အခန်း ၁၀၀၇
Vol. 96 Ch. 1007
အခန်း (၁၀၀၇) - ဖုန်းရှီးကျွန်း၏ နှစ်တစ်ရာအတွင်း အပြောင်းအလဲများ၊ လူဦးရေ သန်းသုံးသိန်း၊ အဋ္ဌမအဆင့် ဝိညာဉ်ကြော အစပျိုးခြင်း (၄)
"ဒီလိုကိုး..."
ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးယီမှာ ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။ ဤသည်က အမှန်တကယ်ပင် သဘာဝတရားကို ကျော်လွန်လုမတတ် အံ့မခန်းလှသော ဒီဇိုင်းရေးဆွဲမှုတစ်ခုပင် ဖြစ်၏။
အထပ်မြင့်အဆောက်အအုံများက နေရာအသီးသီးရှိ ကောင်းကင်မြေကြီး ဝိညာဉ်ချီများကို ခွဲဝေသုံးစွဲစေမည်ဆိုသော်လည်း အစီအရင်များကို အသုံးပြုကာ အစီအရင်ပိုက်လိုင်းများမှတစ်ဆင့် အိမ်ထောင်စု ထောင်ပေါင်းများစွာထံသို့ ဝိညာဉ်ချီများကို ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းက ဝိညာဉ်ချီ အသုံးပြုမှုစွမ်းဆောင်ရည်ကို ပိုမိုမြင့်မားစေရုံသာမက အိမ်ထောင်စုတိုင်းအတွက် လုံလောက်သော ဝိညာဉ်ချီများကိုပါ ရရှိစေနိုင်မည် မဟုတ်ပါလော။
တစ်နည်းအားဖြင့် ဆိုရသော် ဤသည်မှာ ရေပိုက်လိုင်းစနစ်၏ သဘောတရားနှင့် အနည်းငယ် ဆင်တူပေသည်။ ထို့ကြောင့်သာ လူသားကျင့်ကြံသူများစွာက အထပ်မြင့်များတွင် နေထိုင်လိုကြခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူတို့နေထိုင်သောနေရာတွင် လုံလောက်သော ဝိညာဉ်ချီများ ရှိနေရန်သာ လိုအပ်လေသည်။ နေရာအကျယ်အဝန်းနှင့် ပတ်သက်၍မူ တကယ်တမ်းတွင် ထူးခြားမှု မရှိပေ။
"ဒါပေမဲ့ အဖေ... အဲ့ဒီလိုဖြစ်နေရင်တောင် ဝိညာဉ်ကြောတစ်ခုရဲ့ စုစုပေါင်း ဝိညာဉ်ချီပမာဏကလည်း ကန့်သတ်ချက် ရှိနေဦးမှာပဲ..."
"အစီအရင်တွေကတစ်ဆင့် ခွဲဝေပေးနိုင်ရင်တောင်မှလေ..."
"အချိန်တွေ ကြာလာတာနဲ့အမျှ ဝိညာဉ်ချီ မလုံလောက်တဲ့ အခြေအနေမျိုးက ပေါ်လာဦးမှာပဲ မဟုတ်ဘူးလား..."
ကျိုးယီက ဤသည်မှာ ရောဂါလက္ခဏာကိုသာ ကုသပြီး ရောဂါရင်းမြစ်ကို မကုသနိုင်သေးဟု ခံစားလိုက်ရသည်။
အိမ်ထောင်စု ထောင်ပေါင်းများစွာထံ ခွဲဝေပေးနိုင်သော်လည်း ဝိညာဉ်ချီပမာဏမှာ ဤမျှသာရှိပြီး လူဦးရေ ပိုပိုများလာသည်နှင့်အမျှ တကယ်တမ်းတွင် လူတိုင်းရရှိနိုင်သော ဝိညာဉ်ချီပမာဏမှာလည်း ပိုပို၍ နည်းပါးလာမည်ပင် ဖြစ်၏။
အနှေးနှင့်အမြန်ဆိုသလို ဖုန်းရှီးကျွန်း၏ အရင်းအမြစ်များသည် လူဦးရေ များလွန်းမှုကြောင့် ပြိုလဲသွားပေလိမ့်မည်။
မှန်ပေ၏၊ ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းမရှိသည်ကားမဟုတ် ကျွန်းအသစ်များကို တည်ဆောက်ကာ သတ္တမအဆင့် ဝိညာဉ်ကြောအသစ်များကို ရှာဖွေရန်ပင် ဖြစ်သည်။ သို့သော်လည်း ထိုသို့ပြုလုပ်ပါက လူများစွာ သေဆုံးရမည်မှာ သေချာပေ၏။ နယ်မြေသစ်များ ဖွင့်လှစ်တိုင်း လူဦးရေ အမြောက်အများကို ဆုံးရှုံးရလေ့ရှိသည်။
အမှန်တကယ်တမ်း လူသားမျိုးနွယ်၏ လူဦးရေများသာ သေဆုံးခြင်းမရှိခဲ့ပါက ယနေ့အချိန်အထိ မည်မျှများပြားနေမည်ကို သိနိုင်မည် မဟုတ်ချေ။ ဤသည်မှာ ကြယ်ကွဲပင်လယ်ရှိ လူသားမျိုးနွယ်များအတွက် မလွှဲမရှောင်သာ ဖြတ်သန်းရမည့်လမ်းဖြစ်ပြီး မည်သူကမျှ ရှောင်လွှဲနိုင်မည်မဟုတ်ဟု သူ ယူဆထားလေသည်။
"မင်းပြောတာ မှန်တယ်... တကယ်လည်း ဒီလိုပြဿနာမျိုး ရှိနေတာပဲ..."
"အရင်တုန်းကသာဆိုရင် ငါတို့လူသားမျိုးနွယ်တွေက ကျွန်းအသစ်တွေကို ဖော်ထုတ်ပြီး ဝိညာဉ်ကြောအသစ်တွေကို ရှာဖွေတာကလွဲလို့ တခြားမတတ်နိုင်ဘူး..."
"ဒါပေမဲ့ အခုတော့ မတူတော့ဘူးလေ... ဘိုးဘေးကျိုးက ငါတို့အတွက် ဖြေရှင်းမယ့် နည်းလမ်းကို ရှာတွေ့ထားပြီးပြီ..."
ကျိုးယီ၏ဖခင်က ပြုံးကာ ပြောလိုက်သည်။
"ဖြေရှင်းမယ့်နည်းလမ်း... ဘာဖြေရှင်းမယ့် နည်းလမ်းလဲ..."
ကျိုးယီတစ်ယောက် အူလည်လည်ဖြင့် မေးလိုက်ရသည်။
ဤကဲ့သို့ လူသားမျိုးနွယ်၏ ခေတ်အဆက်ဆက် ဖြေရှင်းရခက်ခဲသော ပြဿနာကြီးကို အမှန်တကယ် ဖြေရှင်းနိုင်မည့်သူ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သောကြောင့် အလွန်အမင်း အံ့ဩသွားခဲ့ချေပြီ။
အကယ်၍ ဤပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်မည်ဆိုပါက လူသားတို့၏ မြို့တော်တစ်ခုစီတွင် လက်ခံနိုင်သော လူဦးရေပမာဏမှာ သေချာပေါက် ပိုမိုတိုးတက်လာမည်ဖြစ်ပြီး လူသားမျိုးနွယ်ကလည်း လူသားကျင့်ကြံသူများကို ပိုမိုမွေးထုတ်ပေးနိုင်မည် ဖြစ်၏။ ဤသည်မှာ ရာစုနှစ်ပေါင်းများစွာအတွင်း အံ့မခန်း အောင်မြင်မှုကြီးတစ်ခုပင် မဟုတ်ပါလော။
"ဝိညာဉ်ကြောပန်းပွင့်လေ..."
"ဒါက ဘိုးဘေးကျိုး ရှာဖွေတွေ့ရှိခဲ့တဲ့ ထူးခြားတဲ့ ဝိညာဉ်ပန်းပွင့်တစ်မျိုးပဲ..."
"အဲ့ဒါက ကြီးထွားလာတာနဲ့အမျှ အသစ်စက်စက် ဝိညာဉ်ကြောတစ်ခုကို အလိုအလျောက် ဖန်တီးပေးနိုင်တယ်..."
"ဝိညာဉ်ကြောပန်းပွင့် တစ်ပွင့်စီက လွှမ်းခြုံနိုင်တဲ့ နယ်ပယ်က သိပ်မကြီးပေမဲ့ အရေအတွက် များလာရင်တော့ သူတို့ထောက်ပံ့ပေးနိုင်တဲ့ ဝိညာဉ်ချီပမာဏက အရမ်းကို အံ့ဩစရာကောင်းပြီး သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ဘယ်ဝိညာဉ်ကြောထက်မဆို နည်းနည်းလေးတောင်မှ မနိမ့်ကျဘူး..."
"ပြောကြတာတော့ အခု ဘိုးဘေးကျိုးက အဋ္ဌမအဆင့် ဝိညာဉ်ကြောပန်းပွင့် အပင်ပေါင်း (၁၀,၀ဝ၀) လောက်ကိုတောင် စိုက်ပျိုးပြီးပြီတဲ့..."
"ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ငါတို့ ဖုန်းရှီးကျွန်းရဲ့ ဝိညာဉ်ကြောက အဋ္ဌမအဆင့် ဝိညာဉ်ကြောအဖြစ် အသွင်ပြောင်းသွားနိုင်တယ်..."
"အဲ့ဒီအချိန်ကျရင် ဖုန်းရှီးကျွန်းက ဒီထက်ပိုများတဲ့ လူဦးရေကို အပြည့်အဝ လက်ခံနိုင်တော့မှာပဲ..."
ကျိုးယီ၏ဖခင်က ပြုံးလိုက်ပြီး ယခုလက်ရှိ ဖုန်းရှီးကျွန်းတွင် ဝိညာဉ်ချီမရှားပါးရခြင်း၏ အဓိကသော့ချက်မှာ ဝိညာဉ်ကြောပန်းပွင့်ကြောင့်ဖြစ်ကြောင်း ထောက်ပြလိုက်သည်။
လက်တွေ့တွင် နှစ်တစ်ရာအချိန်အတွင်း ကျိုးစွေ့သည် ဝိညာဉ်ကြောပန်းပွင့် မြောက်မြားစွာကို စိုက်ပျိုးနိုင်ခဲ့ချေပြီ။
ထို့အပြင် ဤဝိညာဉ်ကြောပန်းများကို ဖုန်းရှီးကျွန်း၏ သတ္တမအဆင့် ဝိညာဉ်ကြော မြစ်ဖျားခံရာနေရာ၌ စိုက်ပျိုးထားလေသည်။
သို့ဖြစ်ရာ ဖုန်းရှီးကျွန်းရှိ သတ္တမအဆင့် ဝိညာဉ်ကြောသည် ပိုမိုကြီးမားလှသော ဝိညာဉ်ချီများကို ထောက်ပံ့ပေးနိုင်လာခဲ့၏။
ဝိညာဉ်ချီများ စဉ်ဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ သတ္တမအဆင့် ဝိညာဉ်ကြောသည် အဋ္ဌမအဆင့် ဝိညာဉ်ကြောအဖြစ်သို့ အဆင့်တက်သွားပေမည်။
ဤသည်မှာ အရည်အသွေးပိုင်းဆိုင်ရာ အဆင့်တက်သွားခြင်းဟု ဆိုနိုင်ပေသည်။
"ဝိညာဉ်ကြောပန်း ဟုတ်လား... ကြီးထွားလာတဲ့အခါ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ဝိညာဉ်ကြောတစ်ခုလို ဖြစ်သွားတာလား..."
"ဒီကမ္ဘာပေါ်မှာ ဒီလိုထူးဆန်းတဲ့ပန်းမျိုး တကယ်ရှိနေတာပဲ... ဒါကို ဘယ်ကနေများ ရှာတွေ့ခဲ့တာလဲ..."
ကျိုးယီမှာ အလွန်တရာ အံ့ဩသွားခဲ့ပြီး သူ၏ရင်တွင်း၌ လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသည့်အလား တုန်လှုပ်သွားခဲ့ချေပြီ။
အမှန်စင်စစ်အားဖြင့် ကမ္ဘာပေါ်တွင် ဤကဲ့သို့ ထူးဆန်းသောပန်းများ တကယ်တမ်း ရှိနေမည်ဆိုပါက ဝိညာဉ်ကြောများကို ရှာဖွေနေရန် လုံးဝ လိုအပ်တော့မည် မဟုတ်ပေ။
ကျပန်းနေရာတစ်ခုကိုရှာ၍ ဝိညာဉ်ကြောပန်း အမြောက်အမြားကို စိုက်ပျိုးလိုက်ရုံဖြင့် လူလုပ်ဝိညာဉ်ကြောတစ်ခုကို ဖန်တီးနိုင်မည် မဟုတ်ပါလော။
ထိုသို့ဆိုလျှင် မည်သည့်နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ ကျင့်ကြံခြင်းကောင်းချီးမြေအဖြစ်သို့ ပြောင်းလဲပစ်နိုင်မည် မဟုတ်ပါလော။
ဤသည်က တော်လှန်ရေးတစ်ရပ်ကဲ့သို့ ကြီးမားလှသော အပြောင်းအလဲပင် ဖြစ်၏။
မှန်ပေသည်၊ ကမ္ဘာပေါ်တွင် ဤကဲ့သို့ ထူးဆန်းသောပန်းများ ပေါ်လာခြင်းသည် မဖြစ်နိုင်စရာမရှိဟု သူ တွေးတောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ကမ္ဘာသည် အမှန်တကယ်ကို ကြီးမားလွန်းလှပြီး အဆုံးအစမရှိ ကျယ်ပြောလှသောကြောင့်ပင်။
ရှေးဟောင်း မဟာယာနအဆင့် ကျင့်ကြံသူများပင်လျှင် ဝိညာဉ်ကမ္ဘာ၏ နေရာတိုင်း၊ အရာဝတ္ထုတိုင်းကို ရင်းနှီးကျွမ်းဝင်ပါသည်ဟု မပြောရဲကြပေ။
ဝိညာဉ်ကမ္ဘာ၏ ခေါင်ဖျားသော ထောင့်တစ်နေရာရာတွင် ဤကဲ့သို့ ထူးခြားသော အပင်အချို့ ပေါက်ရောက်နေခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။
ဘိုးဘေးကျိုး၏ ကံတရားက အလွန်ကောင်းမွန်လွန်းနေ၍သာ ဤမျှ ထူးခြားသောပန်းမျိုးကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်ပြီး ကောင်းကင်ဘုံက လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်ပေးနေခြင်းပင် ဖြစ်လေသည်။
ရေရှည်တွင်မူ လူသားမျိုးနွယ်၏ စွမ်းအား တိုးတက်လာမှုသည် အလွန်တရာ အံ့မခန်း ဖြစ်လာပေလိမ့်မည်။
ဤအတိုင်းသာ ဆက်သွားပါက လူသားမျိုးနွယ်တွင် အဆင့်မြင့်ကျင့်ကြံသူ မည်မျှအထိ မွေးဖွားလာမည်ကို သူ စိတ်ကူးပင် မယဉ်ဝံ့တော့ပေ။
"မပြောတတ်ဘူး... ဘိုးဘေးကျိုးက နက်နဲပြီး ခန့်မှန်းရခက်တယ်... ငါတို့ရဲ့ အခုလို ကောင်းမွန်တဲ့ နေ့ရက်တွေက ဘိုးဘေးကျိုးကို အားကိုးပြီးမှ ရလာခဲ့တာပဲ..."
"ဒါ့အပြင် ဘိုးဘေးကျိုးလို ပုဂ္ဂိုလ်ကြီးမျိုးကို ငါတို့က ခန့်မှန်းနိုင်စွမ်း မရှိဘူးလေ..."
"ဘိုးဘေးကျိုးက ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းတော့မယ်လို့ ကြားတယ်... တကယ် ဟုတ်မဟုတ်တော့ မသိဘူး..."
"တကယ်လို့ တကယ်သာဆိုရင်တော့ အရမ်းကောင်းတာပဲ..."
ကျိုးယီ၏ဖခင်က ကြီးမားသော မျှော်လင့်ချက်များဖြင့် ပြောလိုက်သည်။
သူတို့ကဲ့သို့ အောက်ခြေအဆင့် ကျင့်ကြံသူများအတွက်မူ အဆင့်မြင့်ကျင့်ကြံသူများ ပိုများလာလေ ပိုကောင်းလေဟု သဘာဝကျကျ မျှော်လင့်မိကြလေသည်။
အထူးသဖြင့် ဘိုးဘေးကျိုးကဲ့သို့ ပုဂ္ဂိုလ်ကြီးမျိုးကို ပို၍ မျှော်လင့်မိကြ၏။
ယခု လေဟာနယ်သန့်စင်ခြင်းအဆင့်နှင့်ပင် ဤမျှလောက် အံ့မခန်း ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။
ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့သာ တက်လှမ်းသွားပါက ဖုန်းရှီးကျွန်းကြီး ကောင်းကင်သို့ ပျံတက်သွားမည် မဟုတ်ပါလော။
"ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းတော့မှာလား..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျိုးယီ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့ပြီး မည်သို့ ပြောရမည်ကိုပင် မသိတော့ချေ။
အမှန်စင်စစ် သူ၏ဤခန္ဓာကိုယ်မှ မှတ်ဉာဏ်များအရဆိုလျှင် ဘိုးဘေးကျိုးဟူသည်မှာ ကလေးလူကြီးမရွေး သိကြသည့် နာမည်ကျော်ကြားလှသော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်လေသည်။
အခြေခံအားဖြင့် ဖုန်းရှီးတာအိုအရှင်မှလွဲ၍ ဒုတိယမြောက် အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်၏။
ဖုန်းရှီးကျွန်းတွင် ဤမျှ ကမ္ဘာမြေကို တုန်လှုပ်စေနိုင်လောက်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာရခြင်းမှာလည်း ဘိုးဘေးကျိုးနှင့် များစွာ ပတ်သက်ဆက်နွှယ်နေခဲ့သည်။
ကြားသိရသလောက်ဆိုလျှင် ဤသူသည် တက်လှမ်းလာသူ တစ်ဦးဖြစ်လေသည်။
ဝိညာဉ်ကမ္ဘာသို့ တက်လှမ်းလာခဲ့သည်မှာ နှစ်ရာချီမျှသာ ရှိသေးသော်လည်း သူ၏ကျင့်ကြံမှုမှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး ယခုဆိုလျှင် လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ပင် ရောက်ရှိနေခဲ့ချေပြီ။
ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ထပ်မံတက်လှမ်းသွားမည်ဆိုပါက တစ်နည်းအားဖြင့် ဆိုရသော် နှစ်တစ်ထောင်ပင် မပြည့်သေးသည့်အချိန်အတွင်း နတ်ဘုရားအသွင်ပြောင်းအဆင့်မှ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်ပေမည်။
ထိုကဲ့သို့သော ကျင့်ကြံမှုအမြန်နှုန်းသည် လူကို သေလောက်အောင် လန့်သွားစေနိုင်လောက်သည်အထိ မြန်ဆန်လွန်းလှပေသည်။
လူသားမျိုးနွယ် ဧကရာဇ်မြို့တော်တွင်သာ နေထိုင်မည်ဆိုပါက ဤသူသည် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများစွာ၏ ပစ်မှတ်ထားခြင်းကို ခံရမည်မှာ သေချာလှသည်။
လူသားဧကရာဇ်ကိုယ်တိုင်ပင် အလွန်တရာ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာမည်သာ။
သို့သော် ဖုန်းရှီးကျွန်းတွင် နေထိုင်မည်ဆိုပါက ဤသူသည် မည်သည့်အရာကိုမျှ ကြောက်ရွံ့နေရန် မလိုတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဘိုးဘေးကျိုးသည် အသန်မာဆုံးသူ ဖြစ်နေသောကြောင့်ပင်။
ထို့အပြင် ဖုန်းရှီးတာအိုအရှင်နှင့် ထိုတာအိုအရှင်တို့သည်လည်း မရှင်းမလင်းသည့် ဆက်ဆံရေးမျိုး ရှိပုံရလေသည်။