တိုက်ပွဲ
Vol. 107 Ch. 1472
စိန်ခေါ်ခြင်း။
တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို စိန်ခေါ်လိုက်ခြင်း။
ရှေးဟောင်းအချိန်များကစ၍ တတိယအဆင့်ကျင့်ကြံသူများသည် ဒုတိယအဆင့်ကျင့်ကြံသူများအဖို့ နတ်ဘုရားများအလားပင်။ တတိယအဆင့်ကျင့်ကြံသူများကြား၌ တိုက်ခိုက်ခြင်း မဟုတ်ပါက ထိုအဆင့်ကျင့်ကြံသူများသည် ပြိုင်ဘက်ကင်းလုနီးနီး ဖြစ်ကြ၏။ သူတို့အဖို့ ဒုတိယအဆင့်ကျင့်ကြံသူများကို ရှုံးနိမ့်ဖို့မှာ မဖြစ်နိုင်ပေ။
၎င်းက ဥပဒေသတစ်ခုအလားပင်။ ၎င်းက သည်လောကတွင် ထာဝရတည်ရှိနေခဲ့သည်သာမက ကျင့်ကြံသူအားလုံး၏စိတ်အတွင်း၌ စွဲထင်လက်ခံထားသောအရာဆိုလည်း ဟုတ်သည်။ တတိယအဆင့်ကျင့်ကြံသူများသည် ပြိုင်ဘက်ကင်းများ ဖြစ်ကြ၏။
တတိယအဆင့်ကျင့်ကြံသူများရှေ့မှောက်၌ ကျင့်ကြံသူအားလုံးသည် ပုရွတ်ဆိတ်များအလား။
အရှင်စစ်မိုသည် ဟင်္သာငှက်အဘိုးအို၏ အရှက်ခွဲခြင်းကို ခံခဲ့ရသော်လည်း အတွင်းနယ်မြေမှာ ဖြစ်စေ အပြင်နယ်မြေမှာ ဖြစ်စေ သူ့ ခြေထောက်တစ်ချက် ဆောင့်နင်းလိုက်ရုံဖြင့် ကပ်ဘေးကြီးတစ်ခုကို ဖြစ်စေနိုင်သည့်သူ ဖြစ်သည်။
သူသည် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း ဒုတိယအဆင့်ကျင့်ကြံသူများအတွက် သူသည် နတ်ဘုရားတစ်ပါးအလား ဖြစ်နေဆဲသာ။
သို့ပေမည့် ခုချိန်၌ မယုံကြည်နိုင်ဖွယ်စကားလုံးများသည် သည်နေရာရှိ ကျင့်ကြံသူအားလုံးကို အံ့အားတသင့် ဖြစ်ကုန်စေ၏။
“သူ…သူက တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို စိန်ခေါ်ဝံ့တာလား…”
“တတိယမြောက်အင်ပါယာငယ်ဟာ အစွမ်းထက်ပေမယ့်လည်း သူနဲ့ ဒဏ္ဌာရီလာတတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကြားမှာ ကွာခြားချက်ကြီးတစ်ခု ရှိနေတုန်းပဲ။ အခု သူက စိန်ခေါ်လိုက်တာဆိုတော့ အတော်မိုက်မဲတာပဲ…”
“ဒီလူဟာ စမ်းသပ်မှုကို ခုမှ ဖြတ်သန်းခဲ့တာဆိုတော့ ဒဏ်ရာ ရထားလောက်တယ်။ ဒါတောင် သူက အဆင်အခြင်မဲ့စွာနဲ့ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို စိန်ခေါ်ဝံ့တယ်လား။ တော်တော့်ကို အဆင်အခြင်မဲ့လွန်းတယ်…”
“ဟက် တတိယအဆင့်ကျင့်ကြံသူဆိုတာ ငါတို့ စိန်ခေါ်နိုင်တဲ့ လူစားမျိုး မဟုတ်ဘူး။ အရှင်စစ်မိုက ဒီတတိယအင်ပါယာငယ်ကို ဒီလိုမောက်မာတဲ့အကျိုးဆက်ကို သင်ခန်းစာပေးဖို့ မန္တာန်တစ်ခုပဲ လိုလိမ့်မယ်လို့ ငါ ပြောရဲတယ်…”
“ငါတော့ ဒီလိုလုပ်ဝံ့တဲ့အတွက် တတိယအင်ပါယာငယ်ကို လေးစားတယ်။ သူ အောင်မြင်တာ ဖြစ်ဖြစ် ရှုံးနိမ့်တာ ဖြစ်ဖြစ် ဘယ်သူကများ သူ့လိုမျိုး လုပ်ဝံ့ကြပါ့မလဲ…”
ဝမ်လင်းနောက်တွင် ကျင့်ကြံသူတစ်သောင်းကျော်သည် အစကတည်းက သူ့အကြောင်း ပြောနေခဲ့ကြခြင်းပင်။ သို့ပေမည့် စမ်းသပ်မှုများ ပြီးသည့်နောက် သူတို့ထဲမှ တော်တော်များများသည် ဝမ်လင်းကို လေးစားသမှုနှင့် ပြောလာကြပြီ ဖြစ်သည်။
ဝမ်လင်း၏စကားလုံးများ၊ အထူးသဖြင့် “လာခဲ့” ဟူသော စိန်ခေါ်စကားသည် သူ၏ယုံကြည်ချက်ကို လှစ်ဟနေလေသည်။
ဆရာသခင်ယွင်လောသည်လည်း တုန်လှုပ်မိနေ၏။ သူမသည် ဝမ်လင်းက အရှင်စစ်မိုကို စိန်ခေါ်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ သည်အခိုက်အတန့်၌ သူမရှေ့ရှိ ဝမ်လင်းသည် သူမ၏ အနာဂတ်ပုံရိပ်တွင် တွေ့မြင်ခဲ့သော ကြောက်မက်ဖွယ်ပုံရိပ်နှင့် ဆင်တူလာ၏။ သူမအဖို့ သူတို့နှစ်ယောက်ကို ခွဲ၍မရတော့ဟု ခံစားမိနေသည်။
ဟင်္သာငှက်အဘိုးအိုက ပြုံး၏။ ဤအရာက သူ လိုချင်သောအရာ ဖြစ်ပေသည်။ သူက သူ့ဂျူနီယာသည် လူတိုင်း မဖြစ်နိုင်ဟု ထင်ထားသောအရာကို လုပ်ပြစေချင်နေသည်။
“တတိယအဆင့်ကျင့်ကြံသူတွေဟာ သန်မာပေမယ့်လည်း အစောပိုင်းက ငါ့ ရိုက်ချက်အချို့ဟာ အလကားလုပ်ခဲ့တာမှ မဟုတ်တာ…” ဟင်္သာငှက်အဘိုးအိုကလည်း အရှင်စစ်မိုကို လှမ်းကြည့်၏။
အရှင်စစ်မိုသည် ဝမ်လင်းကို ကြည့်နေသည်။ သူ့မျက်လုံးသည် ရုတ်တရက် ကြည်လင်လာ၏။ သူ့ထံ၌ ပျော်ရွှင်မှု၊ဝမ်းနည်းမှု မရှိတော့ပေ။ သူ့ခန္ဓာကိုယ်တွင်အေးစက်မှုသာ ပြည့်နှက်လာ၏။ သည်အခိုက်တွင် သူသည် အစောပိုင်းကနေ လုံးဝခြားနားသောလူတစ်ယောက် ဖြစ်လာခဲ့သည့်ပုံပင်။ သူ့ထံမှ ထည်ဝါသောအော်ရာတစ်ခု ဖြည်းဖြည်းချင်း ပျံ့နှံ့လာပြီး လောကကို တွန့်ခေါက်စေသည်။
လောကသည် တွန့်ခေါက်ပုံပျက်လာနေရင်း ပုံရိပ်ယောင်စိတ်ဝိညာဉ်များစွာ ပေါ်လာ၏။ ထိုစိတ်ဝိညာဉ်တစ်ခုစီက ငြီးတွားနေဟန်ထင်ရ၏။ ငြိမ်သက်သောငြီးတွားအော်သံများသည် မဟာအင်ပါယာဂြိုဟ်အနှံ့တွင် ပဲ့တင်ထပ်ချေ၏။
“မင်းက ငါ့ကိုယ်ပွားကို အနိုင်ယူနိုင်တာနဲ့ပဲ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို စိန်ခေါ်နိုင်မယ်လို့ ထင်နေတာလား။ မင်းက သေချင်နေမှတော့ ဒီအဘိုးအိုကလည်း မင်းဆန္ဒကို ဖြည်းဆည်းပေးရမှာပေါ့…” အရှင်စစ်မိုသည် တည်ငြိမ်နေ၏။ သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ဝမ်လင်းထံသို့ အလင်းတန်းတစ်ခုအလား တိုးဝင်လာတော့သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် ထိုမြင်ကွင်းကို စူးစိုက်ကြည့်နေကြ၏။ သူတို့၏အသက်ရှုခြင်းပင် ရပ်တန့်သွားသည့်အလား။ ဖော်ပြရန်ခက်ခဲသော စိတ်လှုပ်ရှားမှုက သူတို့၏စိတ်ထဲတွင် ပြည့်နှက်လာလေ၏။
တတိယအဆင့်ကျင့်ကြံသူတစ်ယောက် လှုပ်ရှားပေတော့မည်။ ထိုကဲ့သို့ တိုက်ပွဲမှာ တစ်သက်တွင်တစ်ခါသာ ကြုံရနိုင်သည့် အခြေအနေမျိုးပင်။ သည်လိုအဆင့်ကျင့်ကြံသူများ လှုပ်ရှားမှုမှာ ရှားပါးလှသည်။ ထို့အတွက်ကြောင့် သူတို့သည် စိတ်မလှုပ်ရှားမိဘဲ မည်သို့နေပါ့မည်နည်း။
“ကောင်းကင်ဘုံချိုးဖျက်မယ့် ကိုးခုပျက်သုဉ်းခြင်း…” အရှင်စစ်မို၏အသံသည် တည်ငြိမ်သည်။ သူ့အသံသည် လောကတွင် ပဲ့တင်ထပ်သည်။ လျှပ်တပြတ်အတွင်း သူသည် ဝမ်လင်းနှင့် ပေတစ်ထောင်အတွင်း ရောက်လာ၏။ သူ့မျက်လုံးထဲတွင် မည်သည့်အေးစက်မှု၊ သတ်ဖြတ်လိုမှုမှ ရှိမနေ၊ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်လေ၏။
“ပထမပျက်သုဉ်းခြင်း။ ကောင်းကင်ဘုံ…” သူ့လက်ဝေ့ယမ်းမှုနှင့်အတူ ကောင်းကင်သည် တုန်ဟည်းလာကာ မရေမတွက်နိုင်သောဟင်းလင်းပြင်အက်ကြောင်းများ ပေါ်လာသည်။ ကြည့်ရသည်မှာ ကောင်းကင်သည် ဆုတ်ဖြဲခံရတော့မည့်အလား။ ထိုအက်ကြောင်းများက ဝမ်လင်းထံ တန်းတန်းမတ်မတ် တိုးဝင်လာကြ၏။
ကောင်းကင်သည် တွန့်ခေါက်ကာ အက်ကြောင်းများစွာ ပိုပေါ်လာသည်။
“ဒုတိယပျက်သုဉ်းခြင်း။ မြေကြီး…” အရှင်စစ်မိုသည် ပြော၏။ မြေပြင်ထုသည် တုန်ဟည်းလကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ထိတ်လန့်တကြား နောက်ဆုတ်ကုန်သည်။ ဧရာမလိပ်ကြီးပတ်လည်ရှိ မြေပြင်ထုတစ်ခုလုံးသည် ရွှေ့လျားသည့်အလား တုန်ခါလာ၏။ မြေကြီးအတွင်းမှ မိုးထိမြင့်မားသောတောင်များ ရုတ်တရက် မြင့်တက်လာကာ ဝမ်လင်းထံသို့ တိုးဝင်လာသည်။
ဤအခိုက်အတန့်တွင် အက်ကြောင်းများနှင့် ပုံပျက်တွန့်ခေါက်နေသော ကောင်းကင်သည် ဝမ်လင်းထံသို့ တိုးဝင်နေလေပြီ။ မြေပြင်သည်တုန်ဟည်းလျက် တောင်များသည်လည်း သူ့ထံ တိုးဝင်လာကြသည်။
“တတိယပျက်သုဉ်းခြင်း…ဘဝ…” အရှင်စစ်မို၏မျက်လုံးသည် ဖျပ်ခနဲလင်းလက်သွား၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ အေးစက်စက်လေပြင်းသည် လေဟာနယ်အတွင်းမှ ပေါ်လာပြီး ဝမ်လင်းထံ တိုက်ခတ်လာသည်။
ထိုအေးစက်စက်လေပြင်းသည် ဝမ်လင်း၏ လေဆင့်ခေါ်ခြင်းနှင့် ဆင်တူ၏။ ၎င်းက အသက်ဓာတ်မီးကို တိုက်ခတ်ပစ်နိုင်စွမ်း ရှိသည်။
ထိုအရာများသည် မြန်ဆန်စွာ ဖြစ်ပွားလာခြင်းပင်။ အရှင်စစ်မို၏ တိုက်ခိုက်မှုစတင်သည်နှင့် သူသည် သူ၏အစွမ်းထက်ဆုံးမန္တာန်ကို အသုံးပြုလိုက်၏။ ချက်ခြင်းပင် ဝမ်လင်းကို သတ်ချင်စိတ် သူ့ထံ၌ ပေါ်လာ၏။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ ပျက်သုဉ်းခြင်းသုံးခုက သူ့ထံ နီးကပ်လာနေရရင်း သူ့ပတ်လည်ရှိ သိမ်မွေ့ဆန်းကြယ်မီးမုန်တိုင်းသည် အလျင်အမြန် လှည့်ပတ်သည်။
“ကိုးရောင်စုံသိမ်မွေ့မီး၊ ငါ့အမိန့်အရ မီးစိတ်ဝိညာဉ် ဖြစ်ပေါ်စေ…” ဝမ်လင်းသည် သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေ၏။ ထို့နောက် သူက သူ့လက်ကို သိမ်မွေ့ဆန်းကြယ်မီးမုန်တိုင်းအတွင်း၌ ဝေ့ယမ်းသည်။ တုန်ဟည်းသံ ထွက်ပေါ်လာကာ နဂါးဟိန်းသံတစ်ခုပါ ကပ်ပါလာ၏။
မီးမုန်တိုင်း၏ ဗဟိုကနေ ဧရာမနဂါးဦးခေါင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုနဂါးသည် နီရဲလျက် ၎င်းက ဟိန်းသံများပေးရင်း ကောင်းကင်ထက်ရှိ ဟင်းလင်းပြင်အက်ကြောင်းများထံသို့ တိုးဝင်သွားသည်။
ကြောက်မက်ဖွယ်မီးသည် ကောင်းကင်ထက်ရှိ အက်ကြောင်းများအတွင်း၌ မြန်ဆန်စွာ ပြည့်နှက်လာသည်။ ယင်းအဖြစ်က ကောင်းကင်ကို သာ၍ ကြမ်းကြုတ်ဟန် ဖြစ်ပေါ်စေသည်။
ထိုအခိုက်တွင် နောက်ထပ်နဂါးခေါင်းတစ်ခုသည် မီးမုန်တိုင်းထဲမှ ထွက်လာသည်။ သည်တစ်ကြိမ်၌ နဂါးသည် လိမ္မော်ရောင်ရှိ၏။ ၎င်းက ဟိန်းသံပေးလျက် အောက်ဘက်မှ တိုးဝင်လာသော တောင်များထံသို့ ဦးတည်သည်။ သည်နဂါးမှာ ပေတစ်သောင်းရှည်လျားပြီး ၎င်းရှေ့တွင် တောင်များသည် စတင်လောင်ကျွမ်းခံရသည်။
သိပ်မကြာခင်တွင် ဟိန်းအော်သံများ ဆက်တိုက် ပဲ့တင်ထပ်လာရင်း တတိယမြောက်၊လေးယောက်မြောက်၊ ငါးယောက်မြောက်ကနေသည် ကိုးယောက်မြောက် နဂါးထိ ပေါ်ထွက်လာခဲ့လေပြီ။
နဂါးခုနစ်ကောင် ထိုးထွက်သွားသည်နှင့် မီးမုန်တိုင်းမှာ လွင့်ပါးသွားလေ၏။ ဝမ်လင်းသည် နေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေသည်။ သူ့ရှေ့ရှိ နဂါးနှစ်ကောင်ကိုပါ ထည့်တွက်ပါက ခုချိန်၌ သူ့ပတ်လည်တွင် မီးနဂါးကိုးကောင်သည် ခွေရစ်နေသည်။ သူ၏ဘယ်မျက်လုံးထဲရှိ ကိုးရောင်စုံမီးသည်လည်း လှည့်ပတ်နေသေး၏။ ဤကား တုန်လှုပ်ဖွယ်ရာမြင်ကွင်းပင်။ ဝမ်လင်းထံမှ အစွမ်းထက်အော်ရာတစ်ခု ပေါက်ကွဲထွက်လာလေ၏။
နောက်ဆုတ်သွားသော ကျင့်ကြံသူတစ်သောင်းသည် တုန်လှုပ်နေကြ၏။ ဝမ်လင်း၏ပုံရိပ်သည် သူတို့၏စိတ်အတွင်း၌ စွဲထင်သွားခဲ့လေပြီ။ သူတို့သည် တစ်သက်လုံး သည်မြင်ကွင်းပုံရိပ်ကို မေ့နိုင်တော့မည် မဟုတ်ပါ။
“လေးကြိမ်မြောက်ပျက်သုဉ်းခြင်း၊ သေခြင်း…။ ငါးကြိမ်မြောက်ပျက်သုဉ်းခြင်း၊ အချိန်…။ ခြောက်ကြိမ်မြောက်ပျက်သုဉ်းခြင်း လေဟာနယ်၊ ခုနစ်ကြိမ်မြောက်ပျက်သုဉ်းခြင်း ထီးတည်းဖြစ်မှု၊ ရှစ်ကြိမ်မြောက်ပျက်သုဉ်းခြင်း ပြန်လည်မွေးဖွားခြင်း၊ ကိုးကြိမ်မြောက်ပျက်သုဉ်းခြင်း ကောင်းကင်ဘုံချိုးဖျက်ခြင်း…”
အရှင်စစ်မို၏အမူအရာမှာလည်း မထူးခြားနားသာ။ သူ့စိတ်မှာ တည်ငြိမ်နေ၏။ သိမ်မွေ့ဆန်းကြယ်မီး ပိုင်ဆိုင်ထားသော တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ရာတွင် ဦးဆုံးလုပ်ရမည့်အရာမှာ စိတ်ကိုသတိထားခြင်း ဖြစ်၏။
သူ့စိတ်သာ ရှုပ်ထွေးသွားပါက သူ့စိတ်ခံစားချက်များ တုန်ခါပေမည်။ ထို့နောက် သူ၏ရန်သူသည် ၎င်းကို သိမ်မွေ့ဆန်းကြယ်မီးအဖြစ် ထွန်းငြှိလိုက်နိုင်မည် ဖြစ်သည်။
အရှင်စစ်မိုသည် စကားဆိုရင်း ရှေ့သို့ လှမ်းလာနေ၏။ သူက ဝမ်လင်းထံ တစ်လှမ်းချင်း လှမ်းလာသည်။ သူ စကားဆိုလိုက်တိုင်း သူ့နောက်တွင် ပုံရိပ်ယောင်များကို ဖြစ်စေသည်။
ပထမဆုံးပေါ်လာသည့် ပုံရိပ်ယောင်မှာ သင်္ချိုင်းတစ်ခုပင်။ အမျိုးမျိုးသောအုတ်ဂူများသည် ကြောက်မက်ဖွယ်သေခြင်းအော်ရာကို ပေါ်လာစေသည်။
သိပ်မကြာခင်တွင် အရှင်စစ်မို၏ခြေထောက်အောက်ရှိ အလင်းမှ အချိန်စွမ်းအား ပေါ်လာသည်။ သူ့ရှေ့သို့ လှမ်းနေရင်း အချိန်သည် မြန်ဆန်စွာ ပြောင်းလဲနေသည့်အလား။
ထို့နောက် သူ့ကို ဝိုးဝဝါးလေဟာနယ်တစ်ခုကို ထွေးခြုံ၏။ အဆုံးမဲ့အုတ်ဂူများနှင့် သူ့ခန္ဓာကိုယ်ကို ထိုလေဟာနယ်က ဝန်းရံသည်။ ၎င်းအဖြစ်က အခြားသူများ သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ရစေတော့ပေ။
ထိုဝိုးတဝါးဖြစ်မှုအတွင်း၌ ရှေးဟောင်းအော်ရာတစ်ခုသည် ပြန်လည်မွေးဖွားခြင်းအော်ရာအဖြစ်သို့ ပြောင်းလဲသည်။ သူသည် ဝမ်လင်းနှင့် နီးကပ်လာ၏။ ချက်ခြင်းပင် ဝမ်လင်းနှင့် ပေတစ်ရာအတွင်း ရောက်လာသည်။ သူက ကောင်းကင်ဘုံချိုးဖျက်ခြင်း ဟူသော နောက်ဆုံးစကားနှစ်ခွန်းကို ပြောဆိုပြီးသည့်နောက် သူသည် ဝမ်လင်းနှင့် သုံးပေအကွာသို့ ရောက်လာသည်။ သူ့ညာလက်ကို ပင့်မြှောက်ကာ ကြမ်းတမ်းစွာ ရိုက်ချလိုက်လေ၏။
“ကောင်းကင်ဘုံချိုးဖျက်ခြင်း ပျက်သုဉ်းခြင်းကိုးခု။ ကောင်းကင်ကို ပျက်သုဉ်းစေမယ့် အဆင့်ကိုးခု…” လောကသည် တုန်ယင်၏။ အရှင်စစ်မို၏ လက်ဝါးရိုက်ချက် သက်ဆင်းလာသည့်အခါ သူ့နောက်မှ ပုံရိပ်ယောင်များသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ်သို့ ပြောင်းလဲသည်။ ထိုအစိတ်အပိုင်းများသည် မြစ်များအလား အရှင်စစ်မို၏ ညာလက်ဝါးထံသို့ စီးဝင်သည်။ သူ့လက်ဝါး နီးကပ်လာချေ၏။
အဖြစ်အပျက်သည် မြန်လွန်းသည်။ ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်ကာ သူ့ညာလက်ဖြင့် ဓားတစ်လက်အသွင် ဖြစ်ပေါ်စေကာ ရှေ့သို့ ညွှန်လိုက်သည်။ သူ့ပတ်လည်ရှိ နဂါးကိုးကောင်သည် ဟိန်းအော်သံ ပေးလျက် သူ့လက်ချောင်းနှင့် ပေါင်းစပ်ပြီးနောက် သူသည် အရှင်စစ်မိုထံသို့ လက်ညွှန်သည်။
အရှင်စစ်မို၏လက်ဝါးချက်တွင် ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးနိုင်သည့်စွမ်းအား ပါဝင်လေ၏။ ကိုးခုပျက်သုဉ်ခြင်း၏ အရှိန်အဟုန်၊ သူ၏တတိယအဆင့်ကျင့်ကြံမှုကိုပါ ထည့်ပေါင်းလိုက်ပါက ထိုလက်ဝါးချက်သည် သက်ရှိအားလုံးကို ဖျက်စီးပစ်နိုင်သည်။
ဝမ်လင်းသည်လက်ချောင်းတွင်မူ နဂါးကိုးခေါင်၏ဦးခေါင်းများ အတူတကွ ယှက်လိမ်နေ၏။ ကြည့်ရသည်မှာ ဝမ်လင်း၏လက်ချောင်းမှာ နဂါး၏ခန္ဓာကိုယ် ဖြစ်လာသည့်နှယ်။ ထိုနဂါးကိုးကောင်သည် မာန်သွင်းအော်ဟစ်လျက် မီးများက ဝန်းရံထားသည်။
ဖျပ်ခနဲ ဝမ်လင်း၏လက်ချောင်းနှင့် အရှင်စစ်မို၏ လက်ဝါးသည် ထိပ်တိုက်တွေ့လေသည်။ ယင်းကာ ကောင်းကင်ဘုံချိုးဖျက်ခြင်းစွမ်းအားနှင့် သိမ်မွေ့ဆန်းကြယ်မီးတို့၏စွမ်းအား တွေ့ဆုံခြင်းတည်း။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
ကျယ်လောင်ပြင်းထန်သော တုန်ဟည်းသံများ သည်မဟာအင်ပါယာဂြိုဟ်အနှံ့တွင် အရူးအမူး ပျံ့နှံ့သည်။ ကျင့်ကြံသူတစ်သောင်းနီးပါးသည် သွေးအန်လိုက်ရ၏။ သူတို့နားများ အူထွက်သွားသည်။ သူတို့သည် စိုးရိမ်တကြီး နောက်ဆုတ်ကြသည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း ဝမ်လင်းသည်လည်း နောက်သို့ အမြန်ဆုတ်၏။ ပေရာချီသို့ ဆုတ်သွားပြီးနောက် သူ့မျက်နှာမှာ နီရဲလာသည်။ သူသည် အေးစက်စက်မော့ကြည့်လိုက်သည်။
“တတိယအဆင့်ကျင့်ကြံသူတွေဟာ တကယ့်ကို အံ့အားသင့်ဖွယ်ပဲ…”
အရှင်စစ်မို၏လက်ဝါးချက်သည် တုန်သွား၏။ သူသည် သူ့ထံသို့ မီးတန်ပြန်ကန်အားကို ခံစားမိလိုက်သည်။ ကောင်းကင်ဘုံကို ချိုးဖျက်နိုင်သော သူ၏ ရိုက်ချက်သည် ထိုမီးကို ငြှိမ်းသေသွားအောင် မလုပ်နိုင်ခဲ့ပေ။ သူ့မျက်လုံးထဲရှိ တည်ငြိမ်မှုက ပျောက်ကွယ်သွားလေပြီး တဒင်္ဂတုန်လှုပ်သွားမိ၏။
သို့ပေမည့် ထိုအခိုက်အတန့် တုန်လှုပ်မှုလေး ပေါ်လာသည်နှင့် ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။ သူက အရှင်စစ်မိုထံသို့ လက်ညွှန်လိုက်သည်။
“သိမ်မွေ့ဆန်းကြယ်မီး…မြင့်တက်လာစေ…”
***