ကျန်းဟန် ကိုယ်တိုင်ထွင်သည့် လမ်းတွင်မူ ဘေးအန္တရာယ် မရှိတော့ချေ။ အကြောင်းမှာ သားရဲများအားလုံး မျှားခေါ်ခြင်း ခံလိုက်ရပြီဖြစ်သောကြောင့်ပင်။

“သူတို့က တကယ်ပဲ ဒီအထိတောင် ရောက်လာကြတာလား။”

လီဇီဝေက ရှေ့ကိုကြည့်ကာ ကြောင်အမ်းအမ်းဖြင့် ပြောလိုက်၏။

ဤနေရာသည် သားရဲထိန်းချုပ်ခြင်း ဥယျာဉ်၏ မြောက်ဘက်အကျဆုံးအပိုင်း ဖြစ်သည်။ ၎င်းတို့သည် အစောပိုင်းက တောင်ဘက်နှင့် ပို၍ နီးကပ်နေခဲ့ခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုနေရာမှ ဝင်ရောက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော် ၎င်းတို့သည် ဗဟိုဧရိယာကို တိုက်ရိုက်ဖြတ်သန်းမလာဘဲ ဘေးမှပတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် လူသားများရော ဤနေရာရှိ သားရဲများပါ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိနေသော ဖြစ်တည်မှုကို အာရုံခံမိကြသောကြောင့်ပင်။

ထိုကြောက်မက်ဖွယ်ကောင်းသော အဆင့် ၅ ဧကရာဇ်အဆင့် သားရဲကြီး...။ မည်သည့်လူသား၊ မည်သည့်သားရဲမျှ ထိုကဲ့သို့သော တည်ရှိမှု၏ နယ်မြေထဲသို့ ခြေမချဝံ့ကြချေ။

ဤအချိန်တွင် ကျန်းဟန်နှင့် လီဇီဝေတို့၏ ရှေ့တွင် ဧရာမ ရေတံခွန်ကြီးတစ်ခု မတ်မတ်ရပ်လျက် ရှိနေ၏။ ဧရာမ အမြင့်ပေကွာခြားချက်ကြောင့် ဤနေရာရှိ ရေငွေ့များသည် လွန်စွာ သိပ်သည်းနေပြီး ကောင်းကင်တွင် အရောင်စုံ သက်တံ့များကို ဖြစ်ပေါ်စေကာ မြေပြင်တွင်မူ မိုးဖွဲဖွဲရွာနေသကဲ့သို့ ခံစားရစေသည်။

တိုက်ပွဲသည် သူတို့ရှေ့ မီတာအနည်းငယ်အကွာရှိ ဧရိယာတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ ထိုနေရာတွင် လူငါးယောက်သာ ကျန်ရှိတော့ပြီး နှစ်ယောက်သာ တိုက်ခိုက်နိုင်စွမ်း ရှိတော့သည်။

၎င်းတို့ထဲမှ မည်သူမျှ ဗဟိုဧရိယာကို ဖြတ်သန်းမလာခဲ့ကြသော်လည်း ဤနေရာရှိ ဘေးအန္တရာယ်များမှာ အစစ်အမှန်များ ဖြစ်ကြသည်။ လူအများစုမှာ လျင်မြန်စွာ ဖြတ်သန်းနိုင်စွမ်း မရှိကြချေ။

နောက်ဆုံးတွင် ဤနေရာသို့ ရောက်ရှိလာနိုင်သူများမှာ အားလုံး ပြောင်မြောက်သော စွမ်းအားနှင့် ထူးခြားသော ကျွမ်းကျင်မှု ရှိကြသူများသာ ဖြစ်ပေသည်။

“အို...နောက်ထပ် နှစ်ယောက်လား။ မင်းက ဟို သွေးအရိပ်ညဇီးကွက်ရဲ့ သခင်ပဲဖြစ်ရမယ် ဟုတ်တယ်မလား။”

ကျန်းဟန်နှင့် အခြားတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်သောအခါ အနက်ရောင်ဝတ်စုံဝတ် လူငယ်က ပြုံးကာ မေးလိုက်သည်။

ကောင်းကင်ရှိ သွေးအရိပ်ညဇီးကွက်သည် သူ့နောက်သို့ လိုက်နေသည်ကို သူသိသော်လည်း သူ၏ မီးတောက်ငှက်က ၎င်းကို ဘာမှမလုပ်နိုင်ခဲ့ပေ။

၎င်းမှာ မနိုင်၍မဟုတ်ဘဲ ပြိုင်ဘက်က လွန်စွာ သတိကြီးလွန်းနေသောကြောင့် ဖြစ်သည်။

သူသည် ဟာကွက်အချို့ကို တမင်ပြသခဲ့သော်လည်း သွေးအရိပ်ညဇီးကွက်မှာ အလွန် သတိကြီးပြီး စည်းကမ်းရှိလှသည်။ ၎င်းသည် လုံးဝ တိုက်ခိုက်ခြင်းမပြုဘဲ သူ့ကို အဝေးမှသာ စောင့်ကြည့်နေခဲ့သည်။

ကျန်းဟန် ရောက်ရှိလာသည့်အချိန်တွင်မူ ဤသွေးအရိပ်ညဇီးကွက်၏ သခင်မှာ မည်သူဖြစ်သည်ကို သူ လျင်မြန်စွာ နားလည်သွားခဲ့တော့လေသည်။

“မင်း ငါ့ရဲ့ ချီမြွေကို ခိုးသွားတာလေ။ အခု ပြန်ပေးရမယ့် အချိန်ရောက်ပြီ မဟုတ်လား။”

ကျန်းဟန်က သူ၏မေးခွန်းကို မဖြေဘဲ တိုက်ရိုက် ပြန်မေးလိုက်၏။

သူ ရောက်လာသောကြောင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် တိုက်ခိုက်နေသည့် အခြားလူငယ်သည်လည်း လက်ရပ်လိုက်သည်။

“အဲဒါကတော့ မင်းမှာ အစွမ်းရှိလားဆိုတာ ကြည့်ရသေးတာပေါ့။”

အနက်ရောင်တဝ်စုံဝတ် လူငယ်သည် လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ စနောက်လိုသော အပြုံးတစ်ခုကိုပင် ဆင်မြန်းထား၏။

“မင်းက မြေပြင်ကို ယူ။ ငါက ဝေဟင်ကို ယူမယ်။”

ကျန်းဟန်သည် စကားအရှည်ကြီး မပြောတော့ပေ။ သူသည် လီဇီဝေကို ထိုသို့ပြောလိုက်ပြီးနောက် တိုက်ခိုက်ရန်အတွက် ဟုတ်ဟုတ်ကို အမိန့်ပေးလိုက်တော့သည်။

ကောင်းကင်၏ အဝေးတစ်နေရာတွင် ဝဲပျံနေသော ဟုတ်ဟုတ်သည် ကျန်းဟန်၏ အမိန့်ကို ရရှိသည်နှင့် မီးတောက်ငှက်ထံသို့ တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။ ၎င်း၏ အတောင်ပံများကို ခတ်လိုက်သည်နှင့် အရိပ်အလင်းဓားများစွာ ပျံသန်းထွက်ပေါ်လာခဲ့သည်။

“ဝေါင်း...”

မြေပြင်တွင်မူ မီးနတ်ဘုရားခွေးသည် ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်၏။ ၎င်း၏ မီးတောက်ပုံစံ အမွေးအမျှင်များသည် အလျှံတညီးညီး တောက်လောင်နေနေပြီး ၎င်းနှင့်အတူ ပါရှိသော မီးတောက်ဝိညာဉ် ကိုးကောင်သည်လည်း ပတ်ဝန်းကျင်ရှိ မီးစိတ်ဝိညာဉ်စွမ်းအင်အားလုံးကို လှုပ်ရှားစုပ်ယူလိုက်ကြ၏။

နောက်တစ်စက္ကန့်တွင် ၎င်းသည် ကောင်းကင်ရှိ မီးတောက်ငှက်ကို ဦးတည်ကာ မီးလုံးများစွာကို ဆက်တိုက် ပစ်လွှတ်လိုက်တော့သည်။

“မဆိုးပါဘူး။ ဒါပေမဲ့ မင်းရဲ့ သွေးအမျိုးအစားသားရဲက ငါ့ရဲ့ မီးအမျိုးအစား မီးတောက်ငှက်နဲ့ ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ လိုအပ်ချက် ရှိနေသေးတယ်။”

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကျန်းဟန်၏ ဟုတ်ဟုတ်က အဆင့် ၄ အရှင်သခင်အဆင့် သားရဲကြီးကို သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း မသိထားပေ။ သူက ၎င်းကို သာမန် သွေးအရိပ်ညဇီးကွက်တစ်ကောင်မျှသာဟု ထင်မှတ်ထားခဲ့လေသည်။

ထို့ကြောင့် သူ၏အမိန့်မှာ မီးတောက်ငှက်အား မီးလှိုင်းရိုက်ခတ်ခြင်းကို အသုံးပြုရန် ဖြစ်သည်။ မီးတောက်ငှက်က ၎င်း၏အတောင်ပံများကို ခတ်လိုက်သည်နှင့် လေထုတစ်ခုလုံး တောက်လောင်သွားသကဲ့သို့ ဖြစ်ပေါ်လာပြီး ဧရာမ မီးလှိုင်းကြီးတစ်ခု ရှေ့သို့ လှိမ့်တက်သွားခဲ့သည်။

သာမန်အခြေအနေမျိုးတွင်မူ သွေးအရိပ်ညဇီးကွက်၏ တိုက်ခိုက်မှုသည် သေချာပေါက် ဖျက်ဆီးခြင်း ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သွေးအရိပ်ညဇီးကွက်သည် အဓိကအားဖြင့် သွေးစွမ်းအင်အမျိုးအစားဖြစ်ပြီး ဒုတိယအနေဖြင့် အမှောင်စွမ်းအင်အမျိုးအစား ဖြစ်သည်။ သွေးအမျိုးအစား သားရဲများသည် မီးစွမ်းအင်၊ မိုးကြိုးစွမ်းအင်နှင့် အလင်းစွမ်းအင် ကျွမ်းကျင်မှုများကို လွန်စွာ ကြောက်ရွံ့တတ်ကြသောကြောင့်ပင်။

သို့သော် ဤအချက်သည် အဆင့်တူ သားရဲများအတွက်သာ သက်ဆိုင်၏။ ဟုတ်ဟုတ်မှာမူ ဤမီးတောက်ငှက်ထက် အဆင့်တစ်ဆင့် ပိုမြင့်နေပြီဖြစ်ရာ အဆင့် ၄ က အဆင့် ၃ ကို တိုက်ခိုက်နေခြင်းနှင့် တူညီနေပေသည်။

လွန်စွာ ထိရောက်သင့်သော မီးလှိုင်းစွမ်းရည်သည် အရိပ်အလင်းဓားများအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ချေ။

“ဘာ... ဘာတွေဖြစ်နေတာလဲ။”

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အရိပ်အလင်းဓားများက မီးလှိုင်းစွမ်းရည်အား လွယ်လွယ်ကူကူ ဖောက်ထွက်လာသည်ကို မြင်လိုက်ရသောအခါ လွန်စွာ ထိတ်လန့်သွားခဲ့၏။

ဤအချိန်တွင် မီးတောက်ငှက်သည် မီးနတ်ဘုရားခွေး၏ မီးလျှံများကို ကိုင်တွယ်ရန် နောက်လှည့်လိုက်ပြီးဖြစ်ရာ ဤအလှည့်အပြောင်းက လုံးဝ မျှော်လင့်မထားသော အရာ ဖြစ်သွားခဲ့လေသည်။

“အဲဒီအလင်းဓားတွေကို မထိနဲ့။ မီးလုံးတွေကိုပဲ တည့်တည့်ရင်ဆိုင်လိုက်။”

သို့သော် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည်လည်း ငတုံးတစ်ယောက် မဟုတ်ပေ။ အရေးအကြီးဆုံး အကျပ်အတည်း အခိုက်အတန့်တွင်ပင် သူသည် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့သည်။

ဘုန်းခနဲ မြည်ဟည်းသံများနှင့်အတူ ဧရာမ မီးလုံးကြီးအချို့ လေထဲတွင် ပေါက်ကွဲသွားခဲ့ပြီး မီတာတစ်ရာနီးပါး ကျယ်ပြောသော မီးခိုးတိမ်တိုက်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။ တိမ်တိုက်များ ပျယ်လွင့်သွားသောအခါ မီးတောက်ငှက်မှာ အတွင်းမှ ထွက်ပေါ်လာ၏။

၎င်းသည် တစ်ကိုယ်လုံး မီးကျွမ်းနေသော်လည်း ပြင်းထန်သော ဒဏ်ရာတော့ မရရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းကိုယ်တိုင်က မီးအမျိုးအစားဖြစ်ပြီး မီးစိတ်ဝိညာဉ်စွမ်းအင်အပေါ် ခံနိုင်ရည်အား ကောင်းမွန်သောကြောင့် ဖြစ်သည်။

မီးနတ်ဘုရားခွေး၏ မီးတောက်ဝိညာဉ် အဆင့်မြှင့်တင်မှုသာ မရှိခဲ့လျှင် မီးတောက်ငှက်သည် ဒဏ်ရာပင် ရလိမ့်မည်မဟုတ်ဟု ဆိုနိုင်သည်။

“မတိုက်နဲ့တော့... မတိုက်ကြနဲ့တော့။ ငါ ချီမြွေကို ပေးမယ်။”

ကျန်းဟန်နှင့် လီဇီဝေတို့ ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကြောက်လန့်သွားပြီး အလျင်အမြန် အော်ဟစ်လိုက်တော့သည်။

သို့သော် ကျန်းဟန်တွင် ရပ်တန့်ရန် အစီအစဉ်မရှိပေ။ သူသည် အခြေအနေကို သူ့စိတ်ကြိုက် ထိန်းချုပ်ထားရသည်ကို ပို၍ သဘောကျ၏။ မီးတောက်ငှက် ဒဏ်ရာရနေတုန်း ၎င်း၏ တိုက်ခိုက်နိုင်စွမ်းကို လုံးဝ ပျက်ပြားသွားအောင် လုပ်လိုက်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

၎င်း၏ သားရဲသာ ရှုံးနိမ့်သွားလျှင် ချီမြွေကို လုယူရာ၌ ပို၍မလွယ်ကူပေဘူးလော။

“သေစမ်း... တိုက်နေတုန်းပဲလား။ ငါ တကယ်ပြောနေတာကွ။ ရော့... ဒီမှာ ချီမြွေ။ ယူလိုက်တော့။”

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ချီမြွေကို အလျင်အမြန်ပင် ပစ်ပေးလိုက်၏။

သူသည် ကျန်းဟန်ကို အမှန်တကယ် ကြောက်ရွံ့သွားခဲ့ပြီ ဖြစ်သည်။ သူသည် ကျန်းဟန်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပြီး ဤသူက သူ့ကို ဘာအခွင့်အရေးမှ လုံးဝမပေးသည့် ရက်စက်တတ်သူဖြစ်ကြောင်း တွေးလိုက်မိသည်။

ယခု ပြန်စဉ်းစားကြည့်လျှင် သူ အစောပိုင်းက ချီမြွေကို လုယူနိုင်ခဲ့ခြင်းမှာ သူ၏စွမ်းရည်ကြောင့် မဟုတ်ဘဲ ဤသူက အခြားပြိုင်ဘက်များကို ရှင်းထုတ်ရန်အတွက် သူ့ကို အသုံးချရန် တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုသို့ တွေးမိလိုက်သောအခါ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရင်ထဲတွင် အလွန် ခံရခက်သွား၏။ တကယ့်ကို မုန်းစရာကောင်းလှသည်။ သူသည် အခြားသူ၏ အသုံးချခြင်းကို ခံလိုက်ရသည် မဟုတ်ပါလော။

ချီမြွေမှာမူ ၎င်းအား အငွေ့ပျံမသွားစေရန်နှင့် အသားအရေပုံသဏ္ဌာန်အတိုင်းသာ ရှိနေစေရန်အတွက် သူ၏ အထူးသံကြိုးဖြင့် ချည်နှောင်ခြင်း ခံထားရပြီး ဖြစ်သည်။

“ရပ်လိုက်တော့။”

ကျန်းဟန်သည် ချီမြွေကို ရရှိပြီးနောက်မှသာ ဟုတ်ဟုတ်ကို ရပ်တန့်ခိုင်းလိုက်သည်။

“မီးနတ်ဘုရားခွေး... နင်လည်း ရပ်လိုက်တော့။”

လီဇီဝေကလည်း ပြောလိုက်၏။

“ဝေါင်း... ဘုန်း”

ရပ်တန့်ခိုင်းသည့် အမိန့်ကို ကြားလိုက်ရသောအခါ မီးနတ်ဘုရားခွေးသည် ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်များကို အလျင်အမြန် ငြိမ်းသတ်လိုက်သော်လည်း သေချာ မထိန်းချုပ်နိုင်ခဲ့သဖြင့် မီးလုံးအသေးလေးတစ်ခုမှာ ၎င်း၏ ပါးစပ်ထဲမှာတင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့ပြီး အနက်ရောင်မီးခိုးများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

လီဇီဝေ - “...”

“သွားကြစို့။”

ကျန်းဟန်သည် ၎င်းကို အနည်းငယ် စစ်ဆေးကြည့်ပြီးနောက် ချီမြွေကို လီဇီဝေထံသို့ ပစ်ပေးကာ ထွက်ခွာရန် ပြင်လိုက်သည်။

“ခဏလေး နေပါဦး...။”

ဤအချိန်တွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်က ၎င်းတို့ကို အလျင်အမြန် ထပ်မံ တားဆီးလိုက်ပြန်သည်။

“ဘာလဲ။ နောက်တစ်ပွဲ ထပ်နွှဲချင်လို့လား။”

ကျန်းဟန်က မကျေနပ်သော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်၏။

“မဟုတ်ဘူး၊ မဟုတ်ဘူး... ငါ အဲလိုဆိုလိုတာ မဟုတ်ပါဘူး။ ငါ တကယ်ပြောချင်တာက မင်း ဒီလောက်တောင် သန်မာတာပဲ။ ကြယ်ငါးပွင့် အလားအလာရှိတဲ့ သားရဲအကောင်ပေါက်လေးကို မလိုချင်ဘူးလားလို့ မေးမလို့ပါ။”

အနက်ရောင်ဝတ်စုံဝတ် လူငယ်က ပျာပျာသလဲ ရှင်းပြလိုက်၏။

ကျန်းဟန် ထပ်မံ တိုက်ခိုက်ခြင်းမပြုသည်ကို မြင်သောအခါ အနက်ရောင်ဝတ်စုံဝတ် လူငယ်က ဆက်ပြောလိုက်သည်။

“တကယ်တော့ ဒီချီမြွေက ရွေးချယ်မှု ကိရိယာတစ်ခုသာသာပဲ။ ဒီနေရာအထိ ရောက်လာနိုင်တဲ့သူတိုင်းက ပြောင်မြောက်တဲ့ စွမ်းအားရှိသူတွေချည်းပဲ။

မင်းလည်း ကြယ်ငါးပွင့် အလားအလာရှိတဲ့ သားရဲအကောင်ပေါက်လေးကို လိုချင်မှာပဲမလား။ ကြယ်ငါးပွင့် အလားအလာရှိတဲ့ သားရဲအကောင်ပေါက်တွေအားလုံးက ဥယျာဉ်ရဲ့ အလယ်ဗဟိုနားမှာ ရှိနေတာကို မင်း သိမှာပါ။

အဲဒီမှာ အဆင့် ၅ ဧကရာဇ်အဆင့် ဖြစ်တည်မှုတစ်ခု ရှိနေပေမဲ့ ဒါက လူတစ်ယောက်တည်းနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် ငါဆိုလိုတာက ငါတို့ အချင်းချင်းပူးပေါင်းပြီး ကြယ်ငါးပွင့် အလားအလာရှိတဲ့ သားရဲအကောင်ပေါက်တွေကို ရယူဖို့အတွက် အတူတူ အကွက်ဆင်ကြရအောင်။”

All Chapters