အခန်း ၂၉၀
Vol. 29 Ch. 290
အခန်း (၂၉၀) - ဝေ့ချီ (၂)
သွေးစက်သည် လျှပ်စီးဓာတ်အဆောင်ပြားအတွင်းသို့ ပျောက်ကွယ်သွားသည့် တစ်ခဏချင်းတွင် ကောင်းကင်ထက်မှ ကျယ်လောင်လှသော ကွဲအက်သံကြီးတစ်သံ ထွက်ပေါ်လာလေသည်။
ဂျိန်း... ဂျိန်း... ဝုန်း...
စက္ကန့်အနည်းငယ် ကြာပြီးနောက် မိုးကြိုးတိမ်တိုက်သည် ရုတ်တရက် ကွဲအက်သွားပြီး နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်သံနှင့်အတူ မရေတွက်နိုင်သော မိုးကြိုးသွားများ မြေပြင်သို့ ပစ်ချလာလေတော့သည်။
မိုးကြိုးများ ပစ်ချလိုက်ချိန်တွင် မြေကမ္ဘာကြီး တုန်ခါသွားပြီး ဝူလင်စခန်းရှိ လူတိုင်းသည် ထိုနားကွဲမတတ် အသံကြီးများကြောင့် ထိတ်လန့်တုန်လှုပ်သွားကြရရှာသည်။
သူတို့သည် ခေါင်းမော့ကြည့်လိုက်ကြရာ ခရမ်းရောင်မိုးကြိုးများမှာ ပိုမိုအားကောင်းလာပြီး ထိုပြင်းထန်သော မိုးကြိုးများ တစ်ကြိမ်ချင်း ပစ်ချလိုက်တိုင်း ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ထိတ်လန့်ဖွယ် ကောင်းလှသည်ကို မြင်တွေ့လိုက်ကြရသည်။
ဂျိန်း... ဝုန်း... ဂျိန်း... ဝုန်း... ဝုန်း...
"ဂရား..."
နောက်တစ်စက္ကန့်တွင် ခရမ်းရောင်လျှပ်စီးများ ဝန်းရံနေသည့် ခန့်ညားထည်ဝါလှသော ရွှေရောင်ချီလင်တစ်ကောင်သည် မိုးကြိုးတိမ်တိုက်ထဲမှ ပျံသန်းထွက်ပေါ်လာလေသည်။
"ဂရား... ဂရား..."
ရွှေရောင်ချီလင်သည် ဆက်တိုက်ဟိန်းဟောက်လိုက်ရာ မြေပြင်ကြီး တုန်ခါသွားပြီး ဟိန်းဟောက်သံ၏ ပြင်းထန်သော ဖိအားကြောင့် အဆင့်မြင့်ဖုတ်ကောင်များ၏ လှုပ်ရှားမှုများမှာ နှေးကွေးသွားတော့သည်။
ရွှေရောင်ချီလင်က ခေါင်းငုံ့ကြည့်လိုက်ရာ ကျူးလင်ကို မြင်သောအခါ သူ၏ ခရမ်းရောင်မျက်လုံးများမှာ တောက်ပသွားလေသည်။
ရွှေရောင်ချီလင်သည် ကျူးလင်ရှိရာသို့ ပြေးလာပြီး ပါးစပ်အကျယ်ကြီးဖွင့်ကာ ကလေးဆိုးဆန်စွာ အော်ဟစ်လိုက်တော့သည်။
"သခင်မလေး... သခင်မလေးကို အရမ်းလွမ်းနေတာ..."
သူ၏ ခန့်ညားထည်ဝါသော ရုပ်ရည်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ချွဲနွဲ့ချိုသာသော ကလေးဆိုးဆန်သည့် အသံကို ကြားရသောအခါ ပင်းကျန့်မှာ ဟန်ချက်ပျက်ပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရရှာသည်။
သူသည် ဘယ်ဘက်လက်ဖြင့် သူ၏ဘေးရှိ ဖုတ်ကောင်၏အဝတ်အစားကို အမြန်ဆွဲကိုင်ကာ ထိုဖုတ်ကောင်ကို အသုံးချ၍ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းလိုက်ပြီးနောက် ထိုဖုတ်ကောင်ကို သူ့ထံသို့ ပြေးဝင်လာနေသော အခြားဖုတ်ကောင်များဆီသို့ လွှင့်ပစ်လိုက်လေသည်။
သူ၏ဘေးပတ်ပတ်လည်ရှိ ဖုတ်ကောင်များကို ရှင်းလင်းပြီးနောက် ပင်းကျန့်သည် ရွှေရောင်ချီလင်ကို ကြည့်ကာ အော်ပြောလိုက်သည်။
"ဝေ့ချီ... မင်းက အရင်အတိုင်း ရွံစရာကောင်းနေတုန်းပဲ... အဲဒီလို ရွံစရာကောင်းတဲ့ အသံကြီးနဲ့ ပြောနေတာကို ရပ်လိုက်လို့မရဘူးလား..."
“မင်းက ချီလင်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသား ဖြစ်နေပြီးတော့ အဲဒီလိုပျော့ပျော့ဖတ်ဖတ် ပုံစံမျိုး လုပ်နေတာ မရှက်ဘူးလား..."
ထိုစကားကို ကြားသောအခါ ဝေ့ချီသည် ပင်းကျန့်ကို တစ်ချက်စောင်းငုံ့ကြည့်ကာ မထင်မဲ့မြင်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ကျူးလင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
သူမနှင့် မျက်နှာချင်းဆိုင်လိုက်သည့် တစ်ခဏချင်းတွင် သ
သူ့မျက်နှာပေါ်ရှိ မာနထောင်လွှားမှုနှင့် အေးစက်စက် အမူအရာများမှာ ပျောက်ကွယ်သွားပြီး ငိုမဲ့မဲ့ သနားစဖွယ် အမူအရာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"..."
ကျူးလင်သည် ဝေ့ချီ၏မျက်နှာပေး ပြောင်းလဲပုံမှာ အရင်ကထက်ပင် ပိုမိုကျွမ်းကျင်လာသည်ကို ကြည့်ပြီး ဆွံ့အသွားရရှာသည်။
ဝေ့ချီသည် သူမ၏ရှေ့တွင် ရပ်တန့်လိုက်ချိန်တွင် သူ၏ကြီးမားလှသော ခန္ဓာကိုယ်သည် ရုတ်တရက် လင်းထိန်သွားလေသည်။
အလင်းရောင်များ ပျောက်ကွယ်သွားသောအခါ အရပ်ရှည်ပြီး ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦးသည် ကျူးလင်၏ရှေ့တွင် ပေါ်လာတော့သည်။ သူက ပြုံးလိုက်ပြီး ချိုသာစွာ ခေါ်လိုက်သည်။
"သခင်မလေး..."
သူမက ဖက်ရန် ပြင်လိုက်သော်လည်း ကျူးလင်သည် သူ့ကို တားဆီးလိုက်ပြီး ပြောလိုက်သည်။
"ငါ့ကို ကူညီပြီး ဒီဖုတ်ကောင်တွေအကုန်လုံးကို ဖမ်းပေးပါဦး..."
သူမ၏စကားကို ကြားပြီးနောက် ဝေ့ချီသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ ပင်းကျန့်မှာ ဖုတ်ကောင်များနှင့် တိုက်ခိုက်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။ သူက ခေါင်းကို စောင်းလိုက်ပြီး မေးလိုက်သည်။
"သခင်လေး... ဒီရုပ်သေးရုပ်တွေကို ပြောတာလား..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်... ဖြစ်နိုင်ရင် သူတို့ကို မသတ်မိဖို့ သတိထားပါ... ငါ သူတို့ကို အရှင်လိုချင်လို့..."
သူ၏သခင်မသည် အဘယ်ကြောင့် ထိုရုပ်သေးရုပ်များကို လိုချင်ရသည်ကို မသိသော်လည်း ဝေ့ချီက လိမ္မာသိတတ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ... သခင်မလေး..."
ဖုတ်ကောင်များကို ပင်းကျန့်နှင့် ဝေ့ချီတို့ထံ အပ်နှံပြီးနောက် ကျူးလင်သည် သူမ၏ စိတ်အာရုံကို ဖြန့်ကျက်ပြီး ရှို့ဝူနှင့် မိန်းကလေးငယ်၏ တည်နေရာကို ရှာဖွေလိုက်သည်။
ခေတ္တမျှ ရှာဖွေပြီးနောက် သူမသည် သူတို့ရှိရာသို့ ပျံသန်းသွားလေတော့သည်။ ကျူးလင်၏ ကျောပြင်ကို ကြည့်ရင်း ဝေ့ချီသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ရရှာသည်။
သူမကို ဖက်ရန်ပင် အချိန်မရအောင် ပြုလုပ်ခဲ့သည့်သူများကို တွေးတောရင်း ဝေ့ချီသည် ဖုတ်ကောင်များကို တစ်ချက်ကြည့်လိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် စုတ်သပ်လိုက်သည်။
"တောက်..."
စက္ကန့်အနည်းငယ် ကြာပြီးနောက် ကျူးလင်သည် နောက်ဘက်မှ မြေပြင်သို့ မိုးကြိုးများ ပစ်ချသံကို ကြားလိုက်ရသည်။
သူမသည် နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် ရှေ့သို့ ဆက်လက် ပျံသန်းသွားလေသည်။
ဆယ်မိနစ်ကျော် ပျံသန်းပြီးနောက် ကျူးလင်သည် လေဓာတ်စွမ်းရည်ရှိသော ဖုတ်ကောင်တစ်ကောင်၏ ပခုံးပေါ်တွင် ထိုင်နေသည့် မိန်းကလေးငယ်တစ်ဦးကို မြင်လိုက်ရသည်။ သူတို့၏ နောက်ကွယ်တွင် ရှို့ဝူသည် ရွှေ့ပြောင်းခြင်းစွမ်းရည်ကို အသုံးပြု၍ နောက်မှ အမီလိုက်နေလေသည်။
ဖုတ်ကောင်၏ မြန်နှုန်းကို ကြည့်ခြင်းအားဖြင့် ထိုဖုတ်ကောင်သည် အနည်းဆုံး အဆင့်ရှစ် ဖုတ်ကောင်၏ စွမ်းအားမျိုး ရှိရမည်ကို ကျူးလင် သိလိုက်သည်။
သို့မဟုတ်ပါက ရှို့ဝူ၏ ရွှေ့ပြောင်းခြင်းစွမ်းရည်ဖြင့် စက္ကန့်အနည်းငယ်အတွင်း အမီလိုက်နိုင်မည်ဖြစ်သည်။ ကျူးလင်သည် ထိုမိန်းကလေးငယ်နှင့် ဖုတ်ကောင်ကို ခေတ္တမျှ စောင့်ကြည့်လေ့လာပြီးနောက် ပိုမိုမြန်ဆန်စွာ ပျံသန်းကာ ရှို့ဝူ၏အနီးသို့ အမီလိုက်သွားလိုက်တော့သည်။
နောက်ဘက်မှ သူမ၏ စွမ်းအင်လှိုင်းများ ချဉ်းကပ်လာသည်ကို ခံစားမိသောအခါ ရှို့ဝူသည် လှည့်ကြည့်လိုက်ရာ သူမက ဓားပျံပေါ်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ ကျူးလင်သည် ဘာမျှမပြောဘဲ သူ၏ထံသို့ လက်ကမ်းပေးလိုက်သည်။
ရှို့ဝူသည် သူမ ကမ်းပေးသောလက်ကို ဆွဲကိုင်ကာ ဓားပျံပေါ်သို့ ခုန်တက်လိုက်လေသည်။
ရှို့ဝူသည် သူမ၏နောက်တွင် ရပ်လိုက်ပြီး ခါးကို ဖက်ကာ ရင်ခွင်ထဲသို့ တင်းကျပ်စွာ ဆွဲသွင်းလိုက်ပြီး မေးလိုက်သည်။
"လင်အာ... ဘာလို့ ဒီကို ရောက်လာတာလဲ... ဟိုဖုတ်ကောင်တွေကရော..."
ကျူးလင်သည် ဓားပျံကို မြန်နှုန်းမြှင့်လိုက်ရင်း ပြန်ပြောလိုက်သည်။
"ကျွန်မ ဝေ့ချီကို ဆင့်ခေါ်လိုက်ပြီး ပင်းကျန့်ကို အဲဒီအဆင့်မြင့်ဖုတ်ကောင်တွေကို ကိုင်တွယ်ခိုင်းလိုက်တယ်..."
သူမ၏ နှုတ်ဖျားမှ ဝေ့ချီဟူသော အမည်ကို ကြားလိုက်ရသောအခါ ရှို့ဝူ၏ မျက်လုံးများမှာ မှောင်မိုက်သွားရရှာသည်။
သူသည် သူမ၏ခါးကို ဖက်ထားသော လက်မောင်းများကို ပိုမိုတင်းကျပ်လိုက်ပြီး တိတ်ဆိတ်သွားလေတော့သည်။
ကျူးလင်၏ စိတ်အာရုံမှာ ထိုဖုတ်ကောင်နှင့် မိန်းကလေးငယ်ကို လိုက်လံဖမ်းဆီးရန်သာ အာရုံစိုက်နေသဖြင့် သူမ ချစ်သူ၏ စိတ်ခံစားချက် ပြောင်းလဲသွားသည်ကို သတိမထားမိလိုက်ချေ။
ကျူးလင် မြန်နှုန်းမြှင့်လိုက်ပြီးနောက် ဖုတ်ကောင်နှင့် မိန်းကလေးငယ်ကို လျင်မြန်စွာ အမီလိုက်နိုင်ခဲ့သည်။ မိန်းကလေးငယ်သည် သူတို့နှစ်ဦး ဓားပျံပေါ်တွင် ရပ်လျက် အစွမ်းကုန် အမီလိုက်လာသည်ကို မြင်သောအခါ မျက်နှာပျက်သွားတော့သည်။
သူမသည် အံကို တင်းတင်းကြိတ်ကာ ကျူးလင်နှင့် ရှို့ဝူတို့ကို ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"နင်တို့က ဘယ်သူတွေမလို့လဲ... ငါ့ရဲ့ အစ်ကိုကြီးလျန်ပင်းကို သတ်ပြီးတာတောင် ငါ့နောက်ကို ဘာလို့ လိုက်နေကြသေးတာလဲ..."
ကျူးလင်နှင့် ရှို့ဝူတို့ နှစ်ဦးစလုံးက သူမ၏မေးခွန်းကို ဖြေဆိုရန် စိတ်ကူးမရှိသည်ကို မြင်သောအခါ မိန်းကလေးငယ်သည် သူမ၏ အနွေးထည်အတွင်းအိတ်ထဲမှ သေနတ်တစ်လက်ကို ထုတ်ယူကာ ကျူးလင်ဆီသို့ ပစ်ခတ်လိုက်တော့သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
ကျူးလင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ကျည်ဆန်များကို လွယ်ကူစွာ ရှောင်တိမ်းလိုက်သည်။
သူမ ပစ်လိုက်သည့်ကျည်ဆန်များ လွဲချော်သွားသည်ကို မြင်သောအခါ မိန်းကလေးငယ်သည် ပိုမိုဒေါသထွက်သွားတော့သည်။ သူမသည် ကျူးလင်ကို ထပ်မံချိန်ရွယ်ကာ မဆိုင်းမတွပင် ခလုတ်ကို ဆွဲလိုက်ပြန်သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
ကျူးလင်သည် ကျည်ဆန်များကို နောက်တစ်ကြိမ် လွယ်ကူစွာ ရှောင်တိမ်းလိုက်ပြန်သည်။ သူမ၏ တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပျက်ပြားသွားသည်ကို မြင်သောအခါ မိန်းကလေးငယ်သည် စိတ်ပေါက်ကွဲမတတ် အော်ဟစ်တော့သည်။
"အား... သေစမ်း... သေစမ်း... သေစမ်း..."
သူမ၏ စိတ်ပေါက်ကွဲမတတ် အော်ဟစ်သံနှင့်အတူ ပတ်ဝန်းကျင်၌ သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာလေတော့သည်။
ဒိုင်း... ဒိုင်း... ဒိုင်း... ချက်... ချက်...
သူမ၌ ကျည်ဆန်မရှိတော့သည်ကို သိလိုက်ရသောအခါ မိန်းကလေးငယ်သည် သေနတ်ကို လွှင့်ပစ်လိုက်လေသည်။ သူမသည် ဖုတ်ကောင်၏ဦးခေါင်းကို ပွတ်သပ်လိုက်ပြီး အဆင့်မြင့်ဖုတ်ကောင်ကို ထိန်းချုပ်ရန် သူမ၏ စိတ်ဝိညာဉ်ထိန်းချုပ်မှု စွမ်းရည်ကို အသုံးပြုလိုက်တော့သည်။