အခန်း ၂၈၉
Vol. 29 Ch. 289
အခန်း (၂၈၉) - ဝေချီ (၁)
လူငယ်သည် ဟင်းလင်းပြင်အက်ကွဲကြောင်းအတွင်းသို့ ကြည့်လိုက်ပြီး မှောင်မိုက်သောအမှောင်ထုထဲတွင် ခရမ်းရောင်လျှပ်စီးများ ဝန်းရံထားသည့် ရှုပ်ထွေးလှသော စွမ်းအင်များကို မြင်လိုက်ရသောအခါ မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားရရှာသည်။
'ဒီကမ္ဘာမှာ တကယ်ပဲ ခရမ်းရောင်လျှပ်စီးတွေ ရှိနေတာလား... ဒါက ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ...'
အမှောင်ထုအတွင်းရှိ အရာကို သူ ရှင်းရှင်းလင်းလင်း မမြင်ရသေးမီမှာပင် အက်ကွဲကြောင်းများမှာ ကွယ်ပျောက်သွားလေသည်။
ထာဝရကဲ့သို့ ခံစားရသည့် ထိုတစ်စက္ကန့်အတွင်း လူငယ်သည် ထိုသို့သောစွမ်းအင်ကို ထိန်းချုပ်နိုင်သူအား မိမိအနေဖြင့် မည်သို့မျှ အနိုင်မတိုက်နိုင်ကြောင်း ချက်ချင်း သိရှိလိုက်ရပေသည်။
ရှို့ဝူကို အနိုင်မယူနိုင်သဖြင့် လူငယ်သည် ယာယီဆုတ်ခွာရန် ဆုံးဖြတ်လိုက်၏။ သို့သော် သူ၏ဆန္ဒနှင့် အင်အားမှာ မမျှတခဲ့ရှာပေ။
မြေပြင်မှ ထ၍မတ်တပ်မရပ်နိုင်သေးမီမှာပင် လေဟာနယ်ထဲမှ အမည်းရောင် စွမ်းအင်လုံးကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သူ့ကို ပိုးအိမ်ကဲ့သို့ လွှမ်းခြုံပတ်ပတ်သွားလေသည်။ သူ့ကို အတွင်း၌ ပိတ်လှောင်ထားကာ ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်လိုက်တော့သည်။
ကောင်းကင်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး မည်သည့်အတွက်ကြောင့် ရုတ်တရက် မှောင်မိုက်သွားသည်ကို သူ မသိရှိခဲ့ပေ။ ထို့ကြောင့် လူငယ်၏ မျက်ဝန်းများ ကျုံ့ဝင်သွားရသည်။
သူသည် လေဓားသွားကို ဆင့်ခေါ်ရန် စွမ်းရည်ကို လှုံ့ဆော်လိုက်သော်လည်း သူ၏စွမ်းအင်များမှာ ခန္ဓာကိုယ်အတွင်းမှ အတင်းအကျပ် စုပ်ယူခံလိုက်ရကြောင်း ခံစားလိုက်ရရှာသည်။
စွမ်းအင်များ ကုန်ခမ်းသွားသည့် နာကျင်မှုကို အံကြိတ်ခံစားရင်း လူငယ်သည် နောက်ဆုံးတွင် မိမိမှာ ရှို့ဝူ ထိန်းချုပ်ထားသော ဟင်းလင်းပြင်နယ်မြေအတွင်း ရောက်ရှိနေကြောင်း သဘောပေါက်သွားတော့သည်။
အကြောင်းမူကား လက်ရှိတွင် သူ့ပတ်ပတ်လည်ရှိ အမှောင်ထုသည် လွန်ခဲ့သည့် စက္ကန့်အနည်းငယ်က ဟင်းလင်းပြင်အက်ကွဲကြောင်းမှတစ်ဆင့် သူ မြင်တွေ့ခဲ့ရသော အမှောင်ထုနှင့် အလွန်တူညီနေသောကြောင့် ဖြစ်ပေသည်။
သူ၏မျက်လုံးများ တုန်ယင်သွားပြီး ထိတ်လန့်တကြား တွေးတောမိလိုက်ရရှာသည်။
'ဒီလူ့စွမ်းရည်က လေဓာတ်စွမ်းရည် မဟုတ်ဘူးလား... ဟင်းလင်းပြင်စွမ်းရည် ဖြစ်နေတာလား... မဖြစ်နိုင်တာ... ဘယ်သူကမှ ဟင်းလင်းပြင်ကို ဒီလိုမျိုး မထိန်းချုပ်နိုင်ပါဘူး... သူက ဘယ်သူလဲ...'
အမည်းရောင်စွမ်းအင်လုံး၏ အပြင်ဘက်တွင်မူ မိန်းကလေးငယ်သည် သူမ၏အစ်ကို အမည်းရောင်စွမ်းအင်လုံး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်ကို မြင်သောအခါ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားရရှာသည်။
မိန်းကလေးငယ်သည် သူမ၏ အံ့ဩတုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုကို မဖုံးကွယ်နိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"အစ်ကိုကြီး လျန်ပင်း..."
အမည်းရောင်စွမ်းအင်လုံးအတွင်းမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို တွေ့ရသောအခါ မိန်းကလေးငယ်သည် သူမ၏အစ်ကိုကြီး သေဆုံးသွားပြီဟု ယူဆလိုက်တော့သည်။
သူမသည် နာကျည်းမှု၊ ဒေါသတို့ဖြင့် ရှို့ဝူနှင့် ကျူးလင်တို့ကို စိုက်ကြည့်လိုက်ပြီး သူမ၏ သေးငယ်သော ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စွမ်းအင်ဝဲကတော့တစ်ခု ရုတ်တရက် ပေါ်ပေါက်လာလေသည်။
မိန်းကလေးငယ်သည် သူမ၏လက်နှစ်ဖက်ကို ဘေးတွင် တင်းတင်းဆုပ်ကိုင်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"မင်းတို့ ငါ့ရဲ့အစ်ကိုကြီး လျန်ပင်းကို သတ်လိုက်တာပဲ... ငါ မင်းတို့ကို ခွင့်မလွှတ်ဘူး... မင်းတို့ သေရမယ်..."
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထိုအဆင့်မြင့်ဖုတ်ကောင်များသည် ရုတ်တရက် တစ်စက္ကန့်မျှ လှုပ်ရှားမှု ရပ်တန့်သွားပြီးနောက် ၎င်းတို့၏အင်အားမှာ ရုတ်ခြည်း မြင့်တက်လာလေသည်။
ပိုမိုအားကောင်းလာသော စွမ်းရည်များနှင့်အတူ ထိုအဆင့်မြင့်ဖုတ်ကောင်များ၏ လှုပ်ရှားမှုများက ပိုမိုမြန်ဆန်လာပြီး တိုက်ခိုက်မှုများမှာလည်း ပိုမိုတိကျကာ ပြင်းထန်လာတော့သည်။
စစ်တလင်းကို ကြည့်ရင်း မိန်းကလေးငယ်၏ မျက်ဝန်းများ အေးစက်မှောင်မိုက်သွားပြီး ရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူကာ သူမသည် တိတ်တဆိတ် ထွက်ပြေးလွတ်မြောက်သွားလေသည်။
ဖုတ်ကောင်များ၏ မပြတ်တမ်း တိုက်ခိုက်မှုများကို ခုခံကာကွယ်ရင်း ရှို့ဝူက ပြောလိုက်သည်။
"လင်အာ... ခဏလောက် ထိန်းထားပေးဦး... ငါ အဲဒီမိန်းကလေးငယ်ကို သွားရှင်းရမယ်... သူက ဒီဖုတ်ကောင်တွေကို ထိန်းချုပ်နေတဲ့သူပဲ..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"အင်း... သူက သာမန်လောက် မရိုးရှင်းဘူး... သတိထားပါ..."
ထိုသို့ ပြောပြီးနောက် ရှို့ဝူက ခေါင်းညိတ်ပြလိုက်ပြီး ဟင်းလင်းပြင်ကူးပြောင်းမှုဖြင့် ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။ ဓားအစီအရင်တစ်ခုတည်းဖြင့် ဤဖုတ်ကောင်များကို မနှိမ်နင်းနိုင်ကြောင်း သိသဖြင့် ကျူးလင်က ခေါ်လိုက်သည်။
"ပင်းကျန့်..."
နောက်တစ်စက္ကန့်တွင် ဓားဆီမှ အလင်းတန်းများ ဖြာထွက်လာပြီး ပင်းကျန့်သည် သူ၏ကိုယ်ပွားအစစ်အမှန်ထဲမှ ထွက်ပေါ်လာလေသည်။ သူ မျက်လုံးဖွင့်လိုက်ချိန်တွင် လူသားများနှင့် ဆင်တူသော မရေမတွက်နိုင်သည့် ဖုတ်ကောင်များ သူ၏သခင်နှင့် တိုက်ခိုက်နေကြသည်ကို မြင်တွေ့လိုက်ရသဖြင့် ပင်းကျန့် အံ့ဩသွားရရှာသည်။
သူ မည်သည့်အရာမျှ မမေးမြန်းနိုင်သေးမီမှာပင် ကျူးလင်က ဓားကို သူ၏ထံသို့ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။
"ငါ့ကို ကာကွယ်ပေးထား..."
ပင်းကျန့်သည် သူ၏ကိုယ်ပွားအစစ်အမှန်ကို ဖမ်းယူလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"သခင်မ... ညင်ညင်သာသာ လုပ်ပါဦး... ကျွန်တော် ကျွန်တော့်ရဲ့ ကိုယ်ပွားကို လွတ်ကျတော့မလို့..."
ကျူးလင်သည် ပင်းကျန့်၏ ကန့်ကွက်မှုကို ဂရုမစိုက်ဘဲ သူမ၏ဝိညာဉ်နန်းဆောင်အတွင်းမှ နတ်ဘုရားအဆင့် လျှပ်စီးဓာတ်အဆောင်တစ်ခုကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။
သူမ၏လက်ထဲရှိ နတ်ဘုရားအဆင့် လျှပ်စီးဓာတ်အဆောင်ကို မြင်လိုက်ရသောအခါ ပင်းကျန့်သည် သူမ လုပ်ဆောင်ချင်သည့်အရာကို ချက်ချင်း သဘောပေါက်သွားတော့သည်။
အဆင့်မြင့်ဖုတ်ကောင်များကို ကြည့်ကာ ပင်းကျန့်သည် သူ၏နှုတ်ခမ်းနီနီကို လျှာဖြင့်သပ်လိုက်ပြီး လှောင်ပြုံးပြုံးလျက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"လာကြစမ်း... ငါ သွေးမသောက်ရတာ အရမ်းကြာနေပြီ..."
စကားဆုံးသည်နှင့် သူသည် ဓားကို ဝှေ့ယမ်းကာ အနီးဆုံးရှိ ဖုတ်ကောင်ဆီသို့ ပြေးဝင်သွားလေသည်။
အလျားလိုက် ဓားတစ်ချက် ခုတ်လိုက်ရုံဖြင့် ဖုတ်ကောင်အများအပြား၏ ခြေလက်အင်္ဂါများကို ဖြတ်တောက်လိုက်တော့သည်။
ဤဖုတ်ကောင်များမှာ သူ ထင်ထားသလောက် ကိုင်တွယ်ရ မလွယ်ကူသည်ကို တွေ့ရသောအခါ ပင်းကျန့်သည် ကြောက်ရွံ့သွားခြင်း မရှိရုံမျှမကဘဲ နှုတ်ခမ်းထောင့်ကို ကွေးညွတ်လိုက်ပြီး မျက်ဝန်းထဲတွင် ရူးသွပ်သော အလင်းရောင်များ ဖြတ်ပြေးသွားလေသည်။
သူသည် ပြုံးလိုက်ရင်း ဖုတ်ကောင်များကို တိုက်ခိုက်နေစဉ် သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။
ပင်းကျန့်၏ သွေးဆာမှုများ တစ်စက္ကန့်ထက်တစ်စက္ကန့် မြင့်တက်လာချိန်တွင် ကျူးလင်သည် သူမ၏ ဝိညာဉ်နန်းဆောင်အတွင်းမှ ဓားပျံကို တည်ငြိမ်စွာ ထုတ်ယူလိုက်သည်။
သူမသည် ဓားပျံပေါ်တွင် ရပ်လျက် ဝေဟင်ထက်သို့ ပျံတက်လိုက်တော့သည်။ မြေပြင်ထက် ၁၀ မီတာအကွာ ဟင်းလင်းပြင်တွင် လွင့်မျောနေရင်း သူမ၏လက်ညှိုးနှင့် လက်ခလယ်ကြား၌ လျှပ်စီးဓာတ်အဆောင်ကို ညှပ်ထားလိုက်လေသည်။
ကျူးလင်သည် သူမ၏နတ်ဘုရားစွမ်းအင်များကို အဆောင်ပြားအတွင်းသို့ ပို့လွှတ်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ ရှေးဟောင်း ဆင့်ခေါ်ခြင်းမန္တန်ကို ရွတ်ဆိုလိုက်တော့သည်။
ရှေးဟောင်းဆင့်ခေါ်ခြင်းမန္တန်ကို ရွတ်ဖတ်ပြီးသည်နှင့် သူမသည် လျှပ်စီးဓာတ်အဆောင်ကို ကောင်းကင်ထက်သို့ မြှောက်ပစ်လိုက်ကာ အော်ဟစ်လိုက်လေသည်။
"ထွက်လာစမ်း... ဝေချီ..."
စစ်မှန်သော နတ်ဘုရားမတစ်ပါး၏ စွမ်းအားများ ပါဝင်နေသော သူမ၏ စကားသံ ဆုံးသည်နှင့် လျှပ်စီးဓာတ်အဆောင်မှာ နှစ်ခြမ်းကွဲထွက်သွားပြီး ကောင်းကင်ယံမှ နားကွဲလုမတတ် ဟိန်းဟောက်သံကြီးတစ်သံ ပေါ်ထွက်လာလေသည်။
နောက်တစ်စက္ကန့်တွင် မိုးတိမ်ညိုကြီးများသည် မှုန်မှိုင်းနေသော ဆောင်းရာသီ ကောင်းကင်ယံကို ရုတ်တရက် ဖုံးလွှမ်းသွားပြီး မှေးမှိန်နေသော နေရောင်ခြည်ကို လုံးဝ ကွယ်ပျောက်သွားစေတော့သည်။
သူမနှင့် မလှမ်းမကမ်းတွင် ပင်းကျန့်သည် အမည်းရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး ဖုတ်ကောင်များ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ကာကွယ်ရင်း ရူးသွပ်စွာ ရယ်မောလိုက်လေသည်။
ကောင်းကင်ရှိ မိုးတိမ်ညိုကြီးများဆီမှ ဖြာကျလာသော ခရမ်းရောင် လျှပ်စီးတန်းများကို မြင်တွေ့ရသောအခါ သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဟား... ဟား... ဟား... သခင်မ... သခင်မရဲ့ ကျင့်ကြံခြင်းက နောက်ဆုံးတော့ နိဗ္ဗာနအဆင့်ကို ရောက်သွားပြီပဲ... ကျွန်တော်တို့ လောကဘုံခြောက်ပါးကို ပြန်ဖို့ သိပ်မလိုတော့ဘူး..."
ကျူးလင်၏ ကျင့်ကြံခြင်း တိုးတက်လာမှုအတွက် ပင်းကျန့်က အလွန်အမင်း ဝမ်းသာပီတိဖြစ်နေသော်လည်း သူမကမူ ကောင်းကင်ယံကို တည်ငြိမ်စွာ ကြည့်လျက် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။
ယခင်က ရွှေရောင်ချီလင်ကို ဆင့်ခေါ်ရန် သူမအနေဖြင့် စက္ကန့်အနည်းငယ်သာ လိုအပ်ခဲ့သော်လည်း ယခုမူ စက္ကန့်နှစ်ဆယ်ကျော် ကြာမြင့်သွားသော်လည်း ရွှေရောင်ချီလင်မှာ ဤကမ္ဘာလောကသို့ ဆင်းသက်ရန် ရုန်းကန်နေရဆဲ ဖြစ်ပေသည်။
သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး တွေးတောမိလိုက်ရရှာသည်။
'တစ်ယောက်ယောက်က ဒီကမ္ဘာကို အစီအရင်အတားအဆီးနဲ့ ပိတ်ဆို့ထားတာလား...'
အဆင့်မြင့်ဖုတ်ကောင်များကို ပင်းကျန့်တစ်ဦးတည်းဖြင့် ရင်ဆိုင်ရန် မလွယ်ကူတော့သည်ကို မြင်သောအခါ သူမသည် သူမ၏ လက်ညှိုးထိပ်ကို ကိုက်ကာ သွေးတစ်စက်ကို လျှပ်စီးဓာတ်အဆောင်ပြားပေါ်သို့ ခါထုတ်လိုက်လေသည်။
ရှပ်...