အခန်း ၂၆၃
Vol. 27 Ch. 263
အခန်း ၂၆၃ - ပေမန်တောင်သို့
ကျန်းယွဲ့လုပြောခဲ့သည့်အတိုင်း ချီရွှမ်းစုသည် အတတ်မြန်သူဖြစ်၏။ သို့သော် သူ့မှာ အခြေခံအုတ်မြစ်နှင့် ပင်ကိုယ်အရည်အသွေးများ လစ်လပ်နေ၏။ သို့သော်လည်း ကျန်းယွဲ့လုသည် သူမနှင့်နှိုင်းယှဉ်ပြီး အကဲဖြတ်ခဲ့ခြင်းဖြစ်၏။ သူမသည် ပါရမီရှင်ဖြစ်သောကြောင့် ချီရွှမ်းစု၏ နားလည်ဆင်ခြင်နိုင်စွမ်းက အတော်လေးကောင်းမွန်သော်လည်း သူ့ခန္ဓာကိုယ်သည် ခနော်နီခနော်နဲ့ လှေတစ်စင်းကဲ့သို့ လိုက်မမီဟုဆိုရပေမည်။ ထို့ကြောင့် ချီရွှမ်းစုသည် အသက် ၂၀ ကျော်သည်အထိ ခွန်လွင်အဆင့်မှာ ရပ်တန့်နေခဲ့ခြင်းဖြစ်၏။
ချီရွှမ်းစုသည် လေ့ရှောင်ဟွမ် များစွာရှင်းပြစရာမလိုဘဲ လက်သီးစိတ်ဆန္ဒ၏ သဘောတရားကို နားလည်သဘောပေါက်သွား၏။ သို့သော် ချီရွှမ်းစု၏ ခန္ဓာကိုယ်က အဲဒါကို သင်ယူအသားကျဖို့ လိုက်မမီသေးပေ။
ဤသည်မှာ ချီရွှမ်းစုနှင့် ကျန်းယွဲလုကဲ့သို့ ပါရမီရှင်များကြား ကွာခြားချက်ဖြစ်သည်။
ဤနေရာမှာတော့ လေ့ရှောင်ဟွမ်လည်း မတတ်နိုင်ပေ။ ချီရွှမ်းစုလုပ်နိုင်သည်မှာ ထပ်တလဲလဲလေ့ကျင့်ခြင်းပင်။ ချီရွှမ်းစုသည် သူ၏ လိုအပ်ချက်အတွက် ဆရာကို အပြစ်တင်မည့်တပည့်မျိုး မဟုတ်သောကြောင့် သူမ ဝမ်းသာမိ၏။ အနည်းဆုံးတော့ သူသည် သီအိုရီများနှင့် သဘောတရားများကို နားလည်ဆင်ခြင်နိုင်သေး၏။ ထို့ကြောင့် လေ့ရှောင်ဟွမ်သည် သူ့ကို သင်ကြားပေးရာမှာ သက်တောင့်သက်သာရှိလေသည်။
လေ့ရှောင်ဟွမ်သည် ချီရွှမ်းစုအား လက်သီးစိတ်ဆန္ဒသင်ကြားပေးပြီးနောက် ထျန်ကန်းခန်းမငယ်ကနေ ဖုန့်ပိုထွက်ပြေးသွားသည်ဟူသောသတင်း ပေးပို့လာသောကြောင့် သူမသည် ထိုက်ဖျင်တည်းခိုခန်းကနေ ထွက်ခွာသွား၏။ သူတို့သည် ဖုန့်ပိုကို ထိခိုက်ဒဏ်ရာရအောင်သာလုပ်နိုင်ခဲ့ပြီး သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း မပြုလုပ်နိုင်ခဲ့ပေ။ ထျန်ကန်းခန်းမငယ်သည် ကျင့်ကြံမှုအဆင့်မြင့်မားသော ဖုန့်ပိုကို ထိခိုက်ဒဏ်ရာရရှိစေနိုင်ခဲ့သည်မှာ သူတို့၏ အရေအတွက်အင်အားကြောင့်ဖြစ်၏။ ဖုန့်ပိုသည် ကွေ့ကျန်းအဆင့် တာအိုဆရာတစ်ဦးကို အလွယ်တကူအနိုင်ယူနိုင်သော်လည်း ဆယ်ယောက်ဆိုလျှင်တော့ မရပေ။ ထို့ကြောင့် သူက ထွက်ပြေးသွားခဲ့ရ၏။
ဖုန့်ပို အဓိကလှုပ်ရှားနေသည့်နေရာကို ကြားသိထားသောကြောင့် လေ့ရှောင်ဟွမ်သည် ယုံကျိုးသို့ အလည်အပတ်သွားရောက်ဖို့ ဆုံးဖြတ်လိုက်၏။ သူမက သူ့ကို ရှာတွေ့မည်ဆိုလျှင် သတ်ဖြတ်ပေလိမ့်မည်။ သို့သော် ဖုန့်ပိုသည် လင်းနန်သို့ ထွက်ပြေးတိမ်းရှောင်သွားမည်ဆိုလျှင် သူမသည် သူ့နောက်သို့ ဆက်လိုက်တော့မည် မဟုတ်ပေ။ သူ့နောက်သို့ အမဲလိုက်ခြင်းမှာ ချီရွှမ်းစုအတွက် လက်စားချေပေးဖို့မဟုတ်ဘဲ သူမသည် မတိုက်ခိုက်ရသည်မှာ ကြာပြီဖြစ်သောကြောင့် ရလာသောအခွင့်အရေးကို လက်လွှတ်မခံချင်ရုံသာဖြစ်၏။
ဤဆုံးဖြတ်ချက်ကို ဖေးရှောင်လိုက သဘောတူလက်ခံ၏။ လေ့ရှောင်ဟွမ်သည် အစစ်အမှန်ဝူလျန်အဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်သောကြောင့် သူက သူ့ဇနီး၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်မနေပေ။ သူမကို သူတော်စင်များစွာကြားမှာ ထူးချွန်ထက်မြက်သည်ဟု ဆိုနိုင်၏။ ရှောင်းယောင်အဆင့် ကောင်းကင်သက်ရှိတစ်ဦးဖြစ်သော ဖုန့်ပိုသည် ကောင်းကင်ဘုံနန်းတော်မှ သူနှင့် အဆင့်တူသူတစ်ဦးနှင့် ပူးပေါင်းထားမည်ဆိုလျှင်ပင် လေ့ရှောင်ဟွမ်ကို အနိုင်မရလောက်ပေ။
လေ့ရှောင်ဟွမ်ထွက်သွားပြီးနောက် ဖေးရှောင်လိုသည် သူ့ဇနီးအကြောင်း ချီရွှမ်းစုကို ထပ်မံ၍ ပြောပြ၏။ လေ့ရှောင်ဟွမ်သည် ယခုအချိန်မှာ တာအိုတပည့်ဂိုဏ်းသားတစ်ဦးဖြစ်နေသော်လည်း တာအိုဂိုဏ်းတော်အတွင်း ရာထူးတစ်ခုကို ယူထားခြင်း မရှိချေ။ သူမသည် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦးဖြစ်သော်လည်း သူမ၏ ခဲအို သူတော်စင်တန်ဟွားကြောင့်မဟုတ်လျှင် ရိုသေလေးစားခံရလိမ့်မည် မဟုတ်ပေ။
တာအိုဂိုဏ်းတော်အတွင်းမှာ မြင့်မားသော ကျင့်ကြံမှုအဆင့်တစ်ခုရှိထားခြင်းမှာ မလုံလောက်ပေ။ လူတစ်ယောက်၏ ရာထူးဌာနန္တရကလည်း အရေးပါသည်။ မဟုတ်ပါက မဟာအကြီးအကဲနေရာအတွက် ယှဉ်ပြိုင်မှုများရှိလာလိမ့်မည်မဟုတ်ပေ။ သို့သော် လုံလောက်သည့်ကျင့်ကြံမှုမရှိဘဲ ရာထူးဌာနန္တရတစ်ခုကို ယူထားမည်ဆိုလျှင်လည်း ယုံကြည်လက်ခံနိုင်ဖွယ်ရာမရှိချေ။ ထို့ကြောင့် ထိုလိုအပ်ချက်နှစ်ခုက တစ်ခုကိုတစ်ခု ဖြည့်စွက်ပေးနေသည်။
မဟာအကြီးအကဲနေရာအတွက် ဦးဆောင်နိုင်စွမ်းက အရေးအပါဆုံးဖြစ်သည်။ ဆဋ္ဌမမျိုးဆက်မဟာအကြီးအကဲမှာ မြင့်မားသောကျင့်ကြံမှုအဆင့် ရှိခဲ့သော်လည်း သူသည် လက်ထောက်မဟာအကြီးအကဲသုံးဦး၏ ထိန်းချုပ်ခံခဲ့ရဆဲဖြစ်၏။ နောက်ဆုံးမှာတော့ ဆဋ္ဌမမျိုးဆက်မဟာအကြီးအကဲသည် စိတ်ပျက်အားငယ်စွာဖြင့် ကောင်းကင်ဘုံသို့ စောလျင်စွာတက်လှမ်းသွားခဲ့၏။
တစ်ဘက်မှာတော့ ပဉ္စမမျိုးဆက်မဟာအကြီးအကဲသည် သံမဏိစည်းမျဉ်းဖြင့် တာအိုဂိုဏ်းတော်ကို အုပ်ချုပ်ခဲ့ပြီး လက်ထောက်မဟာအကြီးအကဲများကိုပင် ပြောင်းပစ်ရဲလေသည်။ နောက်ပိုင်းမှာ သူ့ကို အာဏာစက်အပြင်းဆုံး မဟာအကြီးအကဲအဖြစ် သတ်မှတ်ခဲ့ကြ၏။ ထို့ကြောင့် လူတစ်ယောက်၏ စိတ်နေစရိုက်နှင့် အစွမ်းအစက ထပ်တူထပ်မျှအရေးပါသည်။
ဖေးရှောင်လိုသည် အတင်းအဖျင်းပြောပြီးနောက် သူ့အလုပ်သူလုပ်ရန် ထွက်ခွာတော့မည်ဖြစ်၏။ သူသည် တာအိုဆရာများကို စုံစမ်းစစ်ဆေးရန် မြေကမ္ဘာဆရာသခင်၏ အမိန့်အောက်မှာရှိနေပြီး ထျန်ကန်းခန်းမငယ်၏ အာဏာအလွဲသုံးစားလုပ်မှုကို တရားတင်စာရွက်စာတမ်းဖြင့် အစီအရင်ခံတင်ပြရပေလိမ့်မည်။ မြေကမ္ဘာဆရာသခင်က အဲဒါကို ဖတ်မည်မဟုတ်သော်လည်း ဖေးရှောင်လိုက အစီရင်ခံစာကို ရေးသားရဦးမည်။
တာအိုဂိုဏ်းတော်သည် စာရေးများနှင့် ကိုယ်ရေးလက်ထောက်များငှားရမ်းခြင်းကို ပိတ်ပင်တားမြစ်ထားရာ မည်သူမဆို စာရွက်စာတမ်းများကို ကိုယ်တိုင်ရေးသားကြရသည်။ အရေးအသားမှာ အထုံပါရမီပါသည့်သူများကလွဲလျှင် လူအများစုသည် အရင်ဆုံးပုံကြမ်းရေးပြီး အဲဒါကို ထပ်တလဲလဲပြင်ဆင်တည်းဖြတ်ရ၏။
တကယ်တော့ ဤကဲ့သို့မူဝါဒများမှာ အသုံးချနိုင်သည့် ယိုပေါက်များရှိနေဆဲဖြစ်၏။ အဆင့်မြင့်တာအိုဆရာများစွာသည် အစီရင်ခံစာရေးသားခြင်းကို သူတို့၏ တပည့်ရင်းများနှင့် လွှဲထားတတ်ကြ၏။ သူတို့သည် အရေးအသားကိုစစ်ဆေး၍ အထိုက်အလျောက် ပြင်ဆင်တည်းဖြတ်ပြီးနောက် အဲဒါကို ကူးယူလိုက်မည်ဖြစ်၏။ ထိုသို့ဖြင့် သူတို့လည်း အလုပ်မရှုပ်သလို တပည့်များကိုလည်း လေ့ကျင့်ပေးရာရောက်ပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်လေ၏။
ကံဆိုးစွာဖြင့် ဖေးရှောင်လိုသည် တပည့်လက်ခံထားခြင်းမရှိရာ အစီရင်ခံစာကို ကိုယ်တိုင်ရေးသားရပေမည်။
သူ၏ ဒဏ်ရာများ သက်သာလုနီးပါးဖြစ်ပြီဟု ချီရွှမ်းစုခံစားမိသောကြောင့် သူသည် ရှီဖျင်စီရင်စုကနေ ထွက်ခွာ၍ သိပ်မဝေးသော လုံမန်စီရင်စုကို ဆက်သွားဖို့ ဆုံးဖြတ်ချက်ချလိုက်၏။
ချီမင်းဆက်အတွင်း အနောက်ဘက်တွင် ရှီကျင့်စီရင်စု၊ အရှေ့ဘက်တွင် လုံမန်စီရင်စုဟူ၍ မြို့တော်နှစ်ခုရှိခဲ့သည်။
ထိုမြို့တော်နှစ်ခုကြားမှာ ပေမန်တောင်တည်ရှိသည်။ ဧကရီမင်ခုံးသည် ချီမင်းဆက်မှာ ကြီးစိုးနေသောလီမိသားစုကို အစားထိုးပြီးနောက် မြို့တော်ကို လုံမန်စီရင်စုသို့ ရွှေ့ပြောင်းကာ အတိုင်းအတာကျယ်ပြန့်စွာဖြင့် တည်ဆောက်မှုများ ပြုလုပ်ခဲ့သည်။ ဝမ်ရှန်းတာအိုနန်းတော်ဖြစ်လာမည့် ဝမ်ရှန်းနန်းတော်ကို တည်ဆောက်ခဲ့သည့်အပြင် သူသည် ပေမန်တောင်မှာ နွေဥယျာဉ်နန်းတော်တစ်ခုကိုလည်း တည်ဆောက်ခဲ့၏။
ပေမန်တောင်ကနေမြင်ရသော ညနေခင်းမြင်ကွင်းသည် လောကရှိအကောင်းဆုံး ရှုခင်း ၈ ခုထဲမှာ ပါဝင်၏။
နေဝင်ပြီးနောက် တောင်အောက်ရှိ အိမ်ပေါင်းထောင်ချီမှ မီးအလင်းရောင်များသည် ကောင်းကင်ယံမှ ကြယ်များကဲ့သို့ လင်းထိန်နေ၏။ တောင်ပေါ်သို့တက်လှမ်း၍ ငေးမျှော်ကြည့်ရှုမည်ဆိုလျှင် ယီလောမြစ်၏ တစ်ခွင်တစ်ပြင်ရှုခင်းကို ခံစားနိုင်လေသည်။
နောက်ပိုင်း ရွှေပြည်သစ်နှင့်ဖြစ်ပွားသော စစ်ပွဲကာလအတွင်း နန်းတော်က ဖျက်ဆီးခံခဲ့ရပြီး ထိုနေရာကို ဆင့်ကဲပြောင်းလဲလာသော သစ်ပင်မိစ္ဆာတစ်ကောင်က သိမ်းပိုက်ခဲ့လေသည်။ တာအိုဂိုဏ်းတော်နှင့် မဟာရွှမ်မင်းဆက်သည် ထိုနေရာကို အောင်နိုင်သည့်အခါ သူတို့သည် ထိုနေရာမှာရှိသောမိစ္ဆာများကို နှိမ်နင်း၍ ယခင်နန်းတော်ကို ကျုံးကျိုးတာအိုစံအိမ်အဖြစ် ပြန်လည်တည်ဆောက်ခဲ့ကြသည်။
သစ်ပင်မိစ္ဆာသည် ကျုံးကျိုးတာအိုစံအိမ်၏ တပည့်ဂိုဏ်းသားတစ်ဦးပင်ဖြစ်လာခဲ့၏။ မိစ္ဆာများနှင့်တစ္ဆေများ သုတ်သင်ရှင်းလင်းခြင်းကို အားမပေးသည့်လူများစွာသည် ဤသစ်ပင်မိစ္ဆာကို ဥပမာကောင်းတစ်ခုအဖြစ် ပေးကြသည်။ သို့သော် ပြီးခဲ့သည့်နှစ်တစ်ရာမှာ သစ်ပင်မိစ္ဆာက ရှားရှားပါးပါး ပေါ်ထွက်လာခဲ၏။ ထို့ကြောင့် ၎င်း မော်တယ်ဘုံမှာ ရှိနေသေးသလား မည်သူကမှ မသိရပေ။
မိစ္ဆာများကို သုတ်သင်ရှင်းလင်းခြင်းအား အားမပေးသောသူများသည် အတော်လေး သူတော်ကောင်းယောင်ဆောင်ကြသည်။ နဂါးများသည် မိစ္ဆာအမျိုးအစားထဲမှာ ပါဝင်သော်လည်း တာအိုဂိုဏ်းတော်သည် ဝေဟင်ပျံသင်္ဘောများဆောက်လုပ်ရန်အတွက် မြစ်များ၊ ရေကန်များနှင့် ကမ်းရိုးတန်းရေပိုင်နက်များမှာရှိသော နဂါးများအားလုံးနီးပါးကို သတ်ဖြတ်ခဲ့၏။ ကျန်ရှိနေသောနဂါးများသည် ပင်လယ်အနက်ပိုင်းထဲကို ထွက်ပြေးတိမ်းရှောင်ခြင်းဖြင့်သာ မျိုးသုဉ်းမသွားခဲ့ခြင်းဖြစ်၏။ ယခုအချိန်မှာတောင် တာအိုဂိုဏ်းတော်သည် သူတို့၏ အရင်းအမြစ်များအတွက် နောက်ထပ်နဂါးများကိုသတ်ဖြတ်ရန် ပင်လယ်အနက်ပိုင်းဆီသို့ ရံဖန်ရံခါ အမဲလိုက်ထွက်လေ့ရှိ၏။
ထိုသို့ဆိုလျှင်ပင် ဤလူများသည် ဝေဟင်ပျံသင်္ဘောများကို သပိတ်မှောက်ခြင်းဖြင့် နဂါးများအား သတ်ဖြတ်ခြင်းကို မကန့်ကွက်ကြပေ။ သူတို့သာ တကယ်တမ်း ထောက်ခံအားပေးလိုသည်ဆိုလျှင် ခွန်လွင်တောင်ဆီသို့ ဝေဟင်ပျံသင်္ဘောမစီးဘဲ ခြေကျင်သွားသင့်လေသည်။ သူတို့သည် သစ်ပင်မိစ္ဆာများ၊ မြွေမိစ္ဆာများနှင့် မြေခွေးမိစ္ဆာများအပေါ် သက်ညှာသော်လည်း နဂါးများကိုတော့ ဘာ့ကြောင့် ဖယ်ကြဉ်ထားကြသလဲ။
ဒါ့အပြင် ပေမန်တောင်သည် တာအိုကောဇောက်ဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြစ်ခဲ့ဖူးသည်။ ဤတာအိုဂိုဏ်းသည် အမှောင်နှင့်မကောင်းဆိုးဝါးမှော်ကို ကျင့်သုံးခဲ့ကြသော ဇောက်ကောအယူဝါဒဂိုဏ်း၏ ကြွင်းကျန်ရစ်သူများဖြစ်ကြသည်။ ပေမန်တောင်ပေါ်မှာ ယခင်ဧကရာဇ်များ၏ အုတ်ဂူများစွာရှိသောကြောင့် ထိုနေရာမှာ ယင်စွမ်းအင်က သန်မာအားကောင်း၍ တစ္ဆေများမွေးမြူခြင်းနှင့် ဖုတ်ကောင်များ ကျင့်ကြံခြင်းအတွက် သင့်လျော်ခဲ့သည်။
ထိုသို့ဖြင့် ကျက်သရေမင်္ဂလာရှိသော ပေမန်တောင်သည် တစ္ဆေယင်စွမ်းအင်များ လေထဲတွင် စိမ့်ဝင်ပျံ့နှံ့နေသည့် တစ္ဆေကုန်းမြေအဖြစ် ပြောင်းလဲသွားခဲ့၏။ မှုန်ရီထိုင်းမှိုင်းသော ပတ်ဝန်းကျင်နှင့် တစ္ဆေအရိပ်များသည် ခရီးသွားများကို ခြောက်လှန့်ခဲ့လေသည်။ ထိုသို့ဖြင့် မည်သူကမှ ထိုနေရာကို ထပ်မံ၍ ခြေမချရဲတော့ပေ။
ယခင် ဝေမင်းဆက်၏ ဗရုတ်ဗရက်ကာလများအတွင်း ငတ်မွတ်ခေါင်းပါးခြင်းနှင့် စစ်ပွဲများက မွှေနှောက်ဖျက်ဆီးခဲ့ပြီး အလောင်းများက လမ်းမများပေါ်မှာ ပြန့်ကျဲနေခဲ့၏။ ထိုအချိန်တုန်းက ရွှေပြည်သစ်သည် အင်ပါယာတစ်ဝက်ကို သိမ်းပိုက်ခဲ့၏။ သူတို့၏ မြင်းတပ် ဖြတ်သွားရာနေရာတိုင်းမှာ မြို့များက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရပြီး ကုန်းမြေများကို အတင်းအဓမ္မလုယက်သိမ်းပိုက်ခဲ့ကြ၏။
ထိုအချိန်တုန်းက ယန်ဇီမြစ်၏ မြောက်ပိုင်းသည် ကျတ်တီးမြေဖြစ်ခဲ့ပြီး အိမ်ဆယ်အိမ်မှာ ကိုးအိမ်က လူမနေခဲ့ကြပေ။ လယ်ကွင်းများထဲမှာ အလောင်းများပုံထပ်၍ ဒုက္ခသည်များက တောင်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ကြ၏။ ထိုနေရာသည် ကမ္ဘာမြေပေါ်က ငရဲဘုံတစ်ခုကဲ့သို့ဖြစ်ခဲ့၏။
ထိုသို့ဖြင့် ဇောက်ကောအယူဝါဒဂိုဏ်းသည် ပေမန်တောင်မှာ တစ္ဆေနိုင်ငံတစ်ခုတည်ထောင်ပြီး တစ္ဆေပေါင်းများစွာကို ပေမန်သို့ ဆွဲခေါ်ကာ ဖုတ်ဝင်အလောင်းများနှင့် တစ္ဆေစစ်သားများကို မွေးမြူခဲ့ကြသည်။ ဤလုပ်ရပ်များကြောင့် ဇောက်ကောအယူဝါဒဂိုဏ်းသည် အချိန်တိုတစ်ခုအတွင်း အလွန်တရာစွမ်းအားကြီးမား၍ တာအိုဂိုဏ်းတော်၏ အရွယ်အစားတစ်ဝက်ထိ ရောက်ရှိလာခဲ့၏။
ဇောက်ကောအယူဝါဒဂိုဏ်းသည် သူတို့၏ ပြိုင်ဘက်များကို မောင်းထုတ်ပြီးသည်နှင့် သူတို့၏ ရည်မှန်းချက်များက ပို၍ကြီးမားလာခဲ့၏။ သူတို့သည် လူသားစွမ်းအားနှင့် အင်မော်တယ်များကို ဖန်တီးလိုခဲ့ကြသည်။ သူတို့သည် တာအိုစမ်းသစ်တီထွင်စီမံကိန်းများ၊ မျိုးနွယ်ရှစ်စုနှင့် ကံကြမ္မာအယူဝါဒဂိုဏ်းတို့၏ ကနဦးအစပြုသူများဖြစ်ခဲ့ကြသည်။
ရွှမ်အရှင်မြတ်သည် ဇောက်ကောအယူဝါဒဂိုဏ်းကို အနိုင်ယူပြီးနောက် ထိုအယူဝါဒဂိုဏ်း၏ ကြွင်းကျန်ရစ်သူများသည် တာအိုဝါဒသို့ ကူးပြောင်း၍ ကောဇောက်ဂိုဏ်းကို ဖြစ်လာစေခဲ့သည်။ ထို့နောက် ရွှမ်အရှင်မြတ်သည် ကောဇောက်ဂိုဏ်းကို ချွမ်ကျန်းဂိုဏ်းထဲသို့ ထည့်သွင်းပေါင်းစည်းပေးခဲ့၏။ ထိုသို့ဖြင့် စမ်းသစ်တီထွင်သည့် တာဝန်များကို ချွမ်ကျန်းဂိုဏ်းက ရရှိခဲ့ခြင်းဖြစ်သည်။
ချွမ်ကျန်းဂိုဏ်းသည် ဇောက်ကောအယူဝါဒဂိုဏ်းချန်ထားခဲ့သည့် တစ္ဆေများနှင့် ဖုတ်ကောင်များကို ရှင်းလင်းခြင်း၊ ထိုနေရာမှာရှိသော ယင်စွမ်းအင်ကို ဖယ်ရှားခြင်းဖြင့် ပေမန်တောင်၏ နဂိုပုံပန်းသဏ္ဌာန်ကို ပြန်လည်ဖော်ဆောင်ဖို့ ရင်းနှီးမြှုပ်နှံခဲ့ကြ၏။ ထိုသို့ဖြင့် ပေမန်တောင်သည် လှပသောကောင်းကင်နှင့် ကြည်လင်သောရေတို့ကို တစ်ဖန်ပြန်လည်ရရှိလာပေလိမ့်မည်။
တစ်ချိန်တည်းမှာ ချွမ်ကျန်းဂိုဏ်းသည် ဇောက်ကောအယူဝါဒဂိုဏ်း၏ တစ္ဆေနိုင်ငံမှာ ခရိုင်တစ်ခု၏ အရွယ်အစားနှင့် ယှဉ်နိုင်သော ဧရာမထုတ်လုပ်ရေးရုံနှစ်ခုကို ဆောက်လုပ်ခဲ့သည်။ ထို့နောက် သူတို့သည် လူသားစွမ်းအားဖြင့် အင်မော်တယ်များဖန်တီးမည့် ဇောက်ကောအယူဝါဒဂိုဏ်း၏ အမျိုးမျိုးသောအမွေအနှစ်များကို ဆက်ခံခဲ့ကြ၏။
ပြန်လည်တည်ဆောက်ပြီးနောက် ဤထုတ်လုပ်ရေးရုံနှစ်ခုကို ဟွာရှန်ခန်းမက သိမ်းပိုက်သွားခဲ့၏။ ဤအချက်ကြောင့် ဖုန့်ပိုသည် ပေမန်တောင်ကို တာအိုဂိုဏ်းတော်၏ ကြီးစိုးလွှမ်းမိုးရာနေရာအဖြစ်သတ်မှတ်ပြီး ထိုနေရာကို ခြေမချရဲပေ။
အစကတော့ ချီရွှမ်းစုသည် ဤလမ်းကြောင်းကို ရွေးချယ်ဖို့ ချီတုံချတုံဖြစ်နေခဲ့၏။ မည်သို့ပင်ဆိုစေ ထိုနေရာသည် ဟွာရှန်ခန်းမ၏ ထုတ်လုပ်ရေးရုံများတည်ရှိရာနေရာဖြစ်သည်။ ဆောဝမ်ပူရှိ ထုတ်လုပ်ရေးရုံမှ သူ၏ အတွေ့အကြုံကနေ သင်ခန်းစာကောင်းကောင်းရထားခဲ့၏။
ထိုနေရာကို တင်းကျပ်စွာစောင့်ကြပ်ထားသော်လည်း သူ့မှာ တာအိုသရုပ်သကန်မရှိတော့ပြီဖြစ်ရာ ဖမ်းဆီးခံရနိုင်သည့် အန္တရာယ်ရှိလေသည်။
ဖေးရှောင်လိုသည် အင်ပါယာနန်းတော်မှ ကိုယ်စားလှယ်များအား အထူးတလည်ပေးအပ်သော တာအိုဂိုဏ်းတော်၏ တံဆိပ်ပြားတစ်ခုကို ချီရွှမ်းစုအား ပေးခြင်းဖြင့် ဤပြဿနာကို ဖြေရှင်းပေးလိုက်၏။ ထျန်ကျိခန်းမနှင့် နတ်ဘုရားလက်နက်တိုက်တို့၏ ခဲယမ်းလက်နက်ပူးပေါင်းထုတ်လုပ်ခြင်းကဲ့သို့ တာအိုဂိုဏ်းတော်သည် အင်ပါယာနန်းတော်နှင့် မကြာခဏပူးပေါင်းဆောင်ရွက်တတ်သည်။ ထို့ကြောင့် ဤတံဆိပ်ပြားသည် တာအိုပိုင်နက်နယ်မြေများကိုဖြတ်ကျော်ရန် အင်ပါယာနန်းတော်မှလူများအတွက် ပို၍သင့်လျော်၏။ ဖေးရှောင်လိုထံမှ ဤတံဆိပ်ပြားကို ချင်ဝူပင်းပေးသည့် တံဆိပ်ပြားနှင့် ပေါင်းစပ်အသုံးပြု၍ တာအိုဂိုဏ်းတော်၏ စစ်ဆေးမေးမြန်းမှုကနေ ရှောင်လွှဲနိုင်၏။
ဒါ့အပြင် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲများသာ ဤကဲ့သို့သောတံဆိပ်ပြားမျိုးကို ထုတ်ပေးရန် အဆင့်မီလေသည်။ ထို့ကြောင့် အပြင်လူတစ်ဦးအနေဖြင့် တာအိုပိုင်နက်နယ်မြေများအတွင်း စိမ့်ဝင်ထိုးဖောက်ဖို့ဆိုလျှင် အတွင်းလူတစ်ဦးနှင့် ပေါင်းကြံမှရပေမည်။
ဆောဝမ်ပူ၏ ထုတ်လုပ်ရေးရုံမှ အဖြစ်ဆိုးအပြီးမှာ တာအိုဂိုဏ်းတော်သည် လုံခြုံရေးကို ပိုမိုတင်းကျပ်လာပြီး အမှားအယွင်းတစ်ခုခုရှိလာမည်ဆိုလျှင် ဘယ်သူတာဝန်ခံရမလဲ ဆုံးဖြတ်ရန် ပိုမိုလွယ်ကူလာ၏။ တစ်နည်းအားဖြင့်ဆိုသော် ဤတံဆိပ်ပြားကို ထုတ်ပေးသည့်မည်သူမဆို ပြဿနာတစ်ခုခုရှိလျှင် တာဝန်ယူ တာဝန်ခံရပေလိမ့်မည်။
ထိုသို့ဖြင့် သူတော်စင်များသည် အရင်တုန်းကလို တံဆိပ်ပြားများကို တော်ရုံတန်ရုံ ထုတ်မပေးရဲတော့ပေ။ ဒါ့အပြင် ထုတ်လုပ်ရေးရုံထဲသို့ ဝင်ရောက်မည်ဆိုပါက မဝင်ခင် တံဆိပ်ပြား၏ အစစ်အမှန်ဖြစ်ခြင်းနှင့် မူလဇာစ်မြစ်ကို ထပ်မံ၍ အသေးစိတ် စစ်ဆေးမည်ဖြစ်လေသည်။
ချီရွှမ်းစုသည် ထုတ်လုပ်ရေးရုံသို့ ဝင်ရောက်ဖို့ စိတ်ကူးမရှိဘဲ ပေမန်တောင်ဘေးကနေ ဖြတ်သွားချင်ရုံသာဖြစ်ရာ ဤတံဆိပ်ပြားနှစ်ခုက သူ့အတွက် လုံလောက်လေသည်။