အခန်း ၂၆၂
Vol. 27 Ch. 262
အခန်း ၂၆၂ - လက်သီးထိုးသင်ယူခြင်း
“နင် ကျမ်းဦးစကားကို ဖတ်ပြီးပြီမလား”
လေ့ရှောင်ဟွမ်သည် စားပွဲကို လက်ချောင်းများဖြင့် တတောက်တောက်ခေါက်နေ၏။
“ဘယ်လိုခံစားရလဲ”
ချီရွှမ်းစုက ပြန်ဖြေလိုက်၏။
“ဘယ်လိုမှမရောက်နိုင်တဲ့ မြင့်မားတဲ့တောင်တန်းတွေကို မော့ကြည့်နေရသလိုပဲ”
လေ့ရှောင်ဟွမ်က သက်ပြင်းချကာ ပြောလိုက်၏။
“တောင်တန်းတွေက မြင့်မားတာအမှန်ပဲ.. အဲဒါကြောင့်ပဲ အဲဒီခေတ်ကို ငါသဘောကျတာ.. သမိုင်းဝင်ပုဂ္ဂိုလ်တွေအများကြီးရှိခဲ့တယ်… အဲဒီအချိန်မှာ တာအိုဂိုဏ်းတော်က အောက်ခြေကနေ စတင်ရတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဒီနေ့လက်ရှိ ဧရာမအင်ပါယာကြီးထက် အများကြီး နိမ့်ကျကောင်းနိမ့်ကျလိမ့်မယ်.. ဒါပေမဲ့ ရွှမ်အရှင်မြတ်ခေတ်မှာ ဒီနေ့ငါတို့ တွေ့မြင်ဖူးသမျှထဲ အင်အားအကြီးဆုံးနဲ့ အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်တွေ ပေါ်ထွက်ခဲ့တယ်”
ဖေးရှောင်လိုက ထပ်ပြောလိုက်၏။
“အဲဒါကြောင့်လည်း ရွှမ်အရှင်မြတ်က အဲဒီခေတ်ကာလကို ပြန်ပြောင်းအောက်မေ့ဖို့ ရွှမ်အရှင်မြတ်ကတ်ကို တီထွင်ခဲ့တာလို့ ငါထင်တယ်”
“ဟုတ်သားပဲ… အဲဒီကစားနည်းကို ငါတောင် နည်းနည်းစိတ်ဝင်စားလာပြီ… ဘယ်လိုကစားရလဲ ငါ့ကို သင်ပေးစမ်းပါဦး”
လေ့ရှောင်ဟွမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
ဖေးရှောင်လိုက တွေဝေတုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်ပြ၏။
ဖေးရှောင်လိုသည် မိန်းမများကို အလိုလိုက်တတ်သည့် ယောကျ်ားမျိုးမဟုတ်လောက်ဟု စဉ်းစားရင်း ချီရွှမ်းစုက ရယ်ချင်စိတ်ကို ချုပ်တည်းထား၏။ ဖေးရှောင်လိုသည် သူ့မိန်းမကို ဤမျှအထိ လိုက်လျောထားခြင်းမှာ သူက တိုက်ခိုက်ရာတွင် မနိုင်သောကြောင့်သာဖြစ်ပေမည်။
အဲဒါကို စဉ်းစားရင်း ချီရွှမ်းစုက သူ့အကြောင်းသူတွေးမိ၏။ ဖေးရှောင်လိုသည် လေ့ရှောင်ဟွမ်ကို တိုက်ခိုက်ရာမှာ မနိုင်သလို ချီရွှမ်းစုကလည်း ကျန်းယွဲ့လုကို မနိုင်ပေ။ သူ ကျန်းယွဲ့လုကိုလိုက်မီဖို့ အများကြီးလျှောက်လှမ်းရပေဦးမည်။
ချီရွှမ်းစု ထိုအကြောင်းကို တွေးမိသည်မှာ ကျန်းယွဲ့လုနှင့် တိုက်ခိုက်လိုသောကြောင့်မဟုတ်ဘဲ သူ့ကိုယ်သူ ကာကွယ်ချင်ရုံသာဖြစ်သည်။
တာအိုအဖွဲ့အစည်းအတွင်းမှာ တာအိုလက်တွဲဖော်များသည် ပဋိပက္ခများကို မဖြေရှင်းနိုင်လျှင် တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်တတ်ကြသည်မှာ အတော်လေးအဖြစ်များသည်။ နှစ်ဦးစလုံးမှာ ကျင့်ကြံမှုရှိနေမည်ဆိုလျှင် အမျိုးသမီးများထက်သာလွန်သော ယောကျ်ားတစ်ယောက်၏ ပင်ကိုယ်ခွန်အားက အရေးမပါတော့ပေ။
ဘာ့ကြောင့်ရယ်မသိ တာအိုဂိုဏ်းတော်၏ မဟာအကြီးအကဲများသည် လက်တွဲဖော်များကြား တိုက်ခိုက်ခြင်းကို ပိတ်ပင်တားမြစ်ထားခြင်းမရှိဘဲ တစ်ဦးကိုတစ်ဦး မသတ်ဖြတ်ဖို့သာ မှာထားလေသည်။
ချီရွှမ်းစုအတွက် စိတ်သက်သာရာရစေသည်မှာ ကျန်းယွဲ့လုသည် အကျိုးသင့်အကြောင်းသင့်ရှိသောလူဖြစ်၍ သူက ထိုအကျပ်အတည်းနှင့် မကြုံတွေ့ရလောက်ပေ။
လေ့ရှောင်ဟွမ်က ရှင်းပြ၏။
“အခု နင် ကျမ်းဦးစကားကို ဖတ်ပြီးသွားပြီဆိုတော့ အကြီးအကဲထန်ထိုက်ဆိုတာ လမ်းစဉ်ကြီးနှစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တယ်ဆိုတာ သိထားရောပေါ့… ငါနင့်ကို ဒီလက်သီးထိုးကျင့်စဉ်ပေးတယ်ဆိုတာ သူ့ရဲ့ လက်သီးစိတ်ဆန္ဒက နင့်လိုမျိုး ကိုယ်ခံပညာသိုင်းသမားစစ်စစ်မဟုတ်တဲ့သူအတွက် ပိုပြီးတော့ သင့်လျော်မယ်ထင်လို့ပဲ.. အကြီးအကဲထန်ထိုက်ကိုယ်တိုင်ကလည်း လမ်းစဉ်တွေကို ခဏခဏပြောင်းလဲခဲ့တာကိုး”
လေ့ရှောင်ဟွမ်၏ ရည်ရွယ်ချက်ကို ချီရွှမ်းစုက နားလည်သွား၏။ သူသည် ခေါင်းစည်းစာမျက်နှာကိုလှန်၍ လက်သီးထိုးကျင့်စဉ်ကို စတင်၍ ဖတ်ရှုလိုက်၏။
ဤလက်သီးထိုးကျင့်စဉ်က လိုရင်းတိုရှင်းဖြစ်ပြီး အတော်လေးကျစ်လစ်သည်။ စတင်လေ့လာမည့်သူများအတွက် အတော်လေးမြင့်သော်လည်း အခြေခံကောင်းကောင်းရှိထားသူများအတွက်တော့ ဖတ်ပျော်ရှုပျော်ရှိလေသည်။ အခြေခံဗဟုသုတမရှိသူများအတွက်တော့ ခက်ခဲပေလိမ့်မည်။
အရင်ဆုံး ရှေးဟောင်းကျမ်းစာများကို ဘယ်လိုဖတ်ရမလဲ သိဖို့နှင့် ကျင့်ကြံခြင်းဆိုင်ရာ အထူးသီးသန့် ဝေါဟာရများနှင့် သဘောတရားများကို နားလည်သဘောပေါက်ထားရန် လိုအပ်သည်။
ထို့ကြောင့်ပင် ဝမ်ရှန်းတာအိုနန်းတော်သည် ရှေးဟောင်းကျမ်းစာများကို သင်ရိုးထဲ ထည့်သွင်းထားခြင်းဖြစ်၏။ ရှေးဂန္တဝင်လက်ရာများကို ရှေးဟောင်းအက္ခရာများဖြင့် မှတ်တမ်းတင်ထားခဲ့ကြသည်။ ဥပမာအားဖြင့် ရှေးဟောင်းဝူဝါဒ၏ ကျမ်းဂန်များကို အရိုးများနှင့် လိပ်ကျောခွံများပေါ်တွင် ရေးသားခဲ့ကြသည်။ ရှေးဟောင်းတာအိုကျမ်းစာများမှာ အသုံးပြုသည့် အက္ခရာများကလည်း လက်ရှိလူမှုအဖွဲ့အစည်းမှာ အသုံးပြုနေကျ အက္ခရာများနှင့် ကွာခြားလေသည်။ မည်သို့ပင်ဆိုစေ ဘာသာပြန်မူတစ်ခုကို ဖတ်ရှုရခြင်းသည် မူရင်းစာသားကို ဖတ်ရှုရခြင်းနှင့် အမြဲတမ်းကွာခြားတတ်သည်။
ထိုသဘောတရားက ဤလက်သီးထိုးကျင့်စဉ်ပေါ်မှာလည်း သက်ရောက်မှုရှိသည်။ ထန်ထိုက်ယွင်သည် လူတိုင်းလေ့လာလိုက်စားနိုင်မည့် ကျင့်ကြံရေးစနစ်တစ်ခုကို ဖန်တီးခဲ့သော ရွှမ်အရှင်မြတ်ကဲ့သို့ သင်ယူနားလည်လွယ်မည့်ပုံစံဖြင့် ရေးသားခဲ့ခြင်း မဟုတ်ပေ။ သူမသည် ကိုယ်ရေးမှတ်တမ်များ ရေးသားသကဲ့သို့ သူမ၏ ကိုယ်ပိုင်အသိအမြင်များကို အနှစ်ထုတ်ထားခြင်းမျှသာဖြစ်၏။ ထို့ကြောင့် သူမသည် များစွာ စဉ်းစားတွေးတောခြင်းမရှိသလို အခြားသူများ သူမလက်ရာကို နားလည်နိုင်ပါ့မလားလည်း ထည့်မတွက်ပေ။
သို့သော် မူရင်းစာသား၏ ဘေး နေရာလွတ်များမှာ လေ့ရှောင်ဟွမ်ရေးသားထားပုံရသော မှတ်စာအတော်များများရှိနေ၏။ မင်တချို့က ကြာနေပြီဖြစ်၍ တချို့က သစ်နေ၏။ စာမျက်နှာများပေါ်မှာ အစက်အပြောက်များနှင့် စက်ဝိုင်းများလည်းရှိနေ၏။ လေ့ရှောင်ဟွမ်သည် လက်သီးထိုးကျင့်စဉ်ကိုသင်ယူခဲ့စဉ် သူမ၏ ကိုယ်ပိုင်အသိအမြင်များကို ထပ်ပေါင်းထည့်ထားခြင်းဖြစ်၏။
ဤမှတ်စာများကြောင့် ချီရွှမ်းစုသည် စာသားများကို ပိုမိုသဘောပေါက်နားလည်နိုင်သည်။ သူ့နားမလည်တာတစ်ခုခုရှိမည်ဆိုလျှင်တောင် သူ့ရှေ့မှောက်မှာရှိနေသော လေ့ရှောင်ဟွမ်ကို ချက်ချင်းမေးနိုင်၏။
ထိုသို့ဖြင့် ချီရွှမ်းစုသည် ကိုယ်ခံပညာသိုင်းသမား၏ လက်သီးစိတ်ဆန္ဒကို နောက်ဆုံးမှာ အတော်လေး နားလည်သဘောပေါက်မိလာ၏။
ကိုယ်ခံပညာသိုင်းသမားမှာ ဝိညာဉ်မရှိသည့်အလား သူတို့၏ စိတ်ဝိညာဉ်နှင့် ခန္ဓာက တစ်သားတည်းကျနေ၏။ ခန္ဓာကိုယ်ထဲရှိ ချီစီးဆင်းမှုသည် ငွားငွားစွင့်စွင့် တောင်တန်းများကဲ့သို့ တောင့်တင်းခိုင်မာ၍ စီးပိုးလွန်းသောအော်ရာတစ်ခုကို ထုတ်ပေးသည်။ အဲဒါသည် ကောင်းကင်နှင့်လူသားကို ပေါင်းစည်းထားသော ချီသန့်စင်သူ၏ အော်ရာနှင့် ကွဲပြားခြားနားလေသည်။
ထို့ကြောင့် လက်သီးစိတ်ဆန္ဒကို များသောအားဖြင့် တောင့်တင်းခိုင်မာ၍ မထိုးဖောက်နိုင်သောတောင်တစ်လုံးအဖြစ် ဖော်ပြကြသည်။ ၎င်းသည် ဓားစိတ်ဆန္ဒကဲ့သို့ ထက်ရှခြင်းမရှိသော်လည်း တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိ၏။
ရှန်းထျန်သက်ရှိအဆင့်မှာ ကိုယ်ခံပညာသိုင်းသမားများသည် အဓိကအားဖြင့် အစီအရင်ပုံရိပ်ယောင်များကို ချုပ်ထိန်းရန် သူတို့၏ သွေးချီကို မှီခိုခြင်းဖြင့် ဂမ္ဘီရဝိဇ္ဇာများနှင့် တိုက်ခိုက်နိုင်ကြသည်။ ကောင်းကင်သက်ရှိအဆင့်ကို ရောက်အပြီးမှာ ဂမ္ဘီရဝိဇ္ဇာ၏ အစီအရင်များသည် ပုံရိပ်ယောင်သိပ်မဆန်တော့ဘဲ ပို၍သိသာထင်ရှားကာ အစစ်အမှန်နှင့် ပိုမိုနီးစပ်လာ၏။ ထိုသို့ဖြင့် ကိုယ်ခံပညာသိုင်းသမား၏ သွေးချီသက်သက်သည် သူတို့ကို ဆက်လက်၍ မချုပ်ထိန်းနိုင်တော့ပေ။ ထို့ကြောင့် ကိုယ်ခံပညာသိုင်းသမားများသည် သူတို့၏ လက်သီးစိတ်ဆန္ဒများကို အသုံးပြုလာရပေလိမ့်မည်။
ကွေ့ကျန်းအဆင့် ချီသန့်စင်သူသည် ဂမ္ဘီရချီနယ်ပယ်မှာ အမြုတေကိုသန့်စင်၍ ပင်ကိုယ်ချီကို အသွင်ပြောင်းလဲကြသည်။ ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားကတော့ အမြုတေနှင့်သွေးချီကို စုဖွဲ့သော်လည်း ၎င်းကို ပင်ကိုယ်ချီအဖြစ် မပြောင်းလဲပေ။ ထိုအစား ဤအမြုတေနှင့် သွေးချီကိုသုံး၍ သူတို့၏ ကိုယ်ကာယကို ကြံ့ခိုင်စေ၏။ သူတို့၏ စိတ်ဝိညာဉ်နှင့် လိပ်ပြာသည် သူတို့၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားပေလိမ့်မည်။ ထိုအခါ ကိုယ်ခံပညာသိုင်းသမားသည် မြေကမ္ဘာအင်မော်တယ်လမ်းစဉ် သို့မဟုတ် နတ်ဘုရားအင်မော်တယ်လမ်းစဉ်သို့ မကူးပြောင်းသရွေ့ သူတို့၏ ခန္ဓာနှင့် ဝိညာဉ်ကို ထပ်မံ၍ ခွဲမထုတ်နိုင်တော့ပေ။
ဤအချိန်မှာ ကိုယ်ခံပညာသိုင်းသမား၏ ခန္ဓာသည် ဝိညာဉ်ဖြစ်၍ ဝိညာဉ်က ခန္ဓာပင်ဖြစ်၏။ ထို့ကြောင့် ခန္ဓာကိုကြံ့ခိုင်စေခြင်းသည် ဝိညာဉ်ကို ကြံ့ခိုင်စေခြင်းလည်းဖြစ်၏။ ကိုယ်ခံပညာသိုင်းသမားသည် ချီကို အသွင်ပြောင်းလဲသန့်စင်သည့်ဖြစ်စဉ်ကို ကျော်လွှားပြီး အမြုတွေကို သန့်စင်ခြင်းကနေ စိတ်ဝိညာဉ်ကို အသွင်ပြောင်းလဲခြင်းအဖြစ် တိုက်ရိုက်သွားလေသည်။
သူတို့၏ စိတ်စွမ်းအားကိုသုံး၍ ကြယ်တာရာများကို အာရုံခံခြင်းဖြင့် သူတို့သည် မိုးကောင်ကင်နှင့် သဟဇာတဖြစ်မှုကို အောင်မြင်ရရှိပြီး ကောင်းကင်ချိတ်ဆက်နယ်ပယ်သို့ ဝင်ရောက်ကြသည်။
ခန္ဓာနှင့်စိတ်ဝိညာဉ်ကို သူတို့၏ သွေးချီနှင့်အတူ စုဖွဲ့ခြင်း၊ သူတို့၏ စိတ်ဝိညာဉ်အတွင်းမှာ ကြယ်တာရာများ၏ အမြုတေကို စုစည်းခြင်းဖြင့် သူတို့သည် မဖျက်ဆီးနိုင်သော စိတ်ဝိညာဉ်တစ်ခုကိုရရှိကာ နတ်ဘုရားဂုဏ်ရည်နယ်ပယ်သို့ ဝင်ရောက်ကြသည်။ ဤဖြစ်စဉ်မှာ လက်သီးစိတ်ဆန္ဒသည် သဘာဝအလျောက်ဖြစ်ပေါ်လာပေလိမ့်မည်။
လက်သီးစိတ်ဆန္ဒသည် သွေးချီကနေလာသော်လည်း ယင်းသည် သွေးချီကဲ့သို့ မရိုးရှင်းပေ။ သွေးချီသည် အာနိသင်ပြင်းသော ဆေးလုံးတစ်လုံးကဲ့သို့ လက်သီးစိတ်ဆန္ဒကိုဖန်တီးရသည့် ကုန်ကြမ်းဖြစ်သည်။ သို့သော်လည်း သွေးချီကနေ လက်သီးစိတ်ဆန္ဒအဖြစ် ကူးပြောင်းခြင်းအပေါ် သက်ရောက်သည့် အလှည့်အပြောင်းများစွာရှိလေသည်။
ထန်ထိုက်လက်သီးစိတ်ဆန္ဒအရ အဓိကအရာသည် တောင်တန်းများ၊ မြစ်များ၊ ပင်လယ်များနှင့် ကြယ်တာရာများ၏ စွမ်းအားကို တုပရခြင်းဖြစ်၏။ သို့သော်လည်း အခြေခံသမားများသည် မြည်း၊ ပိုးမွှား၊ ကျားနှင့် နဂါးတို့ကို တုပခြင်းဖြင့် စတင်ရသည်။ အဆင့်မြင့်ကျင့်ကြံသူများသာ သဘာဝ၏ စွမ်းအားကို စုဖွဲ့နိုင်ကြ၏။
ကျမ်းဦးစကားမှာ ထန်ထိုက်ယွင်ပြောခဲ့သည့်အတိုင်း လူတစ်ယောက်သည် အင်မော်တယ်ဖြစ်တည်မှုကို အောင်မြင်မရရှိခင် သူ့ကိုယ်သူနှင့် လောကကို နားလည်သဘောပေါက်ရန် လိုအပ်ပေလိမ့်မည်။
ချီရွှမ်းစုသည် ရုတ်တရက် ဝေဟင်ပျံသင်္ဘောပျက်ကျသည့်နေ့က ဝူလော၏ ရုပ်ပုံလွှာကို သတိရသွား၏။
ဝူလောသည် မိုးမြေစွမ်းအားကို အသုံးပြု၍ သူမ၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ဖန်တီးခဲ့ပြီး ကိုယ်ခံပညာသိုင်းသမားများကတော့ သဘာဝ၏ စွမ်းအားများကို သူတို့၏ ကိုယ်ပိုင်ခွန်အားဖြစ်အောင် ကျင့်ကြံရသည်။ ဝူလော၏ နည်းလမ်းများသည် ကိုယ်ခံပညာသိုင်းသမား၏ လက်သီးစိတ်ဆန္ဒနှင့် ဆင်တူနေသည်ကို အံ့အားသင့်ဖွယ်တွေ့ရှိရလေသည်။