← Chapters

အခန်း ၁၀၀၁

Vol. 96 Ch. 1001

အခန်း ၁၀၀၁

Vol. 96 Ch. 1001

အခန်း (၁၀၀၁) - နှစ်တစ်ရာကြာပြီးနောက် ရွှမ်ဟွမ်ကမ္ဘာ၊ ရှေးယခင်က မရှိခဲ့ဖူးသော ကျင့်ကြံခြင်းရွှေခေတ်၊ အဓိကဇာတ်ကောင်အဖြစ် လူသားမျိုးနွယ် (၃)

"ဒါကတော့ ဟုတ်ပါတယ်... ကြွက်တစ်ကောင်လို ကြောက်တတ်တာက အပြစ်တော့ မဟုတ်ပါဘူး..."

"အရင် ရှေးဟောင်းခေတ်တုန်းက တကယ်လို့ ခင်ဗျားတို့သာ ထွက်တိုက်ခဲ့မယ်ဆိုရင် ကျင့်ကြံခြင်းလောကက ဒီလောက်အထိ သနားစရာကောင်းနေမှာ မဟုတ်ဘူး..."

"ဒါပေမဲ့ ခင်ဗျားတို့ရဲ့ တိုက်ပွဲကနေ ထွက်ပြေးမှုကြောင့်ပဲ လူသားမျိုးနွယ်က အကြီးအကျယ် ဆုံးရှုံးမှုတွေဖြစ်ခဲ့ပြီး မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့ရတာလေ..."

"တကယ်လို့ ခင်ဗျားတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်မယ်ဆိုရင် စတေးခံသွားခဲ့တဲ့ လူသားမျိုးနွယ် သူရဲကောင်းတွေကို ဘယ်လိုလုပ်ပြီး မျက်နှာပြရဲတော့မလဲ..."

"ခင်ဗျားတို့ကိုယ်ပေါ်မှာ ကံကြမ္မာအပြစ်တွေ သိပ်မရှိတာကိုပဲ ကံကောင်းတယ်လို့ မှတ်လိုက်ပါ..."

"တကယ်လို့များ ကံကြမ္မာအပြစ်တွေသာ ရစ်ပတ်နေမယ်ဆိုရင် ခင်ဗျားတို့တွေက စောစောစီးစီး ကွပ်မျက်ခံလိုက်ရလောက်ပြီ... ရွှမ်ဟွမ်တိုက်ကြီးကို လာဖို့ အခွင့်အရေးတောင် ရမှာမဟုတ်ဘူး..."

ကျောက်ယန်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

အမှန်စင်စစ်အားဖြင့် ထိုရှေးဟောင်းခေတ်မှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူအများစုမှာ ဂိုဏ်းချုပ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး အသက်ရှင်ကျန်ရစ်သူ (၁၀၀) ပင် မပြည့်တော့ပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤရှေးဟောင်းအဖိုးကြီးများထဲတွင် လူကောင်းဟူ၍ များများစားစား မရှိကြောင်းကို တွေးကြည့်နိုင်ပေသည်။

သို့သော်လည်း ကောင်းကင်ဘုံက သက်ရှိများကို ကရုဏာထားသည့်အတွက် ကံကြမ္မာအပြစ် များများစားစား မရှိကြသော ဤကျင့်ကြံသူများကို ရွှမ်ဟွမ်ဂိုဏ်းက အပြစ်များအား ပြင်ဆင်ရန် အခွင့်အရေးတစ်ခု ပေးအပ်ရန် ရည်ရွယ်ထားလေသည်။

"ခင်ဗျားတို့က ကျုပ်တို့ကို မသတ်ချင်မှတော့ ဘာလုပ်ချင်နေတာလဲ... ကျုပ်တို့ကို အကျဉ်းချထားချင်လို့လား..."

ရွှေဝါးတာအိုအရှင်နှင့် အခြားသူများက ကူကယ်ရာမဲ့စွာ မေးလိုက်ကြ၏။

သူတို့သည် ထောင်တစ်ခုထဲမှ ထွက်လာနိုင်ခါစရှိသေးရာ အခြားထောင်တစ်ခုထဲသို့ ထပ်မံရောက်ရှိသွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ကောင်းကင်ဘုံက မည်မျှ တရားမျှတမှု မရှိလိုက်ပါသနည်း။

"ဒီကိစ္စအတွက်လား... ခင်ဗျားတို့ကို အကျဉ်းချရုံသက်သက်ဆိုရင်တော့ တကယ်ကို အရမ်း သက်သာသွားလိမ့်မယ်..."

"ခင်ဗျားတို့က အလုပ်ကြမ်းလုပ်ပြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်... လက်ရှိ လူသားမျိုးနွယ်အတွက် ခွန်အားတွေ ထုတ်သုံးရမယ်..."

"သေချာတာပေါ့... ခင်ဗျားတို့က သေလောက်တဲ့အထိ အပြစ်မရှိပါဘူး... ရွှမ်ဟွမ်ဂိုဏ်းအတွက် အနှစ် (၃၀၀၀) လောက် အလုပ်အကျွေးပြုရုံနဲ့ ဒီကနေ ထွက်သွားပြီး လွတ်လပ်ခွင့် ပြန်ရနိုင်တယ်..."

ကျောက်ယန်က တိုက်ရိုက်ပင် ပြောလိုက်သည်။

"ဘာ..."

ဤစကားကို ကြားလိုက်ရချိန်တွင် ရွှေဝါးတာအိုအရှင်နှင့် အခြားသူများမှာ မျက်နှာများ စိမ်းဖန်သွားကြပြီး မည်သို့ပြောရမည်ကိုပင် မသိတော့ပေ။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများဖြစ်လင့်ကစား နှစ်ပေါင်း (၃၀၀၀) တိုင်တိုင် လွတ်လပ်ခွင့် ဆုံးရှုံးရမည်ဆိုပါက အလွန်တရာ နာကျင်ဖွယ်ကောင်းသော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ပြီး ၎င်းတို့၏ သက်တမ်းတစ်ဝက်ကျော် ကုန်ဆုံးသွားသည်နှင့် အတူတူပင် ဖြစ်နေချေပြီ။

သို့သော်လည်း သူတစ်ပါးအမိုးအောက်သို့ ရောက်နေချိန်တွင်မူ ခေါင်းမငုံ့၍ မရနိုင်ပေ။

ရက်အနည်းငယ် ကြာပြီးနောက်။

ရွှမ်ဟွမ်တိုက်ကြီး၏ တစ်နေရာတွင် ဖြစ်၏။

ဤနေရာသည် ရှေးဟောင်းကျင့်ကြံသူများကို ဖမ်းဆီးထားရာ အကျဉ်းထောင်တစ်ခု ဖြစ်လေသည်။

ရွှေဝါးတာအိုအရှင်နှင့် အခြားသူများကို ဤနေရာတွင် အကျဉ်းချထားပြီး သူတို့အပြင် အခြားသော ရှေးဟောင်း နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ရာဂဏန်းနီးပါးမျှလည်း ရှိနေသည်။

ထင်ရှားလှသည်မှာ ဤနေရာရှိ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတိုင်းက အချင်းချင်း ရင်းနှီးကျွမ်းဝင်သူများ ဖြစ်နေကြခြင်းပင်။

ရှေးဟောင်းခေတ်ကာလက သူတို့သည် အချင်းချင်း အကြိမ်ပေါင်းများစွာ ဆက်ဆံခဲ့ဖူးကြလေသည်။

"ယို့... ဒါက ရွှေဝါးတာအိုအရှင် မဟုတ်လား... ခင်ဗျားတို့လည်း အဖမ်းခံလိုက်ရတာကိုး..."

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးက ရွှေဝါးတာအိုအရှင်အား နှုတ်ဆက်လိုက်၏။

"ငွေမြွေတစ္ဆေအိုကြီးကြီး... မင်းလိုကောင်က သေတောင်မသေသေးဘူးလို့ မထင်ထားခဲ့ဘူး... ရွှမ်ဟွမ်ဂိုဏ်းက မျက်ကန်းတွေများလား... မင်းလိုမျိုး အဆိုးမြင်စရာ အပြည့်ရှိတဲ့ လူယုတ်မာတစ်ယောက်ကို ဘယ်လိုများ မမြင်ရတာလဲ..."

ရွှေဝါးတာအိုအရှင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

သူနှင့် ငွေမြွေတစ္ဆေအိုကြီးကြီးမှာ ကမ္ဘာမကြေရန်သူများဟု ဆိုနိုင်ပြီး ရှေးဟောင်းခေတ်ကာလကပင် အကြိမ်မည်မျှ တိုက်ခိုက်ခဲ့ကြသည်ကို မသိနိုင်တော့ပေ။

သို့သော်လည်း သူတို့နှစ်ဦးမှာ အင်အားချင်း မတိမ်းမယိမ်း ဖြစ်နေကြပြီး မည်သူကမျှ တစ်ဖက်လူကို အနိုင်မယူနိုင်ခဲ့ကြချေ။

မှန်ပေသည်၊ တစ်ဖက်လူက ရက်စက်ယုတ်မာသူတစ်ဦး မဟုတ်ဘဲ သီးသန့် အကျင့်ရှိသော ကျင့်ကြံသူတစ်ဦးသာ ဖြစ်ကြောင်းကို သူ သိရှိထားလေသည်။

သာမန်လူများကို ကယ်ဆယ်ခြင်း မရှိသော်ငြား သာမန်လူများကိုလည်း လုပ်ကြံသတ်ဖြတ်ခြင်း မရှိခဲ့ပေ။

အချုပ်အားဖြင့်ဆိုရသော် တစ်ဖက်လူ၏ ကိုယ်ပေါ်တွင် ကံကြမ္မာအပြစ် များများစားစား မရှိသည့်အတွက် သူသည်လည်း အသက်ရှင်ကျန်ရစ်ကာ ဤနေရာတွင် အကျဉ်းချခံရရုံသာ ဖြစ်လေသည်။

"ဟားဟား... မင်းသေရင်တောင် ငါက သေမှာမဟုတ်ဘူး..."

"ရွှမ်ဟွမ်ဂိုဏ်းက အမြင်ရှိတယ်လို့ ဆိုရမယ်... ငါက ကိုယ်ကျင့်တရားပြည့်ဝတဲ့ အစစ်အမှန် အင်မော်တယ်တစ်ပါးဆိုတာ သိလို့ ငါ့ကို မထိရဲတာနေမှာပေါ့..."

"အဲဒီလိုမှ မဟုတ်ရင် ကံကြမ္မာတွေ ဆုံးရှုံးပြီး ကောင်းကင်ဒဏ်ခတ်တာကို ခံရမှာ သေချာတယ်လေ..."

"ဒါပေမဲ့ မင်းရဲ့ လင်းယင်ဂိုဏ်းကတော့ အစုလိုက် ဖမ်းခံလိုက်ရတော့… ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားပြီလို့ ပြောလို့ရတာကိုတော့ မထင်ထားဘူး..."

ငွေမြွေတစ္ဆေအိုကြီးကြီးက လှောင်ပြောင်ကာ အလွန်အမင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။

"ချီးကို ပျက်စီးရမှာလား... ဘယ်သူက မင်းကို ပျက်စီးသွားပြီလို့ ပြောလဲ..."

"ဒီနေရာမှာ ခဏတဖြုတ် အကျဉ်းချခံထားရတာလေးကို... ပြစ်ဒဏ်ကာလ ပြီးဆုံးသွားတာနဲ့ တပြိုင်နက် ငါတို့လည်း ထွက်သွားလို့ရပြီ..."

ရွှေဝါးတာအိုအရှင်က အံကြိတ်ကာ ပြောလိုက်သည်။

ယခုအချိန်တွင် သူသည်လည်း မည်သည့်နည်းလမ်းမှ မရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ ရွှမ်ဟွမ်ဂိုဏ်းက ဩဇာအာဏာကြီးမားလွန်းလှရာ သူတို့၏ စည်းကမ်းကသာ စည်းကမ်းဖြစ်နေခဲ့ချေပြီ။

မည်သူကမျှ အလွယ်တကူ မချိုးဖောက်ရဲကြပေ။

"ကဲပါ ကဲပါ... အားလုံးက တစ်လှေတည်း စီးနေကြတဲ့သူတွေပဲ... ဘာလို့ ဒီလောက်တောင် အချင်းချင်း ရန်ဆောင်နေကြရတာလဲ..."

"တကယ်လို့ ငါတို့တွေ နောင်တစ်ချိန်ကျရင် ရှေ့ကို ဆက်လှမ်းချင်တယ်ဆိုရင် အားလုံးက အချင်းချင်း ကူညီဖေးမဖို့ လိုအပ်တယ်..."

"ဘာပဲဖြစ်ဖြစ် အခုက ခေတ်မတူတော့ဘူးလေ... ငါတို့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေက ရွှမ်ဟွမ်ကမ္ဘာမှာ အင်အားအကြီးဆုံးသူတွေမှ မဟုတ်တော့တာ..."

"ကြားရသလောက်တော့ အဲဒီရွှမ်ဟွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရွှမ်ဟွမ်ဘိုးဘေးက ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို ချင်းနင်းဝင်ရောက်တော့မယ်တဲ့..."

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးက ရွှေဝါးတာအိုအရှင်နှင့် ငွေမြွေတစ္ဆေအိုကြီးကြီးတို့ကို တားဆီးကာ ပြောလိုက်၏။

သူ၏အမည်မှာ ယွီလုံတာအိုအရှင် ဖြစ်ပြီး နတ်ဘုရားအသွင်ပြောင်းခြင်း ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။ ဤနတ်ဘုရားအသွင်ပြောင်းအဆင့် တစ္ဆေအိုကြီးကြီးများကြားတွင် သူ့ကို လေးစားယုံကြည်မှု အပြည့်အဝ ရှိကြပေသည်။

ထို့ကြောင့် သူ ဝင်ပြောလိုက်သည်နှင့် တပြိုင်နက် လူနှစ်ဦးလုံး တည်ငြိမ်သွားကြသည်။

အမှန်စင်စစ် သူတို့သည်လည်း လူမိုက်များ မဟုတ်ကြပေ။ ယခုကဲ့သို့ အကျဉ်းထောင်ထဲသို့ ကျရောက်နေချိန်တွင် အကယ်၍သာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက အားလုံးအတွက် အကျိုးကျေးဇူး ရှိမည်မဟုတ်ဘဲ အားလုံး ကြီးမားသော ဆုံးရှုံးမှုများကိုသာ ခံစားရစေမည် ဖြစ်၏။

"ယွီလုံတာအိုအရှင်... ဒီရက်ပိုင်းအတွင်း ခင်ဗျား ဘာတွေ စုံစမ်းသိရှိခဲ့တာလဲ..."

"အဲဒီရွှမ်ဟွမ်ဂိုဏ်းချုပ်က ဘယ်ကလာတဲ့သူလဲ..."

ရွှေဝါးတာအိုအရှင်က မနေနိုင်တော့ဘဲ မေးလိုက်လေသည်။

"စုံစမ်းသိရှိခဲ့ရတဲ့ သတင်းတွေကတော့ သဘာဝကျကျ အများကြီးပေါ့..."

"တကယ်တော့ ရွှမ်ဟွမ်ကမ္ဘာမှာ အပြောင်းအလဲတွေ ဖြစ်သွားတဲ့အချိန်က သိပ်မကြာသေးဘူး... အခုအချိန်အထိ နှစ်ရာဂဏန်းလောက်ပဲ ရှိသေးတယ်... အများဆုံးဆိုရင်တောင် နှစ်တစ်ထောင်ထက် မပိုဘူး..."

"ရွှမ်ဟွမ်ကမ္ဘာမှာ ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီး ကမ္ဘာသုံးခု ပေါင်းစည်းသွားရတာက တကယ်တော့ ရွှမ်ဟွမ်ဘိုးဘေးနဲ့ အများကြီး ပတ်သက်နေတယ်... ဒီကမ္ဘာကြီးရဲ့ အပြောင်းအလဲတွေက ရွှမ်ဟွမ်ဘိုးဘေးတစ်ယောက်တည်းကြောင့် ဖြစ်ပေါ်လာတာလို့တောင် ပြောလို့ရတယ်..."

ယွီလုံတာအိုအရှင်က သူ စုံစမ်းသိရှိထားသော သတင်းအချက်အလက်များကို ချက်ချင်းပင် ပြောပြလိုက်၏။

"ဒီရွှမ်ဟွမ်ဘိုးဘေးက ဘယ်လိုစွမ်းဆောင်ရည်မျိုးတွေ ရှိနေတာလဲ... ကမ္ဘာသုံးခု ပေါင်းစည်းသွားအောင်ကို သူ့တစ်ယောက်တည်းက လုပ်ဆောင်နိုင်ခဲ့တာဆိုတော့ ဒါက တကယ့်ကို ယုံကြည်နိုင်စရာ မရှိလွန်းဘူး မဟုတ်ဘူးလား..."

ရွှေဝါးတာအိုအရှင်က မယုံနိုင်စွာဖြင့် ပြောလိုက်သည်။

ဝိညာဉ်ကမ္ဘာရှိ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ၊ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများနှင့် မဟာယာနအဆင့် ကျင့်ကြံသူများပင်လျှင် ဤအချက်ကို လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ဟု သူ တွေးတောမိလေသည်။ ကမ္ဘာမြေသို့ ဆင်းသက်လာသော အစစ်အမှန် အင်မော်တယ်တစ်ပါးမှလွဲ၍ ဤအရာကို လုပ်ဆောင်နိုင်စွမ်းရှိသူ ရှိမည်မဟုတ်ပေ။

"တကယ့်ကို ယုံကြည်နိုင်စရာမရှိတာ မှန်ပေမဲ့... မဖြစ်နိုင်ဘူးလို့လည်း မဆိုနိုင်ဘူး..."

"ဘာဖြစ်လို့လဲဆိုတော့ ဒီရွှမ်ဟွမ်ဘိုးဘေးက အင်မော်တယ်တစ်ပါး ချန်ထားခဲ့တဲ့ ရတနာကို ရရှိသွားခဲ့တာ ဖြစ်နိုင်လို့ပဲ..."

"အင်မော်တယ်ရဲ့ ရတနာအကူအညီကြောင့်သာ ဒီအချက်ကို လုပ်ဆောင်နိုင်ခဲ့တာနေမှာ..."

"လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက ငါတို့ကမ္ဘာကြီးကိုယ်တိုင်က သာမန်ကမ္ဘာတစ်ခုသာဖြစ်ပြီး ကျင့်ကြံခြင်းပညာရပ်တွေတောင် မရှိခဲ့ဘူးဆိုတာ ခင်ဗျားတို့လည်း သိကြမှာပါ..."

"ဒါပေမဲ့ အင်မော်တယ်တွေ ဆင်းသက်လာပြီးနောက်ပိုင်းမှာ သာမန်လူတွေကို ကျင့်ကြံခြင်းပညာရပ်တွေ သင်ကြားပေးခဲ့ကြတယ်လေ..."

"အဲဒီအချိန်ကစပြီး ကမ္ဘာတစ်ဝန်းလုံးမှာ အမျိုးမျိုးသော အင်မော်တယ်ပညာရပ်တွေ ပျံ့နှံ့လာခဲ့တာပဲ... ငါတို့ရဲ့ မဟာဂိုဏ်းကြီးတွေအားလုံးက အင်မော်တယ်ကမ္ဘာက သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေကနေ ဆင်းသက်လာကြတာ..."

"ငါတို့ ဂိုဏ်းကြီးတွေအားလုံးက ကိုယ့်ကိုယ်ကိုယ် အင်မော်တယ်ရဲ့ မျိုးဆက်တွေလို့ ခေါ်ဝေါ်ကြပြီး အင်မော်တယ်ရဲ့ အစစ်အမှန် အမွေအနှစ်ကို ရရှိထားတယ်လို့လည်း ဆိုကြသေးတယ်လေ..."

"အင်မော်တယ် အမွေအနှစ်ဆိုတဲ့ ဂုဏ်ပုဒ်ကို လုယူဖို့အတွက် နှစ်တစ်သန်းလောက် ကြာရှည်တဲ့ တိုက်ပွဲတွေတောင် ဖြစ်ပွားခဲ့ကြသေးတယ်..."

"ဒါတောင်မှ အင်မော်တယ်တွေ တကယ်ချန်ထားရစ်ခဲ့တဲ့ ရတနာတွေကို ကျုပ်တို့ ရှာမတွေ့နိုင်ခဲ့ကြဘူး..."

ယွီလုံတာအိုအရှင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

All Chapters