ဒီလိုရော ဘာလို့ မလုပ်နိုင်ရမှာလဲ…
Vol. 107 Ch. 1470
ဝမ်လင်းသည် မျက်မှောင်ကြုတ်သွား၏။ ပထမမျိုးဆက်ဟင်္သာငှက်၏ စကားလုံးများသည် သူ့စိတ်အတွင်းသို့ ဝင်ရောက်လာကာ သူ့အား ငြိမ်သက်သွားစေသည်။
“လေဟာနယ်ချိုးဖျက်ခြင်းလက်ချောင်းငါးခုဟာ လေဟာနယ်ကို ချိုးဖျက်ဖို့အတွက် စွမ်းအားတွေ စုစည်းပေးတဲ့ ဖြစ်စဉ်တစ်ခုပဲ။ ဒုတိယအဆင့်ရဲ့ အကန့်အသတ်ထိ ကျင့်ကြံမှသာ မင်းဟာ မင်းရဲ့အနှစ်သာရစွမ်းအားကို အသုံးပြုပြီး တစ်ချီတည်းနဲ့ လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်နိုင်မှာ ဖြစ်တယ်…”
“မင်းရဲ့ ကျင့်ကြံမှုဟာ အတော်လေး ဗရမ်းဗတာဆန်တယ်။ အရင်ဆုံး မင်းရဲ့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ပဲ။ ရှေးဟောင်းနတ်ဘုရား…ရှေးဟောင်းနတ်ဘုရား…ငါ့ဟင်္သာငှက်ကလန်ဝင်ဟာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး...”
ပထမမျိုးဆက်ဟင်္သာပြဒါး၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်နေသည်။ သူက သူ့ရှေ့ရှိ သွေးဓားကိုလည်း ကြည့်နေ၏။
“ဒီအဘိုးအိုဟာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကျင့်ကြံခြင်းနဲ့ ပတ်သတ်လို့ အများကြီး သိမထားဘူး။ ဒါပေမဲ့ ငါ့ခေတ်တုန်းက ရှေးဟောင်းနတ်ဘုရားတွေရဲ့ စွမ်းအားဟာ ကောင်းကင်တုန်လှုပ်ဖွယ်ရာပဲ။ အတိတ်တုန်းက ရှေးအမိန့်ယဲ့မိုဟာ ရှေးဟောင်းကောင်းကင်ဘုံအုပ်စိုးသူလောက် မသန်မာပေမယ့်လည်း ရှေးဟောင်းကောင်းကင်ဘုံအုပ်စိုးသူတောင်မှ သူ့ကို ရှိန်ခဲ့ရတယ်..."
“ရှေးအမိန့်လား…” ဝမ်လင်းသည် ပထမမျိုးဆက်ဟင်္သာငှက်ကို ကြည့်နေလျက် မင်သက်မိသွားသည်။
“အတိတ်တုန်းက ငါ့ကတိကြောင့် ငါ မင်းကို ဒီ့ထက်ပိုမပြောပြနိုင်ဘူး။ ဒါ့ကြောင့် ငါ့ကို ထပ်မမေးနဲ့တော့။ မင်း အခွင့်အရေးရှိလာခဲ့ရင် အချိန်ကာလထဲ ပျောက်ဆုံးသွားခဲ့တဲ့အဖြေကို ရှာတွေ့ချင် တွေ့နိုင်မှာပါ…” ပထမမျိုးဆက်ဟင်္သာပြဒါး၏အမူအရာသည် ဝမ်းနည်းဟန် ဖြစ်ပေါ်သည်။
“မင်းက ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ကျင့်ကြံပြီး တာအိုကို မင်းရဲ့စွမ်းအားအဖြစ် အသုံးပြုခဲ့ရင်တောင် မင်းအတွက် လေဟာနယ်ဂိတ်တံခါးကို ဖွင့်လှစ်ဖို့ ပိုလွယ်အုံးမယ်။ ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်မှာက အနှစ်သာရပါ ပိုင်ဆိုင်နေခဲ့ပြီ။ ပြီးတော့ တုန်လှုပ်ဖွယ်ကောင်းလောက်တဲ့ အနှစ်သာရငါးခု ဖြစ်နေသေးတယ်…”
“ဒါ့ကြောင့် မင်းသာ တတိယအဆင့်ကို ဝင်ရောက်ချင်ရင် အများကြီး ပိုခက်ခဲသွားပြီ။ မင်းအနှစ်သာရတွေ ပိုပိုင်ဆိုင်လေလေ ပိုခက်ခဲလေပဲ။ မင်းသာ မင်းရဲ့ အနှစ်သာရဲတွေကို စွန့်ပစ်ပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ် တတိယအဆင့်ကို မဝင်ရောက်ခဲ့ရင်ပေါ့။ ဒါမှမဟုတ် မင်းက မင်းရဲ့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်နဲ့ အနှစ်သာရလေးခုကို စွန့်ပစ်ပြီး မင်းရဲ့ ပြီးပြည့်စုံတဲ့အနှစ်သာရတစ်ခုတည်းနဲ့ တတိယအဆင့်ကို ဝင်ရောက်နိုင်တယ်…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။
“တတိယအဆင့်ဟာ အနှစ်သာရတစ်ခုကို ပြီးပြည့်စုံဖို့ လိုအပ်တယ်။ အဲ့ဒီနောက် အပူဇော်ခံမီးတောက်အကူအညီရယ်၊ တာအိုစိတ်ဝိညာဉ်တစ်ခုရယ်ကို ဝါးမြိုပြီးတဲ့နောက် တတိယအဆင့်ကို ဝင်ရောက်နိုင်မယ့် အခွင့်အရေးတစ်ခု ရှိလာပြီ။ ဒါပေမဲ့ ငါ မင်းရှိကနေ အပူဇော်ခံမီးတောက်ကို လုံးဝ မတွေ့မိဘူး…”
“မင်းဟာ အလွန်ခက်ခဲတဲ့လမ်းကြောင်းကို လျှောက်နေတာပဲ။ ဒုတိယနဲ့စတုတ္ထမျိုးဆက်ဟင်္သာပြဒါးတွေနဲ့ လုံးဝ ကွာခြားလွန်းတယ်။ ဒါ့ကြောင့် ငါ မင်းကို မကူညီပေးနိုင်ဘူး…။ ဒါပေမဲ့ ခုချိန်မှာ မင်းအတွက် ရွေးချယ်စရာတစ်ခု ရှိတယ်။ ငါ့အနေနဲ့ မင်းကို ဒီအခွင့်အရေးနဲ့ ပတ်သတ်ပြီး သေချာ စဉ်းစားကြည့်စေချင်တယ်…”
ဝမ်လင်းသည် ပထမမျိုးဆက်ဟင်္သာငှက်ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။ “ဘယ်လိုရွေးချယ်မှုမျိုးလဲ…”
“မင်းရဲ့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို လက်လွှတ်လိုက်။ မင်းရဲ့ ပြည့်စုံတယ်လို့ ထင်ရပေမယ့် ပြစ်ချက်ရှိနေတဲ့ မိုးကြိုးအနှစ်သာရကိုလည်း စွန့်ပစ်ရမယ်။ ဒါ့အပြင် မီးအနှစ်သာရကလွဲလို့ မင်းရဲ့ ကျန်တဲ့အနှစ်သာရတွေကိုလည်း လက်လွှတ်ရမယ်။ ပြီးရင် ဒီကောင်းကင်ဘုံစမ်းသပ်မှုအတွင်းမှာ နေရမယ်။ ဒါဆိုရင် ဒီအဘိုးအိုက မင်းကို နှစ်တစ်ရာအတွင်း တတိယအဆင့်ရောက်နိုင်ဖို့အတွက် ကူညီပေးမယ်…”
“အဲ့အချိန်ကစပြီး မင်းမှာ အနှစ်သာရတစ်ခုပဲ ဆက်ရှိတော့မယ်။ ဟင်္သာငှက်ရဲ့မီးပေါ့။ မင်း တတိယအဆင့်ကို ရောက်သွားတာနဲ့ ဒီအဘိုးအိုဟာ မင်းကို ဟင်္သာငှက်အဆုံးမဲ့မီးတောက်ကို သင်ပေးမယ်။ မင်းက ဒီနေရာမှာ ဒုတိယမျိုးဆက်၊ စတုတ္ထမျိုးဆက် ဟင်္သာငှက်တို့နဲ့အတူတူ အေးအေးချမ်းချမ်း ကျင့်ကြံပြီး ဒီအဘိုးအို ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်မယ့်အချိန်ထိ စောင့်နေ။ ပြီးရင် ဒီအဘိုးအိုက မင်းတို့သုံးယောက်ကို ခေါ်ပြီး ဒီနေရာကနေ ထွက်သွားမယ်…” ပထမမျိုးဆက်ဟင်္သာငှက်သည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဒီနေရာက ထွက်သွားမှာလား…” ဝမ်လင်း၏မျက်လုံးသည် လင်းလက်သွား၏။ သူက သည်စကားလုံးများနောက်၌ ဖုံးကွယ်နေသောအဓိပ္ပာယ်တစ်ချို့ ရှိနေသည်ဟု ခံစားမိရသည်။
“ဒီနေရာကနေ ထွက်သွားမှာလား…” ပထမမျိုးဆက်ဟင်္သာငှက်၏မျက်လုံးထဲ၌ အတိတ်ကိုအောက်မေ့ဟန် ဖြစ်ပေါ်လာပြီး နူးညံ့စွာ ပြောလိုက်သည်။ “ငါ လာခဲ့တဲ့လောကကို ပြန်သွားမလို့…”
ဝမ်လင်း၏စိတ်သည် တုန်ယင်သွားမိ၏။ သူသည် စကားပြောရန် ဟန်ပြင်လိုက်သည်။
“မမေးနဲ့။ ငါ မပြောနိုင်ဘူး။ ငါသာ ပြောလိုက်ရင် ငါ သေရလိမ့်မယ်။ သူတို့က တိုက်ခိုက်ချင်နေတာ။ သူတို့က လုယူချင်နေတာ။ ဒါပေမဲ့ ဒီအဘိုးအိုဟာ ပင်ပန်းနေပြီ။ ငါ မပါဝင်ချင်တော့ဘူး။ ငါ အိမ်ကို ပြန်ချင်ရုံလေးပဲ…” ပထမမျိုးဆက်ဟင်္သာငှက်၏အသံသည် ပင်ပန်းဟန်ပေါက်နေသည်။
“ငါ မင်းကို စဉ်းစားဖို့ အချိန်ပေးမယ်။ မင်း သေသေချာချာ တွေးဆဖို့ ငါ မျှော်လင့်မိပါတယ်…” ပထမဆုံးမျိုးဆက်ဟင်္သာငှက်သည် သက်ပြင်းချလိုက်မိ၏။
ဝမ်လင်း၏အသက်ရှုသံသည်ပင် အနည်းငယ်ပြင်းထန်လာ၏။ သူသည် ရုန်းကန်နေရသည်။ ပထမမျိုးဆက်ဟင်္သာငှက်၏ စကားလုံးများသည် သူ့အဖို့ အလွန်တရာ သွေးဆောင်လွန်းနေ၏။ တာအိုသခင်အိပ်မက်ပြာ၏ ကမ်းလှမ်းမှုထက်ပင် ပို၍ စွဲဆောင်နိုင်လှသည်။
တာအိုသခင်အိပ်မက်ပြာသည် ဟင်္သာငှက်ကလန်ဝင်တစ်ယောက် မဟုတ်ပေ။ စိတ်ထဲ၌ ဝမ်လင်းသည် ပထမမျိုးဆက်ဟင်္သာငှက်အပေါ် ပို၍ ယိုင်မိလေ၏။
ဝမ်လင်းက ချီတုံချတုံဟန်ဖြင့် မေးလိုက်၏။ “ဂျူနီယာသာ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်နဲ့ တခြားအနှစ်သာရတွေကို လက်လွှတ်ပြီးလို့ တတိယအဆင့်ကို ရောက်သွားခဲ့ရင် ကျနော့်ရဲ့အနှစ်သာရတွေကို ပြန်ကျင့်ကြံလို့ ရနိုင်မလား…”
“ရတာပေါ့။ တတိယအဆင့်ကျင့်ကြံသူတွေဟာ အနှစ်သာရတွေကို ကျင့်ကြံကြတယ်။ အနှစ်သာရပိုများလေလေ သူတို့ရဲ့ နားလည်မှုဟာ နက်နဲလေပဲ။ ဒီနည်းနဲ့ပဲ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ဟာ တိုးတက်လာတာ။ ဒါပေမဲ့ အနှစ်သာရအသစ်တွေဟာ ဘယ်တော့မှ အစစ်အမှန်ပြီးပြည့်စုံခြင်းကို မရောက်ဘဲ တတိယအဆင့်မှာပဲ တန့်နေလိမ့်မယ်။ ဒီလမ်းဟာ မင်းအတွက် ဘာမှ အန္တရာယ်ရှိမှာ မဟုတ်ဘူး။ ပြီးတော့ မင်းရဲ့စွဲလမ်းမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး အေးချမ်းတဲ့လမ်းကြောင်းတစ်ခုပဲ။ ဒီအဘိုးအိုဟာလည်း စွဲလမ်းမှုမီးကို ရင်ဆိုင်ခဲ့ရတယ်။ ဒီအတွက် စွဲလမ်းမှုဟာ ငါတို့လိုလူတွေအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ ငါ နားလည်တယ်…” ပထမမျိုးဆက်ဟင်္သာငှက်သည် ဝမ်လင်းကို ကြည့်နေရင်း သူ့ကိုယ်သူ ပြန်ကြည့်ရသလို ခံစားမိ၍ သူသည် သက်ပြင်းချလိုက်မိသည်။
ဝမ်လင်း၏စိတ်သည် တုန်ရီနေ၏။ သူ့အသက်ရှုသံသည် ပို၍ကြမ်းလာသည်။ သူ့ရှေ့တွင် ရွေးချယ်စရာ ရှိလာခဲ့ပေပြီ။ သူ့စိတ်အတွင်း၌ နှစ်ပေါင်းနှစ်ထောင်အတွင်း ပင်ပန်းဟိုက်မှုအသံတစ်သံ ပြည့်နှက်နေသည်။ ထိုအသံက သူ့ကို စိတ်လှုပ်ရှားဟန်အရိပ်အမြွက်ဖြင့် ခပ်တိုးတိုး ဆိုနေသည့်အလား။
“ဒီမှာနေ…”
“ဒီမှာနေ။ ဒါဆိုရင် မင်းဟာ သွေးလွှမ်းတဲ့လမ်းကို တွေ့ကြုံစရာမလိုတော့ဘူး။ အသက်အန္တရာယ်ကိုလည်း ပူပန်စရာမလိုတော့ဘူး…”
“ဒီမှာနေရင် မင်းရဲ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်နဲ့ တခြားအနှစ်သာရတွေကို စွန့်ပစ်ရရင်တောင်မှ နှစ်တစ်ရာအတွင်း တတိယအဆင့်ကို ရောက်မယ်။ တတိယအဆင့်ကို ရောက်ပြီးတဲ့အခါကျရင်လည်း မင်းအနေနဲ့ ဒီအရာတွေကို ပြန်ကျင့်ကြံနိုင်မှာ။ ဒီအနှစ်သာရတွေဟာ ပြီးပြည့်စုံမှု မရှိခဲ့ရင်တောင် တတိယအဆင့်ကိုရောက်တာနဲ့တင် ဒါက တန်နေပြီ…”
“ဒီမှာနေ….မင်းက နှစ်ပေါင်းနှစ်ထောင်လုံးလုံး ကျင့်ကြံနေခဲ့ရတာ မပင်ပန်းဘူးလား။ အသေအရှင်လမ်းတွေကို ထပ်ခါထပ်ခါ ဖြတ်လျှောက်နေရတာ မင်း မစိုးရိမ်ဘူးလား။ ဒီမှာနေ…ဒီမှာနေ…”
ဝမ်လင်းသည် အတော်လေး ဘေးကြပ်နံကြပ်စဉ်းစား ရုန်းကန်နေရသည်။ သူ့အသက်ရှုသံပင် မမှန်တော့ပေ။ သည်မျှအချိန်တိုလေးက သူ့အတွက် နှစ်ပေါင်းထောင်ချီအလားပင်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် ပထမမျိုးဆက်ဟင်္သာငှက်ကို ကြည့်လိုက်သည်။ သူက အနည်းငယ် ကြမ်းရှသောလေသံဖြင့် ပြောလိုက်သည်။ “ဘိုးဘေးက ငါတို့သုံးယောက်ကိုပဲ ခေါ်သွားပေးနိုင်မှာလား။ ငါ လူနည်းနည်းလောက်ကော ထပ်ခေါ်လို့ ရနိုင်မလား။ ဂျူနီယာ မထားခဲ့နိုင်တဲ့ မိတ်ဆွေအနည်းငယ် ရှိလို့ပါ…”
ပထမမျိုးဆက်ဟင်္သာငှက်သည် စဉ်းစားသွား၏။ ခဏအကြာတွင် သူ့အသံသည် ဤလောကတွင် ပဲ့တင်ထပ်လာသည်။
“မင်းတို့သုံးယောက်ကိုခေါ်တာဟာ ငါ့အတွက် အကန့်အသတ်ပဲ။ ထားလိုက်ပါတော့လေ။ ငါတို့ ထွက်သွားမယ့်နေ့ရောက်တဲ့အခါ ဒီအဘိုးအိုက မင်းကို နောက်ထပ်နေရာတစ်ခု ထပ်ပေးမယ်။ လူပိုများလာရင် ငါ ပြန်နိုင်စွမ်းမရှိမှာ ကြောက်မိတယ်…”
“တစ်နေရာစာ…” ဝမ်လင်း၏မျက်လုံးထဲတွင် လီမူဝမ်၏ပုံရိပ်ပေါ်လာ၏။ ထို့နောက် စစ်ထူနန်၊ ချင်းရွှေ၊ ကျိုးယုတို့ပေါ်လာသည်။ လီချန်မေလည်း ပေါ်လာသည်။ သည်နှစ်ပေါင်းနှစ်ထောင် သူ့ကျင့်ကြံမှုအတွင်း သူ တွေ့ကြုံခဲ့ရပြီး သူ့အတွက် အရေးကြီးသောသူများ၏ ပုံရိပ်များသည် သူ့စိတ်ထဲတွင် ပေါ်လာလေ၏။
“အခု ငါ့ကို ပြောပါ။ မင်းရဲ့ ရွေးချယ်မှုက ဘာလဲ…” ပထမမျိုးဆက်ဟင်္သာငှက်၏စကားများသည် ဝမ်လင်း၏စိတ်အတွင်းသို့ ဝင်ရောက်လာ၏။
သူ့စိတ်ထဲတွင် လှိုင်းထန်နေပေပြီ။ ထိုရွေးချယ်မှုသည် သူ့ကို ရုန်းကန်စေရပြီး ချီတုံချတုံ မပြတ်မသား ဖြစ်နေစေ၏။ ခဏအကြာတွင် ဝမ်လင်းက သူ့ညာလက်ကို လေဟာနယ်အတွင်းသို့ ဆန့်ထုတ်လိုက်ပြီး သူ၏ သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်လိုက်သည်။ ခေါင်းတလားတစ်ခု ဖြည်းဖြည်းချင်း ပျံသန်းထွက်လာ၏။ ထိုခေါင်းတလားအတွင်းတွင်မူ လီမူဝမ်သည် တည်ငြိမ်စွာ အိပ်ပျော်နေသည်။
“စီနီယာဟာ သူမကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်မလား…” ဝမ်လင်းသည် မော့ကြည့်နေ၏။ သူ၏မျက်လုံးတို့မှာ ချင်းချင်းနီရဲနေသည်။ သည်ရွေးချယ်မှုက သူ့အတွက် ကြမ်းတမ်းသောတိုက်ပွဲတစ်ခု ဆင်နွှဲနေရသည့်အလားပင်။
ပထမမျိုးဆက်ဟင်္သာငှက်၏စကားလုံးများသည် ပဲ့တင်ထပ်လာလေသည်။
“ဒီအဘိုးအိုက အစောကတည်းက ဒီခေါင်းတလားကို မြင်ခဲ့ပြီးပါပြီ။ ဒီအမျိုးသမီးဟာ မင်းရဲ့ စွဲလမ်းမှု ဖြစ်ရမယ်။ ဒီခေါင်းတလားကို ဂျူနီယာတစ်ယောက်က သန့်စင်မွန်းမံခဲ့တာ။ ဒါ့ကြောင့် အရင်တုန်းက ငါ ဒါကို မမြင်ဖူးခဲ့ဘူး။ ဒါပေမဲ့ ဒီခေါင်းတလားရဲ့ အကျိုးသက်ရောက်မှုကို ငါ ခံစားမိနိုင်တယ်။ ဒီအမျိုးသမီးရဲ့ သက်တမ်းဟာ အဆုံးသပ်သွားခဲ့ပြီ။ သူမရဲ့ စဦးစိတ်ဝိညာဉ်ဟာလည်း ဒဏ်ရာ ရထားသေးတယ်။ သူမဟာ သေသွားခဲ့ပြီ။ အဲ့ဒီနောက် မင်းက သူမရဲ့စဦးစိတ်ဝိညာဉ်ကို ဒီခေါင်းတလားထဲ ထည့်သွင်းခဲ့ပြီး သူမရဲ့အသွေးအသားတွေ ပြန်ဖြစ်ပေါ်လာအောင်လုပ်ခဲ့တာပဲ။ ဒါပေမဲ့ သူမရဲ့ စိတ်ဝိညာဉ်ကတော့ ပျက်စီးနေခဲ့ပြီ…”
ဝမ်လင်းသည် ခေါင်းတလားအတွင်းရှိ လီမူဝမ်ကို စိုက်ကြည့်လျက် သူ့ခန္ဓာကိုယ်သည် တုန်ရီနေလေသည်။
“ဒီခေါင်းတလားဟာ အတော်တော့ ထူးဆန်းတယ်။ ဒါက ပျက်စီးနေတဲ့ စိတ်ဝိညာဉ်ကို မကွယ်ပျောက်သွားအောင် ထိန်းထားပေးနိုင်တယ်။ မင်းသာ ဒီခေါင်းတလားကို မှန်ကန်တဲ့ထိန်းချုပ်မှုနည်းလမ်းကို ရှာနိုင်ခဲ့ရရင် မင်းအနေနဲ့ သူမရဲ့ စိတ်ဝိညာဉ်အပိုင်းအစတွေကို တစ်ခုပြီးတစ်ခု ရှာနိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းက သူမရဲ့ စိတ်ဝိညာဉ်အားလုံးကို ရှာနိုင်ခဲ့ရင်တောင်မှ ဒီအဘိုးအိုဟာ သူမကို အသက်ပြန်ရှင်အောင် မလုပ်ပေးနိုင်သေးဘူး...”
ဝမ်လင်း၏စိတ်ထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နှက်လာ၏။ သူ့မျက်လုံးပင် အရောင်ဖျော့သွားသည်။ သူသည် ခေါင်းတလားကို ကြည့်နေလျက် သူ့နှလုံးသား ဆုတ်ဖြဲခံရသည့်အလား ခံစားမိသည်။ သူ့ခန္ဓာကိုယ်တွင် နာကျင်မှု လှိုက်တက်လာ၏။
ပထမမျိုးဆက်ဟင်္သာငှက်သည် အနည်းငယ် စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒါပေမဲ့…။ ဒီအဘိုးအိုဟာ ဒါကို မလုပ်နိုင်ပေမယ့် တခြားလူတွေ မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး။ ငါ့မွေးရပ်မြေမှာတော့ သူမရဲ့ စိတ်ဝိညာဉ်ကို ပြန်ဆင့်ခေါ်ပြီး သူမကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တဲ့သူ သုံးယောက်ရှိတယ်။ သူတို့သုံးယောက်လုံးဟာ အလွန်မြင့်မားလွန်းတဲ့ အဆင့်အတန်းရှိကြတယ်။ ဒီအဘိုးအိုဟာ သူတို့ရှိကနေ အကူအညီသွားတောင်းလို့ မရနိုင်ဘူး။ ဒါပေမဲ့ မင်း စိတ်ချပါ ငါ အကောင်းဆုံး လုပ်ဆောင်ပေးမှာပါ…”
ဝမ်လင်းသည် အပေါ်သို့ မကြည့်တော့ပေ။ သူက ခေါင်းတလားထံမှ သူ့အကြည့်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်၏။ သူ့ညာလက်ဖြင့် ခေါင်းတလားကို ထိလိုက်ပြီးနောက် သူ့သိုလှောင်နေရာလွတ်အတွင်းသို့ ပြန်ထည့်သိမ်းထားလိုက်သည်။
“ဘိုးဘေးပြောတဲ့ သုံးယောက်ဟာ ဂျူနီယာ့အတွက် အလှမ်းကွာလွန်းလှပါတယ်…”
ဝမ်လင်းသည် သူ့လက်ကို ပင့်မြှောက်ကာ ပထမမျိုးဆက်ဟင်္သာငှက်ရုပ်တုကို ကြည့်လိုက်သည်။ သူ့မျက်လုံးသည် နီရဲနေသေးသော်လည်း ရုန်းကန်နေရဟန် ဆက်မရှိတော့ပေ။ ထိုအစား သူ့မျက်လုံးသည် ကြည်လင်လာကာ ပြတ်သားမှုတို့ ပြည့်လာ၏။
“ဂျူနီယာဟာ အေးအေးချမ်းချမ်း နေချင်နေပါပြီ။ ငါဟာ သေရေးရှင်ရေးအခြေအနေတွေကို ဆက်တိုက်ဖြတ်သန်း၊ ကျင့်ကြံခြင်းလောကရဲ့ လှည့်ဖြားမှုတွေကို ရင်ဆိုင်နေရတာ ပင်ပန်းလွန်းနေခဲ့ပြီ။ ငါဟာ ဒီမှာ တကယ့်ကို တေချင်တယ်။ အသက်အိုမင်းသွားတဲ့အထိကို နေချင်မိတာပါ။ ဒီလိုနေရင် ငါ့ကျင့်ကြံမှုအဆင့်ဟာလည်း တတိယအဆင့်မှာပဲ တန့်နေလိမ့်မယ်။ ဒီလိုဆိုရင်ရော ဘာဖြစ်သေးလဲ…”
ဝမ်လင်း၏မျက်လုံးသည် တောက်ပလာ၏။ သူက ဆက်ပြောသည်။ “ဂျူနီယာက ဒီလိုမနေနိုင်တာတစ်ခုပဲ။ တခြားလူတွေရဲ့ အကူအညီကို တောင်းခံရတာဟာ သူများကို မှီခိုရာ ကျပါတယ်။ ဂျူနီယာဟာ ဂျူနီယာရဲ့ ကံကြမ္မာကို တခြားလူတစ်ယောက်ယောက် ထိန်းချုပ်တာကို မနှစ်သက်ဘူး။ ငါဟာ သူတို့ရဲ့ အကူအညီကို မတောင်းတော့ဘူး။ သူတို့တောင် အဲ့အဆင့်ရောက်အောင် ကျင့်ကြံနိုင်မှတော့ ငါ ဝမ်လင်းဟာလည်း လုပ်နိုင်မှာ ဖြစ်တယ်…”
“ငါရော ဘာလို့ ဒီလို မလုပ်နိုင်ရမှာလဲ…” ထိုစကားလုံးများသည် မကျယ်လောင်ပေ။ သို့သော် သူက ထိုစကားလုံးများကို ပြောလိုက်သည့်နောက် ဖော်ပြရန်ခက်ခဲသောအားတစ်ခုက သူ့ခန္ဓာကိုယ်အတွင်း မြင့်တက်လာခဲ့ပြီး သူ့ကို တုန်လှုပ်ဖွယ်ဖိအားတစ်ခုအား ဖြစ်စေသည့်အလားပင်။
သည်စကားလုံးများသည် ဤလောကတွင် ပဲ့တင်ထပ်လာသည်။ ပထမမျိုးဆက်ဟင်္သာငှက်၏အမူအရာသည်ပင် ကျဉ်းမြောင်းသွားသည်။
“ငါ ငါ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို မစွန့်ပစ်နိုင်ဘူး။ ကျန်တဲ့အနှစ်သာရလေးခုကိုလည်း လက်မလွှတ်နိုင်ဘူး။ ဒီလမ်းကြောင်းဟာ ခက်ခဲလှတယ်ဆိုရင်တောင် ငါဟာ ဒါလမ်းကိုပဲ ဆက်သွားမယ်။ ငါဟာ ငါ့ကျင့်ကြံမှုအဆင့် ရပ်တန့်နေမှာကို ခွင့်မပြုဘူး…”
ဝမ်လင်းသည် ပထမမျိုးဆက်ဟင်္သာငှက်ကို ဦးညွတ်လိုက်ပြီးနောက် လေထဲသို့ ခုန်တက်လိုက်သည်။
“ဘိုးဘေးရဲ့ စေတနာကို ဂျူနီယာ တကယ့်ကို လက်သင့်ခံပါတယ်။ ကောင်းကင်ဘုံဒုက္ခငါးခု ဒါမှမဟုတ် လေဟာနယ်ချိုးဖျက်ခြင်းလက်ချောင်းငါးချောင်း ဘာပဲ ဖြစ်နေဖြစ်နေ ဒီအရာတွေဟာ ကျင့်ကြံသူတွေရဲ့ နားလည်မှုကြောင့် ဖြစ်လာရတာတွေပဲ။ လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ဖို့ လိုအပ်ချက်ကြောင့် ဖြစ်လာခဲ့ရတာတွေပဲ။ အဲ့ဒီတော့ ဂျူနီယာဟာလည်း ကိုယ်ပိုင်လမ်းကြောင်းကို ဘာကြောင့် မရှာနိုင်ရမှာလဲ။ ဂျူနီယာအတွက် သီးသန့်ဖြစ်တဲ့နည်းလမ်းတစ်ခုကို ဘာကြောင့် မရှာနိုင်ရမှာလဲ။ ကောင်းကင်ကို ဖုံးအုပ်နိုင်ဖို့ လက်ငါးချောင်း လိုအပ်တယ်လို့ ဘိုးဘေး ပြောဖူးတယ်။ ဒါပေမဲ့ ဂျူနီယာက ဒီကောင်းကင်ဘုံဒုက္ခအဆင့်ငါးဆင့်ကို မဖြတ်သန်းချင်ဘူး…”
“ငါ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဟာ လက်ဝါးပဲ။ ငါ့အနှစ်သာရငါးခုဟာ လက်ချောင်းတွေ ဖြစ်ကြတယ်။ ကောင်းကင်ဘုံဒုက္ခအဆင့်ငါးခု၊ လေဟာနယ်ချိုးဖျက်ခြင်းလက်ချောင်းငါးချောင်း၊ အနှစ်သာရငါးခု…သူတို့အားလုံးဟာ နာမည်သာ ကွာပေမယ့် သူတို့ရဲ့ အဓိပ္ပာယ်ဟာ အတူတူပဲ ဖြစ်လိမ့်မယ်…”
“ငါဟာ ပထမကောင်းကင်ဘုံဒုက္ခအဆင့်နဲ့တူတဲ့ အနှစ်သာရတစ်ခုကို ပြီးပြည့်စုံစေနိုင်ခဲ့ပြီး ဖြစ်တယ်။ ငါ့အနှစ်သာရငါးခု ပြီးပြည့်စုံသွားတာနဲ့ ငါဟာ ပဥ္စမကောင်းကင်ဘုံဒုက္ခအထွတ်အထိပ်အဆင့်ကို ရောက်သွားတာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်။ ဒါဆိုရင် ငါဟာ ငါ့ကိုယ်ပိုင်လမ်းကြောင်းနဲ့ လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်နိုင်မှာ…”
***