← Chapters

အခန်း ၁၀၁၀

Vol. 96 Ch. 1010

အခန်း ၁၀၁၀

Vol. 96 Ch. 1010

အခန်း (၁၀၁၀) - အိမ်ပြင်ထွက်စရာမလိုဘဲ လောကတစ်ခွင် စူးစမ်းနိုင်သော အိပ်မက်ကမ္ဘာ၊ အသိပညာများအား တိုက်ရိုက်ထည့်သွင်းပေနိုင်သော အံဖွယ် (၂)

"ခွန်ဖန်ပင်လယ်ဒေသကို ရာခိုင်နှုန်းပြည့် ပုံတူကူးယူထားတယ် ဟုတ်လား..."

"ပြောချင်တာက ကျွန်တော် အိမ်အပြင်မထွက်ရင်တောင်မှ ခွန်ဖန်ပင်လယ်ဒေသက တကယ်တမ်း ဘယ်လိုပုံစံမျိုးလဲ ဆိုတာကို သိနိုင်တယ်ပေါ့..."

ကျိုးယီက မနေနိုင်ဘဲ မေးလိုက်၏။

"မှန်တယ်... တကယ်ကို အဲဒီလိုပဲ..."

"ဒါကြောင့် ကြယ်ကွဲပင်လယ်ကို အရမ်းသိချင်နေကြတဲ့ ကျင့်ကြံသူတချို့က အိပ်မက်ကမ္ဘာရဲ့ ပင်မကမ္ဘာကို အဆက်မပြတ် စူးစမ်းလေ့လာကြတယ်..."

"အိပ်မက်ကမ္ဘာရဲ့ ပင်မကမ္ဘာကို စူးစမ်းလေ့လာခြင်းအားဖြင့် ခွန်ဖန်ပင်လယ်ဒေသက ဘယ်လိုပုံစံမျိုးလဲဆိုတာကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်နိုင်တယ်..."

"မင်းက ခွန်ဖန်ပင်လယ်ဒေသမှာရှိတဲ့ နေရာအနှံ့က ကျွန်းတွေကိုတောင် သွားလို့ရသေးတယ်..."

"ပြီးတော့ ဒီကျွန်းတွေပေါ်မှာလည်း ပုံရိပ်ယောင်ဇာတ်ကောင်တွေ အများကြီး ပေါ်လာဦးမှာ..."

"ဒီပုံရိပ်ယောင် ဇာတ်ကောင်တွေက အရမ်းကို ဉာဏ်ရည်မြင့်မားပြီး အစစ်အမှန် သက်ရှိတွေနဲ့ သိပ်မကွာဘူး..."

"အကယ်လို့ ထပ်ခါတလဲလဲ အတည်မပြုဘူးဆိုရင် ငါတောင်မှ လူအစစ်တွေလို့ ထင်မိမှာပဲ..."

"ပုံရိပ်ယောင် ဇာတ်ကောင်တွေနဲ့ စကားပြောကြည့်ခြင်းအားဖြင့် ကြယ်ကွဲပင်လယ်က သက်ရှိမျိုးနွယ်စု အသီးသီးရဲ့ စရိုက်လက္ခဏာတွေနဲ့ ကျင့်ကြံမှုအဆင့်တွေကို မင်း နားလည်သွားလိမ့်မယ်..."

"လက်တွေ့ကမ္ဘာကို ရာခိုင်နှုန်းပြည့် ပုံတူကူးယူထားတာဖြစ်လို့ လူသတ်ရတနာလုယူတဲ့ အခြေအနေတွေတောင် ပေါ်လာနိုင်ချေရှိတယ်..."

ကျိုးယီ၏ဖခင်က အလွန်တရာ ခံစားချက်ပြင်းပြစွာဖြင့် ပြောလိုက်၏။

သူသည် အိပ်မက်ကမ္ဘာ၏ ပင်မကမ္ဘာထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့စဉ်က မည်သည့်အရာက အစစ်အမှန်ဖြစ်ပြီး မည်သည့်အရာက ပုံရိပ်ယောင်ဖြစ်ကြောင်းကို လုံးဝ ခွဲခြား၍မရဘဲ အနည်းငယ်ပင် တွေဝေသွားခဲ့သေးသည်။

အမှန်စင်စစ်အားဖြင့် လက်တွေ့ကမ္ဘာနှင့် ပုံရိပ်ယောင်ကမ္ဘာကြားရှိ နယ်နိမိတ်မှာ မှုန်ဝါးနေခဲ့လေသည်။

"တကယ့် လက်တွေ့ကမ္ဘာကြီးကို ရာနှုန်းပြည့် ပုံတူကူးချနိုင်တယ်ပေါ့..."

"ဒါက တကယ်ကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ..."

ထိုစကားများကို ကြားလိုက်ရချိန်တွင် ကျိုးယီတစ်ယောက် မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ချေပြီ။

ထိုစွမ်းရည်မျိုးက အင်မော်တယ်ပညာရပ်တစ်ခုနှင့် ဆင်တူလွန်းနေသည်ကို သူ ခံစားလိုက်ရသည်။ ဤအရာသည် ဝိညာဉ်ကမ္ဘာအတွင်း၌ လုံးဝ မပေါ်လာသင့်သောအရာပင် ဖြစ်လေသည်။

ထိုအရာသည် အင်မော်တယ်များသာလျှင် ဖော်ထုတ်နိုင်မည့် စွမ်းအားဖြစ်သည်ဟု သူ ယုံကြည်ထား၏။ သို့သော်လည်း ထိုစွမ်းအားက ဝိညာဉ်ကမ္ဘာအတွင်း ထွက်ပေါ်လာခဲ့ပြီး လူသားမျိုးနွယ်၏ လက်ဝယ်သို့ ရောက်ရှိနေခြင်းက တကယ်ကို စိတ်ကူးယဉ်ရန်ပင် ခက်ခဲလွန်းလှပေသည်။

ဤသို့ လုပ်ဆောင်နိုင်ခြင်း၏ အကြောင်းရင်းမှာ သဘာဝကျကျပင် 'အိပ်မက်ဝိညာဉ်ကူ' က ခွန်ဖန်ပင်လယ်ဒေသရှိ ဝိညာဉ်များကို အစဉ်မပြတ် ဝါးမြိုနေသောကြောင့်ပင် ဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) ကာလအတွင်း ငရဲမိစ္ဆာကမ္ဘာမှ ဖန်တီးခဲ့သော ကပ်ဘေးများက ပိုမိုများပြားလာခဲ့ချေ၏။ မိစ္ဆာမျိုးနွယ်စုမှ ကျင့်ကြံသူများနှင့် ငရဲမျိုးနွယ်စုမှ ကျင့်ကြံသူ အမြောက်အမြားတို့သည် ခွန်ဖန်ပင်လယ်ဒေသအတွင်းသို့ ထွက်ခွာလာကြပြီး မီးရှို့သတ်ဖြတ် လုယက်မှုများကို ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် မျိုးနွယ်စုအသီးသီး အချင်းချင်း တိုက်ခိုက်ခဲ့ကြသောကြောင့် ဤကာလအတွင်း ခွန်ဖန်ပင်လယ်ဒေသရှိ ကျင့်ကြံသူ မရေမတွက်နိုင်အောင် သေဆုံး ဒဏ်ရာရခဲ့ကြသည်။ ထိုကျင့်ကြံသူများ၏ ဝိညာဉ်များသည် အလိုအလျောက်ပင် 'အိပ်မက်ဝိညာဉ်ကူ' ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

သူတို့ ပိုင်ဆိုင်ထားသော မှတ်ဉာဏ်များသည် အိပ်မက်ကမ္ဘာများအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကာ ပင်မကမ္ဘာတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။

ထိုပုံရိပ်ယောင် ဇာတ်ကောင်များသည်ပင်လျှင် သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိညာဉ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူတို့သည် သဘာဝကျကျပင် အလွန် ဉာဏ်ရည်မြင့်မားကြပြီး အစစ်အမှန် သက်ရှိများနှင့် များစွာကွာခြားမှု မရှိပေ။

မှန်ပေသည်၊ ထိုပုံရိပ်ယောင် ဇာတ်ကောင်များ၏ ရုပ်သွင်ကို 'အိပ်မက်ဝိညာဉ်ကူ' က ပြုပြင်ပြောင်းလဲထားသဖြင့် မူလပိုင်ရှင်များ၏ ရုပ်သွင်နှင့် တူညီနိုင်မည် မဟုတ်ပေ။

ဤသို့ဖြင့် အိပ်မက်ကမ္ဘာအတွင်းသို့ ဝင်ရောက်လာကြသော လူသားကျင့်ကြံသူများကို ပိုမို အံ့အားသင့် တုန်လှုပ်သွားစေခဲ့သည်။

မိမိကိုယ်တိုင် ခွန်ဖန်ပင်လယ်ဒေသအတွင်းသို့ အမှန်တကယ် ဝင်ရောက်သွားပြီး မျိုးနွယ်စုအသီးသီးမှ ကျင့်ကြံသူများနှင့် စကားပြောဆို ဆက်သွယ်နေရသည့်အလား ခံစားလိုက်ရသည်။

ဤအချက်ကြောင့်ပင် ဖုန်းရှီးကျွန်းမှ လူသားကျင့်ကြံသူ အများအပြားသည် အိပ်မက်ကမ္ဘာအတွင်း နေထိုင်ရသည်ကို နှစ်သက်ကြလေသည်။

အဆုံးတွင်မူ သူတို့သည် အိပ်မက်ကမ္ဘာအတွင်း၌ စိတ်ကြိုက် စွန့်စားသွားလာနိုင်ကြသည်။ ခွန်ဖန်ပင်လယ်ဒေသရှိ ကျွန်းကြီးများ၏ အခြေအနေများ၊ မျိုးနွယ်စုအသီးသီး၏ ဓလေ့ထုံးစံများနှင့် ကြီးမားသော မျိုးနွယ်စုကြီးများမှ သက်ရှိများကို တွေ့ကြုံခံစားနိုင်ကြသည်။ ထို့အပြင် မိမိကိုယ်တိုင် သေဆုံးသွားမည်ကိုလည်း စိုးရိမ်ရန် မလိုအပ်ပေ။

ဤသည်ထက် ပို၍ကောင်းမွန်သော ခရီးသွားလာမှုပုံစံဟူ၍ လုံးဝ မရှိနိုင်တော့ချေ။

"ဒါကိုတော့ ရှင်းရှင်းလင်းလင်း မသိဘူး... တကယ်လို့ သိခဲ့ရင် အင်မော်တယ်ရတနာရဲ့ စွမ်းအားလို့ ဘယ်ခေါ်တော့မလဲ..."

"ဒါပေမဲ့ တကယ်တမ်းကျတော့ ငါတို့အနေနဲ့ ဒီလောက်အများကြီး သိထားဖို့ မလိုအပ်ပါဘူး..."

"ဒီစွမ်းအားကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်နိုင်ရင် ရပြီလေ... သီအိုရီတွေ အများကြီးကို သိနေဖို့ မလိုအပ်ပါဘူး..."

အဖေကျိုးက အသာအယာ ပြောလိုက်သည်။

သူသည် အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သောကြောင့် သဘာဝကျကျပင် ဤမျှများပြားသော အချက်အလက်များကို သိရှိနားလည်ထားရန် မလိုအပ်ပေ။ အဆင့်မြင့် ကျင့်ကြံသူများပင်လျှင် ဤစွမ်းအားနှင့် ပတ်သက်၍ ဘာကိုမျှ မသိရှိကြပေ။ သူတို့ဆိုလျှင် ပို၍ပင် ပြောစရာ မလိုတော့ချေ။

"ဟုတ်ကဲ့ပါ အဖေ..."

ကျိုးယီသည်လည်း ခေါင်းညိတ်လိုက်ပြီး အပြည့်အဝ ထောက်ခံလက်ခံလိုက်၏။ ဤကမ္ဘာကြီးတွင် မသိရှိသေးသော လျှို့ဝှက်ချက်ပေါင်း များစွာရှိနေပြီး ဤတစ်ခုတည်းကသာ ထူးခြားနေမည် မဟုတ်ပေ။

ထို့အပြင် ထိုအချက်က ဤစွမ်းအားကို သူအသုံးပြုခြင်းအား အဟန့်အတား ဖြစ်စေမည် မဟုတ်ချေ။

ယခုအခါ သူသည် အလွန် စိတ်လှုပ်ရှားနေခဲ့ချေပြီ။ အကယ်၍ မိမိသည် ဤစွမ်းအားကို အကျိုးရှိရှိ အသုံးပြုနိုင်ပါက နောင်တစ်ချိန်တွင် မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာရန် အမှန်တကယ် မျှော်လင့်ချက် ရှိလာနိုင်ပေသည်။

"ဒါနဲ့ 'အိပ်မက်ဆိုးအမှတ်အသား' မှာ လူမသိသေးတဲ့ နောက်ထပ် အာနိသင်တစ်ခု ရှိသေးတယ်..."

အဖေကျိုးက ခပ်ဖွဖွ ပြုံးလိုက်၏။

"ဘယ်လို အာနိသင်မျိုးလဲ..."

ကျိုးယီသည် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"အဲဒါကတော့ အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ကို ဝင်ရောက်သိမ်းပိုက်ခြင်းကနေ ကာကွယ်ပေးနိုင်တာပဲ..."

"မင်းက အိပ်မက်ကမ္ဘာနဲ့ ပဋိညာဉ်ချုပ်ဆိုထားတဲ့အတွက် သဘာဝကျကျပဲ အိပ်မက်ကမ္ဘာရဲ့ အကာအကွယ်ကို ရရှိသွားတယ်..."

"ဒါက ကိုယ့်ရဲ့ ဝိညာဉ်ဟာ အင်မော်တယ်ရတနာရဲ့ အကာအကွယ်ကို ရရှိသွားတာနဲ့ အတူတူပဲ..."

"တကယ်လို့ မျိုးနွယ်ခြား ကျင့်ကြံသူတွေက မင်းကို ဝင်ရောက်သိမ်းပိုက်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် အဲဒါက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ..."

"အပြင်ဘက်က ကျင့်ကြံသူတွေကတောင် မင်းရဲ့ဝိညာဉ်ကို ရှာဖွေပြီး မင်းရဲ့မှတ်ဉာဏ်တွေကို ယူဆောင်သွားလို့ မရနိုင်ဘူး..."

"ဒါကြောင့် 'အိပ်မက်ဆိုးအမှတ်အသား' က အရမ်းကို အရေးကြီးတယ်... အခြေခံအားဖြင့် လူသားကျင့်ကြံသူတိုင်း ရရှိထားဖို့ လိုအပ်တယ်..."

"သူက သဘာဝအတိုင်း ဝိညာဉ်ကို ကာကွယ်ပေးနိုင်တဲ့ စွမ်းအားတစ်မျိုးပဲ..."

အဖေကျိုးက အသံကိုနှိမ့်ကာ 'အိပ်မက်ဆိုးအမှတ်အသား' ၏ ထူးခြားသော အာနိသင်တစ်မျိုးကို ရှင်းပြလိုက်လေသည်။

'ဘာ...'

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျိုးယီ၏ မျက်လုံးများအတွင်း တောက်ပသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွား၏။ ကံကောင်းထောက်မစွာဖြင့် သူသည် အသက် (၁၂) နှစ် မတိုင်မီတွင် အတိတ်ဘဝ၏ မှတ်ဉာဏ်များကို နိုးထလာနိုင်ခဲ့သည်။ သို့မဟုတ်ပါက မိမိသည် မှတ်ဉာဏ်များ နိုးထလာနိုင်မည်လား ဆိုသည်ကိုပင် တပ်အပ်ပြောနိုင်မည် မဟုတ်ချေ။

မှန်ပေ၏၊ မိမိသည် ခန္ဓာကိုယ်ကို ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်း မဟုတ်ဘဲ ပြန်လည်ဝင်စားလာခြင်းသာ ဖြစ်သည်ကို သူ မေ့လုနီးပါး ဖြစ်သွားခဲ့၏။

ထို့ကြောင့် သူသည် အတိတ်ဘဝ၏ မှတ်ဉာဏ်များကိုသာ ရရှိခဲ့ခြင်း ဖြစ်ပြီး ခန္ဓာကိုယ်ကို သိမ်းပိုက်ကာ ပြန်လည်မွေးဖွားလာခြင်း မဟုတ်ပေ။ သို့ဖြစ်၍ 'အိပ်မက်ဆိုးအမှတ်အသား' ၏ စွမ်းအားကလည်း သူ့အပေါ်တွင် ချုပ်နှောင်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း ဤစွမ်းအား၏ အရေးကြီးပုံကို သူ သိရှိထား၏။ ဝိညာဉ်ကမ္ဘာအတွင်း၌ ဝိညာဉ်များကို ဝင်ရောက်သိမ်းပိုက်နိုင်သော မကောင်းဆိုးဝါး တစ္ဆေများစွာ ရှိနေသည်ကို သိထားရပေမည်။ ဥပမာအားဖြင့် ရုပ်သေးမျိုးနွယ်စုမှာ ထိုသို့သော အရာများပင် ဖြစ်လေသည်။

သူတို့သည် ခန္ဓာကိုယ်ကို ဝင်ရောက်သိမ်းပိုက်ချိန်တွင် အသံလည်း မထွက်သလို အရိပ်အယောင်လည်း မပြသောကြောင့် ကာကွယ်ရန်မှာ အလွန် ခက်ခဲလွန်းလှသည်။ မကြာခဏဆိုသလိုပင် မသိလိုက်မသိဘာသာနှင့် လူသားမျိုးနွယ်မှ အရေးပါသော ပုဂ္ဂိုလ်အချို့မှာ အစားထိုးခံလိုက်ရလေသည်။

ရုပ်သေးမျိုးနွယ်စုသည် လူသားမျိုးနွယ်အပေါ် မည်မျှကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်ကို မည်သူမျှ မသိရှိနိုင်ပေ။

သို့သော် ယခုမူ မတူညီတော့ချေ။ 'အိပ်မက်ဆိုးအမှတ်အသား' ပေါ်ထွက်လာခြင်းက ရုပ်သေးမျိုးနွယ်စု၏ ခန္ဓာကိုယ်ဝင်ရောက်သိမ်းပိုက်ခြင်းကို အသေပိတ်ဆို့လိုက်သည်နှင့် အတူတူပင် ဖြစ်၏။

ရုပ်သေးမျိုးနွယ်စု၏ အကြီးမားဆုံးစွမ်းရည်ကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်လေသည်။ ဤသည်မှာ လူသားမျိုးနွယ်စုအတွက် အရည်အသွေးပိုင်းဆိုင်ရာ ကြီးမားသော တိုးတက်မှုတစ်ရပ်ပင် ဖြစ်ပေသည်။

နှမြောစရာကောင်းသည်မှာ အိပ်မက်ကမ္ဘာ ပေါ်ထွက်လာချိန်က နောက်ကျလွန်းနေခဲ့ခြင်းပင်။ အကယ်၍ စောစောစီးစီးသာ ပေါ်ထွက်လာခဲ့ပါက လူသားမျိုးနွယ်စုသည် ယခုထက် အဆပေါင်းများစွာ ပို၍ အင်အားကြီးမားနေနိုင်ပြီး လူသားမျိုးနွယ်မှ ပါရမီရှင်များစွာလည်း ဤမျှလောက် လုပ်ကြံသတ်ဖြတ်ခံရမည် မဟုတ်ချေ။

သို့သော် မည်သို့ပင်ဆိုစေကာမူ 'အိပ်မက်ဆိုးအမှတ်အသား' ပေါ်ထွက်လာခြင်းက အမှန်တကယ်ပင် အလွန်ကြီးမားသော အကျိုးကျေးဇူးများ ရှိနေသည်ဟု သူ ခံစားမိလေသည်။ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက်လည်း များစွာ အကျိုးရှိပေသည်။

ထို့အပြင် ယခုအချိန်မှစ၍ သူသည် 'အိပ်မက်ဆိုးအမှတ်အသား' ၏ ထောက်ခံချက်ကို ရရှိထားပြီဖြစ်ရာ နောင်တစ်ချိန်တွင် မိမိထံ၌ ထူးခြားမှုများကို ပြသလာလျှင်ပင် မိမိအား အခြားသူများက ခန္ဓာကိုယ်ကို ဝင်ရောက်သိမ်းပိုက်ထားသည်ဟု မည်သူကမျှ သံသယဝင်တော့မည် မဟုတ်ချေ။

ဤသည်က မိမိအတွက် အလွန်ကြီးမားသော အကျိုးကျေးဇူးများ ရှိနေသည် မဟုတ်ပါလော။

...

All Chapters