အခန်း ၂၆၆
Vol. 27 Ch. 266
အခန်း ၂၆၆ - ဝမ်ရှို့ဝူ (၂)
နောက်ဆုံးမှာတော့ ဝမ်ရှို့ဝူသည် မည်သည့်လက်နက်ကိုမှ မသုံးသည့်အတွက် အရေးနိမ့်လာ၏။
ပုံမှန်အားဖြင့် ဝမ်ရှို့ဝူသည် ဝူရှုနန်းတော်သခင်၏ တပည့်ဖြစ်သည့်အတွက် သူ့မှာ စိတ်ဝိညာဉ်ပစ္စည်းများ လစ်လပ်နေလိမ့်မည် မဟုတ်ပေ။ သို့သော် ဝမ်ရှို့ဝူသည် ကိုယ်ခံပညာသိုင်းသမားဖြစ်၍ သူ့လက်သီးများသည် အပြင်းထန်ဆုံးလက်နက်များဖြစ်သည့်အတွက် ပြင်ပပစ္စည်းများကို မှီခိုလေ့မရှိပေ။ ထို့ကြောင့် ကိုယ်ခံပညာသိုင်းသမားများသည် အမျိုးမျိုးသော အာဟာရဖြည့်စွက်စာများနှင့် ဆေးဝါးအထောက်အပံ့များကိုသာ ကြီးမားစွာ မှီခိုကြပေလိမ့်မည်။
ကိုယ်ခံပညာသိုင်းသမားများသည် မိုးမြေမှ အမြုတေကို ဆင့်မခေါ်နိုင်သောကြောင့် သူတို့၏ စွမ်းအင်နှင့် သွေးချီကို အားဖြည့်ထောက်ပံ့ဖို့အတွက် ပမာဏများပြားစွာ အဆက်မပြတ် စားသုံးရသည်။ ကိုယ်ခံပညာသိုင်းသမားတချို့သည် တစ်နေ့တွင် နွားကိုးကောင်စားနိုင်သည်ဆိုခြင်းမှာ ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။
ဝမ်ရှို့ဝူသည် ဂုဏ်သရေရှိမိသားစုတစ်ခုမှ မဟုတ်ပေ။ သူသည် မိသားစုထောက်ပံ့မှုမရှိသည့် မိဘမဲ့တစ်ဦးဖြစ်ရာ သူ့အား ပေးထားသည့် စိတ်ဝိညာဉ်ပစ္စည်းများကို ထိုက်ဖျင်ဒင်္ဂါးများနှင့် လဲခဲ့ရသည်။
တစ်ဘက်မှာ ချီရွှမ်းစုတွင် စိတ်ဝိညာဉ်ဓားနှစ်လက်နှင့် ရွှမ်ကျောက်စိမ်းနှစ်ခုရှိနေ၏။ ထို့ကြောင့် သူတို့နှစ်ယောက်ကြား ကျင့်ကြံမှုအဆင့် အနည်းငယ်ကွာဟမှုက ပြောပလောက်စရာမဟုတ်တော့ပေ။
ချီရွှမ်းစုသည် အသက်ဓာတ်ရွှမ်ကျောက်စိမ်းကိုမှီခို၍ သူ၏ သွေးချီနှင့် ကိုယ်ကာယခွန်အားကို မြှင့်တင်ထား၏။ အနည်းဆုံးတော့ ဝမ်ရှို့ဝူသည် ချီရွှမ်းစုကို သူ၏ အကန့်အသတ်ကျော်လွန်သည့်အထိ ဖိအားမပေးနိုင်ပေ။
ဤရှုထောင့်ကနေကြည့်မည်ဆိုလျှင် ရူယီအဆင့်သတ်မှတ်ချက်ပေါ်က ချီရွှမ်းစု၏ အဆင့်သည် တကယ်ပင် နိမ့်နေ၏။ ချီရွှမ်းစုသည် ကျန်းယွဲ့လုနှင့် ထိပ်ဆုံးမှာရှိသည့် အခြားသူများလောက် မတော်သော်လည်း သူသည် အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၀၀ နှင့် ၂၀၀ ကြားမှာ သေချာပေါက် ရပ်တည်နိုင်လေသည်။
သို့သော်လည်း အဲဒါသည် အဆင့်သတ်မှတ်ချက်ဖန်တီးသူ၏ အမှားမဟုတ်ပေ။ ချီရွှမ်းစုကို အသက်ဓာတ်ရွှမ်ကျောက်စိမ်းက အသွင်ပြောင်းလဲပေးထားသည်ကို အစ်မချီကလွဲလျှင် မည်သူကမှ မသိကြပေ။ ရွှမ်ကျောက်စိမ်း၏ တည်ရှိမှုနှင့် မှော်ဆန်သော အသုံးဝင်မှုများကိုလည်း သိရှိသည့်သူ အနည်းအကျဉ်းသာရှိသည်။ အသက်ဓာတ်ရွှမ်ကျောက်စိမ်းမရှိလျှင် ချီရွှမ်းစုသည် ထိုအဆင့်သတ်မှတ်ချက်မှာ အောက်ဆုံးတွင် ရပ်တည်နေပေလိမ့်မည်။
ဝမ်ရှို့ဝူက တစ်ဖန်လက်သီးဆုပ်၍ ချီရွှမ်းစုကိုကြည့်ကာ ပြောလိုက်၏။
“လက်စသတ်တော့ ဒါက နာမည်ကြီး တာယန်စိတ်ဝိညာဉ်ဓားသိုင်းကိုး… စိတ်ဝင်စားစရာပဲ… ဒီနည်းစနစ်က ပင်ကိုယ်ချီအများကြီးကို ကုန်ဆုံးစေမယ်… မင်းရဲ့ ယွီရှုအဆင့်လက်ရှိကျင့်ကြံမှုနဲ့ဆို မင်းရဲ့ အကန့်အသက်ကို ရောက်နေသင့်ပြီ… မင်းမှာ တခြားဘာရှိလဲ ငါ့ကို လာပြစမ်းပါဦး”
ချီရွှမ်းစုသည် သင်္ဘောသားဓားနှစ်လက်ကို ဘေးသို့ပစ်ချလိုက်၏။
“မင်းက ဗဟုသုတကြွယ်သားပဲ… တာယန်စိတ်ဝိညာဉ်ဓားသိုင်းက ပင်ကိုယ်ချီအများကြီးကို ကုန်ဆုံးစေတယ်.. ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က မင်းထက်ပိုပြီး နိမ့်တယ်… ငါ့မှာရှိတာ ဒါအကုန်ပဲဆိုရင် မင်းကို လှဲမချခင် ငါက ခြေကုန်လက်ပန်းကျပြီး သေသွားမှာစိုးရတယ်”
ဝမ်ရှို့ဝူက ရှေ့ကို တက်လှမ်းလိုက်၏။
“ဒါဆို မင်းမှာ တခြား ဘာအစွမ်းအစမှ မရှိတော့ဘူးပေါ့”
ချီရွှမ်းစုက ခြေကိုမြှောက်၍ ပြင်းထန်စွာ ဆောင့်နင်းချလိုက်၏။ သူ ခြေချရာနေရာမှာ တွင်းချိုင့်တစ်ခု ပေါ်၍ ဘေးပတ်လည်မှာ အက်ကွဲကြောင်းများပင် ပေါ်ထွက်လာ၏။
“ငါ သိပ်မကြာသေးခင်က လက်ဝှေ့နည်းစနစ်တစ်ခုကို လေ့လာထားတယ်… အခု အဲဒါကို အသုံးချရတော့မှာပေါ့”
ဝမ်ရှို့ဝူ၏ မျက်လုံးများက အေးစက်လာပြီး မကောင်းဆိုးဝါးဆန်ဆန်အပြုံးနှင့် ပြောလိုက်၏။
“ဒါက ငါ့သန်တဲ့အပိုင်းပဲ… မင်းက ဖြတ်လမ်းနည်းနဲ့ ငါ့ကို တိုက်ခိုက်ရဲတယ်ဆိုတော့ တကယ်ကိုသတ္တိကောင်းနေတာပဲ”
ဝမ်ရှို့ဝူသည် စကားအရ အလျှော့မပေးသော်လည်း ပေါ့ပေါ့ဆဆ မပြုမူရဲဘဲ သတိကို တိတ်တဆိတ် တင်ထားပြီဖြစ်၏။ မည်သို့ပင်ဆိုစေ သူ၏ ဝမ်းဗိုက်နှင့် စောစောက ခြေချင်းဝတ်အပေါ် ချီရွှမ်းစု၏ ထိုးချက်များက မပေါ့ပေ။
ချီရွှမ်းစုသည် သူနှင့် ပြိုင်ငြင်းမနေတော့ဘဲ ရှေ့သို့တက်လှမ်းလာ၏။ သူ၏ လက်ဝါးစောင်းဖြင့် ဝမ်ရှို့ဝူ၏ မျက်နှာကို ဖြတ်ရိုက်ချလိုက်၏။
ဤသည်မှာ ထန်ထိုက်လက်သီးစိတ်ဆန္ဒ၏ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းဖြစ်သည်။ ၎င်းကို လက်သီးစိတ်ဆန္ဒဟုခေါ်ဆိုသော်လည်း လက်သီးချည်းသက်သက် အသုံးပြုခြင်း မဟုတ်ပေ။ ချီသန့်စင်သူ၏ ဓားချီကို ဓားတစ်လက်ရှိမှသာ အသုံးပြုနိုင်ခြင်း မဟုတ်သလိုပင်။ ဖုန့်ပိုသည် လက်ဗလာနှင့်ပင် ဓားချီကို ထုတ်ဖော်နိုင်ခဲ့၏။
ဝမ်ရှို့ဝူသည် ယခင် လက်ညှိးနည်းစနစ်ကိုသုံး၍ ချီရွှမ်းစု၏ လက်ကောက်ဝတ်ကို ထိုးညွှန်ကာ အဆက်မပြတ်တုန်ခါနေသော နွယ်လိမ်စွမ်းအင်ကို ပေါ်ထွက်လာစေ၏။ ချီရွှမ်းစုက လက်ကိုရုပ်၍ လက်ဝါးစောင်းကို လက်သည်းအဖြစ်ပြောင်းပြီး ဝမ်ရှို့ဝူ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်၏။
သူတို့နှစ်ယောက်သည် များစွာမရွေ့ဘဲ လက်ဟန်လှုပ်ရှားကွက်များဖြင့်သာ တိုက်ခိုက်ဖလှယ်နေကြ၏။ ဤနေရာမှာ ဝမ်ရှို့ဝူက အနည်းငယ်ပိုသာသည်။ သူသည် ချီရွှမ်းစု၏ တံတောင်ဆစ်ကို တိုက်ခိုက်နိုင်ပြီး ချီရွှမ်းစု၏ ခန္ဓာကိုယ်က ချက်ချင်းပင် တောင့်တင်းသွားလေ၏။ သို့သော်လည်း ချီရွှမ်းစုသည် သူ၏ သွေးချီကိုလှည့်ပတ်၍ ထိုအင်အားကို ချေဖျက်လိုက်၏။
ဝမ်ရှို့ဝူ အနည်းငယ်အံ့အားသင့်သွားရ၏။ ဤလှုပ်ရှားကွက်ကို သာမန်ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ ကိုယ့်ခွန်အားကို ပြိုင်ဘက်၏ ခန္ဓာကိုယ်ထဲ ပို့လွှတ်ခြင်းဖြင့် ကောင်းကောင်းဒုက္ခပေးနိုင်သော အဆင့်မြင့်ကျင့်စဉ်တစ်ခုဖြစ်သည်။ ထိုတိုက်ခိုက်မှုသည် ပြိုင်ဘက်ကို မနာကျင်စေသော်လည်း မရီးဒါန်များကို ပိတ်ဆို့၍ ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်အောင် တောင့်တင်းသွားစေနိုင်၏။ ဝမ်ရှို့ဝူသည် ထပ်တလဲလဲကြိုးစားကြည့်သော်လည်း ချီရွှမ်းစုက တစ်ခဏချင်းမှာပင် အဲဒါကို ချေဖျက်လိုက်ရာ သူ့အတွေးကို ကျော်လွန်သွားစေ၏။
ချီရွှမ်းစုသည် ရလာသောအခွင့်အရေးမှာ တန်ပြန်တိုက်ခိုက်၍ သူတို့နှစ်ယောက်ကြားတွင် မမြင်ရသော အင်အားက ပေါက်ကွဲထွက်ပေါ်လာ၏။
ဝမ်ရှို့ဝူသည် ကိုယ်ခံပညာသိုင်းသမားစစ်စစ်ဖြစ်ပြီး ချီရွှမ်းစုကိုတော့ ကိုယ်ခံပညာသိုင်းသမားတစ်ပိုင်းအဖြစ်သာ သတ်မှတ်နိုင်ပေမည်။ သူသည် ထန်ထိုက်လက်သီးစိတ်ဆန္ဒကို အသုံးမပြုရခင် ဝမ်ရှို့ဝူပေးသောဖိအားမှာ နောက်သို့ ဆုတ်နေရပြီဖြစ်၏။
ဝမ်ရှို့ဝူ၏ လက်သီးထိုးချက်နှင့် ကန်ချက်များသည် အားပါပြင်းထန်ပြီး ထိုးချက်တစ်ချက်ချင်းစီက ကျောက်တုံးကြီးများကို ခွဲပစ်နိုင်၏။ မူမှန်(သမားရိုးကျ)လက်သီးစိတ်ဆန္ဒသည် ထန်ထိုက်လက်သီးစိတ်ဆန္ဒထက် အားမနည်းရာ ထိတွေ့ရိုက်ခတ်မှုတိုင်းမှာ ချီရွှမ်းစုကို ပေများစွာ စင်ထွက်စေ၏။ သူက ချီရွှမ်းစုကို အသက်ရှူခွင့်မပေးလိုဘဲ အသေသတ်ဖြတ်ချင်လေသည်။
ရလဒ်ကတော့ သူတို့၏ ဘေးပတ်ဝန်းကျင်က ဖရိုဖရဲဖြစ်သွား၏။
ချီရွှမ်းစုကို သူစိတ်ရှိတိုင်း မစီးနင်းနိုင်သည့်အတွက် ဝမ်ရှို့ဝူက စိတ်ပျက်သွားရ၏။ ချီရွှမ်းစုက ဤဖိအားကိုသုံး၍ သူ၏ လက်သီးစိတ်ဆန္ဒကိုပင် သွေးနေလေပြီ။
ဝမ်ရှို့ဝူသည် လျင်လျင်မြန်မြန်အနိုင်ရဖို့ မျှော်လင့်ချက်ဖြင့် ရန်ဘက်ဗိုလ်မှူးကို လုပ်ကြံသတ်ဖြတ်ရန် ရန်သူ့နယ်မြေထဲသို့ စွန့်စားဝင်ရောက်သွားသော စစ်သားတစ်ဦးကဲ့သို့ဖြစ်နေ၏။ အချိန်တိုအတွင်း သူ မအောင်မြင်ဘူးဆိုလျှင် အစာနှင့်ရေပြတ်လပ်ကာ သေရပေလိမ့်မည်။
နောက်ထပ် သိုင်းကွက်တစ်ရာအပြီးမှာ ချီရွှမ်းစုသည် အသည်းအသန် ခုခံနေရခြင်း မရှိတော့ပေ။ သူက စတင်တန်ပြန်တိုက်ခိုက်၍ ဝမ်ရှို့ဝူနှင့် လက်သီးချင်းယှဉ်ထိုးလာ၏။
ဝမ်ရှို့ဝူသည် နည်းစနစ်အရ နိမ့်ကျခြင်းမရှိဘဲ အနည်းငယ်ပင် အသာစီးရရှိထားသော်လည်း သူ၏ သွေးချီနှင့် ကိုယ်ကာယခွန်အားသည် ကြီးမားစွာလျော့ကျလာ၏။ သူ၏ ပင်ပန်းနွမ်းလျမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။
တစ်ဘက်မှာ ချီရွှမ်းစုသည် အနည်းငယ်အရေးနိမ့်နေသော်လည်း သူ့မှာ တင်းပြည့်ကျပ်ပြည့် ကိုယ်ကာယခွန်အားရှိနေသေး၏။ သူ့မှာ မကုန်ဆုံးနိုင်သော သက်လုံအားရှိပုံရပြီး အတော်လေးတည်ငြိမ်နေ၏။
လက်ရှိအခြေအနေသည် လူငယ်လက်ဝှေ့သမားတစ်ဦးက လူအိုလက်ဝှေ့သမားတစ်ဦးနှင့် တိုက်ခိုက်နေသကဲ့သို့ပင်။ လူအိုလက်ဝှေ့သမားသည် လူငယ်လက်ဝှေ့သမားထက် နည်းစနစ်အရ မနိမ့်ကျသော်လည်း ခံနိုင်ရည်မှာ လူငယ်လက်ဝှေ့သမားကို မမီတော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူက ကျလာရပေလိမ့်မည်။
ဤကဲ့သို့ နောက်ထပ် လှုပ်ရှားကွက်တစ်ရာ တိုက်ခိုက်ဖလှယ်ပြီးနောက် ဝမ်ရှို့ဝူက ဆက်လက်၍ မထိန်းနိုင်တော့ပေ။ သူ၏ လက်သီးထိုးချက်များက ပိုမိုနှေးကွေးလာ၏။ ချီရွှမ်းစုသည် သူ၏ နဖူးကိုပင် ပစ်ထိုးလိုက်နိုင်ပြိး သူ့ကို နောက်သို့ စင်ထွက်သွားစေ၏။
ချီရွှမ်းစုသည် သတ်ဖြတ်ဖို့ကို အလောတကြီးရှိမနေဘဲ ပြောလိုက်၏။
“ဝမ်ရှို့ဝူ… မင်းမှာ ရှိတာ ဒါအကုန်ပဲလား… အရင်တုန်းက ငါ့ကိုသတ်ဖို့ကြိုးစားခဲ့တဲ့ ကျားအဖွဲ့ခေါင်းဆောင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုက ဘယ်ရောက်သွားတာလဲ”
ဝမ်ရှို့ဝူက ဒေါသတကြီးဟိန်းဟောက်၍ ပြန်ထကာ ချီရွှမ်းစုရှိရာသို့ ပြေးဝင်သွား၏။
လောကမှာ သူတို့၏ ခြေကုန်လက်ပန်းကျမှုကို ခဏတာကျော်လွှားနိုင်သည့် လူတချို့ရှိကောင်းရှိသော်လည်း ဝမ်ရှို့ဝူတော့ သေချာပေါက်မဟုတ်ပေ။ ဝမ်ရှို့ဝူမှာ ထိုကဲ့သို့ စိတ်စွမ်းအားရှိမည်ဆိုလျှင် သူ၏ ဝမ်းဗိုက် ပစ်ထိုးခံရပြီးနောက် ချီရွှမ်းစုကို အလိုလိုလွှတ်ပေးလိမ့်မည် မဟုတ်ပေ။
ထင်မှတ်ထားသည့်အတိုင်း ဝမ်ရှို့ဝူနှင့် ချီရွှမ်းစု နောက်ထပ် ဆယ်ကွက်ကျော် တိုက်ခိုက်ဖလှယ်ပြီးနောက် ချီရွှမ်းစုက သူ၏ နည်းစနစ်ကို ပြောင်းလဲလိုက်၏။ ဝမ်ရှို့ဝူက အဲဒါကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရသော်လည်း သူသည် လမ်းဆုံးကို ရောက်နှင့်နေလေပြီ။ သူ၏ ခြေလက်များသည် စိတ်သွားတိုင်း လိုက်ပါမလာနိုင်တော့ဘဲ ချီရွှမ်းစုက သူ့လက်ကောက်ဝတ်ကိုထိုး၍ အရိုးများချိုးလိုက်သည်ကို ဒီတိုင်းကြည့်နေရ၏။
သွေးချီမရှိသည့်အခါ ကိုယ်ခံပညာသိုင်းသမား၏ ပြန်လည်ကုသနိုင်စွမ်းက ကြီးမားစွာလျော့ကျသွား၏။
ဝမ်ရှို့ဝူသည် သူ၏ နောက်ဆုံးလက်ကျန်ခွန်အားကိုသုံး၍ ချီရွှမ်းစုကို ကန်ကျောက်လိုက်၏။
ချီရွှမ်းစုက ဤကန်ချက်ကိုမရှောင်ဘဲ သူ၏ ဘယ်ဘက်နားထင်ပေါ် ကျဆင်းစေ၏။ သို့သော် ချီရွှမ်းစုသည် ဝမ်ရှို့ဝူ၏ ခြေချင်းဝတ်ကိုဖမ်းဆွဲ၍ ကိုယ်ကိုလိမ်ကာ ဝမ်ရှို့ဝူကို မြေပြင်နှင့်လွှဲရိုက်ပြီး မြေပြင်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာစေ၏။
ဝမ်ရှို့ဝူတစ်ယောက် ပြန်ထဖို့ အချိန်အတော်ယူလိုက်ရ၏။ သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင်နှင့် တိုက်ခိုက်ဖို့ခွန်အား မကျန်ရှိတော့ပေ။
ဤတစ်ခေါက်မှာတော့ ချီရွှမ်းစုက ထိန်ချန်မထားတော့ပေ။ သူသည် ရှေ့သို့တက်လှမ်းပြီး ဝမ်ရှို့ဝူ၏ ဝမ်းဗိုက်ကို ပြင်းပြင်းထန်ထန်ပစ်ထိုးချလိုက်၏။ ဘုရားကျောင်းထဲက ခေါင်းလောင်းထိုးသံလိုမျိုး အသံထွက်ပေါ်လာ၏။
ဝမ်ရှို့ဝူသည် ဤထိုးချက်ဖြင့် ပေတစ်ရာကျော် စင်ထွက်သွား၏။ ဤတစ်ခေါက်မှာတော့ ဝမ်ရှို့ဝူတစ်ယောက် ပြန်ထမလာနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် ပျော့ခွေ၍ ပါးစပ်ကနေ သွေးများ တပွက်ပွက်အန်ထုတ်နေရ၏။
သူသည် ခေါင်းကိုမနည်းပင်မော့၍ သွေးများပေကျံနေသည့် ချီရွှမ်းစု၏ မျက်နှာကို ကြည့်လိုက်၏။ သူ့ကန်ချက်က အချည်းနှီးမဖြစ်ခဲ့သည်ကို ပြနေသည်။ သို့သော် ချီရွှမ်းစုသည် နာကျင်မှုကို ခံစားရသည့်ပုံမပေါ်ဘဲ သူ့ကို တုန်လှုပ်သွားစေ၏။
ယခုအချိန်မှသာ ချီရွှမ်းစု ဘယ်လောက်ကြောက်စရာကောင်းသည်ကို ဝမ်ရှို့ဝူ နားလည်သဘောပေါက်သွား၏။
ချီရွှမ်းစုသည် သေခြင်းရှင်ခြင်း သွေးသံရဲရဲတိုက်ပွဲများစွာကို ဖြတ်ကျော်လာခဲ့သည်။ ထို့ကြောင့် သေရေးရှင်ရေးအခိုက်အတန့်မှာ သူက သေရမည်ကို ကြောက်ရွံ့မနေပေ။ သူသည် သေမင်းတံခါးဝနှင့် နီးကပ်လာသည့်အချိန်မှာ သူ့ခွန်အား၏ ၁၂၀ ရာခိုင်နှုန်းကိုပင် ထုတ်ဖော်နိုင်၏။
တစ်ဘက်မှာ ပန်းခင်းထဲက တာအိုဆရာအများစုသည် ဤကဲ့သို့သော သေရေးရှင်ရေးအခြေအနေနှင့် ကြုံတွေ့ရသည့်အခါ ထိတ်လန့်တုန်လှုပ်၍ သူတို့အစွမ်းအစ၏ ၈၀ ရာခိုင်နှုန်းကိုပင် ဆုံးရှုံးရ၏။
ဝမ်ရှို့ဝူကို ပန်းခင်းထဲကတာအိုဆရာဟု မဆိုနိုင်သော်လည်း သူသည် ဝူရှုနန်းတော်တွင် သက်တောင့်သက်သာရှိသောဘဝနှင့် နေသားကျလာခဲ့၏။ သူ့မှာ တိုက်ခိုက်ရေးအတွေ့အကြုံလည်း လစ်လပ်နေရာ ချီရွှမ်းစုလောက် ရက်စက်ပြတ်သားမှု မရှိပေ။
ချီရွှမ်းစုက ဝမ်ရှို့ဝူအနားကို လျှောက်သွားပြီး သူ၏ အတန်းဖော်ဟောင်းကို ငုံ့ကြည့်လိုက်၏။
“မင်းမှာ နောက်ဆုံးမှာချင်တဲ့စကားရှိသေးလား”
ဝမ်ရှို့ဝူသည် သည်းထန်စွာမောဟိုက်ကာဖြင့် ပြောလိုက်၏။
“ငါ အခွင့်အရေးရတုန်းက မင်းကို တခါတည်းသတ်ပစ်ခဲ့သင့်တာ”
“မှန်လိုက်လေ…”
ချီရွှမ်းစုက ခပ်ပြတ်ပြတ်ပင် တုံ့ပြန်လိုက်၏။
ချီရွှမ်းစုသည် မလှမ်းမကမ်းမှာ ပစ်ချထားသည့် နတ်နဂါးပစ္စတိုကို ကောက်ယူပြီး ကျည်ဖြည့်ထည့်လိုက်၏။ ထို့နောက် သေနတ်ပြောင်းကို ဝမ်ရှို့ဝူ၏ နဖူးပေါ်တင်ပြီး မောင်းတံကိုဖိချလေ၏။
နောက်ဆုံးမှာတော့ ဝမ်ရှို့ဝူ၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် တဖျတ်ဖျတ်လက်၍ သူ၏ လည်စေ့သည် စိုးရိမ်ပူပန်မှုဖြင့် နိမ့်ချည်မြင့်ချည်ဖြစ်လာ၏။ သို့သော် သူစကားထပ်မပြောနိုင်ခင် ချီရွှမ်းစုက ခလုတ်ကို ကုပ်ဆွဲလိုက်လေပြီ။
ဒိုင်း...
ဝမ်ရှို့ဝူသည် ကောင်းကင်သက်ရှိတစ်ဦးမဟုတ်ရာ ဤမျှအနီးကပ်မှာ ချပ်ဝတ်ဖောက်ကျည်ဆန်ကပင် ဝမ်ရှို့ဝူ၏ ဦးခေါင်းကို ထိုးဖောက်၍ သွေးသံရဲရဲအပေါက်တစ်ပေါက် ကျန်ခဲ့စေ၏။
အရင်တုန်းက ကျားအဖွဲ့ခေါင်းဆောင်... နောက်ဆုံးမှာတော့ သေဆုံးသွားလေပြီ။
ချီရွှမ်းစုသည် ဝမ်ရှို့ဝူ၏ အလောင်းကို စိုက်ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
“တစ်ယောက်တော့ ကြွသွားပြီ… လေးယောက်ကျန်သေးတယ်”
သူ၏ ရန်သူစာရင်းမှာ…
၁။ ကျောက်ဖူအန် (ပိုင်သီမြို့)
၂။ ဖုန့်ပို (ရှီကျင့်စီရင်စု)
၃။ ကိုယ်တော်ယန်ရှို (ယွီလန်ဘုရားကျောင်း)
၄။ ယွဲ့လျှိုလီ (ဝမ်ရှန်းတာအိုနန်းတော်)
၅။ ဝမ်ရှို့ဝူ (ဝမ်ရှန်းတာအိုနန်းတော်)