အခန်း ၁၄၂
Vol. 15 Ch. 142
အခန်း ၁၄၂ - ဒါကိုပဲ ကံကောင်းခြင်းလို့ ခေါ်တာလား။
ယဲ့ချန်သည် အိမ်ထဲမှ ထွက်လာခဲ့သည်။
ယနေ့မှစ၍ သူသည် ရင့်ကျက်သော အမျိုးသားတစ်ယောက် ဖြစ်သွားပြီဟု မိမိကိုယ်ကို ပြောလိုက်မိသည်။
သို့သော်လည်း မနေ့ညက အတွေ့အကြုံကို ပြန်လည် စဉ်းစားမိသောအခါ သူ အနည်းငယ်ပင် ရှက်ရွံ့နေသေးသည်။ စစချင်းတုန်းက ယဲ့ချန်သည် ပစ်မှတ်ကို ရှာမတွေ့သော အတွေ့အကြုံမရှိသည့် လူသစ်ကလေးတစ်ယောက်ကဲ့သို့ပင်။ ယဲ့ချန်၏ ချိုမြိန်သော အမှတ်ရစရာများကို ဖုန်းမြည်သံက ဖြတ်တောက်လိုက်တော့သည်။
လင်းယွီရှီး ဆက်သော ဖုန်းဖြစ်၏။
“ယွီရှီး…”
ယဲ့ချန် ဖုန်းကို ကိုင်လိုက်သည်။
“ယဲ့ချန်… ဒီနေ့ ကျောင်းလာမှာလား။”
လင်းယွီရှီးက အပြုံးလေးဖြင့် မေးလိုက်သည်။
“ယွီရှီး… နင် ကျောင်း ရောက်နေပြီလား။”
သူ အတန်းတက်သည်ဖြစ်စေ.မတက်သည်ဖြစ်စေ ကိစ္စမရှိပေ။ ယဲ့ချန်သည် ပရိဘောဂ အပြည့်အစုံ ပါဝင်သော ရေကန်ဘေး ဗီလာနှစ်လုံး ဝယ်ယူထားခဲ့ပြီး အိမ်သော့များလည်း မကြာမီ သူ့လက်ထဲ ရောက်ရှိတော့မည် ဖြစ်ရာ လင်းယွီရှီး၏ မိဘများအတွက် ဗီလာတစ်လုံး ပေးမည့်အကြောင်းကို သူမနှင့် သွားရောက် စကားပြောရန် စိတ်ကူးထားခဲ့သည်။
‘အင်း… နောက်နေ့ကျရင် အစ်မယွီ နေဖို့အတွက် နောက်တစ်လုံး ထပ်ဝယ်ရမယ်။’
“ငါ ကျောင်းတံခါးဝနားက ခေါက်ဆွဲဆိုင်မှာ ရောက်နေတာ… ယဲ့ချန်… နင် မနက်စာ စားပြီးပြီလား။ ကျောင်းလာမယ်ဆိုရင် ငါ နင့်အတွက် ခေါက်ဆွဲတစ်ပန်းကန် မှာပေးထားမယ်။”
လင်းယွီရှီး၏ အသံမှာ တော်တော်လေး နူးညံ့ပြီး နက်ရှိုင်းသော သံယောဇဉ်များ ပြည့်နှက်နေခဲ့သည်။
“ကောင်းပြီလေ… အမဲသားခေါက်ဆွဲ ပွဲကြီးတစ်ပွဲ မှာပေးပါ။”
“ငါ အားအင်တွေ ပြန်ဖြည့်ဖို့ လိုတယ်။”
သူ ကျောင်းသို့ ကားမောင်းထွက်လာခဲ့သည်။
ယဲ့ချန်၏ ကားသည် ကျောင်းတံခါးမကြီးဆီသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှေ့တွင် လူအများအပြား စုဝေးကာ ပြဿနာကို ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ အချို့မှာ တော်တော်လေး စိတ်လှုပ်ရှားနေကြသည်။
“မနက်စောစောစီးစီး ဘာလို့ ရန်ဖြစ်နေကြတာလဲ။”
ယဲ့ချန် ခဏရပ်လိုက်ပြီး သေချာ ကြည့်လိုက်ရာခေါက်ဆွဲဆိုင်ဖြစ်နေခဲ့သည်။
ဒါ ယွီရှီး ပြောခဲ့တဲ့ ခေါက်ဆွဲဆိုင် မဟုတ်ဘူးလား။
ယဲ့ချန် ကားကို ရပ်လိုက်ပြီး ချက်ချင်း အပြေးအလွှား သွားလိုက်သည်။
လူအုပ်ကို တိုးဝှေ့ဝင်ရောက်လိုက်ရာ သူ တွေ့လိုက်ရသည်မှာ ညဝတ်အင်္ကျီ ဝတ်ထားသော တုတ်တုတ်ခိုင်ခိုင် ဆံပင်တိုတိုနှင့် အမျိုးသမီးတစ်ယောက်သည် အနည်းဆုံး တစ်မီတာခန့် မြင့်သော Rottweiler ခွေးတစ်ကောင်ကို လက်တစ်ဖက်မှ ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် မိန်းကလေးတစ်ယောက်ကို ထောက်ကာ ကျယ်လောင်စွာ ဆဲဆိုနေခဲ့သည်။
“ကောင်မစုတ် နင် ဘာလို့ ငါ့ခွေးကို ခြောက်ထုတ်တာလဲ။”
ဆံပင်တိုနှင့် အမျိုးသမီး၏ အသံမှာ လမ်းပေါ်တွင် ဆဲဆိုနေသော စိတ်ရောဂါသည်ကဲ့သို့ လွန်စွာ ကျယ်လောင်ပြီး သူမ၏ မျက်နှာမှာ ရိုင်းစိုင်းမှုများဖြင့် တွန့်လိမ်နေကာ သူမ၏ အမူအရာမှာ ခက်ထန်၍ ရဲတင်းလွန်းလှသည်။
ဆံပင်တိုနှင့် အမျိုးသမီး ကိုင်ထားသောခွေး၏ မျက်လုံးများမှာ သွေးကဲ့သို့ ရဲနီနေပြီး ရက်စက်သော ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ယင်း၏ ကျောမှာ ဝပ်နေသော ကျားတစ်ကောင်ကဲ့သို့ ကုန်းနေပြီး နားရွက်များမှာ ဓားထက်ထက်ကဲ့သို့ မိုးပေါ်သို့ ထောင်နေကာ ကြောက်ရွံ့၍ တုန်လှုပ်နေသော မိန်းကလေးအပေါ်သို့ ခုန်အုပ်ရန် ကြိုးစားရင်း ဟောင်နေခဲ့သည်။
ဆံပင်တိုနှင့် အမျိုးသမီးက ကြိုးကို ကိုင်မထားပါက ထိုကြောက်စရာကောင်းသော ခွေးသည် မိန်းကလေးအား လဲကျအောင် တိုက်လှဲပြီး ရက်စက်စွာ ကိုက်ခဲနေလောက်ပြီ ဖြစ်သည်။
ထိုမိန်းကလေးမှာ အခြားသူ မဟုတ်ဘဲ လင်းယွီရှီး ဖြစ်နေခဲ့သည်။
‘မဟုတ်မှလွဲရော ယွီရှီး အနိုင်ကျင့်ခံနေရတာလား။’
ယဲ့ချန်၏ ရင်ထဲတွင် ဒေါသများ ချက်ချင်း ထောက်လောင်သွားခဲ့သည်။ သူ လင်းယွီရှီး၏ စိတ်ဓာတ်ကို သိသည်။ သူမသည် သိုးငယ်လေးတစ်ကောင်ကဲ့သို့ နူးညံ့သူ ဖြစ်သည်။
ဆင်းရဲသော နောက်ခံကြောင့် သူမသည် အနည်းငယ် ကြောက်ရွံ့တတ်ပြီး ကိစ္စတစ်ခုခု ဖြစ်ပါက အမြဲတမ်း သည်းခံတတ်ကာ အခက်အခဲများကိုပင် အလျှော့ပေးတတ်သူ ဖြစ်သည်။
သူမသည် မည်သူ့ကိုမျှ စတင် ပြဿနာရှာမည် မဟုတ်ပေ။ ထိုကဲ့သို့ ရိုင်းစိုင်းသော အရူးမကိုမူ ပို၍ပင် ပြဿနာရှာမည် မဟုတ်ပေ။
‘စကားတောင် မပြောနိုင်တော့ဘူး။ ငါ ဒီနေ့ ကံကောင်းစေတဲ့ အဆောင်ကို လောင်ကျွမ်းခဲ့တာ ဘာလို့ မနက်စောစောစီးစီး ဒီလို ကံဆိုးတာနဲ့ အရင် ကြုံနေရတာလဲ… ဒီအဆောင်က အတုများလား။’
“ယွီရှီး… ဘာဖြစ်တာလဲ။”
ယဲ့ချန်သည် လင်းယွီရှီး၏ ဘေးသို့ အမြန် ပြေးသွားလိုက်သည်။
“ယဲ့ချန်…”
လင်းယွီရှီးသည် ငိုယိုနေခဲ့ပြီး သူမ၏ လှပသော မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေသေးကာ သူမ၏ ခန္ဓာကိုယ်မှာ မထိန်းနိုင်ဘဲ တုန်လှုပ်နေခဲ့သည်။
သိသာစွာပင် သူမ တော်တော်လေးကြောက်လန့်သွားခဲ့ခြင်း ဖြစ်သည်။
“မကြောက်ပါနဲ့ ဘာဖြစ်တာလဲဆိုတာ ငါ့ကို ပြော။”
ယဲ့ချန်က လင်းယွီရှီး၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
“ယဲ့ချန်… ငါ တကယ် ပြဿနာမရှာခဲ့ပါဘူး… ငါ ခေါက်ဆွဲဆိုင်ထဲမှာ ခေါက်ဆွဲ စားနေတာ အဲဒီနောက် သူမက သူမရဲ့ ခွေးနဲ့အတူ ဝင်လာပြီး ငါ့ဘေးက စာပွဲမှာ ထိုင်တာ။”
လင်းယွီရှီးက မျက်ရည်များကို သုတ်ရင်း ပြောလိုက်၏။
“သူမရဲ့ ခွေးက အရမ်း ကြောက်စရာကောင်းလို့ ငါ တကယ် ကြောက်သွားခဲ့တာ ပေမဲ့ ငါ ဘာမှ မပြောခဲ့ပါဘူး။ ဒါပေမဲ့… အဲဒီခွေးက ငါ့ပေါ်ကို ရုတ်တရက် ခုန်အုပ်လာလို့… ငါ စိတ်လိုက်မာန်ပါ တူကို ပစ်ပေါက်ပြီး ခြောက်ထုတ်လိုက်တာ… အဲဒီနောက်… အဲဒီနောက် သူမက ငါ့ကို ဆက်တိုက် ဆဲဆိုနေတော့တာပဲ…”
“နင့်အမေကို ပစ်ပေါက်လိုက်.ကောင်မစုတ် ငါ့ခွေးက နင့်ကို ကိုက်လို့လား။”
ဆံပင်တိုနှင့် အမျိုးသမီးက ဆဲဆိုလိုက်သည်။
“ဘာစောက်ပြဿနာလဲ ငါ့ခွေးက ဘယ်တော့မှ လူကို မကိုက်ဘူး နင် ဘာလို့ ငါ့ခွေးကို တူနဲ့ ပစ်တာလဲ။”
“သူ ကိုက်မကိုက် ငါမှ မသိတာ… ပြီးတော့ ငါ သူ့ကို ထိအောင်တောင် မပေါက်ခဲ့ပါဘူး…”
လင်းယွီရှီးက ငိုလိုက်သည်။
“နင် အကြောင်းပြချက် မရှိဘဲ ရမ်းကားနေတာ မဟုတ်ဘူးလား။”
“ငါ့ ခွေး က လူ မ ကိုက် ဘူး နင် နားလည်လား။ ကောင်မစုတ်။”
ဆံပင်တိုနှင့် အမျိုးသမီးက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ ခွေးသည်လည်း ယင်း၏ လည်ချောင်းထဲမှ ကြောက်စရာကောင်းသော အသံများကို ထုတ်ယူကာ ပိုင်ရှင်၏ အားပေးမှုဖြင့် ကြမ်းကြုတ်စွာ ပြုမူနေခဲ့သည်။
သွားများကို စိထားပြီး မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်နေကာ အမြီးကို ကြာပွတ်ကဲ့သို့ ယမ်းနေခဲ့သည်။ ဒါဟာ တိုက်ခိုက်တော့မည့် ပုံစံ ဖြစ်သည်။
ဘေးမှ ကြည့်နေသူများလည်း သူတို့အချင်းချင်း ဆွေးနွေးနေကြသည်။
“မကြာသေးမီက အွန်လိုင်းမှာ ကြမ်းကြုတ်တဲ့ ခွေးတွေ လူကို အန္တရာယ်ပြုတဲ့ သတင်းတွေ အများကြီး ထွက်နေတာ။ ဒီခွေးပိုင်ရှင်တွေ အထူးသဖြင့် ရန်လိုတဲ့ ခွေးကြီးတွေ ပိုင်တဲ့သူတွေ ပိုပြီး သတိထားသင့်တယ်။”
“သူမက အရမ်း အရမ်း ရဲတင်းလွန်းတယ်။ သူမရဲ့ ခွေးက လူကို မကိုက်ခဲ့ရင်တောင် ဒီလို မိန်းကလေးငယ်လေးကို ဆဲဆိုနေစရာ မလိုပါဘူး။”
“သူမရဲ့ အရည်အသွေးက တကယ်ကို အမှိုက်ပဲ။”
“ငါ ဒီမိန်းမကို သိတယ် သူမက ငါတို့ အသိုင်းအဝိုင်းမှာ နေတာ။ လွန်ခဲ့တဲ့ လက သူမရဲ့ ခွေး ဒီ ခွေးကပဲ ကလေးတစ်ယောက်ရဲ့ ခြေထောက်ကို ကိုက်လိုက်တာ အသားတစ်တုံးကြီး ထွက်သွားခဲ့တာ။ ကလေးက တကယ်ကို ငိုယိုခဲ့ရတာ။ အဲဒီနောက် ဘာဖြစ်လဲသိလား။ မဆေးကုသစရိတ် မပေးတဲ့အပြင် ကလေးရဲ့ မိဘတွေကိုပါ ဆဲဆိုခဲ့တာ။ သူမက အရူးမပဲ သူမက လူမှုအသိုင်းအဝိုင်းက လူကြီးအချို့ကို သိထားလို့ အမြဲတမ်း အရမ်း ရဲတင်းနေတာလို့ ငါ ကြားတယ်။ ငါတို့ အသိုင်းအဝိုင်းမှာ ဘယ်သူမှ သူမကို ရင်ဆိုင်ဖို့ မဝံ့ရဲကြဘူး။ ထားလိုက်ပါတော့ အားလုံးပဲ လျှော့ပြောကြပါ။ ငါတို့ သူမကို သွားမစနိုင်ဘူး။”
“ဒီလှပတဲ့ မိန်းကလေးက ရိုးသားတဲ့သူဆိုတာ ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ သူမက ဆဲလည်း မဆဲနိုင်ဘူး.တိုက်လည်း မတိုက်နိုင်ဘူး။ သူမ ကံဆိုးတာကိုပဲ လက်ခံရတော့မှာပေါ့။”
“ကောင်းပြီ၊ ယွီရှီး… ဒါကို ငါ့ဆီ လွှဲလိုက်ပါ။”
ယဲ့ချန်သည် လင်းယွီရှီး၏ ပုခုံးကို နှစ်သိမ့်စွာ ပုတ်ပေးလိုက်ပြီး သူမအား သူ၏ အနောက်တွင် ကာကွယ်ပေးလိုက်သည်။
ယဲ့ချန်သည် ဆံပင်တိုနှင့် အမျိုးသမီးအား အေးစက်စွာ ကြည့်လိုက်သည်။
“နင် ကောင်စုတ် နင် ငါ့ကို ဘာကြည့်တာလဲ။”
ဆံပင်တိုနှင့် အမျိုးသမီးက ယဲ့ချန်အား ထပ်မံ ဆဲဆိုလိုက်သည်။
“ငါ့ခွေးက သူမကို ကိုက်လို့လား။ ကိုက်လို့လား။ ဒဏ်ရာ ဘယ်မှာလဲ။ ဒဏ်ရာကို ပြစမ်းပါ ဘာစောက်ပြဿနာလဲ နင့်မှာ သတ္တိရှိရင် ရဲခေါ်လိုက်လေ ရဲခေါ်လိုက်။”
ယဲ့ချန်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ပြီး သူသည် စီးကရက်တစ်လိပ်ကို တည်ငြိမ်စွာ ထုတ်ယူကာ မီးညှိပြီး သောက်လိုက်သည်။
“ငါ့ခွေးက သူမကို မကိုက်ခဲ့ပါဘူး ဒါပေမဲ့ သူမက ငါ့ခွေးကို ခြောက်ထုတ်ပြီး တူနဲ့ ပစ်ခဲ့တယ်။ အခု ငါ သူမကို ငါ့ခွေးကို တောင်းပန်စေချင်တယ်။”
ဆံပင်တိုနှင့် အမျိုးသမီးက မာနထူပြောစွာ ပြောလိုက်သည်။
“ခွေးကို တောင်းပန်ရမယ်ဟုတ်လား။ နင့်ခွေးက ရူးနေတာလား နင်က ရူးနေတာလားဆိုတာ ငါ မသိတော့ဘူး။”
ယဲ့ချန်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
“ကောင်းပြီ နင် ပြောချင်တာ ပြောပြီးပြီဆိုတော့ အခု ငါ့အလှည့်ပဲ။ အခု နင့်ခွေးကို ငါ့ဆီ ပေးလိုက် ငါ သူ့ကို ရိုက်သတ်မလို့။ အခြား နည်းလမ်း မရှိဘူး။ နင် ဆက်ပြီး အကြောင်းပြချက် မရှိဘဲ ရမ်းကားနေရင် ငါ နင့်ကိုပါ ရိုက်သတ်မှာ။ နင့်ခွေးက လွန်ခဲ့တဲ့လက အသိုင်းအဝိုင်းထဲက ကလေးတစ်ယောက်ကို ကိုက်ခဲ့တယ်ဆိုတာ ဘေးက ကြည့်နေတဲ့သူတွေဆီက ငါ ခုနကပဲ ကြားခဲ့တာ။ ဒါဟာ ခွေးရူးပဲ။ သူ့ကို မရိုက်သတ်ရင် စောစောနဲ့ နောက်ကျ သေဆုံးမှု ဖြစ်ပွားစေလိမ့်မယ်။”
မူလက ယဲ့ချန်သည် ခွေးတစ်ကောင်နှင့် ငြင်းခုံရန် အကြောင်းမရှိခဲ့ပေ။ သူသည် ကြောင်လေးများနှင့် ခွေးလေးများကို တကယ်ကို နှစ်သက်သူ ဖြစ်သည်။
သို့သော်လည်း ခွေး၏ ပိုင်ရှင်မှာ အရမ်း ရဲတင်းလွန်းသည်။
သူမသည် ယဲ့ချန်အား ဖော်ပြ၍ မရနိုင်သော ရွံရှာဖွယ် ခံစားချက်ကို ပေးစွမ်းခဲ့သည်။
ထို့ကြောင့်။
သူ ယနေ့ ယင်းအား ရိုက်သတ်ရမည်။
တီ...တာဝန် ထွက်ပေါ်လာသည်
တာဝန် အကြောင်းအရာ— အိမ်ရှင်သည် ခွေးအား ရိုက်သတ်ရမည်။
ဆုကြေး စနစ်သည် တာဝန် ခက်ခဲမှုကို ဆန်းစစ်နေဆဲ ဖြစ်ပြီး ဆုကြေးကို မကြာမီ ရှင်းလင်းပေးမည် ဖြစ်သည်။
“ဘာ နင် ဘာပြောလိုက်တာလဲ။ ငါ့ခွေးကို ရိုက်သတ်ချင်တယ်ဟုတ်လား။”
ဆံပင်တိုနှင့် အမျိုးသမီး၏ စိတ်ခံစားချက်မှာ ယဲ့ချန်သည် သူမ၏ အောက်ဆုံး စည်းကမ်းကို ထိခိုက်လိုက်သကဲ့သို့ အနည်းငယ် ရူးသွပ်သွားခဲ့ရာ သူမ လုံးဝ ပေါက်ကွဲသွားခဲ့တော့သည်။
သူမ၏ မျက်နှာမှာ တွန့်လိမ်နေပြီး မျက်လုံးများမှာ မီးတောက်များ ထွက်နေသကဲ့သို့ ယဲ့ချန်အား သေချာ စိုက်ကြည့်နေခဲ့သည်။
ထို့နောက် သူမ၏ ဖုန်းကို ထုတ်ယူကာ WeChatအသံမက်ဆေ့ခ်ျတစ်ခု ပို့လိုက်သည်။
“ယောကျ်ား မြန်မြန် လာခဲ့ပါဦး လူအချို့ ခေါ်ခဲ့ လူတစ်ယောက်က ငါတို့ ခွေးကို ရိုက်သတ်ချင်နေတယ် ဒီကို လာပြီး သူ့ကို သတ်ပေးပါ။”
“နင် စောင့်နေ ငါ့ယောကျ်ားက အခုပဲ လူတွေကို ခေါ်နေပြီ။”
ယဲ့ချန်သည် သူ၏ စီးကရက်တိုကို ပစ်ပယ်လိုက်ပြီး ဆံပင်တိုနှင့် အမျိုးသမီးနှင့် သူမ၏ ခွေးဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
“နင် ကောင်စုတ်။”
ယဲ့ချန်သည် ခြိမ်းခြောက်သော အမူအရာဖြင့် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသဖြင့် ဆံပင်တိုနှင့် အမျိုးသမီး၏ မျက်လုံးများထဲတွင် အဆိပ်ပြင်းမှုနှင့် ရူးသွပ်မှု အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူမသည် လက်ထဲမှ ကြိုးကို လွှတ်လိုက်တော့သည်။
တိုက်ခိုက်ရန် အသင့်ဖြစ်နေသော ခွေးသည် ရှေ့သို့ ခုန်အုပ်လိုက်ပြီး ယဲ့ချန်ပေါ်သို့ ခုန်တက်လိုက်သည်။
ပြီးတော့ ယင်းသည် လေထဲတွင် ပါးစပ်ကို ကျယ်ကျယ် ဟလိုက်ပြီး တံတွေးများ လွင့်ပျံသွားခဲ့သည်။ ယင်းသည် ယဲ့ချန်အား လဲကျအောင် တိုက်လှဲလိုက်ပါက ယဲ့ချန်အား ရက်စက်စွာ ကိုက်ခဲတော့မည်မှာ သေချာပေသည်။
ဒါဟာ လေ့ကျင့်ပေးထားသော ခွေးတစ်ကောင် ဖြစ်သည်မှာ ထင်ရှားသည်။ ယင်း၏ ကိုက်ခဲပုံမှာ မြန်ဆန်သည် တိကျသည်ရက်စက်သည် လွန်စွာ အဆိပ်ပြင်းသည်။
ကြည့်နေသူများမှာ ဒီပြကွက်ကြောင့် လန့်ဖျပ်သွားခဲ့ကြသည်။ သူတို့ အော်ဟစ်ချင်ကြသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ယဲ့ချန်သည် လှောင်ပြုံးပြုံးလိုက်ပြီး သူ၏ ညာလက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ကာ ရုတ်တရက် ထိုးထုတ်လိုက်သည်။
ဒါဟာ လက်ဝှေ့ပွဲမှ hookလက်သီးထိုးချက် ဖြစ်သည်။
လက်သီးချက်မှာ လေကိုပင် ပေါက်ကွဲသွားစေဟန် တူသည်။
ဘုန်းးးး
လက်သီးချက်သည် ခွေး၏ ခေါင်းပေါ်သို့ တည့်တည့် ကျရောက်သွားခဲ့ရာ ယင်းအား လေထဲသို့ လွင့်ပျံသွားစေခဲ့သည်။
ခွေးသည် မြေကြီးပေါ်သို့ ပြင်းထန်စွာ မြေခသွားခဲ့ပြီး ဖုန်မှုန့်များ မြင့်တက်သွားခဲ့၏။ ယင်းသည် အသံတောင် မထွက်နိုင်ဘဲ မြေကြီးပေါ်တွင် တောင့်တင်းစွာ လဲလျောင်းနေခဲ့သည်။ ယင်း၏ ခြေလက်များမှာ တုန်ယင်နေပြီး မျက်လုံးများမှာ အနောက်သို့ လန်နေကာ နှာခေါင်းမှ သွေးနီနီများ စီးကျနေခဲ့သည်။ ယင်းသည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်မှာ ထင်ရှားပေသည်။
ကမ္ဘာ့ လက်ဝှေ့ချန်ပီယံ Mike Tyson သည် လက်သီးတစ်ချက်ဖြင့် နွားတစ်ကောင်ကို သေစေနိုင်ခဲ့သည်။ ယဲ့ချန်၏ လက်ရှိ လက်ဝှေ့အဆင့်မှာ တိုက်ပွဲဝင် ချန်ပီယံတစ်ယောက်နှင့် ညီမျှနေခဲ့သည်။ သူသည် နွားတစ်ကောင်ကို မသတ်နိုင်သော်လည်း လက်သီးတစ်ချက်ဖြင့် ခွေးတစ်ကောင်ကို သတ်ရန်မှာ လုံလောက်သည်ထက် ပိုနေခဲ့သည်။
“အားးးး”
သူမ၏ ချစ်လှစွာသော ခွေး သေဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် ဆံပင်တိုနှင့် အမျိုးသမီးသည် ကျေးငှက်တစ်ကောင် သွေးအန်သကဲ့သို့ မျောက်တစ်ကောင် ဝမ်းနည်းစွာ အော်ဟစ်သကဲ့သို့ ရင်ကွဲမတတ် အော်ဟစ်လိုက်သည်။
ထို့နောက် သူမသည် ယဲ့ချန်ဆီသို့ လက်ရော ခြေပါ သုံး၍ ပြေးဝင်လာခဲ့သည်။
“ငါ နင်နဲ့ သတ်မယ်။ ကောင်စုတ် နင် ငါ့ဝမ်ချိုင်ကို သတ်လိုက်တယ် ဝမ်ချိုင်… ငါ နင့်အတွက် ကလပ်စားချေပေးမယ်။”
‘ရူးနေပြီထင်တယ်။’
ယဲ့ချန်သည် စကားမဆက်နိုင်ဘဲ ခေါင်းခါလိုက်ပြီးနောက် သူမအား ပေါ့ပါးစွာ ရိုက်ချလိုက်သည်။
ဖြန်းးးး
ကျယ်လောင်သော ရိုက်နှက်သံတစ်သံ။
ဆံပင်တိုနှင့် အမျိုးသမီးသည် ထိုရိုက်ချက်ကြောင့် နေရာတွင် လည်သွားခဲ့ပြီးနောက် ဖင်ထိုင်လျက် လဲကျသွားခဲ့သည်။ သူမ၏ ပါးတစ်ဖက်မှာ ချက်ချင်း ရောင်ရမ်းလာခဲ့ပြီး နှုတ်ခမ်းထောင့်မှ သွေးများ စိမ့်ထွက်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ လူအုပ်မှာ ရုတ်တရက် အားပေးသံများနှင့် လက်ခုပ်သံများ ထွက်ပေါ်လာခဲ့တော့သည်။
လူတိုင်းသည် စိတ်သက်သာရာရမှုကို ခံစားလိုက်ရကြသည်။
သို့သော်လည်း လူအများအပြားသည် ယဲ့ချန်အတွက် စိတ်ထဲမှ တိတ်တဆိတ် စိုးရိမ်နေကြသည်။
ခွေးကို သတ်ခြင်းမှာ တစ်မျိုး ဖြစ်သည်။အကြောင်းမှာ ယင်းသည် လူကို အန္တရာယ်ပြုခဲ့သော ကြမ်းကြုတ်သော ခွေးတစ်ကောင် ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် လူတစ်ယောက်ကို ရိုက်ခြင်း အထူးသဖြင့် ထိုကဲ့သို့ အကြောင်းပြချက် မရှိသော ရိုက်ခြင်းမှာ အနည်းငယ် ဒုက္ခရောက်စေနိုင်သည်။
‘မနက်စောစောစီးစီး ဒီလို စိတ်ရှုပ်စရာ ကိစ္စနဲ့ ကြုံရတယ်။’
ယဲ့ချန်သည် အကူအညီမဲ့စွာ ခေါင်းခါလိုက်သည်။
‘ငါ့ရဲ့ ဒီကံကောင်းမှုက ဘယ်က ရောက်လာတာလဲ။’
တစ်ချိန်တည်းမှာပင်။
အိမ်ရှင်အား တာဝန် ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်- 【ကြမ်းကြုတ်သော ခွေးအား ရိုက်သတ်ခြင်း】
【ခွေးရိုက်တုတ်】 တစ်ခု ရရှိသည်။ သိုလှောင်ခန်းအတွင်း အလိုအလျောက် သိုလှောင်လိုက်ပါပြီ
【ခွေးရိုက်တုတ်သိုင်း အပြည့်အစုံ - ကွက်စိပ် ၃၆ ကွက်၊ ကွက်ဆန်း ၁၂ ကွက်၊ စာလုံး ၈ လုံး မန္တန်】 စွမ်းရည်စာအုပ် ရရှိသည်။ သိုလှောင်ခန်းအတွင်း အလိုအလျောက် သိုလှောင်လိုက်ပါပြီ
ပြုပြင်ရေး စွမ်းအင်၀.၀၅ ရရှိသည်။
စနစ် ပြုပြင်မှု ၄.၁၈% ပြီးစီးပါပြီ။
ယဲ့ချန် လုံးဝ မှိုင်တွေသွားခဲ့ရ၏။
ခွေး… ခွေးရိုက်တုတ်သိုင်း အပြည့်အစုံ။
ဒါ ဘယ်လိုစောက်ဆန်းကြီးလဲ။
ဒါက ကံကောင်းစေတဲ့ အဆောင်ကို သုံးပြီးနောက် ငါ့ဆီ ရောက်လာတဲ့ ကံကောင်းမှုများလား။
အမှန်အတိုင်း ပြောရလျှင် ယဲ့ချန်၏ လက်ရှိ စွမ်းအားဖြင့် ခွေးတစ်ကောင်ကို သတ်သည့် ခက်ခဲမှုမှာ ကော်ပြားဖြင့် ကြွက်အချို့ကို ဖယ်ရှားသည့် ခက်ခဲမှုနှင့် ဆင်တူပေသည်။
ထို့ကြောင့် ထိုတာဝန် ထွက်ပေါ်လာစဉ်က သူသည် အထူးကောင်းမွန်သော ဆုကြေးများ ရရှိမည်ဟု မမျှော်လင့်ခဲ့ပေ။ သူသည် အများဆုံး နေ့စဉ် သုံးစွဲကုန်များ သို့မဟုတ် ခွေးစာနှင့် ကြောင်စာများ ရရှိမည်ဟု ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။
အဖြေကတော့။
ခွေးရိုက်တုတ်သိုင်းပင်။
“ထွီးး”
ထိုအချိန်တွင် မြေကြီးပေါ်တွင် ရှိနေသေးသော ဆဆံပင်တိုနှင့် အမျိုးသမီးသည် သွေးများ စိမ့်နေသော တံတွေးတစ်ပေါက်ကို ထွေးထုတ်လိုက်ပြီး ယဲ့ချန်အား အဆိပ်ပြင်းသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
“နင် အံ့ဩသွားတာလား။ အခု နင် နောင်တရနေပြီလား။ ငါ့ဝမ်ချိုင်ကို သတ်ပြီး ငါ့ကို ရိုက်ခဲ့တာကို နောင်တရနေပြီလား။ ငါ နင့်ကို ပြောပြမယ် ငါ့ယောကျ်ား အခုပဲ ရောက်တော့မယ်။ ဒီနေ့ နင် ဒီကနေ ထွက်သွားဖို့ အရမ်း အရမ်း ခက်ခဲလိမ့်မယ်။”
ယဲ့ချန်က သူ၏ ပေါင်ကို ရိုက်လိုက်သည်။
ကွက်တိပင် ဆံပင်တိုတိုနှင့် လည်ပင်းတွင် ရွှေဆွဲကြိုး ဆွဲထားသော အမျိုးသားတစ်ယောက်သည် သတ်ရဲဖြတ်ရဲသော ပုံစံရှိသည့် အမျိုးသား ငါးယောက် ခြောက်ယောက်နှင့်အတူ ခြိမ်းခြောက်သော အမူအရာဖြင့် ပြေးဝင်လာခဲ့ကြတော့သည်။
“ယောကျ်ား ယောကျ်ား ဒီခွေးသားက ငါတို့ ဝမ်ချိုင်ကို သတ်လိုက်တယ် ဝမ်ချိုင် အရမ်း သနားစရာကောင်းအောင် သေသွားခဲ့ရတယ်… သူ ငါ့ကိုလည်း ရိုက်ခဲ့သေးတယ်… ယောကျ်ား ဝမ်ချိုင် သေသွားပြီ ငါ ဆက်မနေချင်တော့ဘူး ယောကျ်ား ဒီနေ့ နင် သူ့ကို သတ်ရမယ်။”
ဆံပင်တိုနှင့် အမျိုးသမီး၏ မျက်လုံးများသည် ဖော်ပြ၍ မရနိုင်သော အဆိပ်ပြင်းမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး သူမသည် ယဲ့ချန်အား ကြည့်လိုက်သည်။
ကြည့်နေသူများ အားလုံးသည် ယဲ့ချန်အတွက် အသက်ရှူပင် ရပ်တန့်သွားခဲ့ရတော့သည်။