← Chapters

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း ၂၇၀ - ရှေးဟောင်းအင်မော်တယ်များနှင့် တစ္ဆေတိုင်းပြည်

ချီရွှမ်းစုသည် တစ္ဆေတောင်ကြားစခန်းသို့ ဝင်ရောက်၍ ဖြည်းဖြည်းချင်း မြင်းစီးလာ၏။

အနီးနားမှာ အဆက်မပြတ် ကင်းလှည့်နေသည့် ချပ်ဝတ်စိတ်ဝိညာဉ်တပ်သားများအပြင် သာမန်ကာလျှံကာ ဝတ်စားဆင်ယင်ပုံနှင့် သာမန်လူများစွာလည်း ရှိနေကြသည်။ သူတို့သည် ထုတ်လုပ်ရေးရုံမှာ အလုပ်လုပ်နေသော သာမန်အရပ်သားများနှင့် တစ္ဆေတောင်ကြားစခန်းမှာ နေထိုင်လေ့ရှိသူများဖြစ်မည်ဟု ချီရွှမ်းစု ထင်မြင်မိ၏။ တချို့သည် နတ်ဘုရားလက်နက်တိုက်နှင့် အင်ပါယာနက္ခတ်တာရာဌာနမှ ဖြစ်ကြ၏။

ချီရွှမ်းစုသည် တစ္ဆေတောင်ကြာစခန်းမှာ ရပ်တန့်ဖို့ စိတ်ကူးမရှိပေ။ သူသည် ဤနေရာကနေ မြင်းစီး၍ ကျုံးကျိုးကို သွားချင်လေသည်။ သို့သော်လည်း ဝူရှုနန်းတော် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ လှုပ်ရှားမှုများအကြောင်း စောစောက စိတ်ဝိညာဉ်တပ်သားထံမှ ကြားသိရပြီးနောက် သူက ထွက်ခွာဖို့ကို အလောတကြီးရှိမနေတော့ပေ။

ဤသည်မှာ ချီရွှမ်းစု ထင်မှတ်ထားသည့်အတိုင်းပင်။ ထျန်ကန်းခန်းမ၏ အမှုဆောင်အဖြစ် သူ၏ သရုပ်သကန်ဟောင်းသည် ဝေဟင်ပျံသင်္ဘောပျက်ကျမှုနှင့်အတူ သေဆုံးသွားပြီဖြစ်ရာ သူသည် ရှီကျင့်စီရင်စုမှာ ပေါ်ထွက်လာမည်ဆိုလျှင် သံသယဝင်စရာအကောင်းဆုံးဖြစ်လာပေလိမ့်မည်။ သက်သေအထောက်အထားမရှိလျှင်တောင် စစ်ဆေးမေးမြန်းဖို့အတွက် ဝူရှုနန်းတော်သို့ သူ့အား ခေါ်ဆောင်သွားပေလိမ့်မည်။

သို့သော်လည်း သူ၏ သရုပ်သကန်အသစ် ဝေဝူကွေ့သည် ဝမ်ရှို့ဝူနှင့် ပတ်သက်ခြင်းမရှိပေ။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ဘယ်တုန်းကမှ မတွေ့ဆုံဖူးရာ ဝေဝူကွေ့အနေဖြင့် ဝမ်ရှို့ဝူကို သတ်ဖြတ်စရာအကြောင်းမရှိပေ။

ချီရွှမ်းစုနှင့် ဝေဝူကွေ့ နှစ်ဦးစလုံး ဖေးရှောင်လိုနှင့် အသိအကျွမ်းဖြစ်နေသည့်အချက်ကတော့ တစ်ယောက်ယောက် သေသေချာချာ သတိမထားသရွေ့ သံသယဝင်ဖို့ မထိုက်ပေ။

ဖေးရှောင်လိုသည် လုပ်ချင်ရာလုပ်တတ်သောကြောင့် နာမည်ကြီးပြီး သူတော်စင်များစွာကြားမှာ ကွဲထွက်နေ၏။ သူသည် တပည့်များ လက်ခံထားခြင်းမရှိသော်လည်း လူငယ်များနှင့် မကြာခဏမိတ်ဆွေဖွဲ့တတ်သည်။

တစ်ခါက သူသည် ငယ်ရွယ်သော ဦးပဉ္စင်းတစ်ပါးကို ဆောင်ကြာမြိုင်သို့ခေါ်သွားခြင်းဖြင့် မဖွယ်မရာကိစ္စကိုပင် ပြုလုပ်ခဲ့ဖူးသည်။ သူသည် တန်ခိုးရှင်သူတော်စင် ၃၆ ပါးထဲ ပထမနေရာတွင် ရပ်တည်နေသော သူတော်စင်တန်ဟွားနှင့် သွေးသားတော်စပ်နေခြင်းကြောင့်မဟုတ်လျှင် ဖေးရှောင်လိုကို ဖုန့်ရှန်ခန်းမက ဖမ်းဆီးစစ်ဆေးခဲ့ပေလိမ့်မည်။

ချီရွှမ်းစုတစ်ယောက် ဖြည်းဖြည်းချင်းခရီးဆက်နေစဉ် ရယ်သံတစ်သံကို ရုတ်တရက်ကြားလိုက်ရ၏။

“အဖိုး… ကြည့်စမ်းပါဦး… ဟိုလူက ပစ္စည်းတွေအများကြီးသယ်လာတာ… ရယ်စရာကောင်းလိုက်တာ”

ဤအသံကိုကြားပြီး ချီရွှမ်းစု လှည့်ကြည့်လိုက်စဉ် သူ့ကို လက်ညှိုးထိုးနေသည့် အဝါရောင်အင်္ကျီဝတ် မိန်းကလေးငယ်တစ်ဦးကို တွေ့မြင်လိုက်ရ၏။

မိန်းကလေးငယ်၏ ဘေးမှာ သူမ၏ အဖိုးဟု ယူဆရသော အရပ်ရှည်ရှည် အဖိုးအိုတစ်ဦးရှိနေ၏။

ချီရွှမ်းစုသည် ခေါင်းငုံ့၍ သူ့ကိုယ်သူကြည့်လိုက်၏။ သူ့မှာ လက်နက်လေးလက်၊ ဘေးလွယ်အိတ်တစ်လုံး၊ ကျည်ဆန်များထည့်ထားသည့် သားရေအိတ်တစ်အိတ်၊ မြည်းကုန်းနှီးတစ်အိတ်နှင့် မြင်းပေါ်မှာတင်ထားသော သောင်းပြောင်းထွေလာပစ္စည်းများပါသည့် အိတ်တစ်လုံးရှိနေ၏။

သူ့ပုံစံက တကယ်ပင် ရယ်စရာကောင်းနေပုံ၏။

လူအိုကြီးက သူတို့ကို ချီရွှမ်းစုပြန်ကြည့်နေသည်ကို တွေ့မြင်သောအခါ အနည်းငယ်အားနာသွား၏။ သူက မိန်းကလေးကို မျက်စောင်းတစ်ချက်ထိုးပြီး ချီရွှမ်းစုကို ဦးညွှတ်ကာ တောင်းပန်လိုက်၏။

“စိတ်မရှိပါနဲ့… ဒီကလေးက ကျင့်ဝတ်ထုံးတမ်းတွေ နားမလည်လို့ပါ”

“ဘာမှမဖြစ်ဘူး… ကလေးတွေက ဒီလိုပဲ ပြောတတ်ကြတာပဲ”

ချီရွှမ်းစုသည် မြင်းပေါ်ကနေဆင်း၍ ပြန်လည်ဦးညွှတ်လိုက်၏။

လူအိုကြီးသည် ချီရွှမ်းစုကို ခဏမျှအကဲခတ်ကြည့်ပြီး ပြောလိုက်၏။

“မင်းက ဒီနေရာမှာ မျက်နှာစိမ်းပဲ.. မင်း တစ္ဆေတောင်ကြားစခန်းကို ပထမဆုံးအကြိမ် ရောက်လာဖူးတာလား’

“ဆရာကြီး… ခင်ဗျားက အမြင်အာရုံစူးရှပါပေတယ်… ကျုပ် ဒီကို တကယ်ပဲ ပထမဆုံးအကြိမ်ရောက်ဖူးတာပါ… ကျုပ်က ဒီအတိုင်း ဖြတ်သွားဖြတ်လာပါပဲ”

ချီရွှမ်းစုသည် ပြုံး၍ ပြန်ဖြေလိုက်၏။

လူအိုကြီးက မေးလိုက်၏။

“တစ္ဆေတောင်ကြားစခန်းကို ရောက်လာပြီးမှ တစ္ဆေတိုင်းပြည်ဆီ အလည်အပတ်မသွားဘူးဆိုရင် နှမြောစရာကောင်းနေမှာပေါ့”

ချီရွှမ်းစုက ခါးသက်စွာပြုံးလိုက်၏။

“တစ္ဆေတိုင်းပြည်မှာ ကန့်သတ်ချက်တွေအများကြီးရှိတယ်လို့ ကျုပ်ကြားထားတယ်… ဖြတ်ကျော်ရမယ့် စစ်ဆေးရေးဂိတ်တွေအများကြီးပဲ… ကျုပ် ဘယ်လိုမှဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး”

“မှန်တယ်ကွယ်”

လူအိုကြီးက ခေါင်းညိတ်ပြ၏။

“ဆောဝမ်ပူရဲ့ ထုတ်လုပ်ရေးရုံ ဖျက်ဆီးခံရပြီးကတည်းက ဒီတစ္ဆေတိုင်းပြည်လည်း ဖျက်ဆီးခံရမှာဆိုးပြီး တာအိုဂိုဏ်းတော်က ဒီနေရာမှာ လုံခြုံရေးကို ပိုပြီးတော့ တင်းကျပ်ထားလေရဲ့… သမိုင်းက တစ်ပတ်ပြန်လည်လာမယ်ဆိုရင် ပေမန်တောင်က တမလွန်ဘုံအဖြစ် ပြောင်းလဲသွားမှာ စိုးရိမ်ရတယ်… အဲဒီအခါကျရင် အရှုပ်အထွေးတွေကို ရှင်းလင်းဖို့က အများကြီးကြိုးစားအားထုတ်ရတော့မပေါ့”

မိန်းကလေးငယ်က ကြားဖြတ်ဝင်ပြောလိုက်၏။

“အဖိုး… အဲဒါက ရေကာတာ ကျိုးပေါက်သလိုမျိုးပေါ့… အဓိကပြဿနာက ရေကာတာကို ပြန်ပြင်ဖို့ ကုန်ကျစရိတ်မဟုတ်ဘဲ ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးထိခိုက်မှုတွေပဲမလား”

“မှန်လိုက်လေကွယ်… ဉာဏ်ကောင်းတဲ့ကလေး”

အဖိုးအိုက သူ့မြေးမကို ချီးကျူး၏။

မိန်းကလေးက မေးလိုက်၏။

“အဖိုး… တစ္ဆေတိုင်းပြည်က အဲလောက်ကြောက်စရာကောင်းတယ်ဆိုရင် ဘာလို့အဲဒါကိုဖျက်ဆီးမပစ်ရတာလဲ”

“အဲဒါကို ဖျက်ဆီးတာကလည်း ကုန်ကျစရိတ်များလွန်းလို့ပေါ့… စဉ်းစားကြည့်မယ်ဆိုရင် တစ္ဆေတိုင်းပြည်က ဧရာမမိလ္လာကန်ကြီးနဲ့တူတယ်… အဲဒါကို ဖျက်ဆီးပစ်ဖို့က ထင်သလောက်မရိုးရှင်းဘူး… မဖျက်ဆီးခင် အထဲမှာရှိတဲ့အရာတွေကို သေသေချာချာကိုင်တွယ်မှရမယ်”

“အဲဒါကိုလုပ်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ နည်းနည်းချင်း ဖျက်ဆီးပစ်တာပဲ… ဒါပေမဲ့ အဲဒါကလည်း နှစ်တစ်ရာကျော်လောက် အချိန်ယူရလိမ့်မယ်… အဲဒါကြောင့်လည်း ဒီနေရာကို ထောက်ကန်ထားပြီး ဆက်သုံးနေတာပေါ့… စောစောက မိလ္လာတွင်းနဲ့ ခိုင်းနှိုင်းပြီး ပြန်ပြောမယ်ဆိုရင် မိလ္လာကန်ထဲမှာ ရှိတဲ့အရာတွေက အသုံးပြုတဲ့ပေါ်မူတည်ပြီးတော့ ကောင်းတာဆိုးတာရှိနိုင်တယ်… ဓာတ်မြေဩဇာလို ကောင်းတဲ့အရာတွေလည်း ရှိနေနိုင်တယ်”

မိန်းကလေးက အလေးအနက်စဉ်းစားတွေးတောပြီး မေးလိုက်၏။

“ဒါဆိုရင် ဒီတစ္ဆေတိုင်းပြည်ကို အစကတည်းက မတည်ဆောက်ခဲ့တာ ပိုမကောင်းဘူးလား”

လူအိုကြီးက ရယ်မောလိုက်၏။

“ကလေးမရေ… အရာအားလုံးက ဩဇာအာဏာကနေ ဆင်းသက်လာတာကွဲ့.. သမိုင်းတစ်လျှောက်မှာ ဩဇာအာဏာကြောင့် မျက်ကန်းဖြစ်သွားတဲ့ သူရဲကောင်းတွေနဲ့ ထူးချွန်ထက်မြတ်တဲ့ပုဂ္ဂိုလ်တွေမှ အများကြီး… အဲဒါကြောင့်လည်း တာအိုဂိုဏ်းတော်က အဆက်မပြတ် ဝရုန်းသုန်းကားဖြစ်နေရတာပေါ့”

ချီရွှမ်းစု သူ့ဘာသာသူတွေးမိသည်မှာ ‘ဒီစကားက ထိုက်ဖျင်ဂိုဏ်း၊ ချွမ်ကျန်းဂိုဏ်းနဲ့ ကျန်းယီဂိုဏ်းကြားက ပဋိပက္ခကို သွယ်ဝိုက်ပြီး ရည်ညွှန်းနေတာပဲ’ ဟူ၍ပင်။

လူအိုကြီးက ခဏမျှရပ်တန့်ပြီး ဆက်ပြောလိုက်၏။

“ဒီလောကမှာ အရေးကိစ္စတွေက ဘယ်လောက်ပဲ ခက်ခဲပါစေ… မဖြစ်နိုင်တာကိုမှ လုပ်ချင်တဲ့သူတွေက အမြဲတမ်းရှိတယ်… ဒီ တစ္ဆေတိုင်းပြည်ကို လူသားတွေ တည်ဆောက်ခဲ့တာ… လူသားကြိုးစားအားထုတ်မှုကနေ သုခဘုံတစ်ခုကို ဖန်တီးတာ၊ လူသားခွန်အားနဲ့ နတ်ဘုရားတွေကို ရုပ်လုံးဖော်တာက တကယ့်ကို ထူးခြားပြောင်မြောက်ခဲ့တဲ့ စွမ်းဆောင်မှုတွေပဲ… ရှေးခေတ်လူ့အဖွဲ့အစည်းက အောင်မြင်အောင်မလုပ်နိုင်ခဲ့ရင် နောက်ပိုင်းလူတွေက အဲဒါကို အောင်မြင်အောင်လုပ်ကြတယ်… ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့တွေက လူသားသဘာဝကနေ မလွတ်မြောက်နိုင်ကြဘူး… အရင်တုန်းကရော အခုရော လူသားသဘာဝမှာ ဘာများကွာခြားမှုရှိလို့လဲ”

ဤစကားကိုကြားပြီး ချီရွှမ်းစုတစ်ယောက် မှင်တက်သွား၏။

လူအိုကြီးက တစ်ခုခုကို သွယ်ဝိုက်ပြောဆိုနေသည်မှာ ရှင်းလေသည်။

‘သူက တာအိုဂိုဏ်းတော်ရဲ့ ကစဉ့်ကလျားအခြေအနေတွေကို သွယ်ဝိုက်ရည်ညွှန်းနေတာလား။’

တာအိုဂိုဏ်းတော်၏ မဟာအကြီးအကဲ ရွေးချယ်တင်မြှောက်မှုအကြောင်း ချီရွှမ်းစုကို နောက်ဆုံးပြောပြခဲ့သည့်သူမှာ ဖေးရှောင်လိုဖြစ်သည်။ သူသည် လွတ်လွတ်လပ်လပ် နေချင်သလိုနေသော်လည်း သူ့အစ်ကို သူတော်စင်တန်ဟွားသည် အားကောင်းသည့် ယှဉ်ပြိုင်သူတစ်ဦးဖြစ်သောကြောင့် သူလည်း ပါဝင်ပတ်သက်လာရသည်။

သူ့ရှေ့မှ လူအိုကြီးသည်လည်း တစ္ဆေတောင်ကြားစခန်းမှာ လွတ်လွတ်လပ်လပ်သွားလာနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဆရာကြီးတစ်ပါးဖြစ်လောက်သည်ဟု ချီရွှမ်းစု ထင်မြင်မိ၏။ သူက သူတော်စင်တစ်ပါးဖြစ်မလား။

ချီရွှမ်းစုသည် လူအိုကြီး၏ သရုပ်သကန်ကို မေးမြန်းစုံစမ်းတော့မည့်ဆဲဆဲမှာ သူ့ဘေးနားပတ်လည်တွင် မည်သူမှမရှိတော့သည်ကို သိလိုက်ရ၏။

စောစောက သူတို့၏ အပြန်အလှန်ပြောဆိုစကားသည် ချီရွှမ်းစု၏ ထင်ယောင်ထင်မှား စိတ်အာရုံတစ်ခုဖြစ်ခဲ့သည့်အလား အဖိုးအိုနှင့် အဝါရောင်အင်္ကျီဝတ်မိန်းကလေးမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားတော့လေ၏။

ချီရွှမ်းစုက ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်၏။ အနီးနားမှာ လူတချို့ရှိသော်လည်း လေထဲမှာ စိမ့်ဝင်ပျံ့နှံ့နေသည့် ပြတ်တောင်းပြတ်တောင်း ယင်စွမ်းအင်တစ်ခုကို သူခံစားမိ၏။ သူ့ကျောရိုးတစ်လျှောက်ချမ်းစိမ့်၍ ကြက်သီးမွေးညင်းများ ထသွားတော့၏။

. . . . . .

ဝမ်ရှို့ဝူကို ကျန်းယွဲ့လု သတ်ဖြတ်သည်ဟု ယွဲ့လျှိုလီ သံသယဝင်ခဲ့ဖူး၏။

တကယ်ဆို သူမသည် ချီရွှမ်းစုကို လျှော့တွက်မိ၏။ ချီရွှမ်းစုမှာ မာန်မာနအနည်းငယ်ရှိလေသည်။ သူ့ကို ယွဲ့လျှိုလီ ပစ်မှတ်ထားသည့်အကြောင်း မသိရှိသောကြောင့် ချီရွှမ်းစုသည် အရင်တုန်းက ကျားနဂါးအဖွဲ့မှာ ဖြစ်ပျက်ခဲ့သည့်အကြောင်းအား ကျန်းယွဲ့လုကို ပြောမပြခဲ့ပေ။

ယွဲ့လျှိုလီသည် သူ့ကိုလှည့်စား၍ ထောင်ချောက်တစ်ခုဆီ တွန်းပို့ကာ သေလုနီးပါးဖြစ်စေခဲ့သည်ကိုသာ သူသိရှိထား၏။ သူသည် အခြားသူများကို မှီခိုအားထားခြင်းမရှိဘဲ သူ့ဘာသာသူ လက်စားချေလိုသည်။ ထို့ကြောင့် အဲဒီအကြောင်း ကျန်းယွဲ့လုကို ပြောမပြခဲ့ခြင်းပင်။

တစ်ဘက်မှာတော့ ကျန်းယွဲ့လုသည် ချီရွှမ်းစုအတွက် လက်စားချေပေးဖို့ အလေးအနက် စဉ်းစားတွေးတောနေသော်လည်း သူမ၏ ပစ်မှတ်သည် ရှေးဟောင်းအင်မော်တယ်ဝူလောဖြစ်သည်။ သို့သော် ဝူလောကို ချေမှုန်းသုတ်သင်ဖို့သည် ယခုအချိန်မှာ မဖြစ်နိုင်သေးပေ။

ဝူလော၏ ကျင့်ကြံမှုသည် သူမထက် များစွာပိုမိုမြင့်မားသည်။ ဒါ့အပြင် ဝူလောသည် နတ်ဘုရားအင်မော်တယ်ဖြစ်သည်။

သေဆုံးခြင်းပုံစံသုံးမျိုးဖြင့်သာ နတ်ဘုရားအင်မော်တယ်တစ်ပါးကို လုံးလုံးလျားလျား အမြစ်ပြတ် ချေမှုန်းသုတ်သင်နိုင်မည်ဖြစ်သည်။

ပထမသေဆုံးမှုသည် ရွှေခန္ဓာ တိုက်စားခံရ၍ ပျက်စီးခြင်းဖြစ်၏။ အဲဒါသည် မိုးခေါင်ရေရှားကာလအတွင်း မြစ်ချောင်းများ ခန်းခြောက်သွားသကဲ့သို့ အတုအယောင် သေဆုံးမှုတစ်ခုမျှသာဖြစ်သည်။ ပူဇော်ပသစွမ်းအားကို ဆက်သလာသည်နှင့် ရွှေခန္ဓာကို နတ်ဘုရားတိုင်းပြည်မှာ ပြန်လည်တည်ဆောက်နိုင်သည်။

ဒုတိယသေဆုံးမှုမှာ ဂမ္ဘီရတိုင်းပြည် ပြိုကျခြင်းဖြစ်၏။ အဲဒါသည် အစစ်အမှန်သေဆုံးမှုဖြစ်သော်လည်း စိတ်ဝိညာဉ်အမှတ်အသားတစ်စွန်းတစ်စ ကျန်ရှိနေသေးသရွေ့ လုံးဝဥဿုံ ဆိတ်သုဉ်းပျောက်ကွယ်သွားမည် မဟုတ်ပေ။ ထိုနတ်ဘုရားအင်မော်တယ်ကို အောက်မေ့တမ်းတသည့်သူများ ရှိနေသေးသရွေ့ သူတို့မှာ တစ်ကျော့ပြန်လာဖို့ အခွင့်အရေးရှိလေသည်။

တတိယသေဆုံးမှုမှာ ထိုနတ်ဘုရားအင်မော်တယ်အကြောင်း လူတိုင်းက မေ့ပျောက်သွားသည့်အချိန်မှာဖြစ်၏။ ထိုအခါ နောက်ဆုံး စိတ်ဝိညာဉ်အမှတ်အသားက လုံးလုံးလျားလျား ပျောက်ကွယ်သွားပေလိမ့်မည်။ အဲဒါကမှ ပြန်လည်အဖတ်ဆယ်မရသော သေဆုံးမှုဖြစ်သည်။

ဤရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် နတ်ဘုရားအင်မော်တယ်များသည် မြေကမ္ဘာအင်မော်တယ်၊ တစ္ဆေအင်မော်တယ်နှင့် လူသားအင်မော်တယ်တို့ထက် ချေမှုန်းသုတ်သင်ရန် ပို၍ခက်ခဲသည်။

ရှေးဟောင်းဝူဝါဒကို ကောင်းကင်ဂိုဏ်း ဖျက်ဆီးခဲ့စဉ်က ဝူလော၏ သေဆုံးမှုသည် အစစ်အမှန်သေဆုံးမှုမဟုတ်ဘဲ သူမ၏ ရွှေခန္ဓာဖျက်ဆီးခံရခြင်းသာဖြစ်၏။ ထို့ကြောင့်ပင် နှစ်တစ်ထောင်ကြာပြီးနောက် ဝူလောသည် မော်တယ်ဘုံသို့ ပြန်လည်ရောက်ရှိလာနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တာအိုဂိုဏ်းတော်သည် ရှေးဟောင်းအင်မော်တယ်များကို အမြစ်ပြတ် ချေမှုန်းသုတ်သင်ချင်သည်ဆိုလျှင် သူတို့ကို သတ်ဖြတ်ရုံမျှနှင့် မရပေ။ သူတို့သည် အရင်ဆုံး ရှေးဟောင်းအင်မော်တယ်ယုံကြည်သူများကို ရှင်းထုတ်ပစ်ရပေမည်။ မဟုတ်ပါက ပေါင်းပင်များကို အမြစ်ကနေမနှုတ်ဘဲ မီးရှို့သကဲ့သို့ အချိန်တစ်ခုကြာပြီးနောက် အညှောင့်ပြန်ထွက်လာကြပေလိမ့်မည်။

သို့သော်လည်း ရှေးဟောင်းအင်မော်တယ်ယုံကြည်သူများကို ချေမှုန်းသုတ်သင်ဖို့က မလွယ်ကူပေ။

ဥပမာအားဖြင့် ကြာဖြူဂိုဏ်းသည် ချီမင်းဆက်အတွင်း ထွန်းတောက်၍ ပုန်ကန်မှုများကို ဖိနှိမ်ရန် ပါဝင်ခဲ့ကြသည်။ ၎င်းသည် ကျင်းမင်းဆက် ရွှေပြည်သစ်နှင့် ဝေမင်းဆက်တို့မှာ တောက်လျှောက် ရှင်သန်လာခဲ့သည်။ ၎င်းသည် အမည်ပြောင်းလဲ၍ တာအိုဓလေ့ထုံးတမ်းတချို့ကို ဆွဲယူပြီးနောက် မဟာရွှမ်မင်းဆက်မှာ ဆက်ရှိနေသေးသည်။

ချီမင်းဆက်အတွင်း ကြာဖြူဂိုဏ်းကို လောဝါဒဟုခေါ်ဆိုခဲ့ပြီး ကျင်းမင်းဆက်အတွင်းမှာ မွှေးရနံ့ဂိုဏ်းဟု အမည်ပြောင်းလဲခဲ့သည်။ ရွှေပြည်သစ်သည် အလယ်ပိုင်းလွင်ပြင်များကို သိမ်းပိုက်သည့်အခါ ၎င်း၏ မူလနာမည် ကြာဖြူဂိုဏ်းအဖြစ် ပြန်လည်ထားရှိခဲ့သည်။ သူတို့သည် ရွှေပြည်သစ်အင်ပါယာ၏ အသိအမှတ်ပြုမှုကို ရရှိပြီး အချိန်တစ်ခုကြာအောင် ထွန်းတောက်ခဲ့ကြ၏။

ဝေမင်းဆက်အတွင်းမှာ ကြာဖြူဂိုဏ်းသည် တင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ်ခြင်းနှင့် ဖိနှိမ်ခြင်း ခံခဲ့ရ၏။ ထို့ကြောင့် သူတို့ကိုယ်သူတို့ ချင်းယန်ဂိုဏ်းဟု အမည်ပြန်ပြောင်းခဲ့သည်။ မဟာရွှမ်မင်းဆက်သည် လောကကို သိမ်းပိုက်အုပ်စိုးပြီးနောက် ချင်းယန်ဂိုဏ်းသည် သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံနန်းတော်ဟု အမည်ပြန်ပေးပြီး အင်ပါယာနန်းတော်ကို ကောင်းကောင်းဒုက္ခပေးနေခဲ့သည်။

နှစ်တစ်ထောင်နီးပါး မင်းဆက်များပြောင်းလဲပြီးနောက် ကြာဖြူဂိုဏ်းသည် ချေမှုန်းသုတ်သင်ခံရခြင်းမရှိသေးရာ တာအိုဂိုဏ်းတော်အနေဖြင့် ရှေးဟောင်းအင်မော်တယ်များကို အမြစ်ဖြတ်သုတ်သင်ရှင်းလင်းဖို့က ဘယ်လောက်ခက်ခဲလဲ ပြသနေ၏။

ကျန်းယွဲ့လုသည် ဤအကြောင်းနှင့်ပတ်သက်၍ သူတော်စင်စီဟန်ကို တစ်ခါမေးမြန်းခဲ့ဖူးသည်။ သူမ၏ ဆရာသည် မရေမရာအဖြေတစ်ခုကိုသာ ပေးခဲ့၏။

“လယ်ယာစိုက်ပျိုးရေးမှာ ပေါင်းသင်ရှင်းလင်းဖို့လိုအပ်တယ်... နှစ်စဉ်နှစ်တိုင်းမှာ ငါတို့က ကြိုးစားအားထုတ်မှုတွေအများကြီးနဲ့ ပေါင်းသင်ရှင်းလင်းရတယ်... ဒါပေမဲ့ တစ်ခါတည်း အမြစ်ပြတ်ပြီးစီးသွားမယ်လို့ မျှော်လင့်ထားလို့မရဘူး... ကြီးမားတဲ့ မီးတစ်ခုကသာ ကောက်ပဲသီးနှံတွေနဲ့ ပေါင်းပင်တွေလို အရာရာတိုင်းကို ပြာအဖြစ် ပြောင်းလဲပစ်လိမ့်မယ်”

All Chapters