အခန်း ၂၆၈
Vol. 27 Ch. 268
အခန်း ၂၆၈ - အသစ်မြင် အဟောင်းမေ့
တာအိုဆရာတစ်ဦးက မေးလိုက်၏။
“ခင်ဗျား… ဒီနားက ဖြတ်သွားတဲ့သူတွေကို စုံစမ်းစစ်ဆေးပေးစေချင်လား”
ဖန်စွေ့ချင်က ပြောလိုက်၏။
“လုပ်လေ… ဒါပေမဲ့ မျှော်လင့်ချက်တော့ သိပ်ထားလို့မရဘူး”
ဤကဲ့သို့သောပုံစံဖြင့် လူသတ်သမားကို ရှာဖွေရန် တကယ်ပင် မဖြစ်နိုင်သည်ကိုသိထားပြီး တာအိုဆရာက နှုတ်ဆိတ်သွား၏။ ဤနေရာသည် ပြည်နယ်နှစ်ခုကြား နယ်စပ်မှာရှိပြီး ပေမန်တောင်နှင့် နီးကပ်လေသည်။ ဤနေရာမှာ အတည်တကျဖောက်လုပ်ထားသောလမ်းမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်၍ လူသူကင်းမဲ့နေ၏။ ထို့ကြောင့် လူသတ်သမားသည် ဘယ်ဘက်ကိုမဆို အလွယ်တကူထွက်သွားနိုင်ပြီး မည်သည့်သဲလွန်စမှ မကျန်ခဲ့လောက်ပေ။ ဖြတ်သွားဖြတ်လာများကို စုံစမ်းစစ်ဆေးခြင်းသည် အမှုပိတ်ရန် လုပ်ထုံးလုပ်နည်းတစ်ခုမျှသာဖြစ်သည်။
ဖန်စွေ့ချင်သည် ခဏမျှစဉ်းစားပြီးနောက် မကြာသေးခင်က ဝမ်ရှို့ဝူနှင့် ဘယ်သူတွေ ထိတွေ့ဆက်ဆံခဲ့သလဲ မေးမြန်းလိုက်၏။ တာအိုဆရာက သူ့မေးခွန်းကို ဖြေပေးသော်လည်း ထူးခြားတာဘာမှမရှိချေ။
အချစ်၊ လက်စားချေခြင်း သို့မဟုတ် ဥစ္စာဓနအတွက် သတ်ဖြတ်ခြင်းကဲ့သို့ ရည်ရွယ်ချက်ရှိသည့် လူသတ်သမားကို သူတို့မကြောက်ရွံ့ကြပေ။ သူတို့အကြောက်ဆုံးမှာ မည်သည့်အကြောင်းအရင်းမှမရှိဘဲ ကြုံရာကျပန်းလိုက်သတ်နေသည့် လူမျိုးဖြစ်၏။ ရည်ရွယ်ချက်မရှိလျှင် လူသတ်သမား၏ နောက်ထပ်ပစ်မှတ်ကို ဆုံးဖြတ်ရန်ခက်ပြီး လူသတ်သမားကို ရှာဖွေဖို့သည် ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာရသည်နှင့် တူနေပေမည်။
“မြေကမ္ဘာပြန်ခေါ်နည်းလမ်းကရော ဘယ်လိုဖြစ်သွားလဲ”
ဖန်စွေ့ချင်က အသံမြှင့်ကာ မေးလိုက်၏။
ဂမ္ဘီရဝိဇ္ဇာတစ်ဦးက အလောတကြီးရောက်ချလာပြီး ခေါင်းခါပြလိုက်၏။
“ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားနှစ်ဦးရှိခဲ့တယ်… သူတို့ရဲ့ သွေးချီက သန်မာလွန်းတော့ မြေကမ္ဘာချီပြန်ခေါ်နည်းစနစ်ကိုသုံးတဲ့အခါ ဝေဝေဝါးဝါးနဲ့ ပြတ်တောင်းပြတ်တောင်း လူရိပ်နှစ်ခုကိုပဲ ကျုပ်မြင်ရတယ်.. သူတို့ရဲ့ သရုပ်သကန်ကို ခွဲခြားဖို့ခက်တယ်… ဒါပေမဲ့ လူသတ်သမားက တစ်ယောက်တည်းဆိုတာရယ်… သူက ချောင်းမြောင်းတိုက်ခိုက်ခဲ့တာ မဟုတ်ဘူးဆိုတာကိုတော့ အတည်ပြုပေးနိုင်တယ်”
ဤသည်မှာ ဖန်စွေ့ချင်ထင်မှတ်ထားသည့်အတိုင်းပင်။ ကျင့်ကြံမှုအဆင့်မြင့်မားလာသည်နှင့် မြေကမ္ဘာချီပေါ် ရိုက်ခတ်မှုက ပို၍ကြီးမားလာ၏။ ရွှမ်အရှင်မြတ်၏ အဆင့်မှာရှိသောလူတစ်ယောက်က မြေကမ္ဘာ၏ ပင်မအကြောများကို ဟန့်တားနှောက်ယှက်၍ မြေကမ္ဘာချီကို လုံးလုံးလျားလျား ပျက်ပြယ်စေနိုင်၏။ ထိုကဲ့သိုသော အမှုများမှာဆိုလျှင် မြေကမ္ဘာချီပြန်ခေါ်ခြင်းနည်းစနစ်က လုံးဝအလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။
အလောင်းကို စစ်ဆေးရန်အတွက် တာဝန်ယူထားသော တာအိုဆရာက ထပ်ပြောလိုက်၏။
“ဒါနဲ့ အလောင်းမှာ ငွေစက္ကူတွေရဲ့ပြာကိုလည်း ကျုပ်တွေ့ရတယ်”
ဖန်စွေ့ချင်သည် သူ့ဝမ်းဗိုက်အောက်မှာ လက်ချောင်းများကို ပေါ့ပေါ့ပါးပါးယှက်ပြီး တွေးတွေးဆဆဖြင့် ပြောလိုက်၏။
“ဒါဆို… လူသတ်သမားက လုယက်ခဲ့တာ မဟုတ်ဘူး… ဝမ်ရှို့ဝူမှာ မကြာသေးခင်က ရန်သူတွေလည်း မရှိဘူးဆိုရင် သူက ကံဆိုးပြီးတော့ ကွင်းဆက်လူသတ်သမားနဲ့ သွားဆုံမိတာလား”
ဖန်စွေ့ချင်သည် လာရာလမ်းမှာ ယွဲ့လျှိုလီကို မေးခွန်းအနည်းငယ်မေးမြန်းခဲ့၏။ ယွဲ့လျှိုလီသည် ချီရွှမ်းစုနှင့် ကျန်းယွဲ့လုအကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ဖန်စွေ့ချင်က ထိုစိတ်ကူးကို ထုတ်ပစ်ထား၏။
ချီရွှမ်းစုက သေနှင့်လေပြီ။ သူ အသက်ရှင်နေဦးမည်ဆိုလျှင်တောင် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမှာ ဝမ်ရှို့ဝူကို အနိုင်ယူရလောက်အောင် သန်မာလိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဝမ်ရှို့ဝူသည် ချီရွှမ်းစုထက် ကျင့်ကြံမှုအဆင့်တစ်ဆင့် ပိုမြင့်နေ၏။
ကျန်းယွဲ့လုမှာ ဝမ်ရှို့ဝူကို ကောင်းကောင်းသတ်ဖြတ်နိုင်သည့် အစွမ်းအစရှိသည်။ သို့သော် သူမအနေဖြင့် ထိုသို့ပြုလုပ်စရာမလိုအပ်ပေ။ ကျန်းယွဲ့လု၏ အဆင့်အတန်းအရ ထိုကဲ့သို့သောအပြုအမူကို ကိုယ်တိုင်ပြုလုပ်စရာမလိုအပ်ပေ။ သူမသည် အာဏာကို ဘယ်တုန်းကမှ အလွဲသုံးစားမလုပ်ခဲ့သော်လည်း သူမမှာ ဩဇာအာဏာမရှိဟုမဆိုလိုပေ။ ဒါ့အပြင် ကျန်းယွဲ့လု၏ စိတ်နေစရိုက်အရ သူမသည် ဝမ်ရှို့ဝူကို ဤကဲ့သို့သောပုံစံဖြင့် သတ်ဖြတ်ဖို့ထက် ပေချန်ခန်းမသို့သာ ခေါ်သွားပေလိမ့်မည်။
ပေချန်ခန်းမထံမှ ကျေနပ်လောက်ဖွယ်ရာ အဖြေထွက်မလာလျှင် သူမသည် ပေချန်ခန်းမကို စုံစမ်းစစ်ဆေးပေလိမ့်မည်။ ကျန်းယွဲ့လုသည် ခေါင်းမာ၍ အလျှော့မပေးတတ်သည့်လူမျိုးဖြစ်သည်။ သို့သော်လည်း ဤကဲ့သို့သော စိတ်နေစရိုက်မရှိလျှင် သူမသည် လက်ရှိနေရာကို တက်လှမ်းလာလိမ့်မည် မဟုတ်ပေ။
၎င်းသည် ကျန်းယွဲ့လုနှင့် တစ်နည်းတစ်ဖုံပတ်သက်နေမည်ဆိုလျှင်ပင် ဤအမှုသည် ချွမ်ကျန်းဂိုဏ်း၏ ပိုင်နက်နယ်မြေထဲမှာ ဖြစ်ပွားသောကြောင့် မြေကမ္ဘာဆရာသခင်သည် အမှုအခင်းကို ဖုံးဖိထားပေလိမ့်မည်။ မြေကမ္ဘာဆရာသခင်၏ မှာကြားမှုမရှိလျှင်တောင် သူတော်စင်များသည် ဤအမှုကို ဖုံးဖိခြင်းဖြင့် ကျန်းယွဲ့လုကို မသိမသာမျက်နှာသာပေးပေလိမ့်မည်။
ထို့ကြောင့် ဖန်စွေ့ချင်သည် ထိုထင်မြင်ယူဆချက်နှစ်ခုကို ချက်ချင်းပင် ပယ်ချလိုက်၏။
ဂရုတစိုက် ထည့်သွင်းစဉ်းစားပြီးနောက် ဖန်စွေ့ချင်က ညွှန်ကြားလိုက်၏။
“ဒီအမှုမှာ လုံလောက်တဲ့ ရည်ရွယ်ချက်မရှိဘူးဖြစ်နေတယ်… လောလောဆယ်မှာ အမှုနဲ့ပတ်သက်ပြီး ငါတို့ တစ်ခုခု လုပ်နိုင်ဦးမှာ မဟုတ်သေးဘူး… အလောင်းကို အရင်ဆုံး ပြန်ယူသွားလိုက်… နောက်မှဆက်ပြီး ကြည့်လုပ်ကြတာပေါ့”
တာအိုဆရာများက နာခံလိုက်ကြ၏။
ဖန်စွေ့ချင်သည် ခဏမျှရပ်တန့်ပြီးနောက် ထပ်ပြောလိုက်၏။
“ဒါနဲ့ လျှို့ဝှက်အသင်းအဖွဲ့တွေက လက်တလောမှာ ထကြွသောင်းကျန်းနေကြတယ်… ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ ဝူရှုနန်းတော်အပြင်ဘက် ထိုက်ဖျင်တည်းခိုခန်းမှာ လူတစ်ယောက်က ပေါ်ပေါ်ထင်ထင် သတ်ဖြတ်ဖို့ကြိုးပမ်းခဲ့တယ်… ဒီအမှုက လျှို့ဝှက်အသင်းအဖွဲ့တွေနဲ့ ပတ်သက်မနေဘူးလို့ အာမမခံနိုင်ဘူး… အဲဒါကြောင့် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပိုပြီးတော့ အာရုံစိုက်ထား… လိုအပ်မယ်ဆိုရင် မင်းတို့ ထျန်ကန်းခန်းမငယ်ဆီကနေ အကူအညီတောင်းနိုင်တယ်”
တာအိုဆရာများသည် နေရာကိုရှင်းလင်းခြင်းနှင့် ဝမ်ရှို့ဝူ၏ အလောင်းကို ပြန်ယူသွားခြင်းဖြင့် သူတို့၏ တာဝန်များကို ကိုယ်စီယူလိုက်ကြ၏။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားပြီး နောက်ဆုံး ဖန်စွေ့ချင်နှင့် ယွဲ့လျှိုလီသာလျှင် ကျန်ရစ်ခဲ့ကြ၏။
ယွဲ့လျှိုလီနှင့် ဝမ်ရှို့ဝူကြား ဆက်ဆံရေးကို လူတိုင်းသိရှိထားရာ သူမကို ပူဆွေးဝမ်းနည်းဖို့ အခွင့်အရေးပေးလိုက်ကြ၏။
တခြား မည်သူကမှမရှိတော့သည်အခါ ယွဲ့လျှိုလီက ညင်သာစွာ ရှိုက်လိုက်၏။ စစချင်းမှာ သူမသည် မျက်ရည်အနည်းငယ်သာစီးကျနေသော်လည်း သူမ၏ ရှိုက်သံမှာ တဖြည်းဖြည်းကျယ်လောင်လာ၏။ သူမ၏ ပခုံးနှစ်ဖက်က စတင်၍ တသိမ့်သိမ့်လှုပ်လာ၏။
ဖန်စွေ့ချင်က ခပ်တိုးတိုး ကပ်ပြောလိုက်၏။
“လီအာ… ဘာလို့ ထပ်ငိုနေတာလဲ.. မင်းရဲ့ ဆုံးရှုံးမှုအတွက် ငါတကယ် စိတ်မကောင်းဘူး”
သူမအပေါ် သူ၏ ခေါ်ဝေါ်ပုံက အတော်လေး ယုယကြင်နာနေ၏။
ဖန်စွေ့ချင်သည် စကားပြောရင်း သူ့ အင်္ကျီလက်အိုးထဲကနေ အဖြူရောင်ပဝါတစ်ထည်ကိုထုတ်ယူပြီး ယွဲ့လျှိုလီရှေ့ ဆန့်ပေးလိုက်၏။
ယွဲ့လျှိုလီက အနည်းငယ်ရှောင်၍ ၎င်းကို လက်မြှောက်ယူစဉ် ဖန်စွေ့ချင်၏ လက်ချောင်းများနှင့် ပွတ်ထိသွား၏။ ယွဲ့လျှိုလီ၏ လက်ချောင်းများက အနည်းငယ်တုန်ခါသွားသော်လည်း သူမသည် လက်ကို ချက်ချင်းမရုပ်ပေ။ သူမသည် ရှက်ကိုးရှက်ကန်းဖြင့် မျက်လွှာချပြီး လက်ကိုင်ပုဝါနှင့် မျက်ရည်များကို သုတ်လိုက်၏။
“စီနီယာအစ်ကို… ကျေးဇူးတင်ပါတယ်”
ဖန်စွေ့ချင်သည် ဂရုစိုက်တတ်ပြီး စေ့စပ်သေချာသောလူတစ်ယောက်ဖြစ်၏။ သူ့လက်ကိုင်ပုဝါက သန့်ရှင်း၍ အတော်လေး သစ်လွင်လန်းဆန်းသော ရနံ့တစ်ခုပါနေ၏။ ဝမ်ရှို့ဝူသည် မိဘမဲ့တစ်ဦးဖြစ်၍ ဂုဏ်သရေရှိမိသားစုမှ သခင်လေးများနှင့် ယှဉ်လျှင် ဤနေရာမှာ အတော်လေး လိုအပ်ချက်ရှိနေသည်။
သူက ညင်သာစွာ ပြုံးပြလိုက်၏။
“ငါ့ရဲ့ ဂျူနီယာတွေကို ဂရုစိုက်ပေးရမှာ ငါ့တာဝန်ပဲလေ… ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး”
ယွဲ့လျှိုလီက ခေါင်းမော့၍ ဖန်စွေ့ချင်နှင့် မျက်လုံးချင်းဆုံပြီး ထိုအခိုက်အတန့်မှာ ရမ္မက်တစ်စွန်းတစ်စပင် ထွက်ပေါ်လာ၏။ သူမသည် ကြောက်ရွံ့နေသော ယုန်သူငယ်ကဲ့သို့ ချက်ချင်းပင် မျက်လွှာပြန်ချသွား၏။
ဤအမူအရာကိုကြည့်ပြီး ဖန်စွေ့ချင်က သူမကို ချော့မြှူလိုက်၏။
“ဂျူနီယာညီမ စိုးရိမ်မနေနဲ့… မင်းရဲ့ စီနီယာအစ်ကိုအနေနဲ့ ဒီအမှုကို စုံစမ်းစစ်ဆေးပြီး မင်းကို ဖြေရှင်းချက်တစ်ခုပေးမယ်လို့ ငါကတိပေးတယ်… ငါ နောက်ပြီးကျရင် ချုံးယန်ထာဝရနန်းတော်ကိုသွားမှာ… မင်းလိုက်ခဲ့မလား… စိတ်ပြေလက်ပျောက်ဖြစ်သွားတာပေါ့… ဘာပဲပြောပြော တီဖေးတောင်ဆိုတာ ငါတို့ရဲ့ အထွတ်အမြတ်ကုန်းမြေ… ကောင်းချီးမင်္ဂလာအရှိဆုံးနေရာပဲ… အဲဒီမှာ နတ်ဘုံနတ်နန်းအော်ရာတချို့ကို ခံစားရနိုင်တယ်”
ယွဲ့လျှိုလီက မပွင့်တပွင့် ပြောလိုက်၏။
“သင့်လျော်မှာ မဟုတ်ပါဘူးရှင်… လူတွေက အတင်းအဖျင်းပြောကြပါလိမ့်မယ်”
“ငါတို့က ဘာတွေများလုပ်နေလို့လဲ”
ဖန်စွေ့ချင်က ညင်သာစွာပြုံး၍ သူမကို နှစ်သိမ့်ပေးလိုက်၏။
“ငါတို့အကြောင်း ဘယ်သူကမှ အတင်းအဖျင်းပြောရဲမှာ မဟုတ်ဘူး… သူတို့ ပြောရဲမယ်ဆိုရင် သူတို့နဲ့ ငါ ရှင်းမယ်… သူများတွေ ဘယ်လိုထင်မလဲ မင်းအရေးလုပ်နေစရာမလိုဘူး”
ယွဲ့လျှိုလီက ခေါင်းကိုဆက်ငုံ့ထားပြီး ပြောဆိုခြင်းမရှိပေ။
ဖန်စွေ့ချင်သည် ဝမ်ရှို့ဝူထက် များစွာပိုကောင်းသည်ကို သူမသိရှိထား၏။ ဝမ်ရှန်းတာအိုနန်းတော်မှာတုန်းက ယွဲ့လျှိုလီသည် ကြယ်များခြံရံထားသည့် လပြည့်ဝန်းကဲ့သို့ဖြစ်ခဲ့၏။ ဝမ်ရှို့ဝူကတော့ ထိုကြယ်များကြားမှာ အတောက်ပဆုံးဖြစ်ခဲ့သည်။ သို့သော် ဖန်စွေ့ချင်သည် လနှင့်ကြယ်တို့ကို မှေးမှိန်စေနိုင်သည့် နေတစ်စင်းကဲ့သို့ဖြစ်၏။ ထိုမျှသာမက နေသည် လကို ပိုမိုတောက်ပလာအောင် အလင်းပေးနိုင်၏။
ဖန်စွေ့ချင်သည် ယွဲ့လျှိုလီ၏ သေးသွယ်သောလက်ကိုဆွဲယူပြီး သက်ပြင်းချလိုက်၏။
“လီအာ… စိုးရိမ်မနေနဲ့… မင်း ဘယ်လိုအခက်အခဲမျိုးနဲ့ပဲ ကြုံတွေ့ရပါစေ ငါမင်းကို ကူညီဖို့ အသင့်ရှိနေမယ်… မင်း နည်းနည်းလေးမှ ထိခိုက်မခံစားရစေဘူးလို့ ငါကတိပေးတယ်”
ယွဲ့လျှိုလီ၏ နှလုံးက ပြင်းထန်စွာခုန်လာ၏။ သူမသည် လက်ကိုရုပ်ချင်သော်လည်း ဖန်စွေ့ချင်က ခပ်တင်းတင်းဆုပ်ကိုင်ထား၏။
“စီနီယာအစ်ကို… ရှင်…”
ဖန်စွေ့ချင်သည် ယွဲ့လျှိုလီ၏ လက်ဖဝါးကို ညင်သာစွာ ဖျစ်ညှစ်လိုက်၏။
“ငါ့ကို စီနီယာအစ်ကိုလို့ ထပ်မခေါ်ပါနဲ့တော့… ငါတို့ဆရာမှာ တပည့်တွေအများကြီးရှိတယ်… ငါက မင်းရဲ့ တစ်ဦးတည်းသော စီနီယာအစ်ကိုမှ မဟုတ်တာ… ငါ့ကို ငါ့ရဲ့လူရင်းခေါ်နာမည်အတိုင်း ချွန်းချင်လို့ပဲခေါ်ပါ့လား”
ယွဲ့လျှိုလီ၏ ပါးနှစ်ဖက်က နီမြန်းသွာပြီး မပွင့်တပွင့်ခေါ်လိုက်၏။
“ချွန်းချင်..”
ဖန်စွေ့ချင်က အပြုံးနှင့်တုံ့ပြန်လိုက်၏။
ယွဲ့လျှိုလီက ဆက်ပြောသည်။
“စီနီယာအစ်ကိုချွန်းချင်.. ကျွန်မအခုချိန်မှာ အရမ်းစိတ်ရှုပ်နေတယ်… ကျွန်မတစ်ယောက်တည်း ခဏလောက်နေလို့ရမလား”
ဖန်စွေ့ချင်က ခေါင်းညိတ်လိုက်သော်လည်း ထွက်ခွာမသွားဘဲ သူမ၏ မျက်နှာကို ချစ်ခင်ကြင်နာစွာ စိုက်ကြည့်နေ၏။
ယွဲ့လျှိုလီက ရှက်နေပြိး မျက်နှာလွှဲကာ နူးညံ့သောအသံဖြင့် ပြောလိုက်၏။
“ရှင် မသွားသေးဘူးလား. ရှင်ဘာလို့ ကျွန်မကို ဒီလိုမျိုး စိုက်ကြည့်နေတာလဲ”
ဖန်စွေ့ချင်က သက်ပြင်းချကာပြော၏။
“လီအာ… ငါ့မှာ မင်းကို ပြောစရာရှိတယ်”
“ဘာများလဲ”
ယွဲ့လျှိုလီက မေးလိုက်၏။
သူသည် သူမကို ခဏမျှ မမှိတ်မသုန် စိုက်ကြည့်ပြီးနောက် ဝန်ခံလိုက်၏။
“လီအာ… ဝူရှုနန်းတော်ကို မင်းပထမဆုံးစရောက်တဲ့နေ့မှာပဲ… ငါမင်းကို ချင်ခင်စုံမက်ခဲ့တယ်… ဒါပေမဲ့ အဲဒီအချိန်တုန်းက မင်းက ဂျူနီယာညီဝမ်ကိုပဲ မျက်စိကျနေခဲ့လို့ ငါ တခြားသူရဲ့ချစ်သူရည်းစားကို လုမယူချင်ခဲ့ဘူး… အဲဒါကြောင့် ဒီဆိုးဝါးတဲ့အထီးကျန်မှုကို ငါ ကြိတ်မှိတ်သည်းခံခဲ့ရတယ်… မင်း ပျော်နေတာနဲ့ပဲ ငါ ရောင့်ရဲနေခဲ့တယ်… ဒါပေမဲ့ အခု ဂျူနီယာညီဝမ်က အဖြစ်ဆိုးနဲ့ ကြုံတွေ့လိုက်ရပြီဆိုတော့ ငါ့ရဲ့ခံစားချက်တွေကို ပြောပြဖို့လိုပြီထင်တယ်… လီအာ.. မင်းငါ့ကို ဒီတိုင်းဆက်ပြီး ခံစားနေစေချင်လို့လား”
ယွဲ့လျှိုလီ၏ နှလုံးက လျင်မြန်စွာခုန်လာသော်လည်း နှုတ်ဆိတ်နေ၏။
ဖန်စွေ့ချင်က ပြုံး၍ သူမ၏ ဆံနွယ်များကို နားရွက်နောက်သို့သပ်တင်ပေးကာ အသနားခံခေါ်လိုက်၏။
“လီအာ..”
ခဏမျှနှုတ်ဆိတ်နေပြီးနောက် ယွဲ့လျှိုလီသည် နောက်ဆုံးမှာ ငိုချ၍ ဖန်စွေ့ချင်၏ ပခုံးကို မှီလိုက်၏။
ဖန်စွေ့ချင်သည် ရလာသောအခွင့်အရေးကို လက်လွှတ်မခံဘဲ သူမကို ပွေ့ဖက်လိုက်လေသည်။
သူမသည် မိခင်၏ ရင်ခွင်ထဲ တိုးဝင်နေသော ငှက်ပေါက်လေးလို ရှက်ရွံ့နေသည့်ပုံပေါ်သည်။ သို့သော်လည်း သူမ၏ အကြည့်သည် သားကောင်ကိုချောင်းနေသည့် လင်းယုန်တစ်ကောင်ကဲ့သို့ဖြစ်၏။
သူမသည် ဤလူကို လက်ထပ်သည်နှင့် နောက်နေ့အတွက် ဘယ်တော့မှ စိုးရိမ်စရာလိုတော့မည် မဟုတ်ပေ။
သူမသည် ဝမ်ရှို့ဝူနှင့် လက်ထပ်မထားခဲ့ပေ။ ထိုသူ မရှိတော့ပြီဖြစ်သောကြောင့် သူမ တစ်သက်လုံး တစ်ယောက်တည်းနေစရာမလိုပေ။ ဒါ့အပြင် သူတို့က လက်ထပ်ထားခဲ့မည်ဆိုလျှင်တောင် မုဆိုးမများသည် ထပ်မံ၍ လက်မထပ်ရဟူသော စည်းမျဉ်းစည်းကမ်း တာအိုဂိုဏ်းတော်မှာ မရှိပေ။
ဖန်စွေ့ချင်သည် အသက်လေးဆယ်ကျော်အရွယ်မှာရှိသော်လည်း သူသည် တတိယအဆင့် ယိုယီတာအိုအကြီးအကဲတစ်ဦးဖြစ်၏။ ဝူရှုနန်းတော်သခင်သည် တန်ခိုးရှင်သူတော်စင်တစ်ပါးဖြစ်လာမည်ဆိုလျှင် သူ၏ အရိုက်အရာဆက်ခံသူသည် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲအဖြစ် အထိုက်အလျောက်တိုးမြှင့်ပေးခံရပေလိမ့်မည်။ ယင်းသည် အဆင့် ၄ တာအိုဆရာပင်မဟုတ်သော ဝမ်ရှို့ဝူထက် အဆများစွာသာလေသည်။
ဤအချိန်မှာ ချီရွှမ်းစုသည် ခပ်လှမ်းလှမ်းမှာ ပေမန်တောင်၏ တစ္ဆေတောင်ကြားစခန်းကို တွေ့မြင်နေရလေပြီ။