အခန်း ၂၃၀၇
Vol. 144 Ch. 2307
အခန်း ၂၃၀၇ အကျပ်အတည်းမှ လွတ်မြောက်ရန် မျှော်လင့်ချက်
‘ထျန်း’၏ အင်အားကြီးမားမှုမှာ သံသယဝင်စရာ လုံးဝမလိုပေ။ လူသား သမိုင်းတစ်လျှောက်လုံးတွင် အင်အားအကြီးမားဆုံးသော တည်ရှိမှုတစ်ခု ဖြစ်နိုင်ချေ အများဆုံးရှိသည့်အနေဖြင့် ‘ထျန်း’၏ စွမ်းအားမှာ လက်ရှိ ဝမ်ချောင်နှင့်လုံးဝနှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ပေ။
သို့သော် ဤသို့ဖြစ်လင့်ကစား၊ ဝမ်ချောင်တွင် အခွင့်အရေး လုံးဝမရှိတော့သည်တော့ မဟုတ်ပေ။
မြို့တော်အတွင်းတွင် လူများ စည်ကားသိုက်မြိုက်နေပြီး နိုင်ငံအသီးသီးမှ ပြည်သူ သန်းချီ၍ စုရုံးနေကြရာ ဝမ်ချောင်အနေဖြင့် မိမိ၏ အငွေ့အသက်ကို ယိုစိမ့်ထွက်ပေါ်ခြင်း မရှိစေရန် ထိန်းသိမ်းထားနိုင်သရွေ့ ထိုလူအုပ်ကြီးထဲသို့ ရောနှောဝင်ရောက်ရန် ဆိုသည်မှာ သိပ်ပြီး ကြီးမားသော ပြဿနာ တစ်ခု မဟုတ်ပေ။
"လှုပ်ရှားရမယ့် အချိန်ရောက်ပြီ။"
ဝမ်ချောင်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားပြီး လေဟာနယ် အလယ်မှနေ၍ အောက်သို့ ဆင်းသက်ရန် ပြင်လိုက်သော်လည်း ဤအချိန်မှာပင် သူ၏ ရင်ထဲ၌ တစ်ချက် တုန်လှုပ်သွားပြီး ထူးဆန်းသော ခံစားချက် တစ်မျိုးက ရင်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာသည်။ အလိုအလျောက် မသိစိတ်အရပင် ဝမ်ချောင်က ခေါင်းလှည့်၍ အခြား ဦးတည်ချက် တစ်ခုဆီသို့ လှမ်းကြည့်လိုက်တော့သည်။
အလွန်အေးခဲသော ရေခဲမုန်တိုင်းကြီး ပြီးဆုံးသွားကာစဖြစ်သဖြင့် ယခုအချိန်တွင် မြောက်ပိုင်း ဒေသဆီသို့ သွားရောက်မည့်သူ များများစားစား မရှိသေးသော်လည်း ဝမ်ချောင်၏စိတ်စွမ်းအင်က ဖြတ်သန်းသွားချိန်တွင် အောက်ဘက်၌ ရင်းနှီးနေသော အငွေ့အသက်လေး တစ်ခုကို ခံစားလိုက်ရသည်။
"အဲဒါက......"
ဝမ်ချောင်၏ အကြည့်များက မြေပြင်ပေါ်ရှိ မလှမ်းမကမ်း နေရာတစ်ခုဖြစ်သော တောင်ထွတ် တစ်ခုပေါ်မှ လူရိပ်တစ်ခုကို လျင်မြန်စွာ ပစ်မှတ်ထားလိုက်သည်။
ထိုလူမှာ ခမောက်ကို ဆောင်းထားပြီး မိုးကာအင်္ကျီကို ဝတ်ဆင်ထားရာ မြင့်မားမတ်စောက်သော တောင်တန်းကြီးများ အတွင်းရှိ သာမန် ထင်းခုတ်သမား တစ်ဦးနှင့်တူနေသည်။ သို့သော် သူ၏ ဘေးနားတွင် ထင်းခြောက် တစ်ချောင်းမျှပင် မရှိသည့်အပြင် ထင်းခုတ်သည့်ဓားပင်လျှင် မရှိပေ။
ဝမ်ချောင်က လှမ်းကြည့်လိုက်ချိန်တွင် ထိုသာမန် ထင်းခုတ်သမားကလည်း ခေါင်းမော့ကာ ဝမ်ချောင်ရှိရာ ဦးတည်ချက်ကို လှမ်းကြည့်နေပြီး ဝမ်ချောင်ကို သူ မြင်တွေ့သွားပုံ ရသည်။
"အရှင်၊ အောက်ဆင်းပြီး ခဏလောက် လာမဆုံဘူးလား၊ ကျွန်တော် အရှင့်ကို စောင့်နေတာ အတော်ကြာနေပြီ။"
သာမန်ဟု ထင်ရသော ထိုထင်းခုတ်သမားက ကောင်းကင်ယံကို မော့ကြည့်ရင်း ပြောလိုက်သည်။
သူ၏အသံမှာ မကျယ်လွန်း မတိုးလွန်းသော်လည်း ပုံမှန်အခြေအနေမျိုးဆိုပါက ဤမျှလောက် ဝေးကွာသော အကွာအဝေးတွင် ဝမ်ချောင်သာ မဟုတ်ပါက သူ ပြောသော စကားများကို မည်သူတစ်ဦးတစ်ယောက်ကမျှ ကြားနိုင်မည် မဟုတ်ပေ။
ဝမ်ချောင်၏ ရင်ထဲတွင် အနည်းငယ် ခုန်သွားပြီး အလွန် ထူးဆန်းသော ခံစားချက် တစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။
ဤသာမန်ဟု ထင်ရသော ထင်းခုတ်သမားမှာ လုံးဝသာမန်မဟုတ်ကြောင်းကို သူ သေချာပေါက် အတည်ပြုနိုင်သည်။
အလင်းတစ်ချက် လက်သွားပြီးနောက် ဝမ်ချောင်သည် ကောင်းကင်ယံမှ လျင်မြန်စွာ ဆင်းသက်လာကာ ထိုထင်းခုတ်သမား၏ ရှေ့တွင် ပေါ်လာခဲ့ပြီး ခြေလှမ်း အနည်းငယ်ခန့် အကွာအဝေးသို့ ရောက်ရှိမှသာ ခြေလှမ်းများကို ရပ်တန့်လိုက်တော့သည်။
"ခင်ဗျားက...... ဘုန်းတော်ကြီးလား"
ဝမ်ချောင်က မျက်စိရှေ့ရှိ ထင်းခုတ်သမား ကို ကြည့်ကာ စမ်းသပ်သည့် သဘောဖြင့် မေးလိုက်သည်။
ဤစကားမှာ တကယ်တမ်းတွင် အနည်းငယ် ရုတ်တရက် ဆန်လွန်းနေသော်လည်း နောက်တစ်ခဏ၌ ဝမ်ချောင်၏ စကားကို ကြားလိုက်ရသောအခါ အရေးအကြောင်းများ ပြည့်နှက်နေသော ထိုထင်းခုတ်သမားအိုကြီး၏ မျက်နှာပေါ်တွင် ဝမ်ချောင် ရင်းနှီးနေသော အပြုံးတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့သည်။
ဝမ်ချောင် ပြောလိုက်သည်မှာ မှန်ကန်ကြောင်း သံသယဝင်စရာ လုံးဝ မလိုပေ။
ဝမ်ချောင်သည် ဤထင်းခုတ်သမားကို ကြည့်ကာ ရင်ထဲတွင် ထူးဆန်းသော ခံစားချက် တစ်မျိုး ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။ အာရပ်ဘုန်းတော်ကြီးတွင် ထိုက်စုကဲ့သို့ပင် အခြားသူ၏ ခန္ဓာကိုယ်ကို ဝင်ရောက် သိမ်းပိုက်ကာ မိမိ၏ ကိုယ်ပွားအဖြစ် လောကတွင် လျှောက်လှမ်းသွားလာနိုင်သည့် စွမ်းရည်တစ်မျိုးမျိုး ရှိနေကြောင်း သေချာပေါက် အမှန်ပင် ဖြစ်သည်။
"ဘုန်းတော်ကြီး ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ?"
ဝမ်ချောင်က မျက်မှောင်ကြုတ်ကာ အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
ဆင်းဒုခရီးစဉ်တွင် သူတို့နှစ်ဦးမှာ ဟိုက်ဒရာဘတ် မြေအောက် တောင်တန်းများ အတွင်း၌ ယခုလေးတင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ရာ ဤကဲ့သို့သော ပုံစံမျိုးဖြင့် အာရပ် ဘုန်းတော်ကြီးနှင့်နောက်တစ်ကြိမ် ပြန်လည် ဆုံတွေ့ရလိမ့်မည်ဟု ဝမ်ချောင် လုံးဝမထင်မှတ်ထားခဲ့ပေ။
ထို့အပြင် ယခု အာရပ် ဘုန်းတော်ကြီးပေါ်လာသည့် အချိန်အခါမှာလည်း အလွန်အမင်း အကဲဆတ်လွန်းနေပေသည်။
"မင်းက မြို့တော်ကို သွားမလို့ မဟုတ်လား?"
ဘုန်းတော်ကြီးက ပြုံးရုံသာ ပြုံးလိုက်ပြီး ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။
"ဟုတ်တယ်"
ဘုန်းတော်ကြီးက ဤခရီးစဉ်၏ ရည်ရွယ်ချက်ကို ပြောလာသဖြင့် ဝမ်ချောင်၏ မျက်နှာအမူအရာ အနည်းငယ် မှင်သက်သွားပြီး တိုက်ရိုက်ပင် ဝန်ခံလိုက်သည် -
"ကျွန်တော့်ရဲ့ ဆရာ မိစ္ဆာဧကရာဇ် လူအိုကြီး နဲ့ ဝူရှန်း ရွာသူကြီးတို့ အားလုံး ‘ထျန်း’ ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်။ ဒါ့အပြင် ‘ထျန်း’က ဘယ်လို နည်းလမ်းတွေ သုံးလိုက်မှန်း မသိရဘဲ မြို့တော်ထဲက လူတွေအားလုံးရဲ့မှတ်ဉာဏ်ကို ဖျက်ပစ်လိုက်တယ်၊ လောကကြီး တစ်ခုလုံးက သူ့ရဲ့ကစားစရာ ဖြစ်သွားပြီ၊ လူတိုင်းအတွက် သူ့ကို ကျွန်တော် သေချာပေါက် အနိုင်ယူရမယ်"
အခြား ကိစ္စများကို မဆိုထားနှင့်၊ ဝမ်မိသားစု တစ်ခုလုံးရှိ လူရာပေါင်းများစွာမှာ ယခုအချိန်အထိ သတိလစ်နေဆဲဖြစ်ရာ ဝမ်ချောင်အနေဖြင့် လုံးဝလျစ်လျူရှုထား၍ မရနိုင်ပေ။
"ငါလည်း ဒီကိစ္စအတွက် လာခဲ့တာပါ"
ဘုန်းတော်ကြီးက သက်ပြင်းတစ်ချက် ချလိုက်ပြီး စကားပြောလာခဲ့သည်။
"ငါ သိထားတဲ့ သတင်းအချက်အလက်တွေက မင်း သိထားတာနဲ့ အနည်းငယ် ကွဲလွဲနေလိမ့်မယ်။ ‘ထျန်း’က မင်းထင်ထားသလိုမျိုး အင်အားကြီးမားတဲ့ စိတ်စွမ်းအင်ကို အသုံးပြုပြီး မြို့တော်ထဲက လူတွေ တစ်ခုလုံးရဲ့ မှတ်ဉာဏ်ကို ပြောင်းလဲပစ်ခဲ့တာ မဟုတ်ဘူး၊ ငါ သိထားသလောက်ဆိုရင် ဒီတစ်ကြိမ်မှာ ‘ထျန်း’က အနည်းဆုံး ခေတ်ကာလ အနည်းငယ်လောက် အသုံးပြုခြင်း မရှိခဲ့တဲ့ နတ်လက်နက်တစ်ခုကို အသုံးပြုခဲ့တာပဲ"
"မင်း မြင်တွေ့ခဲ့ရတဲ့ မှတ်ဉာဏ်တွေ ပြောင်းလဲခံလိုက်ရတယ်ဆိုတာက အဲဒီနတ်လက်နက်ရဲ့ အပေါ်ယံ စွမ်းရည် သက်သက်ပဲ ရှိသေးတယ်"
ဘုန်းတော်ကြီးက သက်ပြင်းချကာ ပြောလိုက်သည်။
"ဘာ"
ဘုန်းတော်ကြီး၏ စကားကို ကြားလိုက်ရသောအခါ ဝမ်ချောင်၏ ရင်ထဲတွင် လေးလံသွားပြီး သူ၏မျက်နှာအမူအရာမှာလည်း ချက်ချင်းပင် အလွန်အမင်း လေးနက်သွားခဲ့သည်။
ဘုန်းတော်ကြီး ပြောလာသော ဤသတင်းမှာ ယခင်က သူ လုံးဝ မတွေးထင်ထားခဲ့သော အရာပင်ဖြစ်သည်။
"သူက တကယ်တော့ ဘာလုပ်ချင်နေတာလဲ?"
ဝမ်ချောင်က လျင်မြန်စွာ သတိပြန်ဝင်လာပြီး မေးလိုက်သည်။
သူ ဘာကြောင့် တစ်ခုခု မှားယွင်းနေတယ်လို့ အမြဲ ခံစားနေရလဲ ဆိုတာကို နောက်ဆုံးတော့ သူ နားလည်သွားခဲ့ပြီ၊ မှတ်ဉာဏ်တွေကို ပြောင်းလဲပစ်ဖို့ဆိုတာ စိတ်စွမ်းအင် လုံလောက်စွာ ကြီးမားမယ်ဆိုရင် ဝမ်ချောင်ကိုယ်တိုင်လည်း လုပ်နိုင်ပေမယ့်၊ ‘ထျန်း’ က ဘာကြောင့် ဒီလောက်များပြားတဲ့ လူတွေရဲ့ မှတ်ဉာဏ်တွေကို ပြောင်းလဲပစ်ရတာလဲ။
မိမိကို အရှက်ခွဲဖို့ သက်သက်နဲ့၊ မြို့တော်က ပြည်သူတွေ အားလုံး အပါအဝင် ထန်လူမျိုးတွေ အားလုံး မိမိကို မေ့ပစ်သွားအောင် လုပ်ဖို့ဆိုတာ ကလေးတွေပဲ ဒီလောက် ဆိုးသွမ်းတတ်ကြတာ ဖြစ်ပြီး၊ ‘ထျန်း’လို ခေါင်းဆောင် တစ်ယောက်ရဲ့ပုံစံမျိုး လုံးဝမဟုတ်ပေ။ ဒါ့အပြင် ‘ထျန်း’ အနေနဲ့ မိမိကို သတ်ချင်တာပဲ ဖြစ်ဖြစ်၊ မိမိ ကိုယ်ပေါ်က ကမ္ဘာပျက်ကပ် အမှတ်အသားကို လုယူချင်တာပဲ ဖြစ်ဖြစ်၊ မိမိဆီကို တိုက်ရိုက် လာခဲ့လို့ ရနေတာပဲ ဖြစ်သည်။
‘ထျန်း’၏ စွမ်းအားမှာ မိမိထက် အဆပေါင်းများစွာ ပိုအင်အားကြီးမားပြီး၊ သူ၏စွမ်းရည်ဖြင့်ဆိုပါက ဤကိစ္စကို လုံးဝလုပ်ဆောင်နိုင်စွမ်းရှိရာ ဤမျှလောက် အခက်အခဲခံပြီး ကြီးကြီးကျယ်ကျယ် လုပ်ဆောင်နေရန် လုံးဝ မလိုအပ်ပေ။
ထို့အပြင် ဘုန်းတော်ကြီးက ‘ထျန်း’ သည် ခေတ်ကာလ အနည်းငယ်လောက် အသုံးပြုခြင်း မရှိခဲ့သော နတ်လက်နက် တစ်ခုကို အသုံးပြုခဲ့ကြောင်း ပြောလိုက်သည်ကို ဝမ်ချောင်က ထက်မြက်စွာ သတိထားမိလိုက်ပြီး၊ ဤအရာအားလုံးမှာ အမှန်တကယ်ပင် အလွန်အမင်း ထူးဆန်းလွန်းလှပေသည်။
ဤသည်မှာ ပုံမှန်ကျွမ်းကျင်သူ တစ်ဦး လုပ်ဆောင်မည့် လုပ်ရပ်မျိုး လုံးဝ မဟုတ်ပေ။
လက်ရှိ ‘ထျန်း’ လုပ်ဆောင်နေသော ကိစ္စများမှာ မိမိ တွေးထင်ထားသည်ထက် များစွာ ပိုမိုရှုပ်ထွေးနေလောက်မည် ဟူသော ခံစားချက် တစ်မျိုး ဝမ်ချောင်၏ ရင်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
"ဒီကိစ္စကို ငါလည်း သိပ်ပြီး ရှင်းရှင်းလင်းလင်း မသိဘူး၊ မင်းကိုလည်း အများကြီး ပြောပြဖို့ နည်းလမ်း မရှိဘူး၊ ‘ထျန်း’ က ဒီ နတ်လက်နက်ကို ဖန်တီးခဲ့တာ။ ဒါမှမဟုတ် ရရှိခဲ့တာက ငါ မမွေးဖွားခင် အချိန်ကတည်းကပဲ၊ ထိုက်ယွမ် တည်ရှိခဲ့တဲ့ အချိန်ထက်တောင် ပိုစောသေးတယ်၊ ဒါက ‘ထျန်း’ ရဲ့ အမြင့်ဆုံးသော လျှို့ဝှက်ချက် ဖြစ်ပြီး ကောင်းကင်နတ်ဘုရား အဖွဲ့အစည်း အတွင်းမှာတောင် သိတဲ့လူ သိပ်မရှိဘူး။"
"ငါ လက်ရှိ သိထားတဲ့ အခြေအနေတွေ အရဆိုရင်၊ ထိုက်ရှန်နဲ့ ထိုက်ချုံတို့လို လူတွေတောင်မှ ဒီအထဲက လျှို့ဝှက်ချက် တွေကို သိမှာ မဟုတ်ဘူး။ ငါ စာရွက်စာတမ်း အချို့ကို ရှာဖွေဖတ်ရှုခဲ့သလို၊ လူအချို့ကိုလည်း မေးမြန်းခဲ့တယ်၊ ‘ထျန်း’ က ဒီ နတ်လက်နက်ကို အသုံးပြုတဲ့ အကြိမ်အရေအတွက်က အရမ်းကို နည်းပါးတယ်။ ဒီ နတ်လက်နက်ကို တစ်ကြိမ် အသုံးပြုလိုက်တာနဲ့ ပြန်လည် ပြုပြင်ဖို့ အရမ်း ခက်ခဲပြီး၊ များသောအားဖြင့် ကြီးမားတဲ့ သဘာဝဘေးအန္တရာယ် ကြီးတွေနဲ့အတူ လူအမြောက်အမြား သေဆုံးရတတ်တယ်၊ သေဆုံးတဲ့ လူအရေအတွက်ကလည်း များသောအားဖြင့် သန်းဂဏန်း အဆင့်မှာ ရှိပြီး အကြီးစား စစ်ပွဲကြီး တစ်ခုထက်တောင် သာလွန်သေးတယ်။"
နောက်ဆုံး စကားများကို ပြောလိုက်ချိန်တွင် ဘုန်းတော်ကြီး၏ မျက်နှာပေါ်၌ အလွန်အမင်း လေးနက်သော အမူအရာများ ပေါ်ထွက်လာခဲ့သည်။
ကောင်းကင်နတ်ဘုရား အဖွဲ့အစည်း၏ အတွင်းပိုင်းတွင် တကယ်တော့ များပြားလှသော ရှေးဟောင်း မှတ်တမ်းများ ကျန်ရှိနေပြီး၊ ဤ မှတ်တမ်းများမှာ ခေတ်ကာလ အသီးသီး၊ ယဉ်ကျေးမှု အသီးသီး တို့မှ ဖြစ်ကာ ဘာသာစကား အသီးသီးဖြင့် ရေးသားထားကြပြီး၊ အာရပ် ဘုန်းတော်ကြီးတွင် ၎င်းတို့ကို ဖတ်ရှု စစ်ဆေးနိုင်ရန် လုံလောက်သော အခွင့်အာဏာ ရှိနေခဲ့သည်။
ဘုန်းတော်ကြီးက ‘ထျန်း’၏ လျှို့ဝှက်ချက် များကို ရှာဖွေ မတွေ့ရှိနိုင်သော်လည်း၊ များပြားလှသော ရှေးဟောင်း မှတ်တမ်းများ မှတစ်ဆင့် ဤနတ်လက်နက်များကို လက်ချိုးရေတွက်၍ ရနိုင်လောက်သော အသုံးပြုခဲ့မှု အကြိမ်ရေ အနည်းငယ်၏ နောက်ဆက်တွဲ ရလဒ် များကို ရှာဖွေ တွေ့ရှိခဲ့သည်၊ ၎င်းမှာ သေဆုံးခြင်း ပင်ဖြစ်ပြီး၊ အလွန်အမင်း များပြားလှသော၊ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော သေဆုံးခြင်း များ ပင်ဖြစ်သည်။
ဤသည်မှာ သူ စုဆောင်း ရရှိနိုင်ခဲ့သမျှသော သတင်းအချက်အလက် အားလုံး ပင်ဖြစ်သည်။
ဝမ်ချောင်က စကားမပြောသော်လည်း၊ သူ၏ မျက်မှောင်များမှာ နက်ရှိုင်းစွာ တွန့်ချိုးသွားခဲ့ပြီး ဘုန်းတော်ကြီးပေးလာသော ဤသတင်းမှာ ယခင်က သူ လုံးဝ မသိရှိခဲ့သော အရာပင်ဖြစ်သည်။
"အရှင်၊ ငါ ဒီတစ်ခေါက် လာတာက မင်းကို ဒီအကြောင်း ပြောပြဖို့ မဟုတ်ဘူး၊ ‘ထျန်း’ က ထိုက်စုကို နတ်လက်နက် တစ်ခုပေးသနားလိုက်တယ်။ သူ့ကို ထိုက်ရှန်နဲ့ ထိုက်ချုံတို့ကို ခေါ်ဆောင်ပြီး ယာလော့ရှန်းဆီမှာ ထိုက်လော့ကို ရှာဖွေခိုင်းလိုက်တယ် ဆိုတဲ့ သတင်းကို ငါ အခုလေးတင် ရလိုက်တယ်။ ကမ္ဘာပျက်ကပ် အမှတ်အသားနဲ့ ‘ထျန်း’ ကြားက ဆက်သွယ်မှုကို မင်း အစောကြီးကတည်းက သိထားလောက်မှာပါ၊ ထိုက်လော့ ရဲ့ လက်ထဲမှာ အနည်းဆုံး ကမ္ဘာပျက်ကပ် အမှတ်အသား နှစ်ခု ရှိလောက်တယ်၊ အကယ်၍ သူ့ကို ထိုက်လော့ ရဲ့ လက်ထဲက ကမ္ဘာပျက်ကပ် အမှတ်အသား ကို ထပ်ပြီး ရသွားစေမယ် ဆိုရင်၊ ‘ထျန်း’ က အခုထက်တောင် ပိုပြီး ရင်ဆိုင်ဖို့ ခက်ခဲသွားလိမ့်မယ်။ သူ့ရဲ့ မူလခန္ဓာကိုယ် ထွက်မလာဘူး ဆိုရင်တောင်မှ၊ ဒီလောကကြီးထဲမှာ သူ့ကို ရင်ဆိုင်နိုင်မယ့်သူ ဘယ်သူရှိသေးလဲ ဆိုတာကို ငါ တွေးလို့တောင် မရတော့ဘူး။ ဒါ့အပြင်…"
ဘုန်းတော်ကြီးက ခဏမျှ ရပ်တန့်သွားပြီး၊ မျက်စိရှေ့ရှိ ဝမ်ချောင်ကို ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာလည်း ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးလောက်အောင် လေးနက်နေခဲ့သည်။
"ထိုက်လော့က ကောင်းကင်နတ်ဘုရား အဖွဲ့အစည်း တစ်ခုလုံးမှာ၊ ထိုက်စုကလွဲရင် အဲဒီ နတ်လက်နက် ရဲ့ လျှို့ဝှက်ချက်ကို သိတဲ့ တစ်ဦးတည်းသော သူ ဖြစ်လောက်တယ်၊ ထိုက်စုထက်တောင် ပိုပြီး သိနိုင်ချေ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုက်စုရဲ့နေရာက အရင်တုန်းက မူလကတည်းက ထိုက်လော့ ပိုင်ဆိုင်ခဲ့တာမို့လို့ပဲ။"
"အဲဒီ နတ်လက်နက်ရဲ့ အားနည်းချက်ကို ရှာဖွေပြီး ဖျက်ဆီးပစ်နိုင်ဖို့ နည်းလမ်း ရှာနိုင်မှသာလျှင်၊ မင်း အနေနဲ့ ‘ထျန်း’ ကို အနိုင်ယူဖို့ အခွင့်အရေး ရှိလာမှာပါ။"
ဘုန်းတော်ကြီးက ပြောလိုက်သည်။
ဝမ်ချောင်က မျက်မှောင်ကြုတ်ကာ စကားမပြောဘဲ တိတ်ဆိတ်နေပြီး၊ သူ၏ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ရင်ထဲ အနက်ရှိုင်းဆုံး နေရာတွင်မူ အစောကြီးကတည်းက လှိုင်းဂယက်များ အဆက်မပြတ် ထကြွနေခဲ့ပြီ ဖြစ်သည်။
"နတ်လက်နက်....."
ဘုန်းတော်ကြီးက ‘ထျန်း’သည် မြို့တော်တွင် သမိုင်းတစ်လျှောက် မကြုံစဖူးသော အင်အားကြီးမားသည့် နတ်လက်နက် တစ်ခုကို အသုံးပြုခဲ့ကြောင်းသာ ပြောခဲ့သော်လည်း၊ ဝမ်ချောင်တွေးမိသည်မှာ သူ ပြောခဲ့သည်ထက် များစွာပိုမို များပြားနေခဲ့သည်။
မြို့တော်ရှိ ရှန်းလျူမဟာအစီအရင်သည် သူတော်စင် ဧကရာဇ်ချန်ထားခဲ့သည့် ဧရာမ အစီအရင်ကြီး တစ်ခုဖြစ်ပြီး၊ မည်သည့် ထိုက် အဆင့်ရှိ သိုင်းပညာရှင်ကမျှ ၎င်းကို မယှဉ်ပြိုင်နိုင်ဘဲ၊ ဤဧရိယာအတွင်းသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သေလမ်းသာ ရှိမည်ဖြစ်ကာ ယခင်က ထိုက်ရှီပင်လျှင် ၎င်း၏ တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် အမှုန့်ကြိတ် ခံလိုက်ရသကဲ့သို့ ဖြစ်သော်လည်း၊ ဤတစ်ကြိမ် ပြန်လာချိန်တွင်မူ အရာအားလုံးက လုံးဝ ကွဲပြားခြားနား နေခဲ့သည်။
ရှန်းလျူမဟာအစီအရင်မှာ လုံးဝ အသုံးမဝင်တော့ဘဲ ‘ထျန်း’၊ ထိုက်စု နှင့်အခြားသူများမှာ မြို့တော် အတွင်း၌ လူသူကင်းမဲ့သော နေရာတစ်ခုသို့ ဝင်ရောက်သွားသကဲ့သို့ စိတ်တိုင်းကျ ဝင်ထွက် သွားလာနေခဲ့ကြပြီး၊ ရှန်းလျူမဟာအစီအရင် မရှိတော့ခြင်းက ဝမ်ချောင်အနေဖြင့် လက်တစ်ဖက် ဖြတ်ခံလိုက်ရသည်နှင့်အတူတူပင် ဖြစ်သော်လည်း ယခု အခြေအနေအရ ကြည့်မည်ဆိုလျှင် ရှန်းလျူမဟာအစီအရင်မှာ အသုံးမဝင်တော့ခြင်း မဟုတ်ဘဲ ‘ထျန်း’၏ ထို နတ်လက်နက်ကြောင့် ပိတ်လှောင် ခံလိုက်ရခြင်း သက်သက်သာ ဖြစ်ပေသည်။
"တခြားစကားနဲ့ ပြောရရင်၊ ငါတို့အနေနဲ့ အဲဒီနတ်လက်နက်ကို ဖျက်ဆီးဖို့ ဒါမှမဟုတ် သူ့ရဲ့ စွမ်းရည်ကို အနှောင့်အယှက် ပေးနိုင်ဖို့ နည်းလမ်း ရှာနိုင်မယ် ဆိုရင် လီထိုက်ယီရဲ့ အဲဒီအစီအရင်ကြီးကို ပြန်လည် အသက်သွင်းနိုင်မှာပေါ့"
ဤအချိန်မှာပင် နောက်ထပ် အသံတစ်သံက လေဟာနယ်ထဲတွင် ထွက်ပေါ်လာခဲ့ရာ၊ ၎င်းမှာ ဝမ်ချောင်၏ အလင်းစက်ကွင်း နေရာလွတ် ထဲတွင် ရှိနေသော ရာထူးချခံထားရသည့် အိမ်ရှေ့စံ လီရွှမ်တုပင်ဖြစ်သည်။
"ဒါမှမဟုတ် ပိုပြီး ရိုးရှင်းတဲ့ နည်းလမ်းဆိုရင်၊ ငါတို့တွေ အတူတကွ ပူးပေါင်းပြီး ‘ထျန်း’ ကို အနိုင်ယူဖို့ နည်းလမ်းရှာကြမယ်၊ ‘ထျန်း’ ရဲ့ ထိန်းချုပ်မှု မရှိရင် ဘယ်လို နတ်လက်နက် ပဲဖြစ်ဖြစ် ကြေးစုတ် သံစုတ် အပုံကြီး သက်သက်ပဲ ဖြစ်သွားမှာပဲ။"
ဤအသံကို ကြားလိုက်ရသောအခါ အာရပ် ဘုန်းတော်ကြီးမှာ တစ်ချက် မှင်သက်သွားပြီး၊ သူနှင့်လီရွှမ်တုမှာ တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံဖူးခြင်း မရှိဘဲ ဤသည်မှာ နှစ်ဖက်စလုံး ကြားတွင် ပထမဆုံးအကြိမ် ဆက်သွယ်မှု ဖြစ်သော်လည်း ဤအချိန်မျိုးတွင် ကြားဖြတ် ပြောဆိုနိုင်ခြင်းမှာ ဝမ်ချောင်၏မိတ်ဆွေ ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
"အဲဒီလောက် မရိုးရှင်းဘူး"
ဘုန်းတော်ကြီးက လျင်မြန်စွာ ခေါင်းခါလိုက်သည်။
"‘ထျန်း’ ရဲ့ အဲဒီနတ်လက်နက်က သာမန်အဓိပ္ပာယ်မျိုးနဲ့ နတ်လက်နက်မဟုတ်ဘူး ဆိုတာကိုပဲ ငါ သိတယ်၊ အရှင်၊ မင်းရဲ့အဲဒီအလင်းစက်ကွင်းကိုလည်း ‘ထျန်း’ကပဲ ဖန်တီးခဲ့တာ မှန်ပေမယ့် မြို့တော်ထဲက အဲဒီနတ်လက်နက်နဲ့ ယှဉ်လိုက်ရင် လုံးဝအဆင့်တူ မဟုတ်ဘူး။ ငါ သိထားသလောက်ဆိုရင် နတ်လက်နက်ကို ဖျက်ဆီးဖို့ နည်းလမ်း မရှာနိုင်ဘူးဆိုရင် မင်းတို့အနေနဲ့ ‘ထျန်း’ ကို အနိုင်ယူနိုင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး"
တောင်ထွတ်ပေါ်တွင် ဝမ်ချောင်နှင့်အလင်းစက်ကွင်း နေရာလွတ် ထဲရှိ လီရွှမ်တုတို့မှာ တပြိုင်နက်တည်း တိတ်ဆိတ်သွားခဲ့ကြသည်။
"နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ် ဘုန်းတော်ကြီး"
ဝမ်ချောင်က လျင်မြန်စွာ သတိပြန်ဝင်လာပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
သူက မိမိ၏အစီအစဉ်ကို ဆက်လက် အကောင်အထည် ဖော်နိုင်ဆဲဖြစ်ပြီး၊ လီရွှမ်တုနှင့်အတူတကွ ပူးပေါင်းကာ မြို့တော် အတွင်းသို့ ဝင်ရောက်ပြီး ‘ထျန်း’ ကို အနိုင်ယူရန် နည်းလမ်းရှာနိုင်သော်လည်း၊ အာရပ်ဘုန်းတော်ကြီး၏ အဆင့်အတန်းမှာ မည်သို့ပင်ဖြစ်စေ ထူးခြားလှပြီး၊ တမင်တကာ အန္တရာယ်ကို စွန့်စားကာ လာရောက် ပေးပို့သော သတင်းစကားကို အလွယ်တကူ လျစ်လျူရှု၍ မရနိုင်ပေ။
ထို့အပြင် အကယ်၍ ထို နတ်လက်နက်က အမှန်တကယ်ပင် အနည်းငယ် ထူးခြားနေမည် ဆိုပါက...... ဝမ်ချောင်အနေဖြင့် ထိုအန္တရာယ်မျိုးကို လုံးဝစွန့်စား၍ မရနိုင်ပေ။
"ထိုက်စုနဲ့ ထိုက်ရှန်တို့က ဘယ်အချိန် ထွက်ခွာမှာလဲ?"
ဝမ်ချောင်က မေးလိုက်သည်။
"နှစ်ရက် အကြာမှာ။"
ဘုန်းတော်ကြီးက အလွန်အမင်း လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းအတွင်းမှာ အဆင့်အတန်း ခွဲခြားမှု အရမ်း တင်းကျပ်တယ်၊ ဒီတစ်ကြိမ် မင်းတို့ကို ကူညီပေးဖို့ အတွက် ငါ မေးမြန်းတာတွေ နည်းနည်း များသွားခဲ့ပြီ၊ ထိုက်စုနဲ့ ထိုက်ရှန်တို့ဘက်က ငါ့အပေါ် သံသယ ဝင်နေလောက်ပြီ။"
"ဒီတစ်ကြိမ် ပြီးသွားရင် မင်းတို့ဆီကို သတင်းတွေ ထပ်ပြီး ပေးပို့နိုင်တော့မယ် မထင်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ"
ဘုန်းတော်ကြီးက နောက်ဆုံးတွင် နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။
အရာအားလုံးမှာ ထိုက်ယွမ်ကြောင့်ဖြစ်ပြီး ဤတစ်ကြိမ်တွင် သူသည် စည်းကမ်းဖောက်ဖျက်သော ကိစ္စရပ်များ အလွန်အမင်း များပြားစွာ လုပ်ဆောင်ခဲ့ရာ ‘ထျန်း’ နှင့်ထိုက်စု တို့မှာ လူမိုက်များ မဟုတ်ကြသဖြင့် နောက်ဆုံးတွင် သူ၏ အပေါ်သို့ သေချာပေါက် သံသယဝင်လာမည်ဖြစ်ပြီး ထိုအထဲရှိ အန္တရာယ်မှာ အလွန်ကြီးမားလှပေသည်။
ဤတစ်ကြိမ် ပြီးသွားပါက သူ သေချာပေါက် ထွက်ခွာသွားရလောက်မည် ဖြစ်သော်လည်း၊ ဤသို့ဖြစ်လင့်ကစား နောက်တစ်ကြိမ် အခွင့်အရေး ရမည်ဆိုပါက သူသည် ဤကဲ့သို့ပင် ဆက်လက် လုပ်ဆောင်ဦးမည်သာ ဖြစ်သည်။
******