← Chapters

သစ္စာဖောက်တတိယမျိုးဆက်ဟင်္သာငှက်

Vol. 107 Ch. 1468

သစ္စာဖောက်တတိယမျိုးဆက်ဟင်္သာငှက်

Vol. 107 Ch. 1468

ကောင်းကင်ဘုံစမ်းသပ်မှုအတွင်း၌မူ ဝမ်လင်းက ထိုဧရာမရုပ်တုကြီးကို စိုက်ကြည့်နေ၏။ သူ၏မျက်လုံးမှာ လင်းလက်နေသည်။

ထိုရုပ်တုသည် ထူးခြားလွန်းသည်။ ဝမ်လင်းက ၎င်းကို မည်သို့ပင် ကြည့်ကြည့် လူတစ်ယောက်နှင့်မတူဘဲ ထိုအစား ဟင်္သာငှက်တစ်ကောင်ကြောင့် ဖြစ်ပေါ်နေသည်ဟု မြင်သည်။

အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက ထိုရုပ်တုထံ လက်နှစ်ဖက်ဆုပ်ကာ ဦးညွတ်၍ ပြောလိုက်သည်။ “ဂျူနီယာခြောက်ယောက်မြောက်ဟင်္သာငှက်က ဘိုးဘေးကို နှုတ်ဆက်ပါတယ်….”

သူ ထိုသို့ ပြောလိုက်စဉ် ရုပ်တု၏မျက်ခုံးနှစ်ခုကြားမှ ကိုးရောင်စုံမီးက အပြင်းအထန် ဟိန်းမြည်ကာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ထိုရုပ်တု၏မှိတ်နေသော မျက်လုံးထံမှ အလင်းတန်းတစ်ခု ထုတ်လွှတ်လေ၏။

“အားကောင်းတဲ့ သွေးမျိုးဆက် မရှိဘဲ လေးကြိမ်မြောက် နိုးထနိုင်ခဲ့တယ်။ မင်း တကယ်တော်တယ်…” အင်အားပြည့်ထူးခြားသောအသံတစ်သံ ပဲ့တင်ထပ်၏။

“ဂျူနီယာ…” ဝမ်လင်း၏အမူအရာသည် တည်ငြိမ်လျက်။ သူက စကားပြောရန် ဟန်ပြင်လိုက်သည်။

“ဒီစမ်းသပ်မှုမှာ မင်းမေးခွန်းတွေ မေးနိုင်တယ်။ ငါဟာ ဒဏ်ရာအပြင်းအထန် ရထားတယ်။ ငါ့နတ်ဘုရားအာရုံ မနိုးထနိုင်ခဲ့တာ အချိန်ကြာလွန်းခဲ့ပြီ။ မင်း အသက်ရှုချိန်ငါးကြိမ်စာ တောင့်ခံနိုင်ရင် မင်း မေးခွန်းတစ်ခု မေးနိုင်တယ်…” စိတ်ခံစားမှုကင်းမဲ့သော ထိုအသံက ဝမ်လင်း စကားပြောမည်ကို ကြားဖြတ်၍ ပြောလာ၏။

သူ့အသံ ပဲ့တင်ထပ်လာနေရင်း ဝမ်လင်းရပ်နေသော လက်ပေါ်ရှိ မီးသည် စတင်ဟိန်းမြည်လာသည်။ ထိုမီးက အထည်ဒြပ်မီးနှင့်သိမ်မွေ့မီးတို့ကြား မြန်ဆန်စွာ ပြောင်းလဲနေ၏။ ကိုးကြိမ်ကိုးခါပြောင်းလဲပြီးသည့်အခါတိုင်း မီး၏စွမ်းအားသည် တိုးပွားလာမည်ပင်။

“ဒီမီးဟာ သိမ်မွေ့ဆန်းကြယ်မီး မဟုတ်ဘူး။ ဒါပေမဲ့ ငါ့ရဲ့ စိတ်မီး ဖြစ်တယ်။ အတိတ်တုန်းက ဒီမီးကို ဟင်္သာငှက်အဆုံးမရှိမီးတောက်လို့လည်း သိထားခဲ့ကြတယ်…”

ဝမ်လင်းသည် ထိုစမ်းသပ်မှုကို တွေ့ကြုံနေရသည့်အချိန်တွင် ရှေးအမိန့်ဂူသင်္ချိုင်းထံမှ ရှေးဟောင်းအော်ရာတစ်ခု ထွက်ပေါ်လာပြီး ပေတစ်ထောင်ဟင်းလင်းပြင်အက်ကြောင်းထံမှ ချဲ့ကားထွက်လာ၏။ ထိုရှေးဟောင်းအော်ရာသည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းထဲ ပေါင်းစပ်သွားပြီး ၎င်းထံသို့ မမြင်ရလုနီးပါး အမှုန်ငယ်များကို ဆွဲငင်သည်။

အမှုန်ငယ်များ ပိုပိုစုဝေးလာသည့်အခါ ထိုဟင်းလင်းပြင်အက်ကြောင်းပတ်လည်တွင် မုန်တိုင်းတစ်ခု ဖြစ်လာချေ၏။

ယင်းမုန်တိုင်းသည် ကြီးမားသထက်ကြီးမားလာပြီး ဒီကြယ်နယ်မြေတစ်ခုလုံးကို လှုပ်ခါစေတော့သည်။

ထိုမုန်တိုင်းထံမှ ကြောက်မက်ဖွယ်အားတစ်ခု ထိုးထွက်လာကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်စီးသည်။ အနီးအနားရှိ လူသူကင်းမဲ့သောဂြိုဟ်များစွာသည် စုပ်အားတစ်ခု၏ ဆွဲငင်ခြင်း ခံရ၏။ ယင်းဂြိုဟ်များသည် မုန်တိုင်းအတွင်း၌ မြန်ဆန်စွာ အပိုင်းပိုင်းဖြစ်ကုန်ကာ ၎င်း၏အစိတ်အပိုင်းဖြစ်လာသည်။

သည်ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ မြောက်ဘက်ပိုင်းတွင် တစ်ဆက်တည်းတည်ရှိနေသော ကျင့်ကြံခြင်းဂြိုဟ်ဆယ့်ကိုးလုံး ရှိ၏။ ဆယ်လုံးမြောက်သည် ဗဟိုချက်တွင်ရှိကာ ပင်လယ်တစ်ခုအလားသဏ္ဌာန် ရှိသည်။ ၎င်းက ရေဂြိုဟ်တစ်ခုအလား။

အဆုံးမဲ့ရေထု၏အောက်ရှိ ပင်လယ်ကြမ်းပြင်တွင်မူ ကျင့်ကြံသူတစ်ယောက် ထိုင်နေ၏။

သူက အလွန်အိုစာဟန်ပေါက်သည်။ သူ့ဆံပင်များက ဖြူဖွေးနေ၏။ သူ အသက်ရှုလိုက်တိုင်း ပင်လယ်သည် ဟိန်းမြည်ကာ လှိုင်းများ အဘက်ဘက်သို့ ရိုက်ခတ်သည်။

ရှေးအမိန့်အုတ်ဂူ ပွင့်ဟလာသည့်အခါ မုန်တိုင်းတစ်ခု ဖြစ်ပေါ်ပြီး အဘိုးအိုသည် မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးတို့မှ နက်နဲလှချေ၏။

“တစ်ခုခုတော့ မှားနေပြီ…” ထိုအဘိုးအို၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ အနည်းငယ်စဉ်းစားပြီးနောက် သူ့မျက်လုံးအတွင်း၌ ချီတုံချဟန်အရိပ်အမြွက် ဖြစ်ပေါ်သည်။

“မဟာအင်ပါယာဂြိုဟ်ပေါ်မှာဆိုရင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့နဲ့ ပတ်သတ်လို့ ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဒီကိစ္စကို ငါ့ကိုယ်ပွားနဲ့ပဲ ရင်ဆိုင်ခိုင်းထားလိုက်မယ်။ ကိုယ်ပွား မြန်မြန် ပြန်လာခဲ့ပြီး ဒီမုန်တိုင်းကို စစ်ဆေးကြည့်။ ဒါက ဘာလဲဆိုတာ တွေ့မြင်အောင် လုပ်ခဲ့…”

ထိုအဘိုးအိုသည် သခင်ငါးပါးထဲမှ တစ်ယောက်ဖြစ်သော တာအိုသခင်မြောင်ယင်၏ မူလခန္ဓာကိုယ် ဖြစ်လေ၏။ မဟာအင်ပါယာဂြိုဟ်ပေါ်ရှိ လူငယ်ကမူ သူ့အဓိကကိုယ်ပွားသုံးယောက်ထဲမှ တစ်ယောက်မျှသာ ဖြစ်လေသည်။

တစ်ချိန်တည်းမှာ ပြိုလဲကုန်းမြေ၏အပြင်ဘက်၌ ဧရာမဘဲဥပုံသားရဲကြီးတစ်ကောင်သည် ဖြည်းဖြည်းချင်း ရွှေ့လျားနေ၏။ ၎င်းမှာ ကျင့်ကြံခြင်းဂြိုဟ်တစ်ခု အရွယ်အစားလောက် ရှိသည်။ ၎င်း၏ကျောပေါ်တွင် အဘိုးအိုတစ်ယောက်ထိုင်နေသည်။ သူ၏မျက်နှာမှာ ယင်နှင့်ယန်အမှတ်အသား ရှိနေပြီး သူက မျက်လုံးမှိတ်ထားသည်။ သို့သော် သူသည် ရုတ်တရက် မျက်လုံးဖွင့်လာပြီး အကွာအဝေးတစ်ခုထံသို့ ကြည့်သည်။ သူ့မျက်လုံးထဲတွင် ထူးဆန်းသောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။

“ဒါက…” သူ့ကိုယ်သူပြောနေသော စကားပင် မဆုံးသေး သူ့အောက်ရှိ လမြွေနဂါးကြီးက ရုတ်တရက် တုန်ရီကာ အကွာအဝေးတစ်ခုထံသို့ ကြည့်လေ၏။ ၎င်း၏မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားမှုနှင့် ကြောက်လန့်မှုတို့ ရှိနေကာ ၎င်းက ပါးစပ်ဟပြီး ဟိန်းအော်သံ ထုတ်ဖော်သည်။

ယင်နှင့်ယန်အမှတ်အသားရှိသော မျက်နှာနှင့်အဘိုးအိုက အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် သူ၏ဦးတည်ရာကို ပြောင်းလိုက်ပြီး လမြွေနဂါးကို ရှေးအမိန့်ဂူသင်္ချိုင်းရှိရာနေရာထံသို့ ဦးတည်စေလိုက်သည်။

မဟာအင်ပါယာဂြိုဟ်ပေါ်တွင် လူတိုင်းက ကောင်းကင်ဘုံစမ်းသပ်မှုအမွှေးတိုင်ကို ကြည့်နေကြချိန် လူငယ်၏အမူအရာသည် ပြောင်းလဲသွား၏။ တွေဝေမနေဘဲ သူက သူ့လက်နှစ်ဖက်ဖြင့် ဟင်္သာငှက်အဘိုးအိုထံသို့ ဆုပ်ကာ ပြုံး၍ ဆိုလိုက်သည်။ “မိတ်ဆွေတို့…ငါ့မှာ တခြားကိစ္စတစ်ခု ပေါ်လာလို့။ ဒါ့ကြောင့် ငါ ဒီအခမ်းအနားမှာ ဆက်မနေနိုင်တော့ဘူး။ နှုတ်ဆက်ခဲ့တယ်…”

ထိုသို့ပြောပြီးနောက် သူက လှည့်ကာ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်သည် အလင်းစက်များအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားတော့သည်။

ထိုရုတ်တရက်ပြောင်းလဲမှုက လူတိုင်းကို တုန်လှုပ်သွားစေသည်။ တတိယအဆင့်ကျင့်ကြံသူအားလုံး၏ အမူအရာသည် ပြောင်းလဲသွားကြသည်။

တာအိုသခင်အိပ်မက်ပြာ၏မျက်လုံးမှာလည်း ကျဉ်းမြောင်းသွားပြီး သူက အပေါ်သို့ ကြည့်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူလည်း ဟင်္သာငှက်အဘိုးအိုထံသို့ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “ဒီကိစ္စဟာ ထူးဆန်းနေတယ်။ ဒါ့ကြောင့် ငါ သွားစစ်ဆေးကြည့်ဖို့ လိုတယ်…” ထိုသို့ပြောပြီးနောက် သူက လီမူဝမ်ကို ကြည့်ကာ သက်ပြင်းချသည်။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ အပြာရောင်အလင်းတစ်ခုက သူတို့နှစ်ယောက်ကို ဝန်းရံသွားပြီးနောက် သူတို့သည် ပျောက်ကွယ်သွားတော့သည်။

ကင်းလိပ်ချောပေါ်တွင် ထိုင်နေသော အဘိုးအိုလည်း ရှိသေး၏။ သူ့မျက်လုံးထံမှလည်း ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်သည်။ အပ်ဖြင့်ချိပ်ပိတ်ထားသော သူ့ပါးစပ်က ရှုံ့တွက်သွားပြီးနောက် သူက ဟင်္သာငှက်အဘိုးအိုထံသို့ လက်နှစ်ဖက်ဆုပ်သည်။ သို့သော် စကားတော့ မဆိုခဲ့ပေ။ သူ့ညာလက်ဖြင့် ကင်းလိပ်ချောကို ရိုက်လိုက်ပြီး တစီစီအသံပေးကာ ပျံသန်းထွက်သွားစေလေ၏။

ဆရာသခင်ယွင်လောနှင့် အရှင်စစ်မိုတို့မှာလည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသည်။ သူမကလည်း လက်နှစ်ဖက်ဆုပ်ကာ စကားပြောရန် ဟန်ပြင်လိုက်သည်။ ထိုစဉ် ကောင်းကင်ဘုံစမ်းသပ်မှုအမွှေးတိုင်ထံမှ ရုတ်တရက် အခိုးအငွေ့များ ထွက်ပေါ်လာသည်။

“ကောင်းကင်ဘုံစမ်းသပ်မှုအမွှေးတိုင် မီးငြှိသွားခဲ့ပြီ…”

“သူဟာ နောက်ဆုံးအမွှေးတိုင်ကိုလည်း ဒီလောက်မြန်မြန် မီးထွန်းငြှိနိုင်တာလား…”

“တတိယအင်ပါယာငယ်ဟာ အသက်ရှုချိန် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ငါ သိချင်မိတယ်။ သူက ဒုတိယအင်ပါယာငယ်ကို ဖိနှိပ်နိုင်လောက်မလား…”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အကြည့်သည် ရုတ်တရက် ကောင်းကင်ဘုံအမွှေးတိုင်ထံသို့ စုဝေးလာကုန်၏။ ထွက်ခွာရန် ဟန်ပြင်နေသော ဆရာသခင်ယွင်လောကလည်း ၎င်းကို ကြည့်လိုက်သည်။

ကောင်းကင်ဘုံအမွှေးတိုင်သည် စတင် လောင်ကျွမ်းနေလေပြီ။ အခိုးအငွေ့များ ကြောက်မက်ဖွယ်ကောင်းအောင် စတင် ထုတ်လွှတ်နေသည်။ ၎င်းက မြန်ဆန်စွာ လောင်ကျွမ်းနေလေ၏။

အသက်ရှုချိန် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်…။ ကောင်းကင်ဘုံစမ်းသပ်မှုအတွင်း၌ ဝမ်လင်းက လက်ဝါးအတွင်း၌ ထိုင်လျက် ရှိနေ၏။ သူ့ပတ်လည်တွင်မူ ကိုးရောင်စုံမီးသည် လောင်ကျွမ်းနေသည်။

ထိုမီးပေါ်လာသည်နှင့် ၎င်းထံတွင် ကြောက်မက်ဖွယ်ရာ အဖျက်အစီးအားတစ်ခု ပါဝင်လေသည်။ အသက်ရှုချိန်သုံးကြိမ်စာက မြန်ဆန်စွာ ကုန်လွန်သွား၏။ သို့သော် ထိုမီးက ဝမ်လင်းကို ဖော်ပြရန်မဖြစ်နိုင်သော အပူဓာတ်ကို ခံစားမိစေသည်။

သူက မီးပြင်းဖိုတစ်ခုအတွင်း ရောက်နေပြီး တစ်စုံတစ်ယောက်၏ သန့်စင်ခြင်း ခံနေရသလိုမျိုး ခံစားမိနေ၏။ ထိုခံစားချက်က ပိုပြင်းထန်လာပြီး မီးသည် ဆက်လက် မြင့်တက်နေသည်။

အသက်ရှုချိန်တိုင်းမှာ ထိုမီးသည် ကိုးကြိမ်အသွင်ပြောင်း၏။ ထို့အတွက်ကြောင့် အသက်တစ်ခါရှုတိုင်း ထိုမီး၏စွမ်းအားသည် များစွာ တိုးတက်လာတော့သည်။

အသက်သုံးခါရှုစာကြာချိန်၊ ထိုအကြိမ်လောက်ဖြင့် ဝမ်လင်းသည် သူဟာ ပျက်စီးတော့မည့်အလား ခံစားနေရ၏။

ဒါက ဘယ်လိုစမ်းသပ်မှုမျိုးလဲ။ ထိုမီးသည် သူ့စိတ်ဝိညာဉ်ကို သန့်စင်ဖို့ရာ ကြိုးစားနေချေ၏။

ဝမ်လင်းသည် သူသာ လေးကြိမ်မြောက်နိုးထနိုင်ခဲ့ခြင်း၊ သိမ်မွေ့ဆန်းကြယ်မီး သူ့ခန္ဓာကိုယ်ထဲ၌ ဖြစ်ပေါ်လာခဲ့ခြင်းတို့သာ မရှိခဲ့ပါမူ သူ့စိတ်ဝိညာဉ်သည် ထိုအသက်ရှုချိန်သုံးကြိမ်စာအတွင်းမှာပင် နတ္ထိဖြစ်သည့်အထိ လောင်ကျွမ်းခံလိုက်ရမည်ကို ရှင်းလင်းစွာ ခံစားမိသည်။

စမ်းသပ်မှုအပြင်ဘက် မဟာအင်ပါယာဂြိုဟ်ပေါ်ရှိ သူ့ခန္ဓာကိုယ်မှာ စတင်တုန်ရီလာ၏။ သူ့နဖူးထက်မှ ချွေးသီးချွေးပေါက်များ လိမ့်ဆင်းကျလာသည်။ သို့ပေမည့် ထိုချွေးများသည် ချက်ခြင်းပင် အငွေ့ပြန်သည်။

ကောင်းကင်ဘုံစမ်းသပ်မှုအတွင်း၌ ဝမ်လင်း၏မျက်နှာသည် ဖြူရောနေ၏။ သူ့အမူအရာတွင် လေးစားမှု ဆက်ရှိမနေတော့ဘဲ ကြမ်းကြုတ်နေသည်။ သူက မာန်သွင်းလျက် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့ဘယ်မျက်လုံးထံမှ ကိုးရောင်စုံမီး ထိုးထွက်လာ၏။ ထို့နောက် ကိုးရောင်စုံမီးသည် သူ၏ခန္ဓာကိုယ်မှ မြင့်တက်လာ၏။ သူက ထိုမီးကို ခုခံနိုင်ရန် သူ၏မီးကို အသုံးပြုနေခြင်းသာ။

ဧရာမလက်ဝါးအတွင်း၌ တုန်ဟည်းသံများ ပဲ့တင်ထပ်နေ၏။ အသက်ရှုချိန်လေးကြိမ်၊ ငါးကြိမ်။

မဟာအင်ပါယာဂြိုဟ်ပေါ်တွင် ကျင့်ကြံသူတိုင်းက ဝမ်လင်း၏ခန္ဓာကိုယ်ကို စူးစိုက်ကြည့်နေကြ၏။ သည်အခိုက်တွင် သူ၏ခန္ဓာကိုယ်ကို သူ့ကိုယ်ပိုင်ချွေးများက ဖြစ်ပေါ်လာသော မြူတစ်ခု ရစ်သိုင်းနေချေ၏။ ငါးကြိမ်မြောက်နိုးထပြီးနောက် ထိုမြူသည် ပျက်စီးလို့သွားသည်။

ကောင်းကင်ဘုံစမ်းသပ်မှုအမွှေးတိုင် လောင်ကျွမ်းမှုသည်လည်း တစ်ဝက်တိတိ လောင်ကျွမ်းပြီးသည့်နောက် တဒင်္ဂ ရပ်တန့်သွားသည်။

အသက်ရှုချိန်ငါးကြိမ်စာ တောင့်ခံပြီးနောက် ဝမ်လင်းက ချက်ခြင်း လှမ်းအော်၏။ “ဟင်္သာငှက်ကလန်ဟာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ ရှိတယ်။ ဒါကို ဘာကြောင့်များ မီးစာကလေးကလန်ဟာ တည်ရှိနေနိုင်ရတာလဲ…

“သစ္စာဖောက်ဟင်္သာငှက်တစ်ယောက်ကို ရန်သူက ဖန်တီးခဲ့တယ်။ သူဟာ ငါ့ရတနာတွေကို ခိုးယူသွားခဲ့ပြီး ထွက်ပြေးသွားခဲ့တယ်။ သူက မီးစာကလေးကလန်ကို ဖန်တီးခဲ့တာပဲ။ ငါလည်း ဒီမှာ ချိပ်ပိတ်ခံခဲ့ရတယ်။ ဒါ့ကြောင့် ငါဟာ ဒီကလန်ကို မရှင်းလင်းနိုင်ခဲ့ဘူး။ ဒါ့အပြင် မီးစာကလေးကလန် တည်ရှိမှုဟာ ငါ့အတွက် ကောင်းတဲ့အရာတစ်ခုပဲ…” အံ့ဖွယ်ထူးခြားအသံက ဝမ်လင်း၏အမေးကို ရိုးစင်းစွာ ပြန်ဖြေလာ၏။ ထို့နောက် တိတ်ဆိတ်မှုသည် တဖန် ဖြစ်ပေါ်လာပြန်သည်။

ဝမ်လင်းပတ်လည်ရှိ မီးက တိုးပွားလာ၏။ ဘိုးဘေးထံမှ မီးသည်လည်း မီးမုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသည်။

ဝမ်လင်းသည် ထိုမုန်တိုင်း၏ တဟုန်ထိုး တိုက်ခတ်ခြင်းကို ခံရပြီး သူ့ပတ်လည်ရှိ ကိုးရောင်စုံမီးသည် ပျက်စီးသွားသည်။ ပြင်းထန်သောနာကျင်မှုသူ့ထံတွင် လှိုက်တက်လာကာ စိတ်ဝိညာဉ်စွမ်းအင်များ အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာသည် ချက်ခြင်းပင် သေလောက်အောင် ဖြူရောသွားလေ၏။

သူ့စိတ်ဝိညာဉ်ဒဏ်ရာရမှုက သူ့ခန္ဓာကိုယ်ထိပါ ရောက်ရှိသွား၏။ မဟာအင်ပါယာဂြိုဟ်ပေါ်ရှိ သူ့ခန္ဓာကိုယ်မှာ တုန်ရီလျက် ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သို့ပေမည့် ၎င်းသွေးတို့သည် အောက်သို့မကျခင်မှာပင် လောင်ကျွမ်းပျောက်ကွယ်ကာ အငွေ့ပြန်သွားသည်။

ထိုမြင်ကွင်းကို မျက်မြင်တွေ့မြင်ရသည့်နောက် ဟင်္သာငှက်အဘိုးအို၏မျက်လုံးသည် အလေးအနက် ဖြစ်လာ၏။ သူ၏အမူအရာသည်လည်း သုန်မှုန်လာချေသည်။

“ပထမမျိုးဆက်ဘိုးဘေးက အသိလွတ်သွားလို့ ဟင်္သာငှက်အဆုံးမဲ့မီးတောက်ကို ဒီစမ်းသပ်မှုကို အသုံးပြုလိုက်တာများလား။ ဒီကောင်းကင်ဘုံစမ်းသပ်မှုရဲ့ ရည်ရွယ်ချက်ဟာ သူ့အတွက် မဟာကံကောင်းမှုတစ်ခုပဲ ဖြစ်သင့်တာ။ ဘိုးဘေးရဲ့ လုပ်ဆောင်မှုက ဘာအဓိပ္ပာယ်များလဲ…”

အရှင်စစ်မို၏မျက်လုံးသည် လက်ခနဲ ဖြစ်ကာ အံ့အားသင့်ဟန် ဖြစ်ပေါ်သည်။ သူက ဆရာသခင်ယွင်လောကို မကြည့်မိဘဲ မနေနိုင် ဖြစ်ရ၏။ သူမက အောက်နှုတ်ခမ်းကို ကိုက်ထားလျက် သူမ၏မျက်လုံးများသည် ကျဉ်းမြောင်းနေသည်။ သူမသည် ရှေ့ဖြစ်ဉာဏ်ကို အသုံးပြုလို၏။ သို့သော် သူမ ဝမ်လင်းအကြည့်ကို ပြန်တွေးမိတိုင်း သူမ၏စိတ်သည် တုန်ရီကာ မကြိုးစားဝံ့ဘဲ ဖြစ်နေရသည်။

အသက်ရှုချိန်ခြောက်ကြိမ်စာ၊ ခုနစ်ကြိမ်စာ၊ ရှစ်ကြိမ်စာ…။ ကောင်းကင်ဘုံအမွှေးတိုင်အောက်တွင် ဝမ်လင်း၏ပါးစပ်ထဲမှ သွေးများ စီးကျနေ၏။ သူ၏အရေပြားမှာလည်း သွေ့ခြောက်လာသည်။ သူ့သွေးများသည်ပင် ဆူပွက်လာချေ၏။ ကြည့်ရသည်မှာ သူ့စိတ်ဝိညာဉ်ထံမှ အပူရှိန်ကြောင့် သူ့သွေးများ အငွေ့ပျံကုန်တော့မည့်အလား။

ကောင်းကင်ဘုံစမ်းသပ်မှုအတွင်း၌ ဝမ်လင်း၏စိတ်ဝိညာဉ်သည် အံတင်းတင်းကြိတ်ထား၏။ သူ့မျက်နှာမှာလည်း ရှုံ့တွနေသည်။ ပထမမျိုးဆက်ဟင်္သာငှက်ဘိုးဘေးထံမှ မီးသည် မည်သည့်အရောင်မှ ဆက်မရှိတော့ ဗရမ်းဗတာ ဖြစ်လာ၏။ ထိုမီး၏အပူချိန်မှာလည်း ဝမ်လင်း၏အကန့်အသတ်ထိ ရောက်လာသည်။

ထိုကဲ့သို့ပြင်းထန်သောအပူအောက်တွင် နာကျင်မှုသည် တလိပ်လိပ်တက်လာ၏။

“ ဒါဟာ စမ်းသပ်မှုတစ်ခုလား…” ဝမ်လင်းသည် ရုတ်တရက် မော့၍ ပထမမျိုးဆက်ဟင်္သာငှက်ဘိုးဘေး၏ ရုပ်တုကို ကြမ်းကြုတ်စွာ စိုက်ကြည့်သည်။ သူ့မျက်လုံးထဲတွင်လည်း ဒေါသ ဖြစ်ပေါ်လာ၏။ သူ့ညာမျက်လုံးမှ မိုးကြိုးအမှတ်အသားတစ်ခု ပေါ်လာသည်။

မိုးကြိုးသည် သည်လောကတွင် ရုတ်တရက် တုန်ဟည်းလာ၏။ အဆုံးမဲ့မိုးကြိုးများ ကောင်းကင်ဘုံစမ်းသပ်မှုအတွင်း ပေါ်လာသည်။ အဆုံးမဲ့မိုးကြိုးများသည် သူ့ညာမျက်လုံးထံသို့ စုစည်းလာကာ မိုးကြိုးအမှတ်အသားသည် သူ့ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်လာသည်။

ထိုမိုးကြိုးအမှတ်အသား ပေါ်လာသည့်အခိုက်အတန့်တွင် ဝမ်လင်းပတ်လည်ရှိ မိုးကြိုးများကြောင့် သူသည် ကိုးကြိမ်မြောက်နှင့်ဆယ်ကြိမ်မြောက် အသက်ရှုချိန်ကို ဖြတ်ကျော်နိုင်သွား၏။

***

All Chapters