အခန်း ၂၆၉
Vol. 27 Ch. 269
အခန်း ၂၆၉ - တစ္ဆေတောင်ကြားစခန်း
ချီရွှမ်းစုသည် ခမ်းနားထည်ဝါသော ပေမန်တောင်နှင့် မှုန်မှိုင်းနေသော တစ္ဆေတောင်ကြားစခန်းကို အဝေးကနေ တွေ့မြင်နေရပြီဖြစ်သော်လည်း တောင်ခြေကို ရောက်ဖို့အတွက် နှစ်နာရီလောက် အချိန်ယူရ၏။
တစ္ဆေတောင်ကြားစခန်းဟု အမည်ပေးထားသည်မှာ ရှေးဟောင်းတာအိုဝါဒထိ ခြေရာပြန်ကောက်နိုင်သောကြောင့်ပင်။ ထိုအချိန်တုန်းက ရှေးဟောင်းတာအိုဝါဒကို အရှေ့ဂိုဏ်း၊ အနောက်ဂိုဏ်း၊ တောင်ဂိုဏ်း၊ မြောက်ဂိုဏ်းနှင့် အလယ်ဂိုဏ်းဟူ၍ ဂိုဏ်းကြီးငါးဂိုဏ်း ခွဲထား၏။
အရှေ့ဂိုဏ်းသည် ထိုက်ဖျင်ဂိုဏ်း၏ အရင်နာမည်ဖြစ်ပြီး လီမိသားစုက ဦးဆောင်ခဲ့ကြသည်။ တောင်ဂိုဏ်းသည် ကျန်းယီဂိုဏ်း၏ အရင်နာမည်ဖြစ်ပြီး ကျန်းမိသားစုက ဦးဆောင်ခဲ့၏။ မြောက်ဂိုဏ်းသည် မဟာရွှမ်တော်ဝင်မိသားစု(ချင်မိသားစု)၏ အရင်နာမည်ဖြစ်ခဲ့သည်။ အလယ်ဂိုဏ်းကတော့ ယခု ချွမ်ကျန်းဂိုဏ်းကို ခေါ်ဆိုခဲ့ခြင်းဖြစ်၏။ အနောက်ဂိုဏ်းသည် အနောက်ဘက်ဒေသသို့ ထန်ထိုက်ယွင်နှင့်အတူ လိုက်ပါသွားသော တာအိုဂိုဏ်း၏ နာမည်ဖြစ်၏။
လွန်ခဲ့သည့် နှစ်ရာချီက လူနှစ်ယောက်သည် အနောက်ဂိုဏ်း၏ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ခဲ့ကြ၏။ သူတို့ထဲမှ တစ်ယောက်သည် သန်မာသောသွေးချီရှိသည့် လူသားအင်မော်တယ်လမ်းစဉ်မှ ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်သည်။ သူတို့သည် တစ်နပ်မှာ ဆင်ကိုးကောင်ကို စားနိုင်သည်ဟူသော ယုံတမ်းစကားရှိခဲ့လေသည်။ သူတို့၏ ထိုးချက်သည် အလွန်တရာအင်အားကြီးမား၍ ဟိန်းဟောက်သံတစ်ချက်မျှနှင့် အစီအရင်ထောင်ချီကို ဖျက်ဆီးပစ်နိုင်၏။ သူတို့သည် အန္တိမကိုယ်ခံပညာသိုင်းသမားများဖြစ်ခဲ့ကြ၏။
အခြား ယှဉ်ပြိုင်သူသည် ဉာဏ်ကွန့်မြူးမှုတစ်ခုနှင့် လောကတစ်ခုကို ဖန်တီးနိုင်သော တစ္ဆေအင်မော်တယ်လမ်းစဉ်မှ ဂမ္ဘီရဝိဇ္ဇာတစ်ဦးဖြစ်ပြီး ဘယ်ဟာအစစ်အမှန်လဲ ခွဲခြားရန်ခက်ခဲသည့် ပုံရိပ်ယောင်များစွာနှင့်အတူ တစ္ဆေနိုင်ငံတစ်ခုကို ဖန်တီးခဲ့လေသည်။ သက်ရှိများ၏ ဝိညာဉ်ပေါင်းများစွာကို ဖမ်းချုပ်ပြီးနောက် ဤတစ္ဆေနိုင်ငံသည် ပြန်ဝင်စားခြင်း စက်ဝန်းငယ်တစ်ခုနှင့်အတူ သူ့ကိုယ်ပိုင် ဘုံလောကတစ်ခုဖြစ်လာခဲ့သည်။
နောက်ဆုံးမှာတော့ တစ္ဆေအင်မော်တယ်သည် တစ္ဆေနိုင်ငံသို့ ဝင်ရောက်လာသည့် လူသားအင်မော်တယ်ကို မနိုင်ခဲ့ပေ။ လူသားအင်မော်တယ်၏ သွေးချီမှာ သန်မာလွန်းပြီး တစ္ဆေနိုင်ငံကို ပြိုကျပျက်စီးသွားစေခဲ့၏။ တစ္ဆေအင်မော်တယ်သည် တစ္ဆေနိုင်ငံမှ တန်ပြန်ရိုက်ခတ်မှုတစ်ခုကိုပင် ခံစားရပြီး သေကြေပျက်စီးခဲ့ရ၏။
ထိုဖြစ်ရပ်အပြီးမှာ ဇောက်ကောအယူဝါဒဟု သူတို့ကိုယ်သူတို့ ခေါ်ဆိုသည့် တစ္ဆေအင်မော်တယ်၏ တပည့်များသည် အမှားကနေ သင်ခန်းစာယူပြီး ပေမန်တောင်ကို သိမ်းပိုက်ကာ မော်တယ်ဘုံတွင် အစစ်အမှန် တစ္ဆေနိုင်ငံတစ်ခုတည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြ၏။
ပေမန်တောင်သည် အထွတ်အမြတ်နေရာ ၇၂ ခုထဲမှတစ်ခုဖြစ်၍ ယွင်ကျင်းတောင်၏ အထက်မှာ ရပ်တည်နေ၏။ ပေမန်တောင်သည် ပထဝီရတနာကုန်းမြေတစ်ခုဖြစ်သောကြောင့် ယခင်မင်းဆက်များမှ ဧကရာဇ်များနှင့် ရာထူးဌာနန္တရကြီးမြင့်သူမျာသည် ထိုနေရာမှာ ဂူဗိမာန်များနှင့် ဂူသင်္ချိုင်းများ တည်ဆောက်ခဲ့ကြ၏။
ဇောက်ကောအယူဝါဒဂိုဏ်းသည် ဤနေရာကိုသိမ်းပိုက်ပြီးနောက် သူတို့သည် နှစ်ပေါင်းတစ်ရာကျော်ကြာအောင် သေဆုံးဝိညာဉ်ပေါင်းများစွာကို မွေးမြူ၍ အခွင့်အလမ်းကောင်းတစ်ခုကို စောင့်ဆိုင်းနေခဲ့ကြ၏။
ရွှေပြည်သစ်စစ်တပ်သည် တောင်ပိုင်းကို ကျူးကျော်၍ ကျင်းမင်းဆက်ကို ဖြုတ်ချလိုက်သည့်အချိန်မှာ လောကက ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့၏။ အလောင်းများသည် တောင်လိုပုံထပ်၍ သွေးများက ပင်လယ်များလို အိုင်ထွန်းနေခဲ့၏။ ဇောက်ကောအယူဝါဒဂိုဏ်းသည် ဤအခွင့်အလမ်းကိုအသုံးချ၍ ကမ္ဘာမြေပေါ်မှာ တစ္ဆေနိုင်ငံတစ်ခုတည်ဆောက်ကာ တမလွန်ဘုံနှင့် ချိတ်ဆက်ခဲ့လေ၏။
ဤတစ္ဆေနိုင်ငံသည် နောက်ဆုံးမှာ နာမည်ကြီး တစ္ဆေတိုင်းပြည်ဖြစ်လာပြီး အချိန်တစ်ခုကြာအောင် အောင်မြင်ဖြစ်ထွန်း၍ အရွယ်အစားအရ အင်ပါယာနေပြည်တော်နှင့် ယှဉ်နိုင်သော သူ့ကိုယ်ပိုင် ဘုံလောကတစ်ခုဖြစ်လာသည်ဟု ဆိုလေသည်။
တာအိုဂိုဏ်းတော်သည် တစ္ဆေတိုင်းပြည်ကို ရှိသမျှအင်အားဖြင့် နှစ်ကြိမ်တိုက်ခိုက်ပြီးနောက် ဇောက်ကောအယူဝါဒဂိုဏ်းကို အနိုင်ရခဲ့၏။ ရွှမ်အရှင်မြတ်သည် ရှေးဟောင်းတာအိုဂိုဏ်းငါးဂိုဏ်းကို ယနေ့ခေတ် တွေ့မြင်ရသော တာအိုဂိုဏ်းကြီး ငါးဂိုဏ်းအဖြစ် ပေါင်းစည်းပေးပြီးနောက် တစ္ဆေတိုင်းပြည်ကို ချွမ်ကျန်းဂိုဏ်း၏ ထိန်းသိမ်းမှုအောက် သွတ်သွင်းခဲ့လေသည်။
စစ်ပွဲနှစ်ပွဲအပြီးမှာ တစ္ဆေနိုင်ငံသည် ယိုယွင်းပျက်စီးသွားသည့်အခြေအနေသို့ ရောက်ရှိသွားခဲ့၏။ အဲဒါသည် ထောက်တိုင်များ၊ ရက်မများနှင့် နံရံအပျက်များသာကျန်တော့သည့် အိမ်တစ်လုံးကဲ့သို့ဖြစ်၏။ ဤတစ္ဆေတိုင်းပြည်မှ ယင်စွမ်းအင်သည် ပေမန်တောင်တစ်ခုလုံးသို့ ဖြန့်ကျက်၍ အထွတ်အမြတ်တောင်ကို တစ္ဆေကုန်းမြေတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
လူတချို့သည် ပေမန်တောင် ထပ်မံ၍ တိုက်စားမခံရအောင် ဤတစ္ဆေတိုင်းပြည်ကို ဖျက်ဆီးပစ်ရန် အဆိုပြုခဲ့ကြ၏။ သို့သော် တချို့သည် ဤတစ္ဆေတိုင်းပြည်ကို ဆက်လက်၍ ထိန်းသိမ်းထားဖို့ ထောက်ခံခဲ့ကြ၏။ မည်သို့ပင်ဆိုစေ ဤနေရာသည် သူတို့ဘိုးဘေးများ၏ ဉာဏ်ပညာအထွတ်အထိပ်နှင့် အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့သောလက်ရာတစ်ခုဖြစ်ခဲ့သည်။ ထို့ကြောင့် အဲဒါကို ဖျက်ဆီးပစ်ခြင်းမှာ ဖြုန်းတီးရာကျပေလိမ့်မည်။ ဒါ့အပြင် ကောင်းခြင်း ဆိုးခြင်းမှာ လူတစ်ယောက်၏ ရှုမြင်ပုံပေါ် မူတည်နေ၏။
နောက်ဆုံးမှာတော့ ရွှမ်အရှင်မြတ်သည် တစ္ဆေတိုင်းပြည်ကို ဆက်လက်၍ ထိန်းသိမ်းထားပြီး ယင်စွမ်းအင်များ ဆက်လက်၍ စိမ့်မထွက်အောင် ကာကွယ်တားဆီး ပြုပြင်မွမ်းမံရန် ဆုံးဖြတ်ချက်ချခဲ့၏။
တစ္ဆေတိုင်းပြည်ကို အပြည့်အဝ ပြန်လည်ပြုပြင်မွမ်းမံရန် မဟာအကြီးအကဲ မျိုးဆက်သုံးဆက်သည် နှစ်ပေါင်းရာချီ အချိန်ယူခဲ့ရ၏။ တာအိုဂိုဏ်းတော်သည် တစ္ဆေတိုင်းပြည်ကို သိုလှောင်ခြင်း၊ စမ်းသပ်ခြင်း၊ ကျင့်ကြံခြင်းနှင့် အမျိုးမျိုးသောသတ္တဝါများအား ဖိနှိမ်ခြင်းတို့အတွက် အသုံးပြုခဲ့၏။ ထိုအထဲမှာ ဟွာရှန်ခန်းမ၏ ထုတ်လုပ်ရေးရုံတစ်ရုံလည်း တည်ရှိနေလေသည်။
ဤတစ္ဆေတိုင်းပြည်ကို စွန့်လွှတ်လိုက်မည်ဆိုလျှင် ယင်စွမ်းအင်သည် စိမ့်ထွက်၍ သတ္တဝါများ ထွက်ပြေးလွတ်မြောက်ကာ အကျိုးဆက်သည် ဆောဝမ်ပူမှ ထုတ်လုပ်ရေးရုံ ဖျက်ဆီးခံရခြင်းထက် ပို၍ ဆိုးဝါးသွားပေလိမ့်မည်။ ထို့ကြောင့် တာအိုဂိုဏ်းတော်သည် တစ္ဆေတိုင်းပြည်သို့ မည်သူမဆို မဝင်ရောက်နိုင်အောင် တစ္ဆေတောင်ကြားစခန်းဟုခေါ်သော စစ်ဆေးရေးဂိတ်တစ်ခုကို တည်ဆောက်ခဲ့ကြ၏။
ချီရွှမ်းစုသည် တောင်ထွတ်နှစ်ခုကြား လမ်းခုလတ်မှာရှိသော တစ္ဆေတောင်ကြားစခန်းသို့ ရောက်လာပြီး ၎င်းသည် ရှေ့သွားရာလမ်းကို လုံးလုံးလျားလျား ပိတ်ဆို့တားဆီးထား၏။ နေရာသည် အမျိုးမျိုးသော ခုခံကာကွယ်ရေးပစ္စည်းကရိယာများ၊ မဟူရာချပ်ဝတ်တန်ဆာဝတ် စိတ်ဝိညာဉ်တပ်သားများဖြင့် မည်းမည်းလှုပ်နေ၏။ တစ်ချက်ကြည့်ရုံနှင့် ဤနေရာကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားကြောင်း သိနိုင်လေသည်။
ဤနေရာကို ပထမအဆင့် စိတ်ဝိညာဉ်တပ်သားတစ်ဦးက ထိန်းချုပ်ထားသည်ဟု ယူဆရသည်။ သူ၏ တိုက်ခိုက်ရည်ခွန်အားသည် ပထမအဆင့် ထျန်ကျန်းတာအိုအကြီးအကဲများနှင့် မယှဉ်နိုင်သော်လည်း သာမန် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲများထက် များစွာပိုမိုသာလွန်ပြီး တန်ခိုးရှင်သူတော်စင်များနှင့် ယှဉ်နိုင်လေ၏။
တစ္ဆေတောင်ကြားစခန်း၏ ဘေးတစ်ဖက်တစ်ချက်စီမှာ ဘီလူးနှစ်ကောင် မတ်တတ်ရပ်နေသည်ကို ချီရွှမ်းစု ခပ်ရေးရေးတွေ့မြင်ရ၏။ ရှင်းရှင်းလင်းလင်းမတွေ့မြင်ရသော်လည်း ထိုဘီလူးများသည် တာအိုဂိုဏ်းတော်၏ သတ္တဝါများဖြစ်နိုင်လေသည်။
အစစ်အမှန်အရှင်စစ်မင်သည် ဤနေရာကို အမြဲတမ်း ငမ်းငမ်းတက်လိုချင်နေခဲ့၏။ သူသည် ဤတစ္ဆေတိုင်းပြည်ကို သိမ်းပိုက်ဖို့ အကြိမ်များစွာ ကြံစည်ခဲ့သော်လည်း ဘယ်တုန်းကမှ မအောင်မြင်ခဲ့ပေ။ ရှေးဟောင်းအင်မော်တယ်များသည် လုံခြုံရေးလျှော့ချထားသော ကျောက်စိမ်းနေပြည်တော်သို့သာ ခိုးဝင်နိုင်ခဲ့ကြ၏။ မည်သို့ပင်ဆိုစေ ကျောက်စိမ်းနေပြည်တော်မှာ ပညာရှင်များစွာရှိနေရာ ရှေးဟောင်းအင်မော်တယ်များသည် အသေလာခံရအောင် ရဲတင်းလိမ့်မည်ဟု မည့်သူကမှ မတွေးခဲ့ကြပေ။
ဤတစ္ဆေတောင်ကြားစခန်းကတော့ ကွဲပြားခြားနားလေ၏။
ဟန်ချက်မညီမျှမှု တစ်ခုခုရှိလာသည်နှင့် တစ္ဆေတိုင်းပြည်ကို ချက်ချင်းပိတ်ချလိုက်မည်ဖြစ်ရာ အထဲကိုခိုးဝင်ဖို့ သို့မဟုတ် ပြန်ထွက်ဖို့ ခက်ခဲသွားပေလိမ့်မည်။
ရှေးဟောင်းအင်မော်တယ်တစ်ပါးသည် သူတို့၏ မှော်စွမ်းအားများကိုသုံး၍ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အပိုင်စီးပြီး တစ္ဆေတောင်ကြားစခန်းသို့ ဝင်ရောက်လာမည်ဆိုလျှင်ပင် ပထမခံစစ်တစ်လွှာကိုသာ ဖြတ်ကျော်နိုင်ပေမည်။ အထဲမှာ လုံခြုံရေးအလွှာများ အထပ်ထပ်ဆင့်ထား၏။ ပထမအဆင့် ထျန်ကျန်းတာအိုအကြီးအကဲနှင့် တန်ခိုးရှင်သူတော်စင်များသာလျှင် တစ္ဆေတိုင်းပြည်၏ ဗဟိုချက်မဧရိယာသို့ ခြေချနိုင်ကြ၏။
ဤအချိန်မှာတော့ တစ္ဆေတောင်ကြားစခန်း၏ ဂိတ်တံခါးကို ပိတ်ချမထားပေ။ သို့သော်လည်း ဖြတ်သွားဖြတ်လာများ အနည်းအကျဉ်းသာရှိပြီး စစ်ဆေးရေးဂိတ်မှာ တန်းစီပြီး စောင့်နေစရာ မလိုအပ်ပေ။
ချီရွှမ်းစုသည် စုံစမ်းစစ်ဆေးရန် တာဝန်ယူထားသည့် စိတ်ဝိညာဉ်တပ်သားထံ ရောက်လာပြီး သူ၏ တံဆိပ်ပြားနှစ်ခုကို ထုတ်ပေးလိုက်၏။
ယခုအချိန် ဤနေရာတွင် စိတ်ဝိညာဉ်တပ်သားနှစ်ဦးရှိနေကြ၏။ တစ်ဦးသည် တံဆိပ်ပြားနှစ်ခုကို စစ်ဆေးပြီး လုပ်ထုံးလုပ်နည်းအတိုင်း မေးမြန်းလိုက်၏။
“ခင်ဗျားက ဒီတိုင်းဖြတ်သွားဖြတ်လာလား”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။
“ကျုပ် ပုဂ္ဂရေးကိစ္စတချို့အတွက် လုံမန်စီရင်စုကို သွားမလို့ပါ”
“ဟုတ်ပြီလေ”
စိတ်ဝိညာဉ်တပ်သား၏ စိတ်သဘောထားက အနည်းငယ်ပျော့ပျောင်းသွား၏။ ချီရွှမ်းစုသည် ထုတ်လုပ်ရေးရုံ သို့မဟုတ် တစ္ဆေတိုင်းပြည်သို့ မဝင်ရောက်လိုသရွေ့ စိတ်ဝိညာဉ်တပ်သားများသည် ထဲထဲဝင်ဝင် စစ်ဆေးလိမ့်မည် မဟုတ်ပေ။
စိတ်ဝိညာဉ်တပ်သားသည် ချီရွှမ်းစု၏ တံဆိပ်ပြားများကို စစ်ဆေးအတည်ပြုဖို့အတွက် တခြားသော စိတ်ဝိညာဉ်တပ်သားထံ ကမ်းပေးလိုက်သည်။ စောင့်ဆိုင်းရင်း ချီရွှမ်းစုသည် အခွင့်အရေးကို အသုံးချကာ စိတ်ဝိညာဉ်တပ်သားကို သာမန်ကာလျှံကာ မေးလိုက်၏။
“ညီကို… ဆောဝမ်ပူက ဖြစ်ရပ်အပြီးမှာ ပြဿနာရှာတဲ့ အယူဝါဒမိစ္ဆာတွေ ထပ်ပြီးပေါ်ထွက်လာသေးလား”
တာအိုဂိုဏ်းတော်သည် ဆောဝမ်ပူက ဖြစ်ရပ်ကို အများသူငှာသိရှိအောင် ထုတ်ဖော်ပြောဆိုထားပြီဖြစ်၏။ စိတ်ဝိညာဉ်တပ်သားသည် အဲဒါနှင့်ပတ်သက်၍ များစွာမစဉ်းစားဘဲ ပြန်ဖြေလိုက်၏။
“ဒီမှာတော့ အေးချမ်းပါတယ်… ဘာပဲပြောပြော ကျုပ်တို့တွေက ရှီကျင့်စီရင်စုနဲ့ လုံမန်စီရင်စုကြား တီဖေးတောင်အနီးမှာရှိနေတာပဲ… အဲဒီအယူဝါဒမိစ္ဆာတွေက အလုံးအရင်းနဲ့ တိုက်ခိုက်လာမယ်ဆိုရင်တောင် ကျုပ်တို့ အဲဒါကို ကိုင်တွယ်နိုင်တယ်… ဒါပေမဲ့ အသေးအဖွဲဖြစ်ရပ်လေးတွေတော့ရှိတယ်”
ချီရွှမ်းစုက သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
“ဘယ်လိုအသေးအဖွဲ့လေးတွေလဲ”
“ကောင်းကင်ဘုံနန်းတော်က အယူဝါဒမိစ္ဆာတချို့က ရှီကျင့်စီရင်စုမှာ အင်ပါယာနန်းတော်ကလူတစ်ယောက်ကို ပေါ်ပေါ်ထင်ထင် သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်… ကျုပ်တို့ရှိတဲ့လမ်းကြောမှာ ကောင်းကင်ဘုံနန်းတော်မိစ္ဆာတွေကို အာရုံစိုက်ထားဖို့ ရှီကျင့်စီရင်စုက စာပို့ထားတယ်”
စိတ်ဝိညာဉ်တပ်သားက သရော်တော်တော်လေသံဖြင့် ဆက်ပြောလိုက်၏။
“အဲဒီအကြီးအကဲတွေက ဘာတွေစဉ်းစားနေလဲ ကျုပ်မသိဘူး… ကျုပ်ဖြင့် တစ္ဆေတောင်ကြားစခန်းကို ဖြတ်ကျော်ဖို့ကြိုးစားတဲ့ ဘယ်အယူဝါဒမိစ္ဆာကိုမှ မမြင်ဖူးခဲ့ဘူး… အဲဒီအယူဝါဒမိစ္ဆာတွေက ဒီကိုလာမဲ့အစား ကျောက်စိမ်းနေပြည်တော်ကိုပဲသွားလိမ့်မယ်ထင်တယ်”
ချီရွှမ်းစုက ရယ်လိုက်၏။
“ညီကို… ခင်ဗျားပြောတာ အဓိပ္ပါယ်ရှိသား… ကျုပ်သာ အယူဝါဒမိစ္ဆာဆိုရင်လည်း ပုန်းခိုဖို့လွယ်ကူတဲ့ ယုံကျိုးတို့ လျန်ကျိုးတို့ကိုပဲသွားမှာပေါ့… ဒီကိုတော့ သေချာပေါက်လာမှာမဟုတ်ဘူး… အဲဒါက ထောင်ချောက်ဆီကို တိုးဝင်နေတာနဲ့ အတူတူပဲ”
စိတ်ဝိညာဉ်တပ်သားသည် ဤနေရာမှာ ကြာမြင့်စွာ စခန်းချလာခဲ့ပြီး စကားပြောဖော်ရလာသည့်အခါ ညည်းညူပြောဆိုမိ၏။
“ဪ… ဒါနဲ့ နောက်တစ်ခုရှိသေးတယ်… ဝူရှုနန်းတော်သခင်ရဲ့ တပည့်တစ်ဦးလည်း မကြာသေးခင်က အသတ်ခံခဲ့ရတယ်… အဲဒါကြောင့် သံသယဝင်စရာလူတွေကို သတိထားစောင့်ကြည့်ဖို့ ဝူရှုနန်းတော်က ကျုပ်တို့ဆီကို တရားဝင်အမိန့်စာပေးပို့ထားတယ်”
ဤစကားကိုကြားပြီး ချီရွှမ်းစုက မလုံမလဲ လုံးဝဖြစ်မသွားဘဲ အံ့အားသင့်သယောင်ဟန်ဆောင်လိုက်၏။
“လူသတ်မှုလား… ကျုပ်ဖြင့် ဒီကိုလာတဲ့လမ်းမှာ မကြားခဲ့ရပါလား”
စိတ်ဝိညာဉ်တပ်သားက ရယ်မောလိုက်၏။
“ဒါပေါ့.. ဘယ်ကြားပါ့မလဲ… အဲဒါ ပြီးခဲ့တဲ့နှစ်ရက်ကမှ ဖြစ်သွားတာ… အဲဒီအကြီးအကဲတွေက အဲဒီကိစ္စကို အာရုံစိုက်ခိုင်းတာ ကျုပ်တို့ဒီမှာ အရမ်းအားနေတယ်ထင်လို့ ဖြစ်လိမ့်မယ်… ရှီကျင့်စီရင်စုကနေ တစ္ဆေတောင်ကြားစခန်းဆီ ခရီးက မတိုတောင်းဘူး… ပေမန်တောင်မှာ ပုန်းကွယ်စရာနေရာတွေမှ အများကြီးပဲ… နေရာတွေအများကြီးထဲကမှ ဒီနေရာကိုလာဖို့ဆိုတာ လူသတ်သမားက ဦးနှောက်အဆံချောင်နေတယ်လို့ သူတို့ထင်နေတာဖြစ်ရမယ်… အဲဒါ ကောင်းကင်ဘုံနန်းတော်က ဟိုမိစ္ဆာပဲနေမှာ... ပြေးရင်းလွှားရင်း အဲဒီတာအိုဆရာနဲ့တွေ့ပြီး လမ်းကြုံသတ်သွားတာဖြစ်ရမယ်”
ဦးနှောက်အဆံချောင်သည်ဟု အထင်ခံရသော ချီရွှမ်းစုက ကျယ်လောင်စွာရယ်လိုက်၏။
“ဟားဟား… ကျုပ်လည်း အဲလိုပဲထင်တယ်… ထွက်ပြေးတိမ်းရှောင်လာတဲ့ အယူဝါဒမိစ္ဆာနဲ့မှ သွားပြီးတိုးတာ အဲဒီတာအိုဆရာတော့ ကံဆိုးတာပဲ”
ဤအချိန်မှာ အခြားသော စိတ်ဝိညာဉ်တပ်သားက ရောက်လာပြီးပြောလိုက်၏။
“ဝေဝူကွေ့မလား… ဒါကို စစ်ကြည့်ဦး… ပြဿနာမရှိဘူးဆိုရင် ဒီနေရာမှာ လက်မှတ်ထိုးရမယ်”
ချီရွှမ်းစုသည် သူနှင့်စကားပြောနေသော စိတ်ဝိညာဉ်တပ်သားကို အားနာသည့်ဟန်ဖြင့် ပြုံးပြပြီး စစ်ဆေးအတည်ပြုစားပွဲသို့ လျှောက်သွားလိုက်၏။ သူသည် စာရွက်စာတမ်းထဲမှ ပါဝင်အကြောင်းအရာများကို တစ်ချက်ကြည့်ပြီးနောက် တမင် ဘယ်ဘက်လက်ဖြင့် ဝေဝူကွေ့ဟု လက်မှတ်ထိုးပေးလိုက်၏။
ထို့နောက် စစ်ဆေးအတည်ပြုခြင်းကို တာဝန်ယူထားသည့် စိတ်ဝိညာဉ်တပ်သားသည် ချီရွှမ်းစုအား တံဆိပ်ပြားနှစ်ခုကို ပြန်ပေးလိုက်၏။
ချီရွှမ်းစုသည် တပ်သားနှစ်ဦးကို နှုတ်ဆက်ပြီးနောက် သူ့မြင်းကိုစီးကာ တစ္ဆေတောင်ကြားစခန်းဆီ ဝင်ရောက်သွားလေသည်။