← Chapters

အခန်း ၂၈၁

Vol. 29 Ch. 281

အခန်း ၂၈၁

Vol. 29 Ch. 281

အခန်း (၂၈၁) - ကြောက်မက်ဖွယ်ကောင်းသောလူသား

ထန်ဝေ့သည် ထိုလူအား စစ်သားများက ပထမဆုံး ဖမ်းဆီးခေါ်ဆောင်လာစဉ်က သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်၏ မောက်မာလွန်းလှသော အမူအရာကို ပြန်လည်အမှတ်ရမိရာ နှာခေါင်းရှုံ့လျက် မေးလိုက်သည်။

"စောစောက ငါတို့ကို အထင်သေးစောင်းမြောင်းကြည့်ပြီး မောက်မာနေတဲ့ သတ္တိတွေ ဘယ်ပျောက်ကုန်ပြီလဲ...”

“ပထမဆုံး ဝင်လာတုန်းကတော့ အရမ်းသတ္တိကောင်းနေပြီး အခုကျမှ ဘာလို့ ရုတ်တရက်ကြီး အသနားခံနေရတာလဲ...”

“မင်းပါးစပ်က ပြောထားတဲ့ စကားတွေက မင်းမျက်နှာကို ပြန်ရိုက်သလို မနာဘူးလား..."

ထိုသို့ ပြောပြီးနောက် ထန်ဝေ့သည် တစ်စက္ကန့်မျှ ရပ်တန့်သွားပြီးမှ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည့်အလား ထပ်မံ ပြောလိုက်ပြန်သည်။

"အာ... ငါက မင်းရဲ့ အရှက်မရှိတဲ့ အကျင့်ကို မေ့သွားလို့ပါ... မင်းက ဗိုလ်ကြီးထန်ကိုတောင် အစ်ကိုကြီးလို့ ခေါ်နိုင်သေးတာပဲ...”

“ကိုယ်ထွေးထုတ်ပြီးသား တံတွေးကို ပြန်လျက်ဖို့လည်း ပြဿနာမရှိလောက်ပါဘူး... တကယ်ပဲ အရှက်မရှိတဲ့လူက ဘာမဆိုလုပ်နိုင်တာပဲ..."

ထန်ဝေ့၏ ပြင်းထန်လှသော ကဲ့ရဲ့စကားများကို ကြားရသောအခါ သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်သည် သွားကို တင်းတင်းကြိတ်လျက် ခါးသီးစွာ ပြုံးလိုက်ရုံမှတစ်ပါး အခြားမတတ်နိုင်ရှာပေ။

"အစ်ကိုကြီး... အစ်ကိုကြီး ဘာတွေ ပြောနေတာလဲ... ကျုပ်လို လူငယ်လေးက အစ်ကိုကြီးတို့ကို ဘယ်လိုလုပ်ပြီး အထင်သေးရဲမှာလဲ..."

သက်လတ်ပိုင်းအရွယ် ခေါင်းဆောင် ပြောဆိုနေသည့် လေသံကို ထန်ဝေ့မှာ အလွန်ပင် ရွံရှာမိလေသည်။ သူသည် လက်မောင်းပေါ်မှ ထောင်ထလာသော ကြက်သီးမွေးညင်းများကို ပွတ်သပ်လျက် ရွံရှာစက်ဆုပ်စွာ ပြောလိုက်သည်။

"ခင်ဗျား စကားပြောတာကို မိန်းမစိုးတစ်ယောက်လို မလုပ်လို့ မရဘူးလား... ပြီးတော့ ခင်ဗျားအသက်က ကျုပ်ဦးလေးအရွယ် ဖြစ်နေပြီ... ဘယ်လောက်တောင် အရှက်မရှိလို့ ကိုယ့်ကိုယ်ကိုယ် ကျုပ်ညီလေးလို့ ခေါ်ဝံ့ရတာလဲ..."

သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်၏ ဒေါသကြောင့် နီမြန်းနေသော မျက်နှာကို ကြည့်ကာ ထန်ပိုင်က စိတ်ထဲတွင် တွေးလိုက်မိသည်။

'သူ့ကို ညှဉ်းပန်းနှိပ်စက်ဖို့တောင် လိုမယ်မထင်ဘူး... အစ်ကိုထန်ရဲ့ နှုတ်သီးက ဘယ်လောက် အဆိပ်ပြင်းလဲဆိုရင် ဒီလူသာ အစ်ကိုထန်နဲ့ နောက်ထပ် မိနစ်အနည်းငယ်လောက် စကားဆက်ပြောရင် သွေးတက်ပြီး ဒီနေရာတင် သေသွားနိုင်တယ်...'

ထိုသို့ တွေးမိသည်နှင့် ထန်ပိုင်သည် အသာအယာ ချောင်းဆိုးလျက် ပြောလိုက်သည်။

"အစ်ကိုထန်... ငါတို့ အရေးကြီးတဲ့ ကိစ္စတွေကို စတင်ဖို့ အချိန်တန်ပြီ..."

သူ၏စကားကို ကြားသောအခါ ထန်ဝေ့သည် သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်ကို စိုက်ကြည့်လျက် မကျေမနပ် ပြောလိုက်သည်။

"မင်းလုပ်ထားတဲ့ အကုသိုလ်တွေကို ကြည့်စမ်း... မင်းရဲ့ အရှက်မရှိတဲ့ အပြုအမူတွေကြောင့် ငါတောင် ငါ့အလုပ်ကို မေ့သွားရတယ်..."

ထန်ဝေ့၏ စွပ်စွဲမှုကို ခံလိုက်ရသဖြင့် သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်သည် တစ်ခဏမျှ မျက်စိရှေ့တွင် မှောင်မိုက်သွားသလို ခံစားလိုက်ရရှာသည်။

သူသည် မျက်လုံးများကို မှိတ်လျက် စိတ်ကို တည်ငြိမ်စေရန် သက်ပြင်းရှည်ရှည် အကြိမ်ကြိမ် ချလိုက်ပြီး တွေးလိုက်မိသည်။

'ငါ တည်ငြိမ်မှဖြစ်မယ်... ဒီလူတွေက အရမ်းဥာဏ်များတာပဲ... ငါ့ရဲ့ စိတ်ဓာတ်ကို ထိခိုက်အောင်လုပ်တဲ့ နည်းဗျူဟာကိုတောင် သုံးတတ်သေးတယ်... ငါ အဲဒီအဆိပ်ပြင်းတဲ့လူရဲ့ စကားတွေကို လုံးဝ အာရုံမစိုက်မိအောင် သတိထားရမယ်...'

စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်သည် မျက်လုံးများကို ဖွင့်လျက် ထန်ပိုင်ကို ကြည့်ကာ ပြောလိုက်သည်။

"ကျုပ် သိသမျှ အားလုံးကို ပြောပြပါ့မယ်... ဒါပေမဲ့ အဲဒါပြီးရင် ကျုပ်ကို လွှတ်ပေးရမယ်..."

ထန်ပိုင်သည် မျက်ခုံးကို အသာအယာ ပင့်လိုက်လျက် သူ့ကို ကြည့်ကာ မေးလိုက်သည်။

"မင်းရဲ့ အခုလို အခြေအနေမျိုးနဲ့ ငါ့ကို အပေးအယူလုပ်ဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား... မင်းမှာ ငါနဲ့ အပေးအယူလုပ်နိုင်လောက်တဲ့ ဘယ်လိုအချက်မျိုး ရှိနေလို့လဲ..."

မိမိ၏ တစ်ခုတည်းသော တန်ဖိုးမှာ ထိုအမျိုးသမီးကို သိရှိခြင်းသာ ဖြစ်သည်ကို သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်က ကောင်းစွာ သိရှိထားရာ လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။

"အဲဒီလူကို ရှာဖို့ဆိုရင် ကျုပ် လိုအပ်လိမ့်မယ်..."

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ပိုင်သည် သံကတ်ကြေးတိုင် ဘေးရှိ မီးသွေးဖိုဆီသို့ လျှောက်လှမ်းသွားသည်။ သူသည် သံချောင်းပူကို ကိုင်တွယ် ကစားလျက် နှေးကွေးစွာ ပြောလိုက်သည်။

"မင်း သိသမျှ အားလုံးကို ကိုယ့်သဘောနဲ့ကိုယ် ပြောပြလာအောင် လုပ်နိုင်မယ့် နည်းလမ်းတွေ ငါ့ဆီမှာ အများကြီးရှိတယ်... ဥပမာအားဖြင့် အသားကင်တာမျိုးပေါ့..."

ထန်ပိုင်၏ စကားကို ကြားပြီး မျက်နှာတွင် အနည်းငယ် ပြုံးလျက် ရဲရဲတောက်နေသော သံပူချောင်းကို ကိုင်မြှောက်လိုက်သည်ကို မြင်ရသောအခါ သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်သည် ကြောက်ရွံ့စွာဖြင့် တံတွေးကို မြိုချလိုက်မိသည်။

အကျဉ်းခန်းအိမ်ငယ်လေးထဲတွင် ပိတ်လှောင်ခံထားရစဉ်က ကြားခဲ့ရသော စူးရှလှသည့် အော်ဟစ်သံများကို ပြန်လည် အမှတ်ရမိသဖြင့် သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်သည် သေချာရွေးချယ်ရမည်ကို သိရှိလိုက်သည်။

နှိပ်စက်ညှင်းပန်းခြင်း မခံရဘဲ အရာအားလုံးကို အလိုအလျောက် ပြောပြမည်လော သို့မဟုတ် နှိပ်စက်ခံရပြီးမှ မပြောမဖြစ် ပြောပြမည်လော ဆိုသည်မှာ သူ၏ နောက်ထပ် ရွေးချယ်မှုအပေါ်တွင်သာ မူတည်ပေသည်။

ထန်ပိုင်သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ သူ့ကို တစ်ချက်လှမ်းကြည့်လျက် ပြောလိုက်သည်။

"မင်းက ပါးနပ်တဲ့ လူတစ်ယောက်ပဲလေ... ဒီအချိန်မှာ မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုက ဘာလဲဆိုတာကို သိလိမ့်မယ်လို့ ငါ ယုံကြည်တယ်..."

ထန်ပိုင်၏ စကားကို ကြားသောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် မျှော်လင့်ချက်ကင်းမဲ့စွာ မျက်လုံးများကို မှိတ်လိုက်ရရှာသည်။

သူသည် ရွေးချယ်စရာများကို စဉ်းစားနေရန် မလိုဘဲ မည်သည့်အရာကို ရွေးချယ်ရမည်ကို ကောင်းစွာ သိရှိပြီးဖြစ်ပေသည်။

နောင်တစ်ချိန်တွင် ထိုအမျိုးသမီး၏ လက်ချက်ဖြင့် အသတ်ခံရမည်လော သို့မဟုတ် ယခုပင် ညှဉ်းပန်းနှိပ်စက်မှုကို ခံယူရမည်လော... သူ့အတွက်မူ အစကတည်းက ရွေးချယ်စရာ တစ်ခုတည်းသာ ရှိခဲ့ပေသည်။

မျက်လုံးများကို ပြန်လည် ဖွင့်ကြည့်လျက် သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်သည် ထန်ပိုင်ကို စိုက်ကြည့်ကာ အရှုံးပေးသည့် လေသံဖြင့် ပြောလိုက်သည်။

"ကောင်းပြီ... ကျုပ် ပြောပြပါ့မယ်..."

ထန်ပိုင်သည် သံချောင်းပူကို မီးသွေးဖိုထဲသို့ ပြန်လည် ထည့်သွင်းလိုက်ပြီးနောက် သူ့ကို လှည့်ကြည့်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။

"ပြောစမ်း... ငါတို့စခန်းမှာ ပြဿနာတက်အောင် လုပ်ဖို့ မင်းတို့ကို ဘယ်သူက ငှားရမ်းခဲ့တာလဲ... မင်းတို့ ငါတို့စခန်းကို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ... ငါတို့နဲ့ ရန်သူဖြစ်ရမယ့်အခြေအနေမျိုးအထိ ရောက်အောင် မင်းတို့ ဘာကို ရယူချင်နေတာလဲ..."

သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်သည် သူ၏ မေးခွန်းများကို ကြားရသောအခါ အလွန်အမင်း ထိတ်လန့်သွားပြီး အချိန်မီ တုံ့ပြန်ရန်ပင် မေ့လျော့နေခဲ့သည်။ သူ သတိမဝင်လာမီမှာပင် ကျီယန်က ပြုံးလျက် ပြောလိုက်သည်။

"ဒါဆို မင်းတို့ ငါတို့စခန်းထဲကို ဝင်လာတာ တကယ်ပဲ တစ်စုံတစ်ခုကို လိုချင်လို့ပေါ့..."

ထိုသို့ ပြောပြီးနောက် ကျီယန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်၏ မျက်နှာအမူအရာနှင့် သေးငယ်သော လှုပ်ရှားမှုများကို ဂရုတစိုက် လေ့လာပြီး ပြောလိုက်ပြန်သည်။

"ငါ ခန့်မှန်းကြည့်ရမလား... ငါတို့စခန်းထဲကို ဝင်လာပြီးမှ ရနိုင်မယ့် အရာဆိုလို့ လက်ချိုးရေလို့ပဲ ရတယ်... အဲဒီထဲက တစ်ခုက ငါတို့ရဲ့ အပူချိန်ထိန်းချုပ်မှုစနစ်ရဲ့ လျှို့ဝှက်ချက်ဖြစ်ပြီး နောက်တစ်ခုကတော့ အဆင့်မြင့် ဖုတ်ကောင်တွေပဲ..."

'ဖုတ်ကောင်' ဟူသော စကားလုံးကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်၏ သူငယ်အိမ်များ ကျုံ့သွားကာ သူ၏ အံ့ဩထိတ်လန့်မှုကို ဖုံးကွယ်ရန် မျက်နှာကို အလျင်အမြန် ငုံ့ချလိုက်သည်ကို ကျီယန်က သတိပြုမိလိုက်သည်။

ရေကို အေးအေးလူလူ တစ်ငုံ သောက်လိုက်ပြီးနောက် ကျီယန်သည် ထန်ပိုင်ကို ကြည့်ကာ ပြောလိုက်သည်။

"ဗိုလ်ကြီးထန်... သူတို့က အဲဒီအဆင့်မြင့် ဖုတ်ကောင်တွေကို ဖမ်းဖို့ ဒီကို လာကြတာပဲ... လျှို့ဝှက်အဖွဲ့အစည်းကပဲ သူတို့နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်...”

“ဘာလို့လဲဆိုတော့ အဆင့်မြင့်ဖုတ်ကောင်တွေကို စိတ်ဝင်စားတာ သူတို့ပဲ ရှိလို့လေ... ကျုပ်တို့အနေနဲ့ ကြားလူက ဘယ်သူလဲဆိုတာကို ရှာဖွေနိုင်ရင် သူတို့ရဲ့ တကယ့် အစီအစဉ် အသေးစိတ်ကို သိနိုင်လိမ့်မယ်..."

သူ၏စကားကို ကြားသောအခါ သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်သည် ကျီယန်ကို မော့ကြည့်လျက် ထိတ်လန့်တကြား မေးလိုက်သည်။

"ကျုပ် ဘာမှ မပြောရသေးဘဲနဲ့ ခင်ဗျားက အရာအားလုံးကို ဘယ်လိုလုပ် သိနေတာလဲ..."

ကျီယန်က သူ့ကို ပြုံးလျက် ပြောလိုက်သည်။

"မင်းရဲ့ အဖြေကို ငါ မလိုပါဘူး... မင်းရဲ့ အမူအရာကို ကြည့်ရုံနဲ့တင် ငါ့မေးခွန်းတွေရဲ့ အဖြေကို ငါ ရနိုင်တယ်..."

သူ၏အဖြေကို ကြားပြီးနောက် သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်သည် တစ်ကိုယ်လုံး အနည်းငယ် တုန်ရီသွားကာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

'ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ လူသားလဲ...'

All Chapters