← Chapters

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း (၂၈၂) - သူလျှိုများလော

ကျီယန်သည် ထိုဆူပူသောင်းကျန်းသူများ၏ နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ရာ ထန်ပိုင်က သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်ကို စိုက်ကြည့်လျက် မေးလိုက်သည်။

"ပွဲစားက ဘယ်သူလဲ..."

ထိုသက်လတ်ပိုင်းအရွယ် ခေါင်းဆောင်မှာ အကျပ်ရိုက်သွားပြီးနောက် မတတ်သာသည့်အဆုံး အံကြိတ်ကာ ပြန်လည်ဖြေကြားလိုက်ရလေသည်။

"သူမက အမျိုးသမီးတစ်ယောက်ပါ... ကျုပ် သိရသလောက်တော့ သူမနာမည်က တွမ့်ရှင်းနီ တဲ့..."

ထန်ပိုင်က ထပ်မံမေးမြန်းလိုက်သည်။

"မင်းတို့ သူမနဲ့ ဘယ်လို ဆက်သွယ်ကြလဲ..."

သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်သည် ခေါင်းခါယမ်းလျက် ပြောလိုက်သည်။

"ကျုပ် သူမဆီက တာဝန်ကို တစ်ကြိမ်ပဲ လက်ခံဖူးတာပါ... သူမက ကျုပ်ကို ကြိုတင်ငွေ ပေးခဲ့တယ်... ငွေရပြီးတာနဲ့ သူမ တောင်းဆိုတဲ့အတိုင်း ဒီကိုလာပြီး ပြဿနာရှာခဲ့တာပဲ..."

ထိုသက်လတ်ပိုင်းအရွယ် ခေါင်းဆောင်မှာ ဟန်ပြပြဿနာရှာရန်သာ လာရောက်ခြင်းဖြစ်ကြောင်း ရိပ်မိသွားသဖြင့် ထန်ပိုင်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။

သူသည် လှည့်၍ ကျီယန်ကို ကြည့်လိုက်ရာ ကျီယန်လည်း သူနှင့် တစ်ကိုယ်တည်း စိတ်ကူးရှိနေသည်ကို မြင်လိုက်ရပေသည်။

သူတို့နှစ်ဦးသည် တစ်စက္ကန့်မျှ အပြန်အလှန် စိုက်ကြည့်လိုက်ပြီးနောက် တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။

"စခန်းထဲမှာ သူလျှိုတွေ ရှိနေပြီ..."

ထန်ဝေ့သည် သူတို့ မည်သည်ကို တွေးတောနေကြသည်ကို နားမလည်နိုင်သဖြင့် ဇဝေဇဝါ ဖြစ်လျက် ကြည့်ကာ မေးလိုက်သည်။

"သူလျှိုတွေ ဟုတ်လား... မင်းတို့နှစ်ယောက်က ငါတို့စခန်းထဲမှာ သူလျှိုတွေ ရှိနေတယ်လို့ ဘယ်လိုလုပ်ပြီး ရုတ်တရက် သိသွားကြတာလဲ..."

ကျီယန်က မျက်နှာပျက်နေသော ထန်ဝေ့ကို ကြည့်လျက် မေးလိုက်သည်။

"ရှောင်ဝေ့... သူတို့က ဘာအကြောင်းပြချက်မှ မရှိဘဲ ဒီကိုလာပြီး ပြဿနာရှာတာကို မင်း မထူးဆန်းဘူးလို့ မထင်ဘူးလား...”

“ဒီတာဝန်က တကယ်ကို သံသယဖြစ်စရာ ကောင်းလွန်းတယ်... အဲဒီအမျိုးသမီးက သူတို့ကို ပိုက်ဆံပေးပြီး ငါတို့ကို လာပြဿနာရှာခိုင်းတာက ဘာအကျိုးအမြတ် ရမှာမလို့လဲ..."

ထန်ဝေ့သည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

"တကယ်တော့လည်း ထူးဆန်းတာပဲ... ဒါပေမဲ့ သူတို့က ငါတို့စခန်းထဲကို ဝင်ချင်နေကြတာ မဟုတ်ဘူးလား... ငါတို့က ပေးမဝင်တော့ ပြဿနာရှာကြတာ သဘာဝကျပါတယ်..."

သူ၏စကားကို ကြားရသောအခါ ကျီယန်သည် သူ့ကို သက်ပြင်းချလျက် ကြည့်ကာ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

"သူတို့ တကယ်ပဲ စခန်းထဲကို ဝင်ချင်တာဆိုရင် ခန္ဓာကိုယ် စစ်ဆေးမှုကို ငြင်းဆန်စရာ အကြောင်းမရှိဘူး...”

“ဘယ်လိုပဲဖြစ်ဖြစ် စစ်ဆေးမှု မလုပ်ဘဲ ငါတို့ ပေးမဝင်ဘူးဆိုတာ သူတို့ သိကြတယ်... ဒီလိုအခြေအနေမှာ သူတို့က ဇုန် ၅ အပြင်ဘက်မှာ ပြဿနာလာရှာနေတယ်ဆိုတာ ငါတို့ရဲ့ အာရုံကို လွှဲဖို့အတွက်ပဲ..."

သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် ထန်ဝေ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး မေးလိုက်သည်။

"မင်းပြောချင်တာက... ဒီလူတွေ အာရုံလွှဲဖို့ ပြဿနာရှာနေတဲ့အချိန်မှာ တစ်ယောက်ယောက်က ငါတို့စခန်းထဲကို ခိုးဝင်သွားတယ်လို့ ပြောချင်တာလား..."

ကျီယန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ထန်ပိုင်ကို ကြည့်ကာ ပြောလိုက်သည်။

"ဗိုလ်ကြီးထန်... တွမ့်ရှင်းနီ ဆိုတဲ့ အမျိုးသမီးကိစ္စကိုတော့ ခင်ဗျားဆီပဲ အပ်ခဲ့မယ်... ကျုပ်ကတော့ အဲဒီသူလျှိုတွေကို အမြန်ဆုံး ရှာဖွေရမယ်..."

သူလျှိုကိစ္စမှာ အလွန်အရေးကြီးကြောင်း သိသဖြင့် ထန်ပိုင်က ခေါင်းညိတ်လျက် ပြောလိုက်သည်။

"ပြဿနာမရှိဘူး... ဒီကိစ္စကို ငါ့ဆီသာ အပ်ထားလိုက်တော့... အစ်ကိုကျီ... မင်း အကူအညီ လိုအပ်ရင် ဗိုလ်ကြီးစုန့်နဲ့ ဗိုလ်ကြီးကျန်းတို့ဆီကို သွားပြီး အကူအညီ တောင်းလို့ရတယ်..."

ကျီယန်က ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ..."

ထိုသို့ပြောပြီးနောက် ကျီယန်နှင့် ထန်ဝေ့တို့သည် စစ်ဆေးရေးအခန်းထဲမှ ထွက်ခွာခဲ့ကြပြီး လုံခြုံရေးအဆောက်အအုံ၏ တတိယထပ်ရှိ စောင့်ကြည့်ရေးအခန်းသို့ အမြန်ဆုံး ဦးတည်သွားကြလေသည်။

သူတို့နှစ်ဦး စောင့်ကြည့်ရေးအခန်းထဲသို့ ဝင်လာကြသောအခါ ဗိုလ်ကြီးကျန်းလည်း ထိုနေရာ၌ ရှိနေသည်။ သူသည် သူတို့နှစ်ဦးကို ခေါင်းညိတ်နှုတ်ဆက်လျက် မေးလိုက်သည်။

"မင်းတို့နှစ်ယောက် ဒီကိုလာဖို့ ခဲယဉ်းတယ်... ကျုပ် ဘာကူညီပေးရမလဲ..."

ကျီယန်က သူ့ကို ကြည့်လျက် မေးလိုက်သည်။

"ဗိုလ်ကြီးကျန်း... မနေ့က စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကို ကျုပ်ကို ပြပေးလို့ ရမလား..."

ဗိုလ်ကြီးကျန်းသည် သူ စောင့်ကြည့်မှတ်တမ်းများကို အဘယ်ကြောင့် ကြည့်ချင်သည်ကို မသိသော်လည်း ခေါင်းညိတ်ပြလိုက်ပြီး ကီးဘုတ်ပေါ်တွင် ရိုက်နှိပ်လိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ပင်မစခရင်ကြီးပေါ်တွင် စောင့်ကြည့်မှတ်တမ်း မျက်နှာပြင်ငယ်များစွာ ပေါ်ထွက်လာလေသည်။

ဗိုလ်ကြီးကျန်းက ကျီယန်ကို ကြည့်လျက် မေးလိုက်သည်။

"အစ်ကိုကျီ... မင်း ဘယ်အချိန်နဲ့ ဘယ်နေရာကို ကြည့်ချင်တာလဲ..."

ကျီယန်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

"မွန်းတည့်ချိန်... ဇုန် ၅ ရဲ့ ဝင်ပေါက်နေရာ..."

သူ၏ အဖြေကို ကြားရသောအခါ ဗိုလ်ကြီးကျန်းက မေးမြန်းလိုက်သည်။

"ဒါက ပိတ်ဆို့မှုအတားအဆီး ရှေ့မှာ သောင်းကျန်းသူတွေ ဆူပူပြဿနာရှာနေကြတဲ့ အချိန် မဟုတ်ဘူးလား... ပိုက်လွတ်သွားတဲ့ ငါးတစ်ကောင်ကောင် ရှိနေလို့လား..."

ကျီယန်က ခေါင်းခါယမ်းလျက် ပြောလိုက်သည်။

"ပြဿနာရှာတဲ့လူတွေ မဟုတ်ဘူး... သူလျှိုတွေ ဖြစ်လိမ့်မယ်..."

ဗိုလ်ကြီးကျန်းသည် သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်လျက် မေးလိုက်သည်။

"သူလျှိုတွေ ဟုတ်လား... ဟိုလူတွေက ဝန်ခံလိုက်ကြပြီလား..."

ကျီယန်က ခေါင်းညိတ်လျက် ပြောလိုက်သည်။

"ဟုတ်တယ်... ကံမကောင်းစွာနဲ့ပဲ ငါတို့ အချိန်တွေ အများကြီး ဖြုန်းတီးမိသွားတယ်... ဒီသူလျှိုတွေ စခန်းထဲမှာ ပုန်းအောင်းနေကြပြီ ထင်တယ်... သူတို့ကို မရိပ်မိစေဘဲ လိုက်ရှာဖို့က တကယ်ကို မလွယ်ဘူး..."

ဗိုလ်ကြီးကျန်းသည် သူ၏ မျက်မှောင်ကြုတ်နေသော မျက်နှာကို ကြည့်လျက် ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့... ငါတို့က စခန်းထဲကို ဝင်လာတဲ့ လူတိုင်းရဲ့ အချက်အလက်တွေကို စုဆောင်းထားတယ်... ပြီးတော့ ဒီကိုလာတဲ့ ဒေသခံတွေနဲ့ ကုန်သည်အများစုက တစ်ယောက်နဲ့တစ်ယောက် သိကြတာပဲ...”

“သူလျှိုတွေအတွက် ဒေသခံတွေ ဒါမှမဟုတ် ကုန်သည်တွေအဖြစ် ဟန်ဆောင်ဖို့က အရမ်းခက်လိမ့်မယ်... ဒေသခံတွေ ဒါမှမဟုတ် ကုန်သည်တွေရဲ့ အကူညီမရှိရင် သူတို့ ချက်ချင်း အဖမ်းခံရမှာပဲ..."

ဗိုလ်ကြီးကျန်းသည် ကီးဘုတ်ပေါ်တွင် ထပ်မံရိုက်နှိပ်လိုက်ရာ ပင်မစခရင်ပေါ်တွင် စောင့်ကြည့်မှတ်တမ်း ဆယ်ခု ထပ်မံပေါ်ထွက်လာလေသည်။ ထိုမှတ်တမ်းများကို စိုက်ကြည့်လျက် သူက ပြောလိုက်သည်။

"ဒီစောင့်ကြည့်ကင်မရာ ဆယ်လုံးက ဇုန် ၅ ရဲ့ ဝင်ပေါက်အနီးတစ်ဝိုက်မှာ တပ်ဆင်ထားတာ... သူတို့ စခန်းထဲကို ခိုးဝင်ချင်ရင် ဒီနေရာတွေကို ဖြတ်သွားရမှာ သေချာတယ်..."

ထိုသို့ပြောပြီးနောက် သူတို့သည် စောင့်ကြည့်မှတ်တမ်းများကို အသေအချာ ဂရုတစိုက် ကြည့်ရှုကြလေသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ထန်ဝေ့သည် ဘယ်ဘက်အောက်ခြေရှိ မှတ်တမ်းပုံရိပ်ကို ရုတ်တရက် လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။

"ဒီအမျိုးသမီးက အရမ်းသံသယဖြစ်စရာ ကောင်းတယ်..."

သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်က ပွဲစားမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ပြောခဲ့သဖြင့် ထန်ဝေ့သည် စောင့်ကြည့်မှတ်တမ်းထဲရှိ အမျိုးသမီးတိုင်းကို ပိုမိုအာရုံစိုက် ကြည့်ရှုနေမိသည်။

သူမသည် ဆွဲဆောင်မှုရှိသော အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး အပြင်ဘက်မှ ထူထဲသော ဆောင်းတွင်းအင်္ကျီကို ထပ်ဝတ်ထားသည်မှာ ထူးဆန်းနေသည်။

အပူချိန် အနုတ်ဒီဂရီအောက်သို့ ရောက်ရှိနေသည့် ရာသီဥတုတွင် မည်သူက ဤကဲ့သို့ ဝတ်ဆင်ပါမည်နည်း။ သူမသည် လူအုပ်ကြားထဲမှ တဖြည်းဖြည်းချင်း လွတ်မြောက်ရန် ကြိုးပမ်းနေသည်ကို မြင်လိုက်ရသောအခါ သူ၏ သံသယများမှာ ပိုမိုကြီးထွားလာရလေတော့သည်။

ထန်ဝေ့ ညွှန်ပြသည့်အတိုင်း ကျီယန်နှင့် ဗိုလ်ကြီးကျန်းတို့သည် စောင့်ကြည့်မှတ်တမ်းထဲရှိ အနီရောင်ဂါဝန်နှင့် အမျိုးသမီးဆီသို့ အာရုံစိုက်လိုက်ကြသည်။

ခေတ္တမျှ ကြာပြီးနောက် စခရင်ပေါ်တွင် ထိုအမျိုးသမီးသည် ဆက်သွယ်ရေးကိရိယာကို ထုတ်ယူကာ စကားပြောဆိုနေပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလျက် စောင့်ကြည့်ကင်မရာ၏ မြင်ကွင်းပြင်ပသို့ လျှောခနဲ တိမ်းရှောင်သွားသည်ကို တွေ့လိုက်ရလေသည်။

သူမ၏ အရိပ်အယောင် ပျောက်ကွယ်သွားပြီးနောက် ကျီယန်က ပြောလိုက်သည်။

"ဗိုလ်ကြီးကျန်း... အဲဒီအမျိုးသမီးက ကျုပ်တို့ ဖမ်းဆီးရမယ့်သူပဲ..."

သူ၏ စကားကို ကြားပြီးနောက် ဗိုလ်ကြီးကျန်း၏ လက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ လှုပ်ရှားသွားပြီး ပင်မစခရင်ပေါ်တွင် စောင့်ကြည့်မှတ်တမ်းအသစ်များစွာ ပေါ်လာပြန်သည်။ မကြာမီပင် ထန်ဝေ့သည် မှတ်တမ်းအသစ်တစ်ခုကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။

"သူမ ဒီနေရာမှာ ရှိနေတယ်..."

စောင့်ကြည့်မှတ်တမ်းကို စိုက်ကြည့်လိုက်ရာ အနီရောင်ဂါဝန်ဝတ်ထားသည့် အမျိုးသမီးသည် ဘေးဘက်မှတစ်ဆင့် ဇုန် ၅ ထဲသို့ ခိုးဝင်ရန် ကြိုးပမ်းနေသည်ကို မြင်လိုက်ရသည်။

သို့သော်လည်း လျှပ်စစ်အားမြင့်စက်များ တပ်ဆင်ထားမှုကြောင့် သူမသည် စခန်းထဲသို့ အတင်းအဓမ္မ မဝင်ရောက်ရဲဘဲ ဖြစ်နေပေသည်။

All Chapters