အခန်း ၁၀၀၅
Vol. 96 Ch. 1005
အခန်း (၁၀၀၅) - ဖုန်းရှီးကျွန်း၏ နှစ်တစ်ရာအတွင်း အပြောင်းအလဲများ၊ လူဦးရေ သန်းသုံးသိန်း၊ အဋ္ဌမအဆင့် ဝိညာဉ်ကြော အစပျိုးခြင်း (၂)
ထိုဝိညာဉ်လျှို့ဝှက်ပညာရပ်ကို အသုံးပြုလိုက်ပါက ဝိညာဉ်မပျက်စီးစေရန် ကာကွယ်ပေးနိုင်ပြီး ပြန်လည်ဝင်စားနိုင်မည် ဖြစ်၏။
သို့သော်လည်း ပင်မခန္ဓာကိုယ် သေဆုံးသွားသည့်အချိန်တွင်သာ ထိုပညာရပ်ကို အသုံးပြုနိုင်မည် ဖြစ်လေသည်။
ထို့အပြင် တစ်သက်လုံးတွင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။
ပို၍ဆိုးသည်မှာ အောင်မြင်လိုပါက ပင်မခန္ဓာကိုယ်သည် သဘာဝအတိုင်း သေဆုံးခြင်းမဟုတ်ဘဲ အသတ်ခံရခြင်းဖြစ်မှသာ အလုပ်လုပ်မည်ဖြစ်ပြီး အကယ်၍ သက်တမ်းကုန်ဆုံး၍ သေဆုံးသွားပါက ထိုကျင့်စဉ်သည် အလုပ်လုပ်မည် မဟုတ်ပေ။
ထို့ကြောင့် ထိုကျင့်စဉ်သည် သူ၏နောက်ဆုံးအသက်ကယ် ဝှက်ဖဲလည်း ဖြစ်လေသည်။
မထင်မှတ်ဘဲ နောက်ဆုံးတွင် ထိုဝှက်ဖဲကို အသုံးပြုလိုက်ရပြီး သူ၏အသက်လေးကို ကယ်တင်နိုင်ခဲ့သည်။
ထို့အပြင် ဝင်စားမည့် ပစ်မှတ်သည်လည်း တူညီသောမျိုးနွယ်စုမှ သက်ရှိသာ ဖြစ်ရမည်ဖြစ်၏။
သူသည် အခြားမျိုးနွယ်စုများ၏ ခန္ဓာကိုယ်ထဲသို့ ဝင်စား၍ မရနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် မတူညီသော မျိုးနွယ်စုများ၏ ဝိညာဉ်များသည် အမှန်တကယ်တမ်း မတူညီကြပေ။ အကယ်၍ အခြားမျိုးနွယ်စုများ၏ ခန္ဓာကိုယ်ထဲသို့ ဝင်စားလိုက်ပါက ဝိညာဉ်နှင့် ကိုက်ညီမှုမရှိသည့် အခြေအနေဖြစ်ပေါ်လာပြီး ဆန့်ကျင်ဘက်တုံ့ပြန်မှုများ ဖြစ်ပေါ်လာကာ နောက်ဆုံးတွင် ပြန်လည်ဝင်စားခြင်း ကျရှုံးသွားမည်သာ။
သို့သော်လည်း ရလဒ်အရပြောရလျှင် နောက်ဆုံးတွင် သူ အောင်မြင်သွားခဲ့ပြီး (၁၂) နှစ်အရွယ် လူငယ်လေးတစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာခဲ့ပြီ ဖြစ်၏။
'ဒီလိုကိုး... ငါရောက်နေတဲ့နေရာက ကြယ်ကွဲပင်လယ်ထဲက ဖုန်းရှီးကျွန်းဖြစ်နေတာပဲ...'
'ဒီနေရာက ကြယ်ကွဲပင်လယ်ထဲမှာရှိတဲ့ လူသားမျိုးနွယ်တွေရဲ့ တစ်ခုတည်းသော ပိုင်နက်နယ်မြေပဲ...'
'ကြယ်ကွဲပင်လယ်ထဲမှာတောင် လူသားမျိုးနွယ်တွေရဲ့ အခွဲတစ်ခု ရှိနေမယ်လို့ တကယ်ကို မထင်ထားမိဘူး...'
'နေပါဦး... မဟုတ်သေးဘူး... ဖုန်းရှီးကျွန်းဆိုတဲ့ နာမည်က ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ... ဖုန်းရှီးမြို့တော်နဲ့များ ကြီးမားတဲ့ ပတ်သက်မှုရှိနေတာလား...'
'ဘုရားရေ... ဖုန်းရှီးကျွန်းဆိုတာ တကယ်ပဲ ဖုန်းရှီးမြို့တော်က တည်ဆောက်ထားတာပဲ... ပြီးတော့ ကြယ်ကွဲပင်လယ်ထဲမှာ တကယ်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တာပဲ...'
ထိုအချိန်တွင် ကျိုးယီသည် သူ၏ ယခုခန္ဓာကိုယ်မှ ပြီးခဲ့သော (၁၂) နှစ်တာ မှတ်ဉာဏ်များကိုလည်း ပြန်လည်ကြည့်ရှုနေလေသည်။
သူသည် ယခုရောက်ရှိနေသော နေရာမှာ နာမည်ကျော်ကြားလှသည့် ကြယ်ကွဲပင်လယ်ဖြစ်ကြောင်း ချက်ချင်းပင် သိရှိသွားခဲ့၏။
ရိုးရိုးသားသားပြောရလျှင် ထိုသို့သောနေရာမျိုးကို သူကိုယ်တိုင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည့်တိုင် မသွားရဲပေ။
အဘယ်ကြောင့်ဆိုသော် ကြယ်ကွဲပင်လယ်အတွင်း ကျဆုံးသွားခဲ့သော မဟာယာနအဆင့် ကျင့်ကြံသူများပင် ရှိခဲ့ဖူးပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများဆိုလျှင်မူ ပြောနေစရာပင် မလိုတော့သောကြောင့် ဖြစ်လေသည်။
ထို့အပြင် ချန်လုံကုန်းမြေတိုက်မှ အရင်းအမြစ်များကပင် သူ၏ကျင့်ကြံခြင်းအတွက် လုံလောက်နေပြီဖြစ်ရာ ကြယ်ကွဲပင်လယ်သို့ သွားရောက်ရန် လုံးဝမလိုအပ်ပေ။
သို့သော်လည်း ဤတစ်ကြိမ် ပြန်လည်ဝင်စားရာတွင် ထိုနာမည်ကြီးလှသော ကြယ်ကွဲပင်လယ်သို့ ရောက်ရှိလာစေခဲ့လေသည်။
ဤသည်မှာ ကံကြမ္မာ၏ အစီအစဉ်တစ်ခုသာ ဖြစ်ပေမည်။
ဖုန်းရှီးမြို့တော်ကိုလည်း သူ သဘာဝကျကျပင် ကြားဖူးလေသည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းရှီးမြို့တော်ကို တည်ထောင်ခဲ့သော ဖုန်းရှီးတာအိုအရှင်သည် နာမည်ကျော်ကြားလှသည့် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး မဟာယာနအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်အရှိဆုံး လူသားမျိုးနွယ် အမျိုးသမီးကျင့်ကြံသူဖြစ်ကာ သူမ၏ အလှအပသတင်းမှာလည်း အဝေးအထိ ပျံ့နှံ့နေသောကြောင့်ပင် ဖြစ်၏။
အခြေခံအားဖြင့် သူမကို မသိသူဟူ၍ မရှိသလောက်ပင် ဖြစ်လေသည်။
အစပိုင်းတွင် ဖုန်းရှီးတာအိုအရှင်သည် ဖုန်းရှီးမြို့တော်ကို ကြယ်ကွဲပင်လယ်သို့ ပြောင်းရွှေ့ရန် ရည်ရွယ်ထားကြောင်း ကြားလိုက်ရချိန်၌ သူ့အနေဖြင့် တစ်ဖက်လူ သေချာပေါက် သေရတော့မည်ဟု ထင်ခဲ့လေသည်။
ခေတ္တခဏ အသက်ရှင်ကျန်ရစ်နိုင်လျှင်ပင် အချိန်အကြာကြီး အသက်ရှင်နိုင်မည် မဟုတ်ပေ။
အနှေးနှင့်အမြန် ဖုန်းရှီးမြို့တော်သည် ရှုပ်ထွေးပွေလီလှသော ကြယ်ကွဲပင်လယ်အတွင်း ပျက်စီးသွားလိမ့်မည်သာ။
သို့သော်ငြား ယခုကြည့်ရသည်မှာ သူ၏စိတ်ကူးထက် ကျော်လွန်နေပုံပေါ်ပြီး တစ်ဖက်လူသည် ကြယ်ကွဲပင်လယ်အတွင်း အသက်ရှင်ကျန်ရစ်ရုံသာမက အလွန်ကောင်းမွန်စွာ ရှင်သန်နေပြီး လူသားမျိုးနွယ်၏ အရေအတွက်မှာလည်း အဆများစွာ တိုးပွားလာခဲ့လေသည်။
ယခုသူ၏ ဤခန္ဓာကိုယ်မှာ ဖုန်းရှီးကျွန်းမှ မွေးဖွားလာသော ကလေးငယ်တစ်ဦးပင် ဖြစ်လေသည်။
"ယီအာ... အခု ဘယ်လိုနေသေးလဲ... နေလို့ နည်းနည်း သက်သာသွားပြီလား..."
ထိုအချိန်တွင် ကျိုးယီ၏ ယခုခန္ဓာကိုယ်မှ မိဘများက အိပ်ခန်းထဲသို့ ဝင်လာကြပြီး ကျိုးယီကို အလွန်စိုးရိမ်တကြီး ကြည့်လိုက်ကြလေသည်။
အဘယ်ကြောင့်ဆိုသော် စောစောက ကျိုးယီသည် ရုတ်တရက် သတိလစ်မေ့မြောသွားပြီး အဖျားကြီးလာသောကြောင့်ပင်။
သူတို့က သမားတော်များခေါ်၍ ပြသသော်လည်း အကြောင်းရင်းကို မရှာတွေ့ခဲ့ပေ။
ယခု အချိန်မီ သတိပြန်လည်လာ၍သာ တော်တော့သည်။ သို့မဟုတ်ပါက သူတို့ မည်သို့လုပ်ရမည်ကိုပင် သိမည်မဟုတ်ပေ။
"အဖေ... အမေ... သား ခန္ဓာကိုယ်က ဘာမှ မဖြစ်တော့ပါဘူး... စိုးရိမ်ဖို့ မလိုပါဘူး..."
ကျိုးယီက အလိုအလျောက်ပင် ပြောလိုက်လေသည်။
ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ တစ္ဆေအိုကြီးတစ်ဦးအနေဖြင့် လူငယ်လေးတစ်ဦးအဖြစ် ဟန်ဆောင်ရခြင်းအပေါ် သဘာဝကျကျပင် စိတ်ပိုင်းဆိုင်ရာ အဟန့်အတား ဘာမှမရှိပေ။
အသက်ရှင်သန်ရန်နှင့် အရင်းအမြစ်များ ရရှိရန်အတွက် သူ မလုပ်ခဲ့ဖူးသော အရာဟူ၍ မရှိခဲ့ပေ။
အကယ်၍ ပုံမှန်မဟုတ်သော အပြုအမူများလွန်းနေပါက သူ ခန္ဓာကိုယ်ကို ဝင်ပူးထားကြောင်း တစ်စုံတစ်ယောက်က သိရှိသွားနိုင်လေသည်။
မှန်ပေသည်၊ သူသည် ခန္ဓာကိုယ်ကို ဝင်ပူးထားခြင်း မဟုတ်ဘဲ ပြန်လည်ဝင်စားလာခြင်းသာ ဖြစ်၏။
ထို့ကြောင့် ကျင့်ကြံသူများ လာရောက်၍ သူ၏ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးလျှင်ပင် မည်သည့်အပြစ်အနာအဆာကိုမှ ရှာတွေ့မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မူလကတည်းက သူ၏ခန္ဓာကိုယ် ဖြစ်သောကြောင့်ပင်။
"ဘာမှမဖြစ်တာ ကောင်းတာပေါ့... သား အခု ခန္ဓာကိုယ်က အရမ်း အားနည်းနေတယ်... ထမင်းမစားရတာလည်း ကြာပြီဆိုတော့ အပြင်ထွက်ပြီး ညစာစားလိုက်ဦးလေ..."
အဖေကျိုးက ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ အဖေ..."
ထိုစကားကိုကြားလိုက်ရချိန်တွင် ကျိုးယီက ခေါင်းညိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က အနည်းငယ် အားနည်းနေကြောင်း တကယ်ပင် ခံစားနေရပြီး ခန္ဓာကိုယ်ရှိ မူလချီစွမ်းအင်များကို ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် အစားအစာအချို့ကို စားသုံးရန် လိုအပ်နေလေသည်။
အိပ်ခန်းထဲမှ ထွက်လာပြီးနောက် ဧည့်ခန်းရှိ ထမင်းစားစားပွဲပေါ်တွင် မျက်စိကျစရာ အစားအစာများ အပြည့်အမောက် ခင်းကျင်းထားသည်ကို ချက်ချင်းပင် တွေ့လိုက်ရသည်။ မျိုးစုံသော ရှေးဟောင်းသားရဲအသားများ ရှိနေပြီး အခန်းတစ်ခုလုံးတွင် ဆွဲဆောင်မှုရှိသော ရနံ့များ ပျံ့လွင့်နေကာ မွှေးပျံ့နေလေသည်။
'ရှေးဟောင်းသားရဲအသားတွေက ဒီလောက်တောင် များနေတာလား...'
ကျိုးယီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လုံးဝ မယုံကြည်နိုင်ဖြစ်သွားလေသည်။
သူ့မိဘများ၏ ကျင့်ကြံမှုအဆင့်မှာ ရွှေအမြုတေအဆင့်သာ ဖြစ်ကြောင်း သူ အာရုံခံသိရှိနိုင်သော်လည်း စားပွဲပေါ်ရှိ ရှေးဟောင်းသားရဲအသားများသည်လည်း ရွှေအမြုတေအဆင့်များဖြစ်ပြီး အချို့မှာ ဝိညာဉ်သန္ဓေသားအဆင့်များပင် ဖြစ်နေချေသည်။
မည်သည့်အချိန်ကစ၍ လူသားမျိုးနွယ်၏ ရွှေအမြုတေအဆင့် ကျင့်ကြံသူများက ဤမျှ ဇိမ်ကျလာခဲ့ရသနည်း။ ဤသည်မှာ မည်သို့သော မိသားစုဖြစ်သနည်း။
ဤမျှ ဈေးကြီးသော ရှေးဟောင်းသားရဲအသားများကို ဝယ်နိုင်သည်ဆိုသည်မှာ တကယ်ကို စဉ်းစား၍မရနိုင်အောင်ပင်။
ရိုးရိုးသားသားပြောရလျှင် မှတ်ဉာဏ်များ ပြန်လည်ရရှိစအချိန်တွင် သူသည် စတုရန်းမီတာ (၁၀၀) သာရှိသော ခေါင်းတလားကဲ့သို့ ကျဉ်းမြောင်းသည့် အခန်းတစ်ခုအတွင်း နေထိုင်နေရကြောင်း တွေ့ရှိခဲ့ရပြီး သူ၏ယခုဘဝမှ မိဘများသည် သေချာပေါက် အလွန်ဆင်းရဲလိမ့်မည်ဟု ထင်ခဲ့လေသည်။
သူကိုယ်တိုင်လည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို စောစီးစွာ ပြုလုပ်ထားခဲ့ပြီး ဖြစ်၏။
သို့သော်လည်း မည်သူက တွေးမိမည်နည်း။ လူကို အပြင်ပန်းကြည့်၍ အကဲဖြတ်၍ မရသကဲ့သို့ ပင်လယ်ရေကိုလည်း တင်းတောင်းဖြင့် ချိန်တွယ်၍ မရနိုင်ပေ။
ဤမိသားစုက ဤမျှ ဈေးကြီးသော ရှေးဟောင်းသားရဲအသားများကို စားသုံးနိုင်နေလေသည်။
သူ၏ ယခုခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးများက ဤမျှ ပြည့်ဝနေပြီး ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံသူတစ်ဦးနှင့်ပင် ဆင်တူနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
သူ၏ယခင်ဘဝမှ ထိုအချိန်ကာလနှင့် နှိုင်းယှဉ်ပါက ခန္ဓာကိုယ်စွမ်းရည်မှာ တကယ်ကို အဆများစွာ ပိုမိုအားကောင်းနေလေသည်။
သူ၏ ခန္ဓာကိုယ်စွမ်းရည်မှာ ထိုအင်အားကြီးမားသော မျိုးနွယ်စုများ၏ မျိုးဆက်များနှင့်ပင် ဆင်တူနေကြောင်း သူ ခံစားလိုက်ရ၏။
ရိုးရိုးသားသားပြောရလျှင် သူသည်လည်း ဤခန္ဓာကိုယ်အပေါ် အလွန်ကျေနပ်မိလေသည်။
အနည်းဆုံး ရောဂါသည်တစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာရခြင်း မဟုတ်ပေ။
"ဟားဟား... ဒီနေ့ ငါတို့ ကံမဆိုးဘူးကွ..."
"ဒီနေ့ ငါတို့ ဖုန်းရှီးကျွန်းရဲ့ တံငါလှေတွေက အတော်လေး ဖမ်းမိခဲ့တယ်လေ..."
"ဒါ့အပြင် မင်းအမေက ဒီနေ့ ဆိပ်ကမ်းကို စောစောသွားခဲ့လို့ ဝိညာဉ်သန္ဓေသားအဆင့် ရှေးဟောင်းသားရဲအသားတချို့ကို ဈေးပေါပေါနဲ့ လုဝယ်လာနိုင်ခဲ့တာ..."
"ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်သေးတော့ ဒီလောက် အဆင့်မြင့်တဲ့ ရှေးဟောင်းသားရဲအသားတွေကို စားဖို့ မသင့်တော်သေးဘူး..."
"အရမ်းအားဖြစ်သွားမှာစိုးလို့ အခြေတည်အဆင့် ရှေးဟောင်းသားရဲအသား နည်းနည်းလောက် စားလိုက်ရင် ရပါပြီ..."
အဖေကျိုးက တဟားဟားရယ်မောလိုက်ပြီး ယနေ့ သူ အမှန်တကယ်ပင် အကျိုးအမြတ်ကြီးကြီး ရခဲ့သည်ဟု ခံစားနေရလေသည်။
အဘယ်ကြောင့်ဆိုသော် ဤမျှ ဈေးပေါသော ဝိညာဉ်သန္ဓေသားအဆင့် ရှေးဟောင်းသားရဲအသားကို အချိန်တိုင်း ဝယ်ယူနိုင်မည် မဟုတ်သောကြောင့်ပင်။
တံငါလှေများ အမြောက်အမြား ဖမ်းမိသည့်အချိန်တွင်သာ ဈေးပေါသော ရှေးဟောင်းသားရဲအသားများကို ဝယ်ယူနိုင်မည် ဖြစ်၏။
'ဒီလိုကိုး...'
ယခုအချိန်တွင် ကျိုးယီသည် သူ၏ယခုခန္ဓာကိုယ်မှ မှတ်ဉာဏ်အချို့ကို ထပ်မံရရှိသွားခဲ့ပြန်လေသည်။
သူသည် ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်များမှတစ်ဆင့် ဖုန်းရှီးကျွန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်အချို့ကို ရရှိခဲ့သော်လည်း နှစ်တိုင်း၏ မှတ်ဉာဏ်များကို အကုန်အစင် နားလည်ထားခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ယခင်ဘဝ၏ မှတ်ဉာဏ်များကို ယခုမှ စတင်နိုးထလာသောကြောင့်ပင် ဖြစ်၏။
ဤနေရာသစ်ကို အပြည့်အဝ ရင်းနှီးကျွမ်းဝင်လာစေရန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်နေသေးသည်။
ဤရှေးဟောင်းသားရဲအသားများ မည်သည့်နေရာမှ ရောက်လာသည်ကို သူ ချက်ချင်းပင် သိရှိသွားခဲ့၏။
မူလကတည်းက ကြယ်ကွဲပင်လယ်သည် ရှေးဟောင်းသားရဲများ၏ သုခဘုံ ဖြစ်လေသည်။
ပင်လယ်သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးနေရာများတွင် အင်အားကြီးမားသော ရှေးဟောင်းသားရဲ မည်မျှကို မွေးဖွားပေးခဲ့သည်ကိုပင် မသိနိုင်ပေ။