အခန်း ၂၆၇
Vol. 27 Ch. 267
အခန်း ၂၆၇ - အမှုအခင်းကို စစ်ဆေးကြခြင်း
ချီရွှမ်းစုသည် နတ်နဂါးပစ္စတိုကိုသိမ်း၍ သင်္ဘောသာဓားနှစ်လက်ကို ကောက်ယူပြီးနောက် ဝမ်ရှို့ဝူ၏ အလောင်းအား စစ်ဆေးကြည့်လိုက်၏။
ဝမ်ရှို့ဝူမှာ ငွေစက္ကူတချို့အပြင် ဝူရှုနန်းတော်မှ တရားဝင်စာရွက်စာတမ်းများနှင့် ပေးစာများ၊ သူ၏ သရုပ်သကန်ကို သက်သေပြနိုင်သည့် အဆောင်အယောင်နှင့် တံဆိပ်ပြားတို့ရှိနေ၏။
ချီရွှမ်းစုသည် ငွေစက္ကူများကို ယူရကောင်းမလား အနည်းငယ်ချီတုံချတုံဖြစ်နေမိ၏။ ငွေကြေးကြောင့်မဟုတ်ဘဲ လက်စားချေခြင်းသက်သက် ဖြစ်လိုသောကြောင့်ပင်။ သူက ငွေစက္ကူများကို ယူသွားမည်ဆိုလျှင် လုယက်ဖို့အတွက် ဝမ်ရှို့ဝူကို သတ်ဖြတ်ခဲ့သည့်ပုံပေါက်သွားပေလိမ့်မည်။
သို့သော် တကယ်တမ်းမှာတော့ ချီရွှမ်းစုမှာ ငွေရေးကြေးရေးလည်း ပြတ်လပ်နေ၏။ ထို့ကြောင့် ချီရွှမ်းစု ချီတုံချတုံဖြစ်နေခြင်းပင်။
ထို့ကြောင့် ချီရွှမ်းစုသည် ခေါင်းပန်းလှန်၍ ဒင်္ဂါးပြားကို ဆုံးဖြတ်ခိုင်းဖို့ လုပ်လိုက်၏။
သူက ထိုက်ဖျင်ဒင်္ဂါးတစ်ပြားကို ထုတ်ယူလိုက်၏။ ဒင်္ဂါး၏ ရှေ့ဘက်ခြမ်းမှာ ‘မဟာရွှမ်မင်းဆက် ကျိုးရှီခေတ်’ဟု ရေးထိုးထားပြီး နောက်ဘက်မှာ ‘လောကငြိမ်းခြမ်းရေး’ဟူသော စကားလုံးများကို ရေးထိုးထား၏။
ချီရွှမ်းစုသည် ဒင်္ဂါးပြားကို လေထဲသို့တောက်တင်ပြီး ပြန်ဖမ်းလိုက်၏။
ဒင်္ဂါးပြား၏ ရှေ့ဘက်ခြမ်းကိုမြင်ရလျှင် ငွေစက္ကူကိုမယူ၊ နောက်ဘက်ခြမ်း ‘လောကငြိမ်းခြမ်းရေး’ ဟူသော စာသားကိုတွေ့မြင်ရလျှင် ငွေစက္ကူကိုယူမည်ဟု ဆုံးဖြတ်လိုက်၏။
ချီရွှမ်းစုက ဒင်္ဂါးကိုအုပ်ထားသည့် သူ့လက်ကို ဖြည်းဖြည်းချင်းဖယ်လိုက်စဉ် မဟာရွှမ်မင်းဆက် ကျိုးရှီခေတ်ဟူသော စကားလုံများ ပေါ်ထွက်လာ၏။
ကံကြမ္မာသည် ငွေစက္ကူကိုမယူဖို့ သူ့အတွက် ဆုံးဖြတ်ပေးလိုက်၏။
“ဒါကတော့ ကံပဲ… ဟုတ်ပြီ ငါ ငွေကို မယူတော့ဘူး”
ချီရွှမ်းစုက ထိုက်ဖျင်ဒင်္ဂါးကို သိမ်းဆည်းလိုက်၏။
သူသည် (ခ)အဆင့် အမှတ်စဉ် ၃ နဂါးမျက်လုံးကျည်ဆန်တစ်ထောင့်ကို ထုတ်ယူ၍ ချင်းယွမ်ဖြင့် ကျည်ဆန်၏ ဖင်ကို ကလော်ဖွင့်ကာ ယမ်းမှုန့်များကို ဝမ်ရှို့ဝူ၏ ခန္ဓာကိုယ်အနှံ့ ဖြူးချပေးလိုက်၏။ ထို့နောက် သူ့သေနတ်ကိုထုတ်၍ နောက်ထပ် (ခ) အဆင့် အမှတ်စဉ် ၃ နဂါးမျက်လုံးကျည်ဆန်တစ်တောင့် ဖြည့်ထည့်ကာ အလောင်းကို ချိန်ရွယ်လိုက်၏။
ဒိုင်း…
ချီရွှမ်းစုသည် မောင်းတံကိုဖိချ၍ ခလုတ်ကို ကုပ်ဆွဲပြီးနောက် ဝမ်ရှို့ဝူ၏ ရုပ်အလောင်းက မီးတောက်များဖြင့် လောင်ကျွမ်းသွား၏။
ဤသို့ပြုလုပ်ရသည့် ပထမဆုံးတစ်ချက်မှာ ဝမ်ရှို့ဝူ အသက်ပြန်ရှင်လာနိုင်ခြေကို ဖြတ်တောက်ရန်ဖြစ်၏။ ဒုတိယတစ်ချက်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဒဏ်ရာများကနေ ဝမ်ရှို့ဝူကို ဘယ်သူသတ်ဖြတ်လဲ အကဲမဖြတ်နိုင်အောင် သဲလွန်စများကို ဖုံးကွယ်လိုခြင်းဖြစ်၏။
ခဲယမ်းလက်နက်များ၏ သဲလွန်စများကို ဖုံးကွယ်နိုင်မည်မဟုတ်သော်လည်း တာအိုဂိုဏ်းတော်သည် ကျည်ဆန်တိုင်းပေါ်မှာ အမှတ်စဉ်နံပါတ်များ မထားရှိသည်ဖြစ်၍ အဲဒါကို လျစ်လျူရှုနိုင်လေ၏။
ထိုသို့အပြီးမှာ ချီရွှမ်းစုသည် သူ၏ အဆင့်ဝင်မြင်းကိုစီး၍ ပေမန်တောင်ရှိရာဘက်သို့ ဆက်လက်၍ ထွက်ခွာသွားတော့၏။ အဲဒါသည် ချီရွှမ်းစု၏ ရဲတင်းပုံပင်။
အတွေ့အကြုံမရှိသောလူသတ်သမားသည် ဤကဲ့သို့သောအမှုအခင်းနှင့် ကြုံတွေ့ပြီးနောက် ရှည်လျားစွာ ကွေ့ပတ်သွားရမည်ဆိုလျှင်တောင် သူတို့၏ လမ်းကြောင်းကို ပြောင်းလဲကြပေလိမ့်မည်။ သူတို့သည် အစွန်အဖျားကျ၍ လူသူအရောက်အပေါက်နည်းသော လမ်းကြောင်းကို ရွေးချယ်ကြပေလိမ့်မည်။ လမ်းတစ်လျှောက်မှာ လေသံနှင့် သစ်ကိုင်းများလှုပ်ခတ်သည့် တရှဲရှဲအသံကိုကြားရလျှင်ပင် သူတို့နောက်ကို တစ်ယောက်ယောက်လိုက်လာသည်ဟုတွေးပြီး ထိတ်လန့်တုန်လှုပ်နေပေလိမ့်မည်။
သို့သော် ချီရွှမ်းစုသည် သူ့နဂိုလမ်းကြောင်းအတိုင်း ခရီးဆက်၍ တာအိုဂိုဏ်းတော်၏ စောင့်ကြည့်မှုအောက်မှာပင် ပုံမှန်အတိုင်းသွားဖို့ ဆုံးဖြတ်လိုက်၏။
အစကနေ နောက်ဆုံးအချိန်ထိ ချီရွှမ်းစုမှာ ဝမ်းသာစိတ်၊ ဝမ်းနည်းစိတ် မဖြစ်ခဲ့ပေ။ သူ့ဆရာအတွက် လက်စားချေတုန်းကလို စိတ်ဓာတ်ပြင်းပြမှုမျိုးမရှိဘဲ သူ့စိတ်က အတော်လေးတည်ငြိမ်နေ၏။
. . . . . .
ချီရွှမ်းစုထွက်ခွာသွားပြီး နေ့ဝက်အကြာမှာ ဝမ်ရှို့ဝူ၏ လောင်ကျွမ်းနေသော ရုပ်အလောင်းကို လူတချို့က ရှာဖွေတွေ့ရှိသွား၏။ သူတို့သည် အရင်ဆုံး နယ်ခံ တာအိုဘုရားကျောင်းကို သတင်းပေးပြီး စစ်ဆေးဖို့ လူလွှတ်ခိုင်းလိုက်၏။
ထို့နောက် ထိုလူများသည် နယ်ခံတာအိုစံအိမ်သို့ အမှုအခင်းကို တင်ပြလိုက်ကြ၏။ တာအိုစံအိမ်မှ အမှုထမ်းများ ရောက်လာသည့်အချိန်တွင် နောက်တစ်နေ့ကို ကူးသွားလေပြီ။
ဝမ်ရှို့ဝူ၏ အဝတ်အစားများနှင့် စာရွက်စာတမ်းများက လောင်ကျွမ်းပြာကျ၍ သူ့ခန္ဓာကိုယ်သည် ပုံပျက်ပန်းပျက် လောင်ကျွမ်းခံထားရသော်လည်း သူ့တံဆိပ်ပြားမှာ အကောင်းတိုင်းရှိနေသေး၏။ ချင်ကျိုးတာအိုစံအိမ်မှလူများသည် ဝမ်ရှို့ဝူ၏ သရုပ်သကန်ကို မြန်မြန်ဆန်ဆန် အကဲဖြတ်နိုင်သွားပြီး ဝူရှုနန်းတော်ကို သတင်းပို့လိုက်ကြ၏။
ဝမ်ရှို့ဝူ သေဆုံးပြီး နောက်တစ်နေ့ နေ့လယ်ခင်းမှာ ဝူရှုနန်းတော်သည် အမှုအခင်းကိုစစ်ဆေးရန် အမှုထမ်းတချို့ကို စေလွှတ်လိုက်ကြ၏။ သူတို့ထဲမှ ခေါင်းဆောင်သည် ထက်ရှပြတ်သားသော မျက်ခုံးများ၊ ပါး၍ ကော့တက်နေသော မျက်လုံးများနှင့် နှင်းဖြူရောင်အသားအရေရှိသော တတိယအဆင့် ယိုယီတာအိုဆရာတစ်ဦးဖြစ်သည်။ သူက ရုပ်ရည်ချောမောသော်လည်း သူ့မှာ ဖော်မပြတတ်သော နတ်ဆိုးအော်ရာတစ်ခုရှိနေ၏။
ဤလူ၏ နာမည်မှာ ဖန်စွေ့ချင်ဖြစ်သည်။ သူသည် ငယ်ရွယ်သည့်ပုံပေါ်သော်လည်း အသက်လေးဆယ်ကျော် ရှိနေလေပြီ။ သူသည် ဝူရှုနန်းတော်သခင်၏ အကြီးဆုံးတပည့်ဖြစ်ပြီး ဝမ်ရှို့ဝူ၏ စီနီယာအစ်ကိုလည်းဖြစ်၏။ ဝူရှုနန်းတော်သခင်မှာ တတ်ရောက်စရာအရေးကြီးကိစ္စများ ရှိနေ၍ ကိုယ်တိုင်လိုက်မလာနိုင်ပေ။ ဒါ့အပြင် သူ့မျာ တပည့်များစွာရှိရာ ဝမ်ရှို့ဝူ၏ သေဆုံးမှုသည် သူ့အတွက် သိပ်ပြီးအရေးမပါပေ။ သူကိုယ်တိုင် သွားရောက်စစ်ဆေးစရာမလိုဟု ခံစားမိ၍ သူ့တပည့်ရင်းကိုသာ စေလွှတ်လိုက်၏။
ယွဲ့လျှိုလီကလည်း လိုက်ပါလာ၏။ သူမသည် ဖန်စွေ့ချင်၏ဘေးမှာ မတ်တတ်ရပ်ပြီး မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ သို့သော် သူမ၏ ပျက်ယွင်းနေသောမျက်နှာသည် ကြောက်ရွံ့မှုကြောင့်လား၊ ဝမ်းနည်းမှုကြောင့်လား မပြောတတ်ပေ။ သူမကို ဤကဲ့သို့သောပုံစံဖြင့် တွေ့မြင်ရသည့်အခါ တခြားသူများက သနားကြင်နာစိတ်ဖြစ်လာကြပေလိမ့်မည်။
သူတို့သည် ဝမ်ရှို့ဝူ၏ အလောင်းနားမှာ မတ်တတ်ရပ်လိုက်ကြပြီး မီးသွေးတုံးပုံစံ လောင်ကျွမ်းခံထားရသည့် အစုအပုံတစ်ခုကိုမြင်ရ၏။ သို့သော် တိုက်ပွဲ၏ သဲလွန်စများကို ဘေးပတ်ဝန်းကျင်မှာ ရှင်းရှင်းလင်းလင်း တွေ့မြင်နေရဆဲပင်။ အထူးသဖြင့် မြေပြင်ပေါ်က လူပုံသဏ္ဌာန် ချိုင့်ခွက်များနှင့် အက်ကွဲကြောင်းများဖြစ်၏။ ဝမ်ရှို့ဝူ၏ ခန္ဓာကိုယ်အရာများဖြစ်နိုင်ပြီး ဝမ်ရှို့ဝူသည် ချောင်းမြောင်းတိုက်ခိုက်ခံရခြင်းမဟုတ်ဘဲ သူ့ရန်ဖက်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့သည်ဟု ညွှန်ပြနေလေသည်။
ဖန်စွေ့ချင်သည် သူ့ဘေးပတ်လည်မှ သဲလွန်စများကို တစ်ချက်ကြည့်လိုက်၏။ သူတို့နှစ်ယောက်တိုက်ခိုက်ခဲ့သည့်မြင်ကွင်းက သူ့စိတ်ထဲမှာ တဖြည်းဖြည်းပေါ်ထွက်လာလေသည်။
“ငါ့အမြင် မှန်မယ်ဆိုရင် ဒါက ကိုယ်ခံပညာသိုင်းသမားနှစ်ဦးကြားက တိုက်ပွဲပဲ… တစ်ယောက်က ဂျူနီယာညီဝမ်… နောက်တစ်ယောက်ကတော့ လူသတ်သမား”
ယွဲ့လျှိုလီသည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး ဘာမှမပြောပေ။ ဝမ်ရှို့ဝူ ဆိုးဆိုးဝါးဝါး သေဆုံးသည့်သတင်း ကြားသိရစဉ် သူမ ပထမဆုံးပြေးမြင်မိသည်မှာ ချီရွှမ်းစုပင်။ သို့သော် ချီရွှမ်းစုက သေနှင့်ပြီကို သူမ အမှတ်ရသွား၏။
ဟုတ်တယ်.. သေပြီ။
ဝမ်ရှို့ဝူသည် သတင်းစာလွှာကို စိတ်လှုပ်ရှားစွာကိုင်၍ ရောက်လာသည်ကို သူမ မှတ်မိနေသေး၏။ ချီရွှမ်းစု သူတို့အပေါ် အငြိုးအတေးထားမည်ကို စိုးသောကြောင့် ချီရွှမ်းစု၏ သေဆုံးသတင်း ကြားသိရသည့်အချိန်မှာ သူတို့နှစ်ယောက်လုံး စိတ်သက်သာရာရခဲ့ကြ၏။ လူသတ်သမားက ချီရွှမ်းစုမဟုတ်ဘူးဆိုရင် တခြားဘယ်သူဖြစ်နိုင်မလဲ။
ယွဲ့လျှိုလီ နောက်ထပ်တွေးမိသည်မှာ ကျန်းယွဲ့လုဖြစ်၏။
မည်သို့ပင်ဆိုစေ ချီရွှမ်းစုသည် ကျန်းယွဲ့လုကိုကယ်တင်ဖို့ သူ့ကိုယ်သူ စွန့်လွှတ်စတေးခဲ့သည်ဟူသော ကောလာဟလများထွက်ခဲ့၏။ ထိုကောလာဟလက မှန်ကန်မည်ဆိုလျှင် ကျန်းယွဲ့လုသည် ချီရွှမ်းစု၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဖြစ်တန်ရာရှိ၏။
သို့သော်လည်း ယွဲ့လျှိုလီသည် ထိုအကြောင်းကိုစဉ်းစားရင်း အခြေအမြစ်သိပ်မရှိဟု ခံစားမိရပြန်၏။ သူမသည် မကြာသေးမီက ကျောက်စိမ်းနေပြည်တော်၏ နိုင်ငံရေးအခင်းအကျင်းများအကြောင်း သတင်းစာလွှာများမှာ ဖတ်ထားရ၏။ ကျန်းယွဲ့သည် အဋ္ဌမထျန်ကန်းလက်ထောက်ခန်းမသခင်အဖြစ် တိုးမြှင့်ခံထားရ၏။ ထိုသို့ဆိုလျှင် ကျန်းယွဲ့လုသည် သူမ၏ ရာထူးဌာနန္တရနှင့်ပုံရိပ်ကို အထိခိုက်ခံပြီး ချီရွှမ်းစုအတွက် ဘာ့ကြောင့် လက်စားချေပေးမလဲ။ ထိုလုပ်ရပ်သည် သူမ၏ အရိုက်အရာဆက်ခံသူက ထိုကဲ့သို့သောအရာမျိုး ပြုလုပ်မည်ဆိုလျှင် သူတော်စင်၏ နာမည်ဂုဏ်သတင်းကိုလည်း ပျက်စီးထိခိုက်စေပေလိမ့်မည်။ ထိုလုပ်ရပ်သည် မဟာအကြီးအကဲနေရာအတွက် ယှဉ်ပြိုင်မှုအပေါ် ကြီးမားစွာ သက်ရောက်မှုရှိပေလိမ့်မည်။
ကျန်းယွဲ့လုသည် ချီရွှမ်းစုအတွက် တကယ်ပဲ လက်စားချေပေးချင်သည်ဆိုလျှင် သူမဆရာ သူတော်စင်စီဟန်ကို အတတ်နိုင်ဆုံးအစွမ်းကုန်ဖြင့် ကြိုစားထောက်ပံ့ပေးရုံသာဖြစ်၏။ ထိုသို့ဖြင့် သူတော်စင်စီဟန် မဟာအကြီးအကဲ ဖြစ်လာသည့်အချိန်မှာ ကျန်းယွဲ့လု၏ ရာထူးဌာနန္တရနှင့် အဆင့်အတန်းသည်လည်း အထိုက်အလျောက် မြင့်တက်လာပေလိမ့်မည်။ ထိုအချိန်မှာ ကျန်းယွဲ့လုသည် ဝူရှုနန်းတော်သခင်ကို အရိပ်အမြွက်တစ်ခု ပေးလိုက်ရုံသာပင်။
ဒါဆို တခြားဘယ်သူဖြစ်နိုင်မလဲ။
ယွဲ့လျှိုလီ စဉ်းစားရခက်သွား၏။
ဝမ်ရှို့ဝူနှင့် ယွဲ့လျှိုလီသည် ဩဇာတိက္ကမနှင့် ကြွယ်ဝချမ်းသာမှုများစွာမရှိသည့် ဝမ်ရှန်းတာအိုနန်းတော်မှ လာခဲ့ကြသည်။ သူတို့သည် ဝမ်ရှန်းတာအိုနန်းတော်မှ ထွက်လာပြီးနောက် နှိမ့်နှိမ့်ချချ နေထိုင်ခဲ့ကြပြီး ရန်သူမရှာခဲ့ကြပေ။ သူတို့မှာရှိသည့် ရန်သူအနည်းအကျဉ်းသည် ဝမ်ရှန်းတာအိုနန်းတော်မှာ သူတို့ရှိခဲ့သည့်အချိန်မှ ဖြစ်သည်။ ထိုစဉ်တုန်းက သူတို့သည် ငယ်ရွယ်သေးပြီး မဆင်မခြင်လုပ်မိခဲ့သောကြောင့်ပင်။
ချီရွှမ်းစုသာ ဤစကားကိုကြားမည်ဆိုလျှင် အရှက်မရှိသော ခွေးမဟု ယွဲ့လျှိုလီကို ကျိန်ဆဲပေလိမ့်မည်။ သူမသည် ချီရွှမ်းစုကို အသေဖမ်းထောင်ချောက်ဆီ တွန်းပို့ခဲ့စဉ်က သေချာပေါက် မဆင်မခြင်ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။ သူမသည် စေ့စေ့စပ်စပ်ပင် အကွက်ချကြံစည်ခဲ့၏။ သို့သော် ကျူးလွန်ခဲ့သူ သူမ၏ အပေါင်းအဖော်က ယခုအချိန်မှာ သေလေပြီးနောက် သူမသည် ထိုအချိန်တုန်းက ငယ်ရွယ်သေးပြီး မဆင်မခြင်လုပ်မိသည်ဟု သူမ၏ ဒုစရိုက်အမှုကို ဖုံးဖိလိုက်၏။
ဖန်စွေ့ချင်သည် အမှုအခင်းကို စစ်ဆေးဖို့တာဝန်ယူထားသည့် တာအိုဆရာများကို ပြန်ခေါ်ပြီး မေးလိုက်၏။
“မင်းတို့တွေ ဘာရှာတွေ့ကြလဲ”
အဆင့် ၅ တာအိုဆရာတစ်ဦးက ဖြေပေးလိုက်၏။
“ကျုပ်ရဲ့ ကနဦးကောက်ချက်အရဆို သေဆုံးသူဟာ ထျန်ကျိခန်းမက ကျည်ဆန်နဲ့ သတ်ဖြတ်ခံထားရတယ်… သူ့ရင်ဘတ်နဲ့ ဦးနှောက်မှာ ချပ်ဝတ်ဖောက်ကျည်ဆန်တစ်တောင့်စီ တွေ့ရတယ်… သေစေနိုင်တဲ့ဒဏ်ရာကတော့ နဖူးနဲ့ မျက်ခုံးကြားမှာရှိတယ်… ဒဏ်ရာအရဆို ကျည်ဆန်နဲ့ အနီးကပ်တေ့ပစ်ထားတာဖြစ်မယ်”
ယွဲ့လျှိုလီက မေးလိုက်၏။
“ဘယ်လောက်နီးလဲ”
အဆင့် ၅ တာအိုဆရာသည် ခဏမျှတွေဝေနေပြီးနောက် ဖြေပေးလိုက်၏။
“သေနတ်ပြောင်းနဲ့ နဖူးပေါ်တင်ပြီး ပစ်ခဲ့တာဖြစ်မယ်”
ယွဲ့လျှိုလီသည် ထိုအချိန်တုန်းက မြင်ကွင်းကို စဉ်းစားကြည့်နိုင်၏။ ဝမ်ရှို့ဝူသည် မြေပြင်ပေါ်လဲကျပြီးနောက် လူသတ်သမားသည် သူ့နဖူးပေါ် သေနတ်ပြောင်း ဖိတင်ခဲ့လေသည်။ စဉ်းစားရင်း သူမ၏ မျက်နှာမှာ အရောင်အဆင်းကင်းမဲ့သွားပြီး ဆက်လက်၍ မမေးမြန်းတော့ပေ။
အဆင့် ၅ တာအိုဆရာက ဆက်ပြောလိုက်၏။
“အလောင်းကို မီးရှို့ပြာချဖို့သုံးခဲ့တဲ့ (ခ) အမှတ်စဉ် ၃ နဂါးမျက်လုံးကျည်ဆန်ရဲ့ သဲလွန်စတွေကိုလည်း ကျုပ်တို့တွေ့ရတယ်… အဲဒါကြောင့် တခြားဒဏ်ရာတွေကို ခွဲခြားဖို့ ခက်ခဲသွားတယ်”
ဖန်စွေ့ချင်က ခေါင်းညိတ်ပြလိုက်၏
“အဲဒီကျည်ဆန်တွေကို ထျန်ကျိခန်းမက ထုတ်ပေးထားတာဆိုပေမဲ့ အဲဒါတွေက မှောင်ခိုဈေးကွက်ထဲမှာ ရောက်မနေဘူလို့ အာမမခံနိုင်ဘူး… ခိုင်လုံတဲ့ သက်သေအထောက်အထားမရှိရင် ငါတို့ တစ်ယောက်ယောက်ကို မစွပ်စွဲသေးတာ အကောင်းဆုံးပဲ”
“ကောင်းပါပြီ ဆရာ”
တာအိုဆရာက တည်တံ့စွာ တုံ့ပြန်လိုက်၏။