အခန်း ၂၆၁
Vol. 27 Ch. 261
အခန်း ၂၆၁ - ထန်ထိုက်လက်သီးစိတ်ဆန္ဒ
ဖန်တီးသူကို အစွဲပြု၍ ထန်ထိုက်လက်သီးစိတ်ဆန္ဒဟု အမည်ပေးထားသည်။ ဤမျိုးရိုးနာမည်က အတော်လေးကို ရှားပါ၏။ ကျန်းယွဲ့လု၏ မိခင် ထန်ထိုက်ချုံးသည် ကွန်ဖြူးရှပ် ထန်ထိုက်မိသားစုမှ ဖြစ်သော်လည်း နောက်ထပ် တာအိုထန်ထိုက်မိသားစုလည်း ရှိသေးသည်ကို ချီရွှမ်းစု ကြားဖူးထားသည်။
လေ့ရှောင်ဟွမ်က ရှင်းပြ၏။
“ဒီလက်သီးထိုး(လက်ဝှေ့)ကျင့်စဉ်ကို တာအိုအကြီးအကဲတစ်ဦးက အမွေထားခဲ့တာ”
“သူက ထန်ထိုက်ယွင်လား”
ချီရွှမ်းစုက မေး၏။
လေ့ရှောင်ဟွမ်၏ မျက်လုံးက လင်းလက်သွားလေ၏။
“နင်က ဗဟုသုတကြွယ်သားပဲ”
ချီရွှမ်းစုက ရှက်ကိုးရှက်ကန်းဖြင့် ပြော၏။
“မဟုတ်တာ... ကျုပ်က ဗဟုသုတမကြွယ်ပါဘူး... အဲ့ဒီတာအိုအကြီးအကဲကို ရွှမ်အရှင်မြတ်ကတ်ထဲကနေ ကြားဖူးထားရုံပါပဲ”
လေ့ရှောင်ဟွမ်၏ ခဏမျှ နှုတ်ဆိတ်နေပြီးနောက် မေးလိုက်၏။
“ရွှမ်အရှင်မြတ်ကတ်ဆိုတာ ဘာလဲ”
ဖေးရှောင်လုံက ဝင်ရှင်းပြ၏။
“အဲ့ဒါက ဖဲချပ်နဲ့ဆင်တယ်... သူ့ကို ရွှမ်အရှင်မြတ်ကတ်လို့ ခေါ်တယ်ဆိုတာ ရွှမ်အရှင်မြတ်က အဲ့ဒါကို တီထွင်ခဲ့တာမို့ပဲ... အဲ့ဒီကတ်အစုတွေထဲမှာ တာအိုဝါဒ၊ မဟာယာနဗုဒ္ဓဝါဒနဲ့ ကွန်ဖြူးရှပ်ဝါဒက အကျော်အမော်ပုဂ္ဂိုလ်တွေပါတယ်... ရွှမ်အရှင်မြတ်ခေတ်တုန်းက ရှေးဟောင်းအင်မော်တယ်တွေတောင် ပါတယ်... တာအိုအဖွဲ့အစည်းထဲမှာ ကြီးပြင်းလာတဲ့ ငါတို့တွေက အဲ့ဒါကို ဆော့ကစားလေ့ ရှိကြတယ်”
ရွှမ်အရှင်မြတ်ကတ်သည် တာအိုဂိုဏ်းတော်အတွင်းမှာသာ လူသိများရာ လေ့ရှောင်ဟွမ် မသိရှိခြင်းမှာ ယုတ္တိတန်သည်။ သူမသည် နဂိုက အင်ပါယာနန်းတော်မှဖြစ်၍ နောက်ပိုင်းမှ တာအိုဂိုဏ်းတော်သို့ လက်ဆက်ဝင်ရောက်ခဲ့ခြင်းဖြစ်၏။
လေ့ရှောင်ဟွမ်က ခေါင်းညိတ်လိုက်၏။
“ငါသိပြီ... နင်က အဲ့ဒီတာအိုအကြီးအကဲကို သိထားတယ်ဆိုမှတော့ သိပ်ပြီးတော့ အထူးတလည် ရှင်းပြနေစရာ မလိုတော့ဘူးပေါ့... အရင်တုန်းက ထန်ထိုက်ယွင် အရှေ့လွင်ပြင်ကနေ ထွက်ခွာပြီး အနောက်စူးစူးကို သွားခဲ့တယ်... နှစ်များစွာကြာပြီးတဲ့နောက် လူတချို့က ထန်ထိုက်ယွင်ရဲ့ အမွေအနှစ်တွေကို ယူပြီး ခွန်လွင်ကို ပြန်ရောက်လာခဲ့တယ်... ထန်ထိုက်ယွင်က ကောင်းကင်ဘုံကို တက်လှမ်းသွားပြီလို့ သူတို့ ဆိုတယ်”
“အဲ့ဒီအမွေအနှစ်တွေထဲမှာ အများဆုံးကတော့ ပင်လယ်ရပ်ခြား အတွေ့အကြုံတွေ၊ အတိတ်ကာလက မှတ်ဉာဏ်တွေ၊ ဘဝသင်ခန်းစာတွေနဲ့ ပတ်သက်တဲ့ ခရီးသွားမှတ်တမ်းတွေအပါအဝင် သူရေးထားတဲ့ စာအုပ်တွေပဲ... ဒီလက်သီးထိုးကျင့်စဉ်က အဲ့ဒီစာအုပ်တွေ အများကြီးထဲက တစ်အုပ်ပဲ... ဒါ အစတုန်းက နာမည်မရှိခဲ့ဘူး... ဒါပေမဲ့ နောက်ပိုင်းမျိုးဆက်တွေက အဲ့ဒါကို အနှစ်ချုပ်ပြီး ထန်ထိုက်လက်သီးစိတ်ဆန္ဒလို့ အမည်ပေးခဲ့ကြတယ်”
မဟာရွှမ်မင်းဆက်၏ ဧကရာဇ်ကောင်းကျူ၊ ရွှမ်အရှင်မြတ်၏ ဖခင်၊ တာကျန်းစံအိမ်ကို တိုက်ခိုက်ခဲ့သော မြေကမ္ဘာဆရာသခင်နှင့် တီဖေးတောင်ကို ပြန်လည်မွမ်းမံပြင်ဆင်ခဲ့သော ကောင်းကင်ဆရာသခင်တို့ကဲ့သို့ ကြည်ညိုလေးစားခံရသည့် ထန်ထိုက်ယွင်အကြောင်း ချီရွှမ်းစု အနည်းအကျဉ်းသာ သိရှိထား၏။ ထို့ကြောင့် ထန်ထိုက်လက်သီးစိတ်ဆန္ဒသည် အဆင့်မြင့်နည်းစနစ်တစ်ခု ဖြစ်ရမည်ဟု ချီရွှမ်းစု တွေးမိ၏။
လေ့ရှောင်ဟွမ်က ဆက်ပြောသည်။
“တာအိုဂိုဏ်းတော်ရဲ့ စံနှုန်းစံထားတွေအရဆို ဒီလက်သီးစိတ်ဆန္ဒကို ပကတိကျင့်စဉ်လို့ မဆိုနိုင်ဘူး... အဲ့ဒါက အလွန်ဆုံး အဆင့်မြင့်ထွန်းပေါက်မှုကျင့်စဉ်တစ်ခုပဲ... ဒါပေမဲ့ နင် အဲ့ဒါကို လျှော့မတွက်လိုက်လေနဲ့... အရင်တုန်းက ရွှမ်အရှင်မြတ် လက်ဗလာချင်း တိုက်ခိုက်တဲ့အခါမှာ အလယ်အလတ်ထွန်းပေါက်မှု လက်ဝါးနည်းစနစ်တစ်ခုကိုပဲ သုံးခဲ့တယ်... ဒါပေမဲ့ အဲ့ဒါတောင် လူပေါင်းများစွာ သူ့လက်ထဲမှာ ရှုံးနိမ့်ခဲ့ရတယ်... ဒါက ဘာလဲဆိုတော့ တိုက်ပွဲတစ်ပွဲမှာ အနိုင်ရဖို့ အဓိကက အသုံးပြုတဲ့ ကျင့်စဉ်မဟုတ်ဘဲ လူကိုယ်တိုင်ဖြစ်တယ်ဆိုတာကို ပြနေတာပဲ”
ချီရွှမ်းစုက တည်တံ့စွာဖြင့် ခေါင်းညိတ်ပြ၏။
“ဟုတ်ပါတယ်”
ချီရွှမ်းစုသည် ပကတိကျင့်စဉ်တစ်ခုကို သင်ယူခွင့်ရဖို့ မတောင်းဆိုရဲပေ။ ကျန်းယွဲ့လုလို ပါရမီရှင်ပင် ပကတိကျင့်စဉ်နှစ်ခုကိုသာ သင်ယူထား၏။ သူမ သင်ယူထားသည့် ပကတိကျင့်စဉ်တစ်ခုသည် မြေကမ္ဘာဆရာသခင်၏ လမ်းညွှန်ပြသမှုကြောင့် ရရှိထားခြင်းလည်းဖြစ်၏။
လေ့ရှောင်ဟွမ်က ချီရွှမ်းစု၏ လက်ထဲရှိ လက်သီးထိုးကျင့်စဉ်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“ငါသွားမှ ဒီလက်ဆောင်ကို ဖွင့်ကြည့်မယ်လို့ နင် ယဉ်ကျေးပြနေစရာ မလိုဘူး... နင် အခုပဲ အဲ့ဒါကို ဖတ်ကြည့်သင့်တယ်... ဒါမှ နင် နားမလည်တာရှိရင် ငါ ကူညီပေးနိုင်မှာ... ဒါနဲ့ ဒီလက်သီးထိုးကျင့်စဉ်မှာ ကျမ်းဦးစကား ပါတယ်... ဒါပေမဲ့ အဲ့ဒါက စာအုပ်ကို မဟုတ်ဘဲ လမ်းစဉ်တစ်ခုလုံးကို ရည်ညွှန်းတဲ့ ကျမ်းဦးစကားပဲ”
ချီရွှမ်းစုက နာခံ၍ စာအုပ်မျက်နှာဖုံးကို လှန်လိုက်၏။ ခေါင်းစီးစာမျက်နှာမှာ ခပ်နှိပ်ထားသည့် သေးငယ်သော စာလုံးများကို သူတွေ့မြင်ရ၏။
“ငါ ငယ်ငယ်က စိတ်ဝိညာဉ်ကို ကျင့်ကြံခဲ့ရတယ်... အရွယ်ရောက်လာတဲ့အချိန်မှာ ပင်ကိုယ်ချီကို သန့်စင်ဖို့ တာအိုဝါဒကို ကျင့်ကြံရတယ်... ငါ အသက်သုံးဆယ်ကျော်မှာ ပင်ကိုယ်ချီ သန့်စင်တာကို ရပ်တန့်ပြီး ငါ့ကိုယ်ငါနဲ့ လောကကို နားလည်နိုင်ဖို့ သိုင်းပညာနောက်ကို လိုက်စားခဲ့တယ်... နောက်ဆုံးမှာတော့ ငါ ဝူလျန်အဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦး ဖြစ်လာခဲ့တယ်”
ဤတာအိုအကြီးအကဲကို တိတ်တဆိတ် ချီးကျူးရင်း ချီရွှမ်းစု၏ မျက်ရစ်က တဆတ်ဆတ်လှုပ်သွား၏။
ထန်ထိုက်ယွင်သည် ကွန်ဖြူးရှပ်ထန်ထိုက်မိသားစုမှ ဖြစ်သော်လည်း နောက်ပိုင်းမှာ တာအိုဂိုဏ်းတော်သို့ ဝင်ရောက်ခဲ့၏။ သူမသည် မြေကမ္ဘာအင်မော်တယ်လမ်းစဉ်ကို လိုက်စားသည့် ချီသန့်စင်သူတစ်ဦး ဖြစ်လာသော်လည်း လူသားအင်မော်တယ်လမ်းစဉ်အောက်မှာ ရှိသည့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးအဖြစ် ကူးပြောင်းခဲ့သည်။ သို့သော်လည်း သူမသည် အသက်သုံးဆယ်ကျော်အရွယ်မှာ ကောင်းကင်သက်ရှိများ၏ ဝူလျန်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ဆဲဖြစ်၏။
ဤအချက်မှာ ထန်ထိုက်ယွင်သည် တုံဟွမ်ကဲ့သို့ ပါရမီပါသည်ကို ပြသနေ၏။
ချီရွှမ်းစုက ယခု အသက်နှစ်ဆယ့်ငါးနှစ် ရှိနေလေပြီ။ သို့သော် ရွှမ်ကျောက်စိမ်း၏ အသွင်ပြောင်းလဲမှုနှင့်ပင် ကောင်းကင်သက်ရှိများ၏ ဝူလျန်အဆင့်ကို ရောက်ဖို့ အဆင့်သုံးဆင့် ဝေးကွာနေဆဲဖြစ်၏။ ရွှမ်ကျောက်စိမ်း မရှိလျှင် ချီရွှမ်းစုသည် ရှန်းထျန်သက်ရှိများ၏ ခွန်လွင်အဆင့်မှာသာ ရှိနေပေဦးမည်။
ထန်ထိုက်ယွင်သည် အစကတည်းက လူသားအင်မော်တယ်လမ်းစဉ်ကိုသာ ရွေးချယ်ခဲ့မည်ဆိုလျှင် သူမသည် ထိုအဆင့်ကို ပို၍ မြန်မြန်ဆန်ဆန် ရောက်ရှိသွားနိုင်သည်။
ချီရွှမ်းစုက ကျမ်းဦးစကားကို ဆက်လက်၍ ဖတ်ရှုလိုက်၏။
“ငါ ကျောက်ဟွာအဆင့်ကို မတက်လှမ်းခင် သုံးနှစ်ကြာအောင် တစ်ဆို့ရပ်တန့်နေခဲ့တယ်... အဲ့ဒါက ငါ့အတွက် ခက်ခဲကြမ်းတမ်းတဲ့ ကာလပဲ... ရှေ့မှာရှိတဲ့လမ်းကို ငါမမြင်နိုင်သေးဘူး... အဲ့ဒါကြောင့် ကိုယ်ခံပညာ သိုင်းပညာကို ငါစွန့်လွှတ်ပြီး ချီသန့်စင်ခြင်းဆီ ပြန်သွားခဲ့တယ်... နောက်ဆုံးမှာတော့ အင်မော်တယ်လမ်းစဉ်အပေါ် လေးနက်သိမ်မွေ့တဲ့ ထိုးထွင်းသိမြင်မှုရရှိပြီး ငါ ပြန်လည်မွေးဖွားလာသလို ခံစားခဲ့ရတယ်”
ထန်ထိုက်ယွင်သည် သုံးနှစ်တာကို ခက်ခဲကြမ်းတမ်းသော ကာလဟု ဖော်ပြထားသည်ကို တွေ့သောအခါ ချီရွှမ်းစုက ဆွံ့အသွား၏။ သူသာ နှစ်အရေအတွက်ကို သေသေချာချာ မဖတ်မိလျှင် ထန်ထိုက်ယွင်သည် နှစ်သုံးဆယ်ကို ဆိုလိုခြင်းဟု တွေးမိပေလိမ့်မည်။
ထန်ထိုက်ယွင်သည် လူသားအင်မော်တယ်လမ်းစဉ်ကိုပင် စွန့်လွှတ်၍ မြေကမ္ဘာအင်မော်တယ်လမ်းစဉ်သို့ တစ်ဖန်ပြန်သွားခဲ့သည်။ ဒါ လောကအပေါ် ဉာဏ်ကြီးရှင်တွေရဲ့ ရှုမြင်ပုံလား… သူတို့ကိုယ်သူတို့ ဘယ်လောက်တောင် ယုံကြည်မှု ရှိနေခဲ့သလဲ… အသက် ၇၀ ၈၀ မှာ အင်မော်တယ်လမ်းကြောင်းကို ရှာတွေ့သူများအတွက် ရှက်စရာ ကောင်းလေသည်။
ချီရွှမ်းစုက အသက်တစ်ချက်ရှိုက်ကာ ဆက်ဖတ်လိုက်၏။
“အင်မော်တယ်ဖြစ်တည်မှုကို အောင်မြင်ရရှိပြီးတဲ့နောက် အနှစ်နှစ်အလလ စုဆောင်းလာတဲ့ ပုန်းလျှိုးနေတဲ့ အခက်အခဲအကျပ်အတည်းတွေက နောက်ဆုံးမှာ ပေါ်ထွက်လာခဲ့တယ်... ငါ နှစ်အတော်တော်များများကြာအောင် တိုးတက်မှု ရှိမလာခဲ့ဘူး”
ကံကောင်းစွာဖြင့် ဤတစ်ခေါက်မှာတော့ ထန်ထိုက်ယွင်သည် ခက်ခဲကြမ်းတမ်းသည်ဟူသော စကားလုံးကို ထည့်မသုံးတော့ပေ။ တစ်ခုသော အဟန့်အတားမှာ နှစ်များစွာ ရပ်တန့်နေခြင်းက ကိစ္စကြီးတစ်ခု မဟုတ်သည်ကို ဤတာအိုအကြီးအကဲက နောက်ဆုံး နားလည်သဘောပေါက်သွားပုံရ၏။ လူများစွာသည် တစ်ဘဝလုံး ရပ်တန့်နေခဲ့ပြီး ပထမဆုံး တံခါးပေါက်ကိုပင် မထိတွေ့နိုင် မမြင်နိုင်သည့်သူများက ပို၍ပင် များပြားသည်။
“ဧကရာဇ်ထျန်ပေါင် စိုးစံတဲ့ ၈ခုနှစ်မှာ ရှေးဟောင်းမဟာစုန်း၊ ဝူယန်နဲ့ ခွန်လွင်မှာ ငါ ဆုံတွေ့ခဲ့တယ်... ဝူယန်ရဲ့ လမ်းညွှန်ပြသမှုနဲ့ ငါ ချီသန့်စင်ခြင်းကို ပြန်စွန့်လွှတ်ပြီး သိုင်းပညာဆီ ပြန်သွားခဲ့တယ်... ငါ နောက်ဆုံးတော့ ရှေ့မှာရှိတဲ့ ချောမွေ့တဲ့ လမ်းကြောင်းကို ရှာတွေ့ခဲ့တယ်... ငါ သူနဲ့တွေ့ဆုံရတာ ဘယ်လောက် ကံကောင်းလိုက်သလဲ”
ဤစာပိုဒ်မှာ ချီရွှမ်းစု ချေဖျက်ရမည့် သတင်းအချက်အလက်များစွာ ပါဝင်နေသည်။
ဧကရာဇ်ထျန်ပေါင်သည် ယခင်ဝေမင်းဆက်၏ နောက်ဆုံးဧကရာဇ်ဖြစ်သည်။ အရင်တုန်းက ထန်ထိုက်ယွင်သည် တိုင်းပြည်သစ်တစ်ခု တည်ထောင်၍ သူ့ကိုယ်သူ ဘုရင်တစ်ပါးအဖြစ် ကြွေးကြော်ခဲ့ပြီးသားဖြစ်၏။ သို့သော်လည်း ထန်ထိုက်ယွင်သည် ဤကျမ်းဦးစကားမှာ နှစ်ကာလကို ရည်ညွှန်းရန် သူမ စိုးစံခဲ့သော အချိန်ကို ထည့်မရေးခဲ့ပေ။ ထိုအစား ဝေမင်းဆက်၏ ခေတ်ကာလကိုသာ ရည်ညွှန်းချက်အဖြစ် အသုံးပြုခဲ့သည်။ ဒါက နောက်ပိုင်းမျိုးဆက်တွေ မှတ်ရလွယ်အောင်လား၊ သို့မဟုတ် ထန်ထိုက်ယွင်ကိုယ်တိုင်က ဝေမင်းဆက်ကိုသာ တရားဝင်လက်ခံထားတာလား။
ကွန်ဖြူးရှပ်တပည့်ဂိုဏ်းသားတစ်ဦး ဆိုသည့်အတိုင်းပင်၊ ထကြွပုန်ကန်၍ သူ့ကိုယ်သူ ဘုရင်အဖြစ် ကြွေးကြော်ခဲ့ပြီးလျှင်တောင် နှလုံးသားအနက်ပိုင်းထဲမှာ သူမ၏ အုပ်စိုးမှုကို တရားမဝင်ဟု သတ်မှတ်ထားဆဲဖြစ်၏။
အရင်တုန်းက ရှေးဟောင်းဝူဝါဒမှာ မဟာစုန်း ၁၁ ပါး ရှိခဲ့သည်။ ဝူယန်က သူတို့ထဲမှာ ပါဝင်သော်လည်း သူမသည် ဝူလောအပါအဝင် အခြားသော မဟာစုန်းများနှင့် မတူပေ။
တစ်နည်းအားဖြင့် ဝူယန်သည် ထန်ထိုက်ယွင်နှင့် ဆင်တူလေသည်။ ထိုအမျိုးသမီးနှစ်ဦးသည် သူတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများမှာ မဟာစုန်းဝူယန်နှင့် မွန်မြတ်မဟာသူတော်စင် ထန်ထိုက်ယွင်ဟူ၍ ရိုသေလေးစားခံဘွဲ့များကို ရရှိခဲ့ကြ၏။ သို့သော်လည်း သူတို့သည် ဤအဖွဲ့အစည်းများနှင့် ခပ်ခွာခွာနေခဲ့ကြသည်။
ချီရွှမ်းစုသည် အရင်တုန်းက ထူးဆန်းသော အိပ်မက်တစ်ခုကို ထပ်တလဲလဲ မကြာခဏ မြင်မက်နေခဲ့၏။ သို့သော်လည်း အသက်ဓာတ်ရွှမ်ကျောက်စိမ်းကို ရရှိပြီးနောက် သူ့အိပ်မက်က ပြောင်းလဲသွားခဲ့သည်။
အိပ်မက်ထဲမှာ သူမြင်တွေ့ခဲ့သူ ၁၁ဦးသည် ရှေးဟောင်းဝူဝါဒ၏ မဟာစုန်း ၁၁ပါးဖြစ်၍ နောက်မှ ပေါ်ထွက်လာသည့် အတော်အတန် သေးငယ်သော ပုံရိပ်သည် ဝူယန်ဖြစ်မည်ဟု သူခန့်မှန်းမိ၏။ မီးပုံကို ဝူယန် ကန်ကျောက်ခဲ့ခြင်းသည် နဂိုအုပ်စုကနေ ခွဲထွက်သွားသော ဉာဏ်အလင်းပွင့် စုန်းခြောက်ဦး၏ ပုန်ကန်မှုကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။
ထန်ထိုက်ယွင်သည် လွန်ခဲ့သည့် နှစ် ၂၀၀ကျော်က ဝူယန်နှင့် ဆုံတွေ့ခဲ့၏။ သို့သော်လည်း ရှေးဟောင်းဝူဝါဒ ဖျက်ဆီးခံခဲ့ရသည်မှာ နှစ် ၁၅၀၀ ရှိသွားခဲ့လေပြီ။
မဟာစုန်းဝူယန်နှင့် ဝူလောသည် လောကီဘုံမှာ ရှိနေဦးမည်ဟု ချီရွှမ်းစု ထင်မှတ်မထားပေ။ ရှေးဟောင်းဝူဝါဒသည် လုံးလုံးလျားလျား ဆိတ်သုဉ်းမသွားဘဲ လောကီဘုံမှာ ကြွင်းကျန်နေဆဲ ဖြစ်ပုံရသည်။
တခြားမဟာစုန်း ကိုးဦးက ဘယ်ရောက်သွားတာလဲ။ အထူးသဖြင့် ဝူလော သတ်ဖြတ်ခဲ့သည့် မဟာစုန်း ၁၀ပါး၏ ခေါင်းဆောင် ဝူရှန် ဖြစ်သည်။ သူ ဘယ်ရောက်သွားတာလဲ။
ယခုအချိန်မှာ ချီရွှမ်းစုသည် ထန်ထိုက်ယွင်၏ ထပ်တလဲလဲ လမ်းစဉ်ပြောင်းလဲမှုများမှာ ထုံထိုင်းလာပြီဖြစ်၏။ လမ်းစဉ်များအကြား သဘာဝအဟန့်အတားက သူမအတွက် မရှိသည်ဟု ထင်ရအောင် ပါရမီပါလွန်းသည်။ သူမသည် ပင်ကိုယ်ချီ ကျင့်ကြံခြင်းကိုသော်လည်းကောင်း၊ သိုင်းပညာ လေ့ကျင့်ခြင်းကိုသော်လည်းကောင်း၊ အလိုရှိသလို ပြောင်းလဲခဲ့ပြီး အသက် ၅၀ မပြည့်ခင် အင်မော်တယ်ဖြစ်တည်မှုကို အောင်မြင်ရရှိခဲ့ဆဲဖြစ်၏။
အခြားတစ်ဖက်မှာတော့ လူအများစုသည် လမ်းစဉ်ကူးပြောင်းမှုများမှာ ပြင်းထန်သော ထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရပေလိမ့်မည်။ အဲ့ဒါသည် အရှေ့တိုင်း မင်ဆေးပန်းချီကို သင်ယူခြင်းကနေ ရုတ်တရက် အနောက်တိုင်း ဆီဆေးပန်းချီကို ကူးပြောင်းလေ့လာခြင်းနှင့်တူသည်။ ဆင်တူမှုတချို့ ရှိသော်လည်း စုတ်ချက်အသစ်ကနေ ပြန်စရပေဦးမည်။
ထန်ထိုက်ယွင်သည် အရှေ့တိုင်းပန်းချီမှာ ကျွမ်းကျင်သွားပြီ ဖြစ်သော်လည်း အနောက်တိုင်း ဆီဆေးပန်းချီသို့ ကူးပြောင်းသည့်အခါမှာ သိသိသာသာ တိုးတက်၍ နောက်ဆုံး အဟန့်အတားတစ်ခုနှင့် ကြုံတွေ့ရပြန်၏။ ထိုအခါ သူမသည် မင်ဆေးပန်းချီကို ပြန်လည်၍ ဆက်လက်လေ့လာပြီး နောက်ပိုင်း ဆီဆေးပန်းချီကို တစ်ဖန်ပြန်သွားခဲ့သည်။ နောက်ဆုံးမှာတော့ သူမသည် သင်ယူထားသမျှ အရာရာတိုင်းကို ပေါင်းစပ်၍ ဒဏ္ဍာရီလာ ပန်းချီဆရာတစ်ဦး ဖြစ်လာခဲ့သည်။
သူက ထန်ထိုက်ယွင်၏ နောက်မှာ များစွာကျန်ရစ်ခဲ့သည်ဟု ချီရွှမ်းစု ခံစားမိ၏။
ထန်ထိုက်ယွင်သည် သူ့ကိုယ်သူ ဘုရင်တစ်ပါးအဖြစ် ကြွေးကြော်ခဲ့သည်ကို ထည့်တွက်ခြင်းဖြင့် သူမသာ ဒီဘက်ခေတ်မှာ မွေးဖွားလာမည်ဆိုလျှင် မဟာအကြီးအကဲနေရာအတွက် အရည်အချင်းပြည့်မီသော အလောင်းအလျာတစ်ဦး ဖြစ်လာနိုင်သည်။ သူမသည် ရွှမ်အရှင်မြတ်၏ ခေတ်မှာ မွေးဖွား၍ သူမ၏ အောင်မြင်ထွန်းပေါက်မှုများက ရွှမ်အရှင်မြတ်၏ လောင်းရိပ်အောက်တွင် မိနေခဲ့သည်မှာ နှမြောစရာပင်။ သူမသည် အနောက်ဘက်ဒေသသို့ပင် ထွက်ပြေးတိမ်းရှောင်ခဲ့ရ၏။
ထန်ထိုက်ယွင်သည် မှားယွင်းသောခေတ်မှာ မွေးဖွားခဲ့သည့်အတွက် သူမ၏ ကံကိုသာ အပြစ်တင်နိုင်ပေမည်။