← Chapters

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း (၂၈၈) - သိပ်ရိုးအလွန်းသည်

ကျူးလင် ဓားအစီအရင်ကို အသုံးပြုလိုက်သည်ကို မြင်သောအခါ ရှို့ဝူသည် သူမ၏ ရှေ့တွင် ရပ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာစွမ်းအားကို လှည့်ပတ်လိုက်၏။

သူ၏ ကျင့်စဉ်အဆင့်အားလုံး ပြန်လည်ရရှိထားပြီး ဖြစ်သော်လည်း လူသားခန္ဓာကိုယ်၏ ကန့်သတ်ချက်များကြောင့် ရှို့ဝူသည် သူ၏ စွမ်းအားအစစ်အမှန်၏ တစ်ပုံမျှပင် ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။

သို့သော် သူသာ ဂရုတစိုက် ရှိနေမည်ဆိုပါက ဤအဆင့်မြင့် ဖုတ်ကောင်များကို ယှဉ်ပြိုင်တိုက်ခိုက်ရန် လုံလောက်ပေသည်။

သူသည် မိစ္ဆာစွမ်းအားများကို လက်ချောင်းများဆီသို့ စုစည်းစေပြီးနောက် ဓားတစ်စင်းကို ဝှေ့ယမ်းနေသကဲ့သို့ လက်ချောင်းများကို လှုပ်ရှားလိုက်၏။

ရွှပ်… ရွှပ်… ရွှပ်…

သူ၏ လက်ချောင်းများ လှုပ်ရှားလိုက်တိုင်း မမြင်နိုင်သော ဟင်းလင်းပြင်ဓားသွား ရေတွက်၍မရနိုင်အောင် များပြားလှစွာသော ဓားသွားများက ထိုအဆင့်မြင့် ဖုတ်ကောင်များ၏ ဦးခေါင်းများကို ဖြတ်တောက်ပစ်လိုက်တော့သည်။

ရှို့ဝူက သူမ၏ ရှေ့တွင် ရပ်လျက် ဖုတ်ကောင်များကို သတ်ဖြတ်နေချိန်တွင် ကျူးလင်က တိုးညင်းစွာ ရေရွတ်လိုက်၏။

"သတ်ဖြတ်ခြင်း ဓားအစီအရင်... တတိယမြောက်ကွက်... ဓားကကွက်..."

သူမ၏ စကားသံ ဆုံးသည်နှင့် အစီအရင်ပြားက လင်းထိန်သွားပြီး အစီအရင်အတွင်းမှ နတ်ဘုရားစွမ်းအားများ တိုးထွက်လာကာ ရေခဲဓားပေါင်း မြောက်မြားစွာအဖြစ် ပြောင်းလဲသွားပြီးနောက် သူမနှင့် ရှို့ဝူ၏ ခေါင်းပေါ်တွင် ပျံဝဲနေလေသည်။

ကျူးလင်သည် မြေကြီးထဲတွင် စိုက်ဝင်နေသော ဓားကို ကိုင်ထားရင်း ဓားအတွင်းသို့ နတ်ဘုရားစွမ်းအားများကို ဆက်လက် ပို့လွှတ်နေပြီး ထိုရေခဲဓားများကို တည်ငြိမ်စွာပင် ထိန်းချုပ်နေ၏။

ရွှပ်… ရွှပ်… ရွှပ်…

စိတ်ကူးတစ်ခုဖြင့် ရေခဲဓားများသည် ဖုတ်ကောင်များဆီသို့ ဦးတည်ပျံသန်းသွားပြီး ၎င်းတို့၏ ဦးခေါင်းများကို အတိအကျ ပစ်မှတ်ထားကာ ထိုးစိုက်လိုက်တော့သည်။

ခန့်ညားသော လူငယ်လေး၏ ပခုံးပေါ်တွင် ထိုင်နေသော မိန်းကလေးငယ်လေးက နှုတ်ခမ်းကို စူလိုက်ပြီး ပြောလိုက်၏။

"အစ်ကိုကြီး... အဲဒီဓားတွေကို သမီးလိုချင်တယ်... သူတို့ ကပြနေသလို လှုပ်ရှားနေတာလေးက အရမ်းလှတာပဲ..."

ထိုသို့ ပြောပြီးနောက် မိန်းကလေးငယ်လေး၏ မျက်ဝန်းများက မှောင်မှောင်မည်းမည်း ဖြစ်သွားကာ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်ပြန်သည်။

"ထင်ထင်က လှပတဲ့အရာတွေကို သဘောကျတယ်... သူတို့ကို ဖျက်ဆီးပစ်လိုက်ရင် အမြဲတမ်း ထာဝရလှပနေလိမ့်မယ်... အစ်ကိုကြီး ဟောက်ကျန့်လိုမျိုးပေါ့..."

သူမ၏ စကားကို ကြားသောအခါ လူငယ်သည် မိန်းကလေးငယ်လေးကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရေခဲဓားများကို ထိန်းချုပ်ကာ အဆင့်မြင့် ဖုတ်ကောင်များကို သတ်ဖြတ်နေသော ကျူးလင်ကို စဉ်းစားတွေးတောစွာဖြင့် ကြည့်လိုက်၏။

သူသည် သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် မိန်းကလေးငယ်လေးကို ပွေ့ချီကာ မြေပြင်ပေါ်သို့ ချပေးလိုက်သည်။ မိန်းကလေးငယ်လေး တစ်စုံတစ်ရာ မပြောနိုင်မီမှာပင် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး ကျူးလင်၏ နောက်ကျောတွင် ပေါ်လာတော့သည်။

သူ၏ လက်ထဲရှိ ဓားမြှောင်က ကျူးလင်၏ ဂုတ်ပိုးကို ထိလုနီးပါး ဖြစ်နေချိန်တွင် ရှို့ဝူသည် ကြားဖြတ် ရွှေ့ပြောင်းလာပြီး ၎င်းတို့နှစ်ဦးကြားတွင် ပေါ်လာ၏။

ရှို့ဝူသည် ဓားမြှောင်ကို လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ကာ ထိန်းချုပ်လိုက်ပြီး ခြေထောက်ကို မြှောက်ကာ လူငယ်၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ကန်လိုက်တော့သည်။

ရှို့ဝူ ကန်လိုက်သည့် ခဏ၌ လူငယ်၏ မျက်ဝန်းများက လက်ခနဲ ဖြစ်သွားပြီး သူ၏ ဝမ်းဗိုက်တွင် လေခံတံတိုင်းတစ်ခု ဖန်တီးကာ ခန္ဓာကိုယ်ကို ကာကွယ်လိုက်၏။

ဒုန်း… ဘုန်း…

ရှို့ဝူ၏ ကန်ချက်က လူငယ်၏ ခန္ဓာကိုယ်နှင့် ထိမိသွားသောအခါ နံရိုးများ ကျိုးသွားသည့် အသံတစ်ခု ထွက်ပေါ်လာလေသည်။

သူသည် ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ နောက်သို့ လွင့်စင်သွားရင်း ပတ်ဝန်းကျင်ရှိ လေထုကို ထိန်းချုပ်လိုက်၏။ လေထုထဲတွင် သူ၏ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ပြန်ထိန်းပြီးနောက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

ရှို့ဝူ၏ ကန်အားက ပြင်းထန်လွန်းလှသဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက်တွင်ပင် သူ၏ ခန္ဓာကိုယ်က နောက်သို့ ဆက်လက် လျောကျသွားလေသည်။

လူငယ်သည် သူ၏ ဘယ်ဘက်လက်ဖြင့် ခန္ဓာကိုယ်အရှိန်ကို လျှော့ချရန် ကြိုးစားရင်း အံကို ကြိတ်ထားသော်လည်း နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျလာလေသည်။ သူ ရပ်တန့်သွားသောအခါ ဒူးတစ်ဖက် ထောက်လျက် ဒူးထောက်လိုက်ပြီး သွေးတစ်လုပ် အန်ထုတ်လိုက်တော့သည်။

အဟွတ်…

သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ရင်း လူငယ်သည် မတ်တတ်ရပ်ကာ သူ့ကို စိုက်ကြည့်နေသော ရှို့ဝူကို တည်ငြိမ်စွာ ကြည့်လိုက်၏။

ထို့နောက် ရေခဲဓားများကို ထိန်းချုပ်ကာ အဆင့်မြင့် ဖုတ်ကောင်များကို တိုက်ခိုက်နေဆဲ ဖြစ်သော ကျူးလင်ကို ကြည့်လိုက်သည်။

တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချလိုက်သည့်အလား သူသည် အကြည့်ကို ရှို့ဝူထံ ပြန်လည် ပို့လွှတ်လိုက်ပြီး လက်ထဲရှိ ဓားမြှောင်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တော့သည်။

သူ၏ သေးငယ်သော လှုပ်ရှားမှုကို သတိပြုမိလိုက်သဖြင့် ရှို့ဝူ၏ မျက်ဝန်းများ အေးစက်သွားပြီး စိတ်ထဲမှ ရေရွတ်လိုက်၏။

'ဒီလိုကောင်လေးကများ ငါ့ကို စိန်ခေါ်ရဲတယ် ဟုတ်လား... သိပ်ကို ရိုး’အ’တာပဲ...'

ထိုသို့ တွေးတောကာ လူငယ်က လှုပ်ရှားမှု မပြုလုပ်နိုင်မီမှာပင် ရှို့ဝူ၏ လက်ချောင်းများ လှုပ်ရှားသွားတော့သည်။

လူငယ်သည် ရှို့ဝူ၏ လက်ချောင်းများ လှုပ်ရှားမှုကို မြင်သောအခါ ပင်ကိုယ်အသိစိတ်ဖြင့် ခန္ဓာကိုယ်ပတ်လည်တွင် လေအတားအဆီးတစ်ခုကို ဖန်တီးလိုက်၏။

သို့သော် ကံဆိုးစွာဖြင့် သူသည် ရှို့ဝူကို မိမိကဲ့သို့ လေစွမ်းရည်ရှိသူဟု မှားယွင်းစွာ ခန့်မှန်းမိသွားခြင်း ဖြစ်ပေသည်။

ဖုတ်ကောင်များနှင့် သန္ဓေပြောင်း သတ္တဝါများကို တိုက်ခိုက်ရာတွင် ဟင်းလင်းပြင်ဓားသွားများကို အသုံးပြုလေ့ရှိသည့် ပုံစံနှင့်မတူဘဲ ဤတစ်ကြိမ်တွင် ရှို့ဝူသည် အခြားသော စွမ်းရည်များကို အသုံးပြုလိုက်၏။

တိုက်ခိုက်ရေး အမျိုးအစား ဟင်းလင်းပြင် စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာဦး အနန္တစွမ်းအင်မှ မိစ္ဆာနတ်ဘုရားအဖြစ် မွေးဖွားလာသူဖြစ်ရာ ရှို့ဝူ၏ အချိန်နှင့် ဟင်းလင်းပြင်အပေါ် နားလည်သဘောပေါက်မှုသည် သာမန်လူများထက် များစွာ ကျော်လွန်ပေသည်။

သူသည် သူ၏ စွမ်းရည်များကို လက်နက်များအဖြစ် အသုံးမပြုဘဲ စွမ်းရည်များဖြင့် ဟင်းလင်းပြင်နှင့် အချိန်ကို တိုက်ရိုက် ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

ရှို့ဝူ၏ လက်ချောင်းများ လှုပ်ရှားမှုနောက်တွင် လူငယ်၏ လည်ပင်းနေရာရှိ ဟင်းလင်းပြင်သည် ကွေးညွတ်ပုံပျက်သွားတော့သည်။

ထိုခဏ၌ လူငယ်သည် ကျောရိုးထဲအထိ အေးစိမ့်သွားသော အန္တရာယ်ရိပ်ကို ခံစားလိုက်ရသဖြင့် ပင်ကိုယ်အသိစိတ်ဖြင့် ဆောင့်ကြောင့်ထိုင်ချလိုက်၏။

ရွှတ်…

ခေါင်းပေါ်မှ စုတ်ပြဲသွားသည့် အသံကို ကြားလိုက်ရသဖြင့် လူငယ်သည် မော့ကြည့်လိုက်ရာ သူ၏ လည်ပင်း ရှိခဲ့သော ဟင်းလင်းပြင်သည် စက္ကန့်ပိုင်းမျှ စုတ်ပြဲသွားပြီးနောက် ဘာမျှမဖြစ်ခဲ့သကဲ့သို့ ပြန်လည် ကျုံ့ဝင်သွားသည်ကို မြင်လိုက်ရ၏။

မေးစေ့မှ ချွေးအေးများ စီးကျလာပြီးနောက် လူငယ်သည် သူ၏ အေးစက်သော မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များဖြင့် ရှို့ဝူကို ကြည့်လိုက်မိတော့သည်။

စောစောက ဟင်းလင်းပြင် အက်ကွဲကြောင်းများကြားရှိ အမှောင်ထုထဲသို့ ကြည့်လိုက်မိချိန်တွင် သူ မမြင်သင့်သော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်ပေသည်။

လူငယ်သည် တုန်ရီနေသော လက်များဖြင့် ရင်ဘတ်ကို အုပ်ကာ သူ၏ အဝတ်အစားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိ၏။ သူသည် နှုတ်ခမ်းကို ဟလိုက်ပြီး ရှို့ဝူကို စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်း... မင်းက ဘယ်သူလဲ..."

သူ၏ ကိုယ်ပိုင်အသံထဲရှိ တုန်ရီမှုကို ကြားလိုက်ရသဖြင့် လူငယ်သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သော်လည်း ရှို့ဝူကို သတိကြီးစွာဖြင့် စိုက်ကြည့်နေဆဲ ဖြစ်ပေသည်။

သူ မေးမြန်းနေသည့် အရာသည် သာမန်လူသားတစ်ယောက် သိသင့်သည့်အရာ မဟုတ်သဖြင့် ရှို့ဝူသည် သူ၏ မျက်ဝန်းများကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

"မင်း သိဖို့ မလိုဘူး..."

သူ၏ အဖြေကို ကြားရသောအခါ လူငယ်၏ မျက်မှောင်သည် ပိုမို ကြုတ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ လိုချင်သော အဖြေ မဟုတ်သောကြောင့် ဖြစ်ပေသည်။ လူငယ် စိတ်ပျံ့လွင့်နေသည်ကို မြင်သောအခါ ရှို့ဝူက ပြောလိုက်၏။

"မင်းကို ငါ အကြံပေးပါရစေ... တိုက်ပွဲအတွင်းမှာ စိတ်မပျံ့လွင့်စေနဲ့..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူငယ်၏ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ချက်ချင်း ထောင်မတ်သွားတော့သည်။

တိုက်ပွဲမြေပြင်တွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည့်အလျောက် လူငယ်၏ ခန္ဓာကိုယ်သည် ပင်ကိုယ်အသိစိတ်ဖြင့် ကျရောက်လာမည့် အန္တရာယ်ကို သတိပေးနှိုးဆော်နေပေသည်။

ရွှတ်… ရွှတ်… ရွှတ်… ခရက်…

သူ နောက်ထပ် ထွက်သက်တစ်ချက် မရှူနိုင်မီမှာပင် လူငယ်သည် ဆီးနှင်းပြင်ပေါ်သို့ ပက်လက် လဲကျသွားပြီး သူ၏ ခန္ဓာကိုယ်အထက် ၃၀ စင်တီမီတာ ခန့်ရှိသော ဟင်းလင်းပြင်သည် စုတ်ပြဲသွားတော့သည်။

All Chapters