အခန်း ၂၆၄
Vol. 27 Ch. 264
အခန်း ၂၆၄ - ရန်သူတွေဟာ ပြန်ဆုံတတ်တယ်
ချီရွှမ်းစုသည် သူ၏ အဆင့်ဝင်မြင်းနှင့် ရှီကျင့်စီရင်စုကနေ ထွက်ခွာ၍ ပေမန်တောင်အစပ်ကို ရောက်သည့်အချိန်မှာ သုံးလပိုင်း၏ လလယ်နီးပါးသို့ ရောက်နေလေပြီ။ တောင်ပိုင်းမှာ မက်မွန်ပန်းများက စတင်၍ ပွင့်နေသော်လည်း တောင်တန်းများမှာ အေးစိမ့်နေဆဲဖြစ်၏။ ထိုနေရာမှာ ယခုအချိန်ထိ အရည်မပျော်သေးသည့် နှင်းများပင် ရှိနေ၏။
အရှေ့မှ အနောက်ထိ ပေမန်တောင်၏ အလျားသည် မိုင် ၁၂၀ ကျော် ရှိပြီး တောင်ထွတ် ၃၂ခု ပါဝင်လေသည်။ တာအိုဂိုဏ်းတော်အနေဖြင့် သုံးဖြုန်းရမည့် အရင်းအမြစ်များ များပြားလွန်းသောကြောင့် ပေမန်တောင်၏ တောင်ထွတ် ၃၂ခုလုံးသို့ ဝင်ပေါက်များကို ပိတ်ဆို့ထားဖို့ မဖြစ်နိုင်ပေ။
ချီရွှမ်းစု ခရီးဆက်နေသည့် လမ်းကြောသည် တိတ်ဆိတ်ခြောက်ကပ်၍ ရှီကျင့်စီရင်စုနှင့်လည်း မနီး၊ ပေမန်တောင်က တစ္ဆေတိုင်းပြည် သို့မဟုတ် နွေဦးဥယျာဉ်နန်းတော်နှင့်လည်း မနီးသောကြောင့် ထိုနေရာတစ်ဝိုက်မှာ ကင်းလှည့်နေသည့် စိတ်ဝိညာဉ်တပ်သားများ မရှိချေ။ ၎င်းသည် ချင်ကျိုးနှင့် ကျုံးကျိုး၏ အစပ်မှာ တည်ရှိပြီး လူနေအတော်လေး ကျဲပါး၏။
ချီရွှမ်းစုသည် လက်သီးစိတ်ဆန္ဒအကြောင်းကို စဉ်းစားတွေးတောရင်း ဖြည်းဖြည်းချင်း သွားနေ၏။ ဤလောကမှာ လက်သီးစိတ်ဆန္ဒ အမျိုးအစားများစွာ ရှိလေသည်။ အသုံးအများဆုံးမှာ ဝတ်ရုံနက်များ အသုံးပြုသည့် လက်သီးစိတ်ဆန္ဒဖြစ်၏။
ထန်ထိုက်လက်သီးစိတ်ဆန္ဒမှာ ချီသန့်စင်သူ၏ နည်းစနစ်အငွေ့အသက်များ ပါဝင်၍ မိုးမြေကို တုပထားသောကြောင့် ဝတ်ရုံနက်များ၏ လက်သီးစိတ်ဆန္ဒနှင့် လုံးလုံးလျားလျား ကွဲပြားခြားနား၏။ လမ်းစဉ်များကို တစ်လှည့်စီ ကူးပြောင်းခဲ့သည့် ထန်ထိုက်ယွင်၏ အတွေ့အကြုံကြောင့်လည်း ဖြစ်ပေမည်။
ဝတ်ရုံနက်များ၏ လက်သီးစိတ်ဆန္ဒသည် စစ်မြေပြင်မှာ စုဖွဲ့ထားသော သတ်ဖြတ်ခြင်းအော်ရာနှင့် တသသ သွေးထားသော ကြမ်းကြုတ်ခက်ထန် စွမ်းအင်တို့၏ ရလဒ်ဖြစ်၏။ ၎င်းသည် ထန်ထိုက်လက်သီးစိတ်ဆန္ဒထက် ပိုသာချင်မှ ပိုသာပေမည်။ သို့သော် ၎င်းသည် ကျင့်ကြံမှုအဆင့်နိမ့်သူများအပေါ် ပို၍ ဖိနှိပ်ချုပ်ချယ်နိုင်၏။ ဤလက်သီးစိတ်ဆန္ဒသက်သက်နှင့်ပင် လူတစ်ယောက်ကို အသေဖိခြေသတ်ဖြတ်နိုင်၏။ ဒါ့အပြင် ကိုယ်ခံပညာသိုင်းသမား၏ သွေးချီဟိန်းဟောက်သံနှင့် လက်သီးစိတ်ဆန္ဒကို အတူတကွ အသုံးပြုနိုင်၏။
ချီရွှမ်းစုသည် လူများစွာကို သတ်ဖြတ်ခဲ့သော်လည်း သူ့မှာ စစ်မြေပြင်အတွေ့အကြုံ လစ်လပ်နေရာ သူ့တွင် သန်မာအားကောင်းသော သတ်ဖြတ်ခြင်းအော်ရာ ရှိသော်လည်း စစ်မြေပြင်မှ ကြမ်းကြုတ်ခက်ထန်စွမ်းအင်က လျော့ကျနေ၏။ ထို့ကြောင့် ဝတ်ရုံနက်များ၏ လက်သီးစိတ်ဆန္ဒက သူ့အတွက် မသင့်လျော်ပေ။
ဝေဟင်ပျံသင်္ဘော ပျက်ကျစဉ်အတွင်း ဝူလော၏ ရုပ်ပုံလွှာကို တွေ့မြင်ခဲ့ရသည်မှာ သူ့အတွက် ကံကောင်းလေသည်။ ယင်းသည် ထန်ထိုက်လက်သီးစိတ်ဆန္ဒကို လေ့ကျင့်ရာမှာ အထောက်အကူဖြစ်စေ၏။ မည်သို့ပင်ဆိုစေ ဝူလောကို တွေ့မြင်ပြီးနောက် ရှင်သန်နိုင်ခဲ့သည့်သူ များစွာမရှိချေ။ ထိုဝေဟင်ပျံသင်္ဘော ပျက်ကျမှုမှာ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုသာလျှင် ရှင်သန်နိုင်ခဲ့ကြ၏။
ဤအချိန်မှာ ပေမန်တောင်ရှိရာဘက် ခပ်လှမ်းလှမ်းကနေ လူတစ်ယောက် လာနေသည်ကို ချီရွှမ်းစု တွေ့မြင်လိုက်ရ၏။
စစချင်း ချီရွှမ်းစု အံ့အားသင့်သွား၏။ ထိုသူ ဘယ်သူလဲ သိရှိသွားသည့်အချိန်မှာ အံ့အားသင့်မှုသည် ဝမ်းသာကျေနပ်မှုအဖြစ် ပြောင်းလဲသွားတော့၏။
ထိုလူသည် ယွင်ကျင်းတောင်ပေါ်က ရှန်ချင်းနန်းတော်မှာ မကြာသေးခင်ကမှ သူနှင့် ဆုံတွေ့ခဲ့သော ဝမ်ရှန်းတာအိုနန်းတော်မှ သူ့အတန်းဖော် ဝမ်ရှို့ဝူ ဖြစ်လေသည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် အစေးမကပ်ခဲ့ကြပေ။
ဝမ်ရှို့ဝူကလည်း ချီရွှမ်းစုကို တွေ့မြင်ရပြီး အံ့အားသင့်သွား၏။ ထို့နောက် ချက်ချင်းပင် ဒုန်းစိုင်းပြေးဝင်လာလေ၏။
လူသူကင်းမဲ့သော ဤတောင်ကြောလမ်းမှာ သူ့ရန်သူနှင့်မှ ပက်ပင်းလာတိုးလေသည်။ ဤလောက၏ ကျဉ်းမြောင်းပုံမှာ ချီရွှမ်းစုက ရယ်မိ၏။
သို့သော် ပြန်လည်စဉ်းစားကြည့်လျှင် ဝမ်ရှို့ဝူကို ဤနေရာတွင် တွေ့မြင်ရသည်မှာ သိပ်ပြီး မထူးဆန်းပေ။ သူသည် နဂိုကတည်းက ဝူရှုနန်းတော်မှ ဖြစ်လေသည်။
ကျားနှင့်နဂါးအဖွဲ့မှာတုန်းက ဖြစ်ပျက်ခဲ့သည့်အရာကို ချီရွှမ်းစု မေ့ပျောက်လိမ့်မည် မဟုတ်ပေ။ ယွဲ့လျှိုလီသည် သူ့ကို စွန့်ပစ်လိုက်သော နယ်ရုပ်တစ်ရုပ်အဖြစ် သဘောထားပြီး ဝမ်ရှို့ဝူက သူ့ကို သတ်ဖို့ကြိုးစား၍ သတ်နိုင်လုနီးပါးဖြစ်ခဲ့၏။ ချီရွှမ်းစုက အငြိုးအတေးကြီးလေရာ ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။
သူ အရင်တုန်းက ကြုံတွေ့ခဲ့ဖူးသည့် ရန်သူများစာရင်းကို ကျင့်ကြံမှုအဆင့်အလိုက် စိတ်ထဲမှာ တေးမှတ်ထား၏။
သူ့ရန်သူများ၏ စာရင်းမှာ
၁ - ကျောက်ဖူအန် (ပိုင်သီမြို့)
၂ - ဖုန့်ပို (ရှီကျင့်စီရီစု)
၃ - ကိုယ်တော်ယန်ရှို (ယွီလန်ဘုရားကျောင်း)
၄ - ယွဲ့လျှိုလီ (ဝမ်ရှန်းတာအိုနန်းတော်)
၅ - ဝမ်ရှို့ဝူ (ဝမ်ရှန်းတာအိုနန်းတော်)
ဤလူများသည် သူ့ကို သေစေချင်ပြီး အရင်တုန်းက သူ့ကို သတ်ဖို့ကြိုးစားခဲ့၏။ နောက်ဆုံးမှာတော့ အကြောင်းမျိုးမျိုးကြောင့် သူတို့က မအောင်မြင်ခဲ့ကြပေ။
ချီရွှမ်းစုသည် တစ်နေ့မှာ သူတို့အားလုံးကို လိုက်လံသတ်ဖြတ်မည်ဟု ကျိန်ဆိုထား၏။ သူတို့သည် သူ၏ လိုက်လံတိုက်ခိုက်မှုကနေ လွတ်မြောက်နိုင်သည်ဆိုလျှင် အငြိုးအတေးကို သူ မေ့ပျောက်ပေးပေလိမ့်မည်။ သို့သော်လည်း မလွတ်မြောက်နိုင်ဘူး ဆိုလျှင်တော့ သေရပေမည်။
ဤအချိန်မှာ ဝမ်ရှို့ဝူက သူ့ထံသို့ ကိုယ်တိုင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာ၏။
ဝမ်ရှို့ဝူသည် မြင်းကို ဇက်ကိုင်၍ ချီရွှမ်းစုနှင့် မလှမ်းမကမ်းမှာ ရပ်တန့်လိုက်၏။ သူသည် ဇဝေဇဝါဖြင့် ချီရွှမ်းစုကို အကဲခတ်ကြည့်နေ၏။
“မင်းက လူလား တစ္ဆေလား”
ချီရွှမ်းစုက လက်နှစ်ဖက်ကို ခါးလောက်ချပြီး လှောင်ပြုံးပြုံးလိုက်၏။
“တစ္ဆေပေါ့... ငါ ဒီနေ့ မင်းအသက်ကို ယူဖို့ ရောက်လာတာပဲ”
ဝမ်ရှို့ဝူ၏ အမူအရာက တင်းမာသွား၏။ တွေဝေမနေတော့ဘဲ မြင်းပေါ်ကနေ ခုန်ဆင်းကာ ချီရွှမ်းစုရှိရာသို့ တဟုန်ထိုး ပြေးဝင်လာလေ၏။
သူ၏ လှုပ်ရှားပုံမှာ ဖြစ်ကတတ်ဆန်း မဟုတ်ပေ။ သူသည် အရင်တုန်းက ကျားအဖွဲ့၏ ခေါင်းဆောင်ဖြစ်ဖို့ တကယ်ပင် ထိုက်တန်ခဲ့သည်။
ချီရွှမ်းစုသည် သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်ဆိုမှတော့ လှုပ်ရှားဖို့ အသင့်ဖြစ်နေလေပြီ။ ဝမ်ရှို့ဝူ ခုန်ထွက်လာသည့် တစ်ချိန်တည်းနီးပါးမှာပင် ချီရွှမ်းစုသည် နတ်နဂါးပစ္စတိုကို ထုတ်၍ သူ့ရန်သူကို ချိန်ထားပြီဖြစ်၏။
ကျည်ဆန်က ဝမ်ရှို့ဝူ၏ ရင်ဘတ်ကို ထိမှန်သွားသော်လည်း အမှတ်မထင် ဆုံတွေ့ရခြင်း ဖြစ်သောကြောင့် ချီရွှမ်းစုသည် သာမန် ချပ်ဝတ်ဖောက်ကျည်ဆန်ကိုသာ နတ်နဂါးပစ္စတိုထဲ ထည့်ထားမိ၏။
ဝမ်ရှို့ဝူ၏ ရင်ဘတ်မှာ သွေးကွက်တစ်ကွက် ပေါ်လာသော်လည်း ဂရုစိုက်ပုံမရပေ။ သူသည် ချီရွှမ်းစုရှိရာသို့ ဆက်လက်၍ ပြေးဝင်လာပြီး ထိုသူကို မြင်းပေါ်ကနေ ကျအောင် ပစ်တိုက်ချလိုက်၏။ ဝမ်ရှို့ဝူ၏ ရင်ဘတ်ဒဏ်ရာက စတင်၍ အနာကျက်လာပြီဖြစ်၏။ ထိုသည်မှာ ကိုယ်ခံပညာသိုင်းသမား၏ ပြန်လည်ကုသနိုင်စွမ်းပင်။
ဝမ်ရှို့ဝူသည် ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်၏။ ချီရွှမ်းစုသည် လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟု သူတွေးမိထားခဲ့၏။ ထို့ကြောင့် တွေဝေခြင်းမရှိ အနီးကပ်ဝင်လုံးဖို့ ရွေးချယ်ပြီး နတ်နဂါးပစ္စတိုထံမှ ပစ်ချက်ကိုပင် ခန္ဓာကိုယ်ဖြင့် ခံယူခဲ့လေသည်။
ဝမ်ရှို့ဝူ အသာစီးရရှိလာစဉ် သူသည် ချီရွှမ်းစုကို အသေသတ်ရမလား၊ တာအိုဂိုဏ်းတော်ထံသို့ ဖမ်းဆီးခေါ်သွားရမလား စတင်၍ စဉ်းစားလာပြီဖြစ်၏။
ဝေဟင်ပျံသင်္ဘော ပျက်ကျမှုမှာ ကျန်းယွဲ့လုသည် တစ်ဦးတည်းသော ရှင်သန်ကျန်ရစ်သူဟု သတင်းစာလွှာများ အားလုံးမှာ ဖော်ပြထားသောကြောင့် ဝမ်ရှို့ဝူသည် အဲ့ဒါကို သိပ်ပြီး အာရုံမစိုက်ခဲ့ပေ။ ရလဒ်ကတော့ ချီရွှမ်းစုက မသေဘဲ ချင်ကျိုးမှာ ပေါ်ပေါ်ထင်ထင်ပင် ပေါ်ထွက်လာခဲ့၏။ ထို့ကြောင့် ချီရွှမ်းစုမှာ မူမမှန်တာတစ်ခုခု ရှိမည်ဟု ဝမ်ရှို့ဝူက ယုံကြည်မိနေ၏။ ဝူလော၏ တိုက်ခိုက်မှုမှာ ချီရွှမ်းစုသည် အတွင်းလူပင် ဖြစ်နိုင်သည်ဟု သူတွေးမိနေ၏။ ထို့ကြောင့် ချီရွှမ်းစုက အသက်ရှင်နေသေးခြင်း ဖြစ်ပေမည်။
သူတို့ကြားမှာ ရန်ငြိုးရန်စ မရှိလျှင်တောင် သူ့ကို မြင်တွေ့သွားပြီ ဖြစ်သောကြောင့် ချီရွှမ်းစုသည် တစ်ခုခုလုပ်ဖို့ ထည့်တွက်စဉ်းစားရပေမည်။ ဝမ်ရှို့ဝူသည် တစ်ခါက သူ့ကိုသတ်ဖို့ ကြိုးစားခဲ့သည့် သူ့ရန်သူ ဖြစ်နေသည့်အတွက် အထူးတလည် ထပ်ပြောစရာပင် မလိုတော့ပေ။
ဝမ်ရှို့ဝူက ချီရွှမ်းစု၏ လည်ပင်းကို ဖမ်းညှစ်ပြီးနောက် အနည်းငယ် ဖြေလျှော့ပေးကာ မေးလိုက်၏။
“မင်း ဘာလို့ မသေခဲ့တာလဲ... မင်း အယူဝါဒမိစ္ဆာလား... မင်းလို ဘာမဟုတ်တဲ့ကောင်က နာမည်ကြီး ကျန်းမိသားစုရဲ့ ထောက်ပံ့မှုကို ဘယ်လိုရသွားတာလဲ ငါစဉ်းစားနေတာ... လက်စသတ်တော့ မင်းက မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းနေတာကိုး”
ဝမ်ရှို့ဝူ ဖမ်းညှစ်ထားစဉ်မှာတောင် ချီရွှမ်းစုက ရယ်နိုင်သေး၏။ သူက လှောင်ပြုံးပြုံးကာ ပြောလိုက်၏။
“ဝမ်ရှို့ဝူ... မင်း ငါ့ကို သတ်ဖို့ ကြိုးစားတာ ဒါ ဒုတိယအကြိမ်ပဲ... ငါ တစ်ခါ နှစ်ခါ သည်းခံကောင်း သည်းခံနိုင်မယ်... ဒါပေမဲ့ သုံးခါမြောက် ဆိုရင်တော့လား…”
ဝမ်ရှို့ဝူက လှောင်ရယ်လိုက်၏။
“သုံးခါမြောက် ဆိုတာ မရှိတော့ဘူး”
“ဟုတ်ပြီလေ... အဲ့ဒါကို မင်းကိုယ်တိုင် တောင်းဆိုတာပဲ”
ချီရွှမ်းစု၏ လှောင်ပြုံးက လျော့ကျသွား၏။
အသာစီးရရှိထားသည်ဟု တွေးနေသော ဝမ်ရှို့ဝူသည် သူ့ဝမ်းဗိုက်မှ စူးအောင့်သော နာကျင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။ သူက ချီရွှမ်းစုကို အလိုလိုလွှတ်ပေးမိပြီး ထိတွေ့ရိုက်ခတ်မှုဖြင့် သူ့ခန္ဓာကိုယ်သည် နောက်ဘက်သို့ စင်ထွက်သွား၏။
ချီရွှမ်းစုက နောက်ကျွမ်းပစ်၍ မတ်တတ်ပြန်ရပ်လိုက်၏။
မြေပြင်ပေါ် ကျဆင်းပြီးနောက် ဝမ်ရှို့ဝူသည် သူ့ဝမ်းဗိုက်ကို လက်ဖြင့် အုပ်ထားကာ သူ့အမူအရာက တုန်လှုပ်၍ စိုးရိမ်ပူပန်လာ၏။
ချီရွှမ်းစုက လည်ပင်းကို စမ်း၍ နတ်နဂါးပစ္စတိုကို ပစ်ချပြီး သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အလစ်ချောင်း မတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်၏။
အတန်းဖော်ဟောင်းများအဖြစ် သူတို့၏ ဆက်ဆံရေးကို ထောက်ထားပြီး ချီရွှမ်းစုသည် ဂုဏ်သိက္ခာရှိရှိ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်၏။ ထိုသို့ဖြင့် ဝမ်ရှို့ဝူလည်း နောင်တမရဘဲ သေနိုင်ပေလိမ့်မည်။
ဝမ်ရှို့ဝူသည် အရည်အချင်းရှိ၍ ပြတ်သားလေ၏။ သူသည် တာအိုဂိုဏ်းတော်၏ အပြင်ဘက်မှာ မွေးဖွားခဲ့မည်ဆိုလျှင် အင်အားကြီးမားသော လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။ သို့သော်လည်း သူသည် တာအိုဂိုဏ်းတော်တွင် ထျန်ကန်းခန်းမလို မဟုတ်သည့် နေရာတစ်ခုမှာ ထမ်းဆောင်နေသောကြောင့် ဝမ်ရှို့ဝူမှာ အစစ်အမှန် တိုက်ခိုက်ရည်အတွေ့အကြုံ လစ်လပ်နေ၏။
ထို့ကြောင့်လည်း ဝမ်ရှို့ဝူသည် အထိုးခံရသည်နှင့် ချီရွှမ်းစုကို လွှတ်ပေးလိုက်ခြင်းဖြစ်၏။ ထိုသည်မှာ လက်ရွေးစင် ဖီးနစ်စိမ်းတပ်သားများ ဘယ်တော့မှ မပြုလုပ်သည့် အမှားမျိုးဖြစ်၏။
လက်ရွေးစင် ဖီးနစ်စိမ်းတပ်သားများသည် သူတို့၏ လည်ပင်း ချိုးခြေခံရမည် ဆိုလျှင်တောင် သူတို့၏ ရန်ဘက်ကို လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ သူတို့သည် သူတို့ကိုယ်တိုင်အပေါ်မှာရော ရန်ဘက်အပေါ်မှာပါ ညှာတာစိတ် ကင်းမဲ့နိုင်ကြသည်။
ဝမ်ရှို့ဝူသည် သူ့ကို လွှတ်ပေးလိမ့်မည်ဟု တွက်ဆမိသောကြောင့် ချီရွှမ်းစုသည် စောစောက ဝမ်ရှို့ဝူ၏ ဖျစ်ညှစ်ခြင်းကို ကိုယ်တိုင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်၏။
ထိုသို့ ချီရွှမ်းစု ပြုလုပ်သည့် အကြောင်းရင်းမှာ အဓိက လက်သည်တရားခံသည် ယွဲ့လျှိုလီ ဖြစ်သည်ဟု သူ ခံစားမိသောကြောင့်ပင်။ ဝမ်ရှို့ဝူသည်လည်း သူမ၏ နယ်ရုပ်များထဲမှတစ်ရုပ် ဖြစ်ခဲ့ပေမည်။ အရင်တုန်းက ဖြစ်ပျက်ခဲ့သည့်အရာနှင့် ပတ်သက်၍ ဝမ်ရှို့ဝူက နောင်တရမိသည်နှင့် ချီရွှမ်းစုသည် သူ့အပေါ် သနားညှာတာမှု ပြမိပေလိမ့်မည်။ သို့သော်လည်း ယခုအချိန်မှာ အဲ့ဒါကို ထည့်ပြောနေစရာ မလိုတော့ပေ။
ချီရွှမ်းစုသည် သူ့ခါးမှ သင်္ဘောသားဓားနှစ်လက်ကို လက်ပြန်ဆွဲထုတ်လိုက်၏။
“မင်းလိုလူနဲ့ ခွင့်လွှတ်ဖို့အကြောင်း ဆွေးနွေးတာက လေကုန်ရုံပဲ ရှိမယ်”
ဝမ်ရှို့ဝူသည် သူ့ဝမ်းဗိုက်ကို အုပ်ထားသည့် လက်ကို လွှတ်ပြီး ဘာမှ မပြောပေ။
ဝမ်ရှို့ဝူ၏ အမြင်အရ သူသည် ကွေ့ကျန်းအဆင့်မှာ ရှိပြီး ချီရွှမ်းစုကတော့ အလွန်ဆုံး ယွီရှုအဆင့်မှာသာ ရှိပေမည်။ သူ စောစောက ပေါ့ဆမိသောကြောင့်သာ ထိုသူ၏ ထိုးချက်ကနေ နောက်သို့ ဆုတ်ပေးမိခြင်းဖြစ်၏။ မြင့်မားသော ကျင့်ကြံမှုအဆင့်ကို သူ့အားသာချက်အဖြစ် အသုံးချနိုင်မည်ဟု ယုံကြည်နေဆဲဖြစ်သည်။
တစ်ဖက်မှာတော့ ချီရွှမ်းစုသည် ကွေ့ကျန်းအဆင့်နှင့် သိပ်မကွာဝေးတော့ရာ ဝမ်ရှို့ဝူနှင့် ယှဉ်လျှင် ကျင့်ကြံမှုအဆင့်မှာ အနည်းငယ်သာ ကွာဟမည်ဟု သူယုံကြည်မိ၏။ သူတို့နှစ်ယောက်ကြား ကွာဟချက်သည် ဤတိုက်ပွဲ၏ ရလဒ်ကို အဆုံးဖြတ်ပေးဖို့ မလုံလောက်ပေ။ အဓိက အခရာသည် သူ၏ အတွေ့အကြုံ ဖြစ်လေ၏။ သူ အရင်ကလည်း ကွေ့ကျန်းအဆင့် ပညာရှင်များကို သတ်ဖြတ်ခဲ့ဖူးရာ ယခုတစ်ခေါက်မှာလည်း ဝမ်ရှို့ဝူကို သတ်ဖြတ်နိုင်မည်ဟု ယုံကြည်နေ၏။