← Chapters

ကျင့်ကြံခြင်းဟာ လက်တစ်ဖက်နဲ့ တူတယ်…

Vol. 107 Ch. 1469

ကျင့်ကြံခြင်းဟာ လက်တစ်ဖက်နဲ့ တူတယ်…

Vol. 107 Ch. 1469

အသက်ရှုချိန်ဆယ်ကြိမ်စာ ပြီးသည့်နောက် ဝမ်လင်းပတ်လည်ရှိ မိုးကြိုးအမှတ်အသားသည် အလွန်တောက်ပလာ၏။ ၎င်းအထဲတွင် သူ၏ဟင်္သာငှက်လေးကြိမ်မြောက်နိုးထခြင်းမီးလည်း ပါဝင်ပေသည်။

“ရှေးဟောင်းကောင်းကင်ဘုံအုပ်စိုးသူနဲ့ ရှေးဟောင်းကောင်းကင်ဘုံအင်ပါယာတို့ရဲ့ကြားက ပတ်သတ်မှုက ဘာလဲ…”

“မင်းရဲ့ ကမ္ဘာမှာ မင်းက သူ့ကို ရှေးဟောင်းကောင်းကင်ဘုံအင်ပါယာလို့ ခေါ်တယ်။ ငါ့ခေတ်တုန်းကတော့ သူ့ကို ရှေးဟောင်းကောင်းကင်ဘုံအုပ်စိုးသူလို့ ခေါ်တယ်…”

ပထမမျိုးဆက်ဟင်္သာငှက်သည် ဖြည်းဖြည်းချင်း ဖြေသည်။ သူ့စကားလုံးများတွင် မည်သည့်စိတ်ခံစားချက်မှ မပါဝင်ပေ။

သို့ပေမည့် သူ့စကားအဆုံးသပ်သွားသည့်အခါ ဝမ်လင်းရှိနေသော လက်ဝါးထံမှ အပူသည် တိုးပွားလာသည်။ မိးသည် ဧရာမဟင်္သာငှက်ကြီးအဖြစ်သို့ ပြောင်းလဲသည်။ ထိုဟင်္သာငှက်မှာ အလွန်ရှေးကျကာ နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ရှင်သန်ခဲ့သည့်ပုံပင်။ ၎င်းက စူးရှရှအော်မြည်သံပြုကာ ဝမ်လင်းထံ တိုးဝင်လာသည်။

ဆယ့်တစ်ကြိမ်မြောက်အသက်ရှုစာကြာချိန်။

ဝမ်လင်း၏မျက်လုံးထဲမှ ရူးသွပ်ဟန် ဖြစ်ပေါ်လာသည်။ မီးပါဝင်သောမိုးကြိုးအမှတ်အသားသည် ရုတ်တရက် ချဲ့ကားထွက်လာ၏။ ဟင်္သာငှက်ကြီးတိုးဝင်လာနေရင်း ဝမ်လင်းက ရုတ်တရက် ထကာ ရှေ့သို့ တွန်းထုတ်သည်။

ချက်ခြင်းပင် ထိုရှေးဟောင်းဟင်္သာငှက်သည် မိုးကြိုးအမှတ်အသားနှင့် ထိပ်တိုက်တွေ့ကာ ဤလောကတွင် မိုးကြိုးတုန်ဟည်းသံတစ်ခု အနှံ့ပဲ့တင်ထပ်လေ၏။ ပြင်းထန်သောတုန်ခါလှိုင်းတစ်ခု အဘက်ဘက်သို့ ပျံ့လွင့်သည်။

ဝမ်လင်း၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီနေ၏။ သူ့စိတ်ဝိညာဉ်တစ်ဝက်သည်ပင် ပေါက်ကွဲထွက်ကာ ပျောက်ကွယ်သွားလေပြီ။ မဟာအင်ပါယာဂြိုဟ်ပေါ်ရှိ သူ့ခန္ဓာကိုယ်မှာလည်း အပြင်းအထန် တုန်ယင်နေသည်။

သူ့ခန္ဓာကိုယ်သည် သွေးများအန်ထုတ်လိုက်ရ၏။ သူ့မျက်နှာသည် ပြာနှမ်းနေလေပြီ။ သွေးမြူများစွာ သူ့ခန္ဓာကိုယ်ထံမှ ထွက်ပေါ်သည်။ သူ့သွေးများစွာသည် အငွေ့ပျံ့သွားခဲ့လေ၏။

ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်စေသည်။ ဟင်္သာငှက်အဘိုးအို၏ မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားပြီး သူက မာန်သွင်းလျက် ကောင်းကင်ဘုံအမွှေးတိုင်ဘေးနားသို့ ရောက်လာသည်။

သူ့ နတ်ဘုရားအာရုံအတွင်းသို့ ဝင်သွားသည်နှင့် သူ့အသံသည် ကောင်းကင်ဘုံစမ်းသပ်မှုအတွင်းမှာ ပဲ့တင်ထပ်သည်။

“ဘိုးဘေး…ဒါက ဘာအဓိပ္ပာယ်လဲ။ သူဟာ ငါတို့ကလန်ဝင်တစ်ယောက် မဟုတ်နိုင်ဘူးလား။ သူဟာ တခြားတစ်ယောက်ယောက် ဖန်တီးထားတဲ့သူလား…”

“မင်း…ထွက်သွား…” အံ့ဖွယ်ထူးခြားအသံတစ်သံသည် တုန်ဟည်းကာ မမြင်ရသောအားတစ်ခုအဖြစ် ဟင်္သာငှက်၏နတ်ဘုရားအာရုံပေါ်သို့ ကျရောက်သွားကာ သူ့ကို စမ်းသပ်မှုအတွင်းကနေ လွင့်ထွက်သွားစေသည်။

“ငါ့မှာ ငါ့အစီအစဉ်ရှိတယ်…”

“ဆယ့်နှစ်ကြိမ်မြောက်…”

မိုးကြိုးအမှတ်အသားသည် ပျက်စီးသွားကာ မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ပြောင်းလဲပြီး ဝမ်လင်း၏ညာမျက်လုံးထံ ပြန်ဝင်ရောက်သည်။ ရှေးကျသောဟင်္သာငှက်ကြီးထံမှ မီးသည်လည်း ပျက်စီးသွားပြီး နောက်သို့ ပေရာချီလွင့်ထွက်သွားသည်။

ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ပြီး သူ၏သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်လိုက်သည်။ သွေးအလင်းလင်းလက်ကာ သွေးဓား ပေါ်လာသည်။ ဝမ်လင်းက ကောင်းကင်ထက်သို့ လက်ညှိုးထိုးကာ သွေးဓားသည် ဟင်္သာငှက်နောက်သို့ လိုက်ပါသွားလေသည်။

ချက်ခြင်းပင် သွေးဓား ထိုးထွက်သွားပြီးနောက် ဝမ်လင်းက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ သူက ကောင်းကင်ထက်သို့ ညွှန်ကာ အော်ပြောလိုက်သည်။ “ငါ့ကောင်းကင်ဘုံမိုးကြိုးဆိုတဲ့ အမည်နာမကြောင့် ရှေးဟောင်းမိုးကြိုးနယ်ပယ်ကို ဖွင့်လှစ်ဖို့ အဆုံးမဲ့မိုးကြိုးတို့ သိပ်သည်းစေ…”

ဆယ့်သုံးကြိမ်မြောက် အသက်ရှုစာကြာချိန်။

သူ့အသံသည် ပိုကျယ်လောင်လာ၏။ ထိုသို့ ပြောလိုက်ရင်း ဝမ်လင်းက သူ့လက်ကို သူ့ရှေ့ရှိ လေဟာနယ်ထံသို့ ဝေ့ယမ်းသည်။

လောကသည် တုန်ဟည်းကာ တွန့်ခေါက်လာသည်။ ပေတစ်သောင်းရှည်လျားသော ဧရာမဟင်းလင်းပြင်အက်ကြောင်းသည် ပွင့်ဟလာသည်။ အဆုံးမဲ့တုန်ဟည်းသံများသည် အက်ကြောင်းအတွင်းမှ ပဲ့တင်ထပ်ကာ ရှေးဟောင်းမိုးကြိုးနဂါး၏ဧရာမခန္ဓာကိုယ်ကြီးများသည် ယင်းအက်ကြောင်းအတွင်း၌ ရွှေ့လျားနေသည်ကို မြင်ရနိုင်သည်။

ရှေးဟောင်းမိုးကြိုးနယ်ပယ်ကို ဖွင့်လှစ်ခြင်း။ ဤက ပြန့်ကြဲမိုးကြိုးကလန်၏ အကြီးအကဲခေါင်းဆောင်၏ မန္တာန်ပင်။ သို့ပေမည့် ထိုအကြီးအကဲ၏စိတ်ဝိညာဉ်ကို ရှာဖွေပြီးနောက် ဝမ်လင်းသည် သူ၏မိုးကြိုးအနှစ်သာရကြောင့် ယင်းမန္တာန်ကို အဆုံးစွန်အစွမ်းထက်မိုးကြိုးမန္တာန်အဖြစ် အသုံးပြုလာနိုင်ခြင်းပင်။

မိုးကြိုးနဂါးများသည် ဒေါမာန်တကြီး ဟိန်းသံပေးကာ ဟင်းလင်းပြင်အက်ကြောင်းတွင်းမှ ထွက်လာကြသည်။ သို့ပေမည့် ထိုအခိုက်အတန့်တွင် ပထမမျိုးဆက်ဟင်္သာငှက်၏ အသံသည် ပဲ့တင်ထပ်လာချေ၏။

“ဟင်္သာငှက်ချိပ်ပိတ်မှု၊ ချိပ်ပိတ်ခြင်း…” မထူးခြားနားအသံတစ်သံ ပဲ့တင်ထပ်လာရင်း ရှေးဟောင်းဟင်္သာငှက်ကြီးသည် စူးရှရှအော်မြည်သံပြုကာ ပေတစ်သောင်းအဟကြားသို့ တိုးဝင်သွားသည်။ မီးသည် မြင့်တက်လာကာ ထိုပေတစ်သောင်းအဟပေါ်တွင် ယင်းမီးက အမှတ်အသားခပ်နှိပ်သည်။

ဟင်္သာငှက်ကြီးသည် ဧရာမချိပ်ပိတ်မှုတစ်ခုအဖြစ် ပြောင်းသွားကာ သည်ရှေးဟောင်းမိုးကြိုးနယ်ပယ်အဟကို ချိပ်ပိတ်ပစ်သည်။

အတွင်းရှိ ရှေးဟောင်းမိုးကြိုးနဂါးများသည် ချိုးဖျက်နိုင်ရန် ရုန်းကန်ကြ၏။ သို့သော် ၎င်းတို့ မည်မျှကြိုးစားပါစေ ဟင်္သာငှက်ချိပ်ပိတ်မှုကို မချိုးဖျက်နိုင် ဖြစ်ရသည်။

ဆယ့်လေးကြိမ်မြောက် အသက်ရှုစာကြာချိန်။

ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ရီနေ၏။ သူက သူ့လက်ကို တွေဝေခြင်းမရှိ ချက်ခြင်း ဝေ့ယမ်းသည်။ ကောင်းကင်ထက်ရှိ‌ သွေးဓားသည် ဦးတည်ရာပြောင်းသွားပြီး ဧရာမရုပ်တုထံသို့ တိုးဝင်သည်။ ထိုစဉ် ရုပ်တုသည် မျက်လုံးမှိတ်ထားရာမှ ရုတ်တရက် ပွင့်ဟလာ၏။

ထိုမျက်လုံးတစ်စုံတွင်လည်း မည်သည့်စိတ်ခံစားမှုမှ ရှိမနေ။ မျက်လုံးဖွင့်လာသည်နှင့် သွေးဓားသည် မမြင်ရသောအားတစ်ခု၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ ၎င်းသည် ထိုရုပ်တု၏မျက်ခုံးနှစ်ခုကြား အပြင်ဘက်တွင် တဒင်္ဂအေးခဲသွားပြီး ရှေ့သို့ ဆက်မတိုးနိုင်တော့ပေ။

“ဒီဓားဟာ မင်းလက်ထဲ ရောက်နေတာပေါ့…” ပထမဆုံးကြိမ်အဖြစ် ပထမမျိုးဆက်ဟင်္သာငှက်၏ အသံထဲတွင် တုန်လှုပ်မှု ဖြစ်ပေါ်လာသည်။

မဟာအင်ပါယာဂြိုဟ်ပေါ်တွင်မူ ဟင်္သာငှက်အဘိုးအို၏အမူအရာသည် သုန်မှုန်နေ၏။ သူ့လက်မှာလည်း အမွှေးတိုင်ထံမှ ပြန်ကန်ထွက်လာသည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီးနောက် ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။ သူ့ထံ၌ ဘိုးဘေးဘာကြောင့် ခုလိုလုပ်နေသည်ကို တွေးမိသည့်စိတ်ကူးစိတ်သန်း ကင်းမဲ့နေ၏။

“ဆယ့်လေးကြိမ်မြောက်အသက်ရှုစာကြာချိန်။ တတိယအင်ပါယာငယ်ဟာ ဆယ့်လေးကြိမ်မြောက်တောင် ရောက်လာခဲ့ပြီ…”

“ဆယ့်လေးကြိမ်မြောက်ဟာ သူ့ရဲ့ အကန့်အသတ်ပဲ ဖြစ်လိမ့်မယ်။ မင်းအနေနဲ့ သူ့အသွေးအသားတွေ ဖျက်စီးခံရလုနီး၊ သူ့သွေးအားလုံးနီးပါး အငွေ့ပျံ့လုနီး ဖြစ်နေတာကို မြင်တယ်မဟုတ်လား…”

အရှင်စစ်မိုသည် မျက်လုံးကျဉ်းမြောင်းသွား၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ဟင်္သာငှက်အဘိုးအို၏သုန်မှုန်နေသော အမူအရာကို မြင်နိုင်ပေသည်။ သူက စိတ်ထဲကနေ လှောင်လိုက်၏။

“ကြည့်ရတာ နောက်ထပ် မတော်တဆတစ်ခုခု ထပ်ဖြစ်သွားတဲ့ပုံပဲ။ ဒီခွေးကောင်လေးဟာ စမ်းသပ်မှုအနိမ့်အမြင့်တွေကို တော်တော်ဖြတ်သန်းခဲ့ပြီးပြီး။ သူက ဒီစမ်းသပ်မှုထဲမှာ သေသွားခဲ့ရင် အကောင်းဆုံးပဲ။ ဒါဆို ငါ့အတွက် ဒုက္ခအချို့ အေးသွားလိမ့်မယ်…”

ကောင်းကင်ဘုံအမွှေးတိုင်သည် အပြင်းအထန် မြန်ဆန်စွာ လောင်ကျွမ်းနေသည်။ ပေဒါဇင်ချီလောက်သာ ကျန်တော့သည်။

ကောင်းကင်ဘုံစမ်းသပ်မှုအတွင်း၌မူ ဆယ့်ငါးကြိမ်မြောက်အသက်ရှုချိန် ဖြတ်သန်းပြီးနောက် ဝမ်လင်းအောက်ရျိ လက်ဝါးသည် တုန်ယင်ကာ စတင်ရွှေ့လျားလာသည်။

လက်ဝါးသည် လက်သီးအသွင် ဖြစ်ပေါ်ကာ မီးများ ဟိန်းမြည်လာသည်။ ဝမ်လင်းသည် ထိုလက်ငါးချောင်းထံမှ ဆင်းသက်လာသော ဖိအားရှေ့တွင် သူ့အဖို့ တတိယမြောက်မေးခွန်းကို မေးဖို့ပင် အခွင့်အရေးမရှိ ဖြစ်သွားသည်။

ဆန်းကြယ်သောအားတစ်ခု ဆင်းသက်လာ၏။ ယင်းအးက ဝမ်လင်းကို လွတ်မြောက်နိုင်ခြင်းမရှိ ဖြစ်စေသည်။ လက်ငါးချောင်းဆင်းသက်လာသည်ကို တွေ့မြင်သည့်အခါ ဝမ်လင်းက မာန်သွင်းလိုက်၏။ သူ၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာသည်။ ထိုလက်ငါးချော်းသည် သူ့လက်နှစ်ဖက်ပေါ်သို့ ဖိကျလာသည်။

သူက သူ့ခန္ဓာကိုယ်တစ်ခုလုံး တစစီဖြစ်သွားတော့မလို ခံစားရ၏။ ဝမ်လင်းသည် ကြမ်းကြုတ်သည့်ဟန်ပန်ဖြင့် မာန်သွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းသည် ထိုပြင်းထန်လှသောအားအောက်တွင် ပျက်စီးသွားခဲ့လေပြီ။

ဆယ့်ခြောက်ကြိမ်မြောက်။

ဆယ့်ခုနစ်ကြိမ်မြောက်။

ဆယ့်ရှစ်ကြိမ်မြောက်။

ဝမ်လင်း၏ခန္ဓာကိုယ်သည် ဆက်လက် ပျက်စီးနေသည်။ သူက ကောင်းကင်ကိုပင် ဆက်မမြင်ရနိုင်တော့ပေ။ ရုပ်တု၏ လက်ငါးချောင်းက ကောင်းကင်ကို ပြည့်ဖုံးနေစေ၏။ ဝမ်လင်းသည် ဆယ့်ကိုးကြိမ်မြောက်အသက်ရှုစာကြာချိန်သို့ ရောက်ရှိလာသည့်အခါ ထိုလက်သည် လက်သီးခပ်တင်းတင်း ဆုပ်လာခဲ့ပေပြီ။

သို့ပေမည့် ထိုလက်ဆုပ်လိုက်သည့်အခါတွင် ယင်းလက်ထံမှ သိမ်မွေ့ဆန်းကြယ်မီးနှင့်အတူ ဟင်္သာငှက်အော်မြည်သံတစ်သံ ထွက်ပေါ်လာ၏။ ဝမ်လင်း၏စိတ်ဝိညာဉ်သည် ဟင်္သာှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ပထမမျိုးဆက်ဟင်္သာငှက်၏ မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်နေသည်။ သူက သူ့ကိုယ်ပိုင်လက်သီးကို ကြည့်၏။ သူ့အကြည့်က ၎င်းကို ထွင်းဖောက်သွားပြီး ရုန်းကန်နေသော ဝမ်လင်း၏ ဟင်္သာငှက်စိတ်ဝိညာဉ်ကို စောင့်ကြည့်နေသည့်ပုံပင်။

သူ့မျက်ခုံးနှစ်ခုကြားမှ ကိုးရောင်စုံသည် လင်းလက်ကာ သိမ်မွေ့ဆန်းကြယ်မီးသည် သူ့လက်သီးထံသို့ တိုးဝင်လာသည်။ ထိုမီးသည် မမြင်ရနိုင်ပေ။ သို့သော်ငြားလည်း ၎င်းက သူ့လက်သီးအတွင်း ဝင်ရောက်လာသည့်အခါ သူ့လက်ဝါးတစ်ခုလုံးသည် မီးဖြင့် ခြုံလွှမ်းသည်။

“မင်း သေခြင်းရှင်ခြင်းကို ငါ့အနေနဲ့ အတွေးတစ်ချက်တည်းနဲ့ ဆုံးဖြတ်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းက အခုထိ အမှန်တရားကို မပြောသေးဘူး။ မင်း ချပ်ဝတ်နဂါးကလန်မှာ ရှိနေခဲ့တည်းက ငါက မင်းရဲ့ လျှို့ဝှက်ချက်တွေကို မြင်ခဲ့ပြီးပြီး။ ငါ မင်းကို အသက်ရှင်ခွင့်ပေးခဲ့တာဟာ မင်းရဲ့ နောက်ခံအစစ်အမှန်ကို သိချင်လို့ပဲ။ မင်းကို ဒီနေရာထိ ခေါ်လာနိုင်ဖို့အတွက် ငါဟာ မင်းကို အင်ပါယာငယ်အဖြစ် စီစဉ်ခဲ့တယ်။ ဒါ့အပြင် ဒုတိယမျိုးဆက်ပေါ်လာပြီး ဒီစမ်းသပ်မှုအတွင်း မင်းကို ဦးဆောင်ခေါ်လာအောင်လည်း ငါ စီစဉ်ခဲ့တယ်…”

“အခု နောက်ဆုံးတော့ မင်း ဒီနေရာမှာ ရောက်နေပြီ။ မင်း ဘယ်သူလဲ ငါ့ကိုပြော။ မင်းဟာ ဘာကြောင့် ငါ့ဟင်္သာငှက်ကလန်ဝင်တစ်ယောက်အဖြစ် ဟန်ဆောင်ထားရတာလဲ။ ဂျူနီယာတွေဟာ မင်းရဲ့ လျှို့ဝှက်ချက်ကို ဖြတ်မမြင်နိုင်ပေမယ့် ငါ့ရှေ့မှာတော့ မင်း ဘာကိုမှ ဖုံးကွယ်ထားလို့ မရနိုင်ဘူး…”

ထိုသို့ပြောလိုက်ပြီးနောက် ပထမမျိုးဆက်ဟင်္သာငှက်၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်မီးတစ်ခု ပေါ်လာ၏။ သူက ရုန်းကန်နေသော ဝမ်လင်းကို ကြည့်ကာ ဝမ်လင်း၏အမူအရာကို သေချာလေ့လာနေသည်။

ထိုစကားများကို ကြားသည့်အခါ ဝမ်လင်းသည် ရုန်းကန်နေရင်း တခဏမင်သက်သွားပြီးနောက် သူသည် ဒေါသတကြီး ရယ်မောလိုက်လေ၏။

“မင်းက အမှန်တရားကို မပြောမှတော့ ဒီဟင်္သာငှက်က မင်းကို သေအောင် လုပ်ပေးရတော့မှာပေါ့…” ပထမမျိုးဆက်ဟင်္သာငှက်၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူက သူ့လက်သီးအတွင်းရှိ ဝမ်လင်းကို စိုက်ကြည့်နေလျက်ပင်။ သူ ထိုသို့ပြောပြီးနောက် သူ၏သိမ်မွေ့ဆန်းကြယ်မီးသည် သူ့လက်သီးဗဟိုချက်မှ ထိုးထွက်လာကာ ဝမ်လင်း၏ဟင်္သာငှက်အတွင်းသို့ ဝင်ရောက်သွားသည်။

ထိုအခါ သူသည် ပုံရိပ်များကို တဖျပ်ဖျပ်မြင်၏။ ထိုပုံရိပ်များထဲတွင် ငါးယောက်မြောက်မျိုးဆက်ဟင်္သာငှက်က ဝမ်လင်းကိုယ်ပေါ်တွင် ဟင်္သာငှက်အမှတ်အသားကို ချန်ထားခဲ့ပုံလည်း ပါဝင်သည်။ သူက ဝမ်လင်း၏ ပထမဆုံးအကြိမ် ဟင်္သာငှက်နိုးထမှု၊ ဒုတိယအကြိမ်နိုးထမှု၊ တတိယအကြိမ်နိုးထမှုတို့ကိုလည်း မြင်သည်။

ပထမမျိုးဆက်ဟင်္သာငှက်သည် မှတ်ဉာဏ်များကို တစ်ပြိုင်နက်တည်း ကြည့်ခြင်း မဟုတ်ပေ။ သူက ထပ်ခါထပ်ခါ သေသေချာချာ အကြိမ်ထောင်ချီ ကြည့်နေခြင်း ဖြစ်၏။ နောက်ဆုံးတွင်တော့ သူသည် အသက်ဝဝရှုထုတ်လိုက်သည်။ သူ့မျက်လုံးထဲရှိ ထူးဆန်းမှုလည်း ပျောက်ကွယ်သွားကာ ကြင်နာဟန်အရိပ်အယောင် ပေါ်လာသည်။ သူ့လက်သီးသည်လည်း ဖြည်းဖြည်းချင်း ပြေလျော့လာ၏။

“မင်း တောင့်ခံနိုင်သေးလား…” သူ့အသံမှာ ဆက်၍ အေးဆက်မနေတော့ပေ။ လေးစာမှု၊အသိအမှတ်ပြုမှု အရိပ်အယောင်ပင် ပါဝင်နေသည်။

ဝမ်လင်းက ပထမမျိုးဆက်ဟင်္သာငှက်ကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။

“အရင်တုန်းက ငါဟာ လူတစ်ယောက်နဲ့ ပတ်သတ်ပြီး မှားယင်းခဲ့တယ်။ သူဟာ ငါတို့ကလန်ဝင်ပဲလို့ တွေးခဲ့တဲ့အတွက် ငါဟာ အခုလိုမျိုး အဆုံးသပ်ခဲ့ရတာပဲ။ ငါဟာ ဒီကောင်းကင်ဘုံစမ်းသပ်မှုအတွင်းကနေ ခြေလှမ်းတစ်ဝက်တောင် ထွက်လို့မရဘူး။ မင်းဟာ ရုတ်တရက်ပေါ်လာခဲ့တယ်။ မင်းရဲ့ အရာအားလုံးဟာ ငါတို့ကလန်နဲ့ အပ်စပ်နေတယ်ဆိုရင်တောင် ဒီအဘိုးအိုက သတိထားရမှာပဲ ဖြစ်တယ်။ မင်း နားလည်လိမ့်မယ်လို့ ငါ မျှော်လင့်မိပါတယ်…”

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်စားနေစဉ် သူ ဖြစ်ပေါ်ခဲ့သော ဟင်္သာငှက်သည် တဖြည်းဖြည်း ကွယ်ပျောက်သွားကာ သူသည် လူသားအသွင်သို့ ပြန်ပြောင်းလာပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “တတိယမျိုးဆက်ဟင်္သာငှက်မလား…”

“အမှန်ပဲ။ ငါဟာ သူ့စိတ်ဝိညာဉ်ကို ရှာဖွေခဲ့တာတောင် ဘာပြစ်ချက်တစ်ခုကိုမှ မတွေ့ခဲ့ဘူး။ ငါ ဘယ်လောက်ပဲ ရှာဖွေခဲ့ပါစေ ငါဟာ သဲလွန်စတစ်ခုကိုတောင် မရှာနိုင်ခဲ့ဘူး။ ငါသာ သူဟာ တခြားတစ်ယောက်ဖန်တီးထားတဲ့သူဆိုတာ ရှာတွေ့နိုင်ခဲ့ရင် အခုလိုမျိုး အဆုံးသပ်ရမှာ မဟုတ်ဘူး…” ပထမမျိုးဆက်ဟင်္သာငှက်၏စကားလုံးများထဲတွင် အမုန်းတရားတို့ ပါဝင်နေသည်။

“ငါ့အနေနဲ့ မင်းမှာ အနှစ်သာရငါးခုရှိတာကိုလည်း မြင်ခဲ့ပြီး ဖြစ်တယ်။ ဒီအနှစ်သာရငါးခုဟာ ခုမှ ဖြစ်ပေါ်ခါစ ဆိုပေမယ့်လည်း ဒီဖြစ်စဉ်ဟာ ဖြစ်ခဲလှတယ်။ ဒါပေမဲ့ မင်းရဲ့လမ်းကြောင်းဟာ မှားနေတယ်…” ပထမမျိုးဆက်ဟင်္သာငှက်သည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“မင်းရဲ့မိုးကြိုးအနှစ်သာရဟာ လေဟာနယ်ဂိတ်တံခါးကို ဖြစ်ပေါ်စေနိုင်ခဲ့ပေမယ့် မင်းဟာ ဒါကို မဖွင့်လှစ်နိုင်ခဲ့ဘူး။ မင်းဟာ လုံလောက်အောင် မသန်မာတာ မဟုတ်ဘူး။ ဒါဟာ အမှန်နဲ့အမှားပဲ။ မင်းကတော့ မင်းရဲ့အနှစ်သာရငါးခု ပြီးပြည့်စုံသွားခဲ့ရင် လေဟာနယ်ဂိတ်တံခါးကို ထပ်ဖွင့်လှစ်နိုင်မယ်လို့ တွေးနေမှာပေါ့။ မင်းစိတ်ထဲမှာလည်း ကောင်းကင်ဘုံဒုက္ခအဆင့်ငါးခုဟာ တန်ဖိုးမရှိဘူးလို့တောင် မင်း တွေးနေမှာ။ မင်းက ဒီအဆင့်ငါးခုကို မဖြတ်သန်းချင်ဘူး။ မင်းက နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်မှာတင် လေဟာနယ်ဂိတ်တံခါးကို တိုက်ရိုက် ချိုးဖျက်ပစ်ချင်နေတယ်။ ဒီလိုလုပ်နိုင်မယ်လို့ ထင်နေရင် မင်း မှားလိမ့်မယ်..."

ဝမ်လင်းသည် မင်သက်နေ၏။ သို့သော် သူသည် ငြိမ်သက်စွာသာ ရှိနေ၏။

ပထမမျိုးဆက်ဟင်္သာငှက်သည် သက်ပြင်းချကာ သူ့မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။ သူ့အသံသည် သည်လောကတွင် ပဲ့တင်ထပ်သည်။

“လူသားတွေမှာ လက်တစ်ဖက်စီမှာ လက်ချောင်းငါးချောင်း ဘာကြောင့် ရှိနေတာလဲ မင်းသိလား။ ငါ့ခေတ်တုန်းကလည်း ကောင်းကင်ဘုံဒုက္ခငါးခု ရှိခဲ့တာပဲ။ ဒီအဆင့်တွေကို လေဟာနယ်ချိုးဖျက်ခြင်းလက်ချောင်းများလို့ ခေါ်ခဲ့တာပဲ ရှိတာ။ ကျင့်ကြံခြင်း…ကျင့်ကြံခြင်း…အမှန်တော့ မင်းနဲ့ငါဟာ လက်တစ်ဖက်ပဲ ကျင့်ကြံနိုင်ကြတာပါ။ ပထမအဆင့်ဟာ လက်ဝါးပေါ့။ ဒုတိယအဆင့်ကတော့ လက်ဝါးရာပေါ့။ လက်ဝါးရာဟာ ဥပဒေသ ဖြစ်တယ်။ လူတိုင်းရဲ့ လက်ဝါးရာဟာ မတူကြဘူး။ ဒါ့ကြောင့် သူတို့ရဲ့ ဥပဒေသတွေဟာလည်း ကွဲပြားကြတယ်…”

“လေဟာနယ်ချိုးဖျက်ခြင်းလက်ချောင်းငါးချောင်း ဒါမှမဟုတ် ကောင်းကင်ဘုံဒုက္ခအဆင့်ငါးဆင့်ဟာ မင်းရဲ့လက်ဝါးပေါ်က လက်ချောင်းတွေပဲ။ မင်းက ကောင်းကင်ကို မင်းလက်နဲ့ ဖုံးအုပ်ချင်ရင် မင်းမှာ လက်ချောင်းငါးချောင်း ရှိကိုရှိရမယ်။ မင်း ဒါကို နားလည်ခဲ့မယ်ဆိုရင် မင်း ဒါကို သဘောပေါက်မယ်။ မင်း နားမလည်ခဲ့ရင် မင်းအတွက် လေဟာနယ်ကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေး ရှိလိမ့်မှာ မဟုတ်ဘူး…”

***

All Chapters