အခန်း ၂၃၀၈
Vol. 144 Ch. 2308
အခန်း (၂၃၀၈) ယာလော့ရှန်းသို့ သွားခြင်း။
ဘုန်းတော်ကြီးက အလျင်အမြန်ပင် ထွက်ခွာသွားခဲ့ပြီး ဝမ်ချောင်က ထို "ထင်းခုတ်သမား" တောင်ပေါ်မှ ဆင်းသွားကာ နောက်ဆုံးတွင် တောအုပ်ထူထူထဲ၌ ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်သည်။
"သူက တကယ်တော့ ဘယ်သူလဲ။ ငါ ကြားတာ မမှားဘူးဆိုရင် ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းထဲမှာ သူ့ရဲ့ရာထူးက မနိမ့်ဘူးမလား။ ဘာလို့ ဒီလောက်ကြီးမားတဲ့ အန္တရာယ်ကို စွန့်ပြီး မင်းကို လာကူညီရတာလဲ၊ ဒီလူ ပြောတဲ့စကားတွေက ယုံကြည်ရပါ့မလား။"
ထိုအချိန်မှာပင် လီရွှမ်တု၏ အသံက ဝမ်ချောင်၏ ခေါင်းထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့ပြီး ထို "ထင်းခုတ်သမား" ထွက်ခွာသွားချိန်တွင် လီရွှမ်တုကလည်း သူ့ကို ကြည့်နေခဲ့သည်။
"မသိဘူး။"
ဝမ်ချောင်က ခေါင်းခါယမ်းလိုက်ပြီး အမှန်အတိုင်း ပြောလိုက်သည်။
သူနှင့်ဤ အာရပ်ဘုန်းတော်ကြီးတို့သည် အမှန်တကယ်ပြောရလျှင် ကြီးမားလှသော ရင်းနှီးမှုမျိုး မရှိခဲ့ဘဲ တစ်ချိန်က ရန်သူများပင် ဖြစ်ခဲ့ဖူးကာ သူတို့နှစ်ဦးကြားတွင် ယခုကဲ့သို့ စကားပြောဆိုမှုမျိုး ရှိလာရခြင်းမှာ ထိုက်ယွမ်နှင့်ပတ်သက်နေသောကြောင့်သာ ဖြစ်သည်။
ဝမ်ချောင်သည် သူ၏ နာမည်ကိုပင် မသိခဲ့ဘဲ သူ၏ တိကျသော နောက်ခံဇစ်မြစ်ကို ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ဘဲ သူနှင့်ပတ်သက်သမျှ အရာအားလုံးက ပဟေဠိတစ်ခုပင် ဖြစ်နေသည်။
သို့သော် အချက်တစ်ချက်ကိုတော့ ဝမ်ချောင်အသေအချာ ပြောနိုင်သည်မှာ အနောက်မြောက်စစ်ပွဲတွင် ထန်နှင့်အာရပ် အင်ပါယာတို့ အသေအကြေ တိုက်ခိုက်ခဲ့ကြချိန်က ဤအာရပ်ဘုန်းတော်ကြီးသည် သိသိသာသာပင် အလျှော့ပေးထားခဲ့ပြီး အကယ်၍သာ သူက ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းအပေါ် အမှန်တကယ် သစ္စာရှိခဲ့ပါက ထိုသို့ ပြုလုပ်ရန် လုံးဝ အကြောင်းအရင်း မရှိပေ။
"ဒါပေမဲ့ ဒီလူက ယုံကြည်လို့ရတယ်၊ ဒီအချက်ကို သိထားရင် လုံလောက်ပါပြီ။"
ဝမ်ချောင်က ဘုန်းတော်ကြီး ပျောက်ကွယ်သွားသည့် ဦးတည်ရာဘက်သို့ ကြည့်ကာ ပြောလိုက်သည်။
လီရွှမ်တုက စကားမပြောတော့ဘဲ ခပ်ဖွဖွ အင်း ဟုသာ အသံပြုလိုက်သည်။
တကယ်တော့ သူက ဤ အာရပ်ဘုန်းတော်ကြီးကို သိပ်ပြီး မယုံကြည်လှသော်လည်း ဝမ်ချောင်က သူ့ကို ယုံကြည်နေသရွေ့ ဒါက လုံလောက်နေပြီဖြစ်သည်။
"နောက်ထပ် မင်း ဘယ်လို လုပ်ဖို့ ပြင်ဆင်ထားလဲ။"
လီရွှမ်တုက ပြောလိုက်သည်။
တာ့ခ်ယာလော့ရှန်းနှင့်မြို့တော်အကြားတွင် ဝမ်ချောင်က ရွေးချယ်မှုတစ်ခုကို မဖြစ်မနေ ပြုလုပ်ရတော့မည်ဖြစ်သည်။
ဝမ်ချောင်က စကားမပြောဘဲ သူ၏ခေါင်းထဲတွင်တော့ အတွေးများက တရစ်ဝဲဝဲ ဖြစ်နေခဲ့သည်။
"တာ့ခ် မြက်ခင်းပြင်ကြီးကိုတော့ မဖြစ်မနေ သွားရမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ‘ထျန်း’ကို နောက်ထပ် ကမ္ဘာပျက်ကပ် အမှတ်အသားတွေ ထပ်ရသွားခွင့်ပြုလို့ မဖြစ်ဘူး၊ ဒါပေမဲ့ မြို့တော်ဘက်ကိုလည်း အခြေအနေအရပ်ရပ်ကို အချိန်မရွေး သိနေဖို့ လိုအပ်တယ်။"
ဝမ်ချောင်က စကားစပြောလိုက်ပြီး မကြာမီမှာပင် အကြံတစ်ခု ရသွားခဲ့သည်။
ယခုလက်ရှိ မဟာထန်တွင် ဝမ်ချောင်စေခိုင်းနိုင်သည့်သူများ သိပ်မများတော့ဘဲ လူအများစုမှာ ဦးနှောက်ဆေးခံထားရကာ ဝမ်ချောင် ရှိနေခြင်းကို လုံးဝ မေ့လျော့နေကြပြီဖြစ်ပြီး ချင်းယန်သခင်လေးနှင့်လီစီယီ တို့သည်လည်း ‘ထျန်း’၏ သတိထားစောင့်ကြည့်ခြင်းကို ခံနေရလောက်ပြီဖြစ်သည်။
ဝမ်ချောင်သည် သူတို့ကို ထပ်မံ အသုံးမပြုနိုင်တော့ဘဲ ထိုသို့လုပ်ခြင်းက အန္တရာယ် အလွန်ကြီးမားလွန်းလှသော်လည်း မြို့တော်အတွင်းသို့ အသံတိတ် ခိုးဝင်နိုင်ပြီး မည်သူမှ မသိစေဘဲ သတင်းအချက်အလက်အားလုံးကို သူ့အတွက် ကူညီစုံစမ်းပေးနိုင်သည့် လူတစ်ယောက်ကိုတော့ ဝမ်ချောင်မှတ်မိနေသေးသည်။
"သခင်ကြီး"
အချိန်ခဏလေးအတွင်းမှာပင် လေတိုက်ခတ်သံများ ထွက်ပေါ်လာကာ ဝမ်ချောင်၏ အရှေ့တွင် လူတစ်ယောက် အလျင်အမြန် ရောက်ရှိလာခဲ့ပြီး ထိုလူ၏ မျက်နှာပေါ်ရှိ သံမည်းမျက်နှာဖုံးတစ်ခုက လွန်စွာ ထင်ရှားပေါ်လွင်နေသည်။
မျက်နှာမဲ့လူ။
ယခုအချိန်တွင် ဤနေရာ၌ ရုတ်တရက် ပေါ်လာသူမှာ အခြားသူမဟုတ်ဘဲ မျက်နှာမဲ့လူ ကျန်းချန်းဒိုပင်ဖြစ်သည်။
ဝမ်ချောင် ဆင်းဒုသို့ သွားရောက်ခဲ့ချိန်က မျက်နှာမဲ့လူသည် မြို့တော်အတွင်း၌ မရှိခဲ့သောကြောင့် ကံကောင်းထောက်မစွာဖြင့် ဘေးဒုက္ခတစ်ခုမှ လွတ်မြောက်ခဲ့ကာ မှတ်ဉာဏ်ဖျက်ဆီးခြင်း မခံခဲ့ရဘဲ ထို့အပြင်... ‘ထျန်း’ ပင်လျှင် သူရှိနေသည်ကို သိချင်မှ သိပေလိမ့်မည်။
"မျက်နှာမဲ့လူ မင်းကို လွှဲပေးစရာ ကိစ္စတစ်ခု ရှိတယ်..."
ဝမ်ချောင်က ခြေလှမ်းအနည်းငယ် ရှေ့တိုးလိုက်ပြီး စကားစပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ မျက်နှာမဲ့လူ အမိန့်နာခံပါ့မယ်။"
ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းနှင့်ပတ်သက်နေကြောင်း ကြားလိုက်ရသောအခါ မျက်နှာမဲ့လူက စကားအပို မပြောတော့ဘဲ အလျင်အမြန်ပင် လှည့်ထွက်သွားခဲ့သည်။
"အခု ငါတို့ သွားလို့ရပြီ။"
ဝမ်ချောင်က အရာအားလုံးကို စီစဉ်ပြီးသည်နှင့်လီရွှမ်တုနှင့်အတူ အလျင်အမြန် ထွက်ခွာလာခဲ့ပြီး မြောက်ဘက်သို့ ဦးတည်သွားကြသည်။
......
အချိန်သည် တခဏအတွင်း ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ရက်ကြာသွားခဲ့သည်။
မဟာထန်၏ မြို့တော်၊ မြေပြင်နှင့်ပေတစ်ထောင်ကျော် ကွာဝေးသော ကောင်းကင်ယံအထက်တွင် ရွှေဝါရောင် အလင်းတန်းတစ်ခုက လေထဲတွင် မျောလွင့်နေပြီး အောက်ဘက်ရှိ ကြီးမားလှသော မြို့တော်ကြီးကို ငုံ့ကြည့်နေသည်။
ဤမျှမြင့်မားသော နေရာမှ ငုံ့ကြည့်လိုက်ပါက လူအုပ်ကြီးမှာ မြစ်ရေစီးကြောင်းကဲ့သို့ စဉ်ဆက်မပြတ် သွားလာနေကြပြီး အရာအားလုံးကို စစ်ဆေးသိရှိနိုင်သည်။
"ဘယ်လိုဖြစ်ရတာလဲ၊ အခုထိ ပေါ်မလာသေးဘူးလား။ ဒါမှမဟုတ် ‘ထျန်း’ ရဲ့ စီစဉ်ထားမှုတွေက အလုပ်မဖြစ်တာလား။"
ရွှေဝါရောင် အလင်းတန်းထဲတွင် ထိုက်စုက တစ်ယောက်တည်း အောက်ဘက်သို့ ငုံ့ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
သူနှင့်‘ထျန်း’၏ ခန့်မှန်းချက်များအရဆိုလျှင် ဝမ်ချောင်သည် ဤမျှ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနိုင်မည်မဟုတ်ဘဲ ပုံမှန်အခြေအနေဆိုလျှင် သူသည် မြို့တော်အတွင်းသို့ ခိုးဝင်လာလောက်ပြီဖြစ်သည်။
ဝမ်ချောင်သာ ဤနေရာသို့ ဝင်ရောက်လာပြီး သူ၏ အငွေ့အသက်များကို သိမ်းဆည်းကာ တမင်တကာ ပုန်းကွယ်နေမည်ဆိုလျှင် ထိုက်စုအနေဖြင့် သူ့ကို ချက်ချင်း ရှာတွေ့နိုင်မည် မဟုတ်သော်လည်း သူ၏ ထိုက်စု ခြေရာခံပစ္စည်းကတော့ သေချာပေါက် အာရုံခံနိုင်မည်ဖြစ်သည်။ သို့သော်လည်း...
ထိုက်စုက သူ၏ လက်ထဲတွင်ရှိသော လက်ဖဝါးအရွယ်အစားခန့်ရှိ ရွှေရောင် သံလိုက်အိမ်မြှောင်ကို ကြည့်လိုက်ပြီး ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
ဤ ထိုက်စု ခြေရာခံပစ္စည်းပေါ်တွင် အသေးစား အလင်းမျက်နှာပြင်တစ်ခုကဲ့သို့ ကန့်လန့်ဖြတ် ယှက်နွယ်နေသော သေးငယ်သည့် မျဉ်းကြောင်းများ မြောက်မြားစွာရှိနေပြီး ယခင်က ဝမ်ချောင် ဝမ်မိသားစုစံအိမ်အတွင်း ပေါ်လာမည်ကို သူ ကြိုတင်ခန့်မှန်းနိုင်ခဲ့ခြင်းမှာ ဤ ထိုက်စု ခြေရာခံပစ္စည်းကို အားကိုးခဲ့ရခြင်းဖြစ်သော်လည်း အတိတ်မှ ယခုအချိန်အထိ ၎င်းအပေါ်တွင် မည်သည့် အပြောင်းအလဲမှ မရှိခဲ့ပေ။
"ထိုက်ရှန်၊ ထိုက်ချုံ မင်းတို့ဘက်မှာကော တစ်ခုခု တွေ့ရတာရှိလား။"
ထိုက်စုက ရုတ်တရက် စကားစပြောလိုက်သည်။
ကောင်းကင်ယံတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသော်လည်း မကြာမီမှာပင် အလင်းစက်ဝန်းနှစ်ခုက ဘယ်နှင့်ညာမှနေ၍ ထိုက်စု၏ ဘေးတွင် အလျင်အမြန် ပေါ်ထွက်လာခဲ့သည်။
ရေလှိုင်းကဲ့သို့ ဂယက်များ ထသွားပြီးနောက်တွင် အရပ်ရှည်ရှည် လူရိပ်နှစ်ခုက အထဲမှနေ၍ အလျင်အမြန် ထွက်ပေါ်လာခဲ့ပြီး ထိုလူနှစ်ဦး၏ မျက်နှာပေါ်တွင် အမည်းနှင့်အဖြူ ရောစပ်နေသော မျက်နှာဖုံးများကို တပ်ဆင်ထားကာ တစ်ယောက်က ဘယ်ဘက်တွင် အမည်း၊ ညာဘက်တွင် အဖြူဖြစ်ပြီး နောက်တစ်ယောက်က ဘယ်ဘက်တွင် အဖြူ၊ ညာဘက်တွင် အမည်းဖြစ်သည်။ သူတို့သည် အခြားသူမဟုတ်ဘဲ ထိုက်ရှန်နှင့်ထိုက်ချုံ တို့ပင်ဖြစ်သည်။
"သခင် ထိုက်စု၊ ကျွန်တော်တို့ မြို့ထဲက အခြေအနေတွေကို အချိန်တိုင်း စောင့်ကြည့်နေခဲ့ပေမဲ့ အခုချိန်အထိ ဘာမှ မတွေ့ရသေးပါဘူး။"
သူတို့နှစ်ဦးက စကားစပြောလိုက်သည်။
အားလုံးက ထိုက် မျိုးဆက်များ ဖြစ်ကြသော်လည်း အဆင့်အတန်းနှင့်ရာထူး ခွဲခြားမှုများ ရှိနေပြီး အထူးသဖြင့် ထိုက်ချန်နှင့်ထိုက်ရှီတို့ စစ်ပွဲတွင် ကျဆုံးသွားပြီးနောက် ယခုအချိန်၌ ထိုက်စုသည် ‘ထျန်း’၏ အလေးထားယုံကြည်မှုကို အလွန်အမင်း ရရှိထားကာ သူ၏ အဆင့်အတန်းမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
ယခုလက်ရှိ ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းအတွင်းရှိ အရာအားလုံးသည် ထိုက်စုကိုသာ ခေါင်းဆောင်အဖြစ် လျှို့ဝှက်စွာ သတ်မှတ်ထားကြသည်။
"မျိုးနွယ်ခြားဘုရင်စံအိမ်နဲ့ နန်းတော် ထဲမှာကော ဘာလှုပ်ရှားမှုမှ မရှိဘူးလား။"
ထိုက်စုက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ထပ်မံ၍ ပြောလိုက်သည်။
မြို့တော်အတွင်းတွင် ဝမ်ချောင်၏ လက်အောက်ငယ်သား အများအပြား ရှိနေသေးပြီး မဟာထန်၏ ဧကရာဇ် လီဟန်သည်လည်း ဝမ်ချောင်ကိုယ်တိုင် ထီးနန်းတင်ပေးခဲ့ခြင်းဖြစ်ကာ ဝမ်ချောင်ကို ကမ္ဘာပေါ်ရှိ လူအားလုံးက မဟာထန်၏ သူရဲကောင်းအဖြစ် သတ်မှတ်ထားကြသောကြောင့် သူတို့ကို တကယ်ကြီး ပစ်ပယ်ထားရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။
"မရှိပါဘူး။"
သူတို့နှစ်ဦးက ခေါင်းခါယမ်းလိုက်သည်။
"သူက ‘ထျန်း’ ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို ကိုယ့်ကိုယ်ကိုယ် သိနေလို့ ဝင်လာဖို့ အစီအစဉ် လုံးဝ မရှိတာလည်း ဖြစ်နိုင်တယ်။"
"ငှက်တွေတောင် ဘေးဒုက္ခကြုံလာရင် ကိုယ့်လမ်းကိုယ် သွားကြသလိုပဲ လင်မယားတွေတောင် ဒီလိုဖြစ်တတ်သေးတာဆိုတော့ သူတို့ကြားမှာ သိပ်ပြီး နီးကပ်တဲ့ ဆက်ဆံရေးမျိုး မရှိတာကတော့ ပြောစရာတောင် မလိုတော့ဘူးပေါ့။"
ထိုက်ရှန်နှင့်ထိုက်ချုံတို့က ပြောလိုက်ကြသည်။
ဝမ်ချောင် ပျောက်ကွယ်သွားခြင်းနှင့်ပတ်သက်၍ သူတို့နှစ်ဦးမှာ သိပ်ပြီး အံ့သြမနေကြဘဲ မပေါ်လာခြင်းကသာ ပုံမှန်ဖြစ်ပြီး ပေါ်လာခြင်းကမှ ပုံမှန်မဟုတ်ပေ။
အနည်းဆုံးတော့ သူတို့ကဲ့သို့သော ကျင့်စဉ်အဆင့်သို့ ရောက်ရှိနေသူများအတွက် သူတို့ကို တကယ်တမ်း ဆွဲဆောင်နိုင်သည့်အရာမှာ ထာဝရအသက်ရှင်ခြင်းသာလျှင် ဖြစ်သည်။
"ဟုတ်လို့လား။"
ထိုက်စုက မျက်မှောင်ကြုတ်လိုက်ပြီး ထိုက်ရှန်နှင့်ထိုက်ချုံတို့ ပြောသည်မှာ အကြောင်းပြချက် မရှိသည်တော့ မဟုတ်သော်လည်း ထိုဖျက်စီးခြင်း၏သားတော်သည် သာမန်လူများနှင့်မတူညီသင့်ဟု သူ အမြဲတမ်း ခံစားနေရသည်။
"ဒါနဲ့ သခင် ထိုက်လော့ဘက်ကိုကော ဘယ်လိုလုပ်မလဲ။ အဲဒီတုန်းက ပုန်ကန်မှုကြီး မဖြစ်ခင်က ထိုက်လော့က အဲဒီလောက်များပြားတဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး၊ သူ့ရဲ့ အကြံအစည်တွေက အရမ်းနက်နဲသလို တစ်ချိန်တည်းမှာပဲ ဖုံးကွယ်ထားတဲ့ စွမ်းအားတွေကလည်း အရမ်းမြင့်မားလွန်းတော့ ရင်ဆိုင်ရတာ လွယ်ကူမှာ မဟုတ်ဘူးထင်တယ်။"
ထိုက်ရှန်က ရုတ်တရက် စကားစပြောလိုက်ပြီး သူ၏အသံထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ် လျှို့ဝှက်စွာ ပါဝင်နေသည်။
"ပြီးတော့ ထိုက်လော့နဲ့ ထိုက်ယွမ်က မတူဘူး၊ အဲဒီလောက်လည်း ခေါင်းမမာဘူး၊ ဒီနှစ်တွေတစ်လျှောက်လုံး သူ့ရဲ့ တာ့ခ် ရှာမန်ဘာသာရေးက ကျဆင်းသွားပြီဖြစ်ပြီး ခစားရတဲ့ ရှာမန် (နတ်ဆရာ) နဲ့ ပူဇော်ပသမှုတွေ သိပ်မရှိတော့ဘူးလို့ ကျွန်တော်တို့ စုံစမ်းသိရှိခဲ့ရပေမဲ့ တကယ့်အခြေအနေက ဘယ်လိုရှိနေလဲဆိုတာကိုတော့ ဘယ်သူမှ သိမှာမဟုတ်ဘူး။"
ဘေးနားရှိ ထိုက်ချုံကလည်း ဝင်ပြောလိုက်သည်။
ယခင်အချိန်များနှင့်မတူညီဘဲ ထိုက်လော့နှင့်ပတ်သက်၍ သူတို့နှစ်ဦးစလုံးတွင် အလွန်နက်ရှိုင်းသော စိုးရိမ်ထိတ်လန့်မှုမျိုး ရှိနေကြသည်။
စစ်တိုက်ကျွမ်းကျင်သူများက ထင်ရှားသော နာမည်ဂုဏ်သတင်း မရှိတတ်ကြသကဲ့သို့ ထိုက်လော့ကဲ့သို့သော ပုန်ကန်သူများက ပို၍နှိမ့်ချစွာနေလေလေ၊ နာမည် မထင်ရှားလေလေ ပို၍အန္တရာယ်ကြီးမားလေလေပင် ဖြစ်သည်။
သူတို့နှစ်ဦး၏စကားကြောင့် ထိုက်စုလည်း သတိပြန်ဝင်လာခဲ့ပြီး ဝမ်ချောင်ထံမှ အာရုံကို ယာယီ လွှဲပြောင်းလိုက်သည်။
"ဒီကိစ္စတွေအတွက် မင်းတို့ စိုးရိမ်စရာ မလိုပါဘူး၊ ‘ထျန်း’ က အရာအားလုံးကို စီစဉ်ပြီးသွားပါပြီ၊ ထိုက်လော့ ဘယ်လောက်ပဲ သန်မာနေပါစေ နောက်ဆုံးမှာတော့ ‘ထျန်း’ ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး၊ တကယ်လို့ သူသာ အဲဒီလောက် စွမ်းအားကြီးခဲ့ရင် စောစောစီးစီးပဲ ကိုယ့်ဟာကိုယ် ရပ်တည်နေလောက်ပြီ၊ ဒီလိုမျိုး ဖုံးကွယ်ပြီး ဆုတ်ယုတ်နေတဲ့ပုံစံမျိုး တမင်တကာ လုပ်ပြနေစရာ မလိုဘူးလေ။ အဆုံးစွန်ထိ ပြောရရင်တော့ သူ ဘယ်လိုပဲ ခုန်ပေါက်နေပါစေ ‘ထျန်း’ ရဲ့ လက်ဖဝါးထဲကနေ လွတ်မှာမဟုတ်ပါဘူး။"
ထိုက်စု၏ မျက်နှာက တည်ငြိမ်နေပြီး ခဏမျှ ရပ်တန့်သွားကာ ဆက်ပြောလိုက်သည်။
"ပြီးတော့ ဒီလောက် နှစ်တွေအကြာကြီး ဖြစ်ခဲ့ပြီးပြီဆိုတော့ ဒီအရာအားလုံးက ပြီးဆုံးသင့်ပြီလေ။"
နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် ထိုက်စု၏အသံက အဓိပ္ပာယ်တစ်မျိုး ဆောင်နေခဲ့သည်။
ထိုပုန်ကန်မှုကြီး ဖြစ်ပွားခဲ့ချိန်မှ ယခုအချိန်အထိ အလွန်ရှည်လျားသော အချိန်ကာလတစ်ခု ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုပုန်ကန်မှုကြောင့် ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း အတွင်းတွင် အပိုင်းပိုင်းအစစ ကွဲပြားသွားကာ အချင်းချင်း အပြန်အလှန် ထိန်းချုပ်နေခဲ့ကြရသောကြောင့် အခြားသူများကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားခဲ့ပြီး နောက်ပိုင်းတွင် လီထိုက်ယီ၊ ဝမ်ချောင်တို့ကဲ့သို့သော လူများ ကြီးစိုးလာသည်ကို ထိုင်ကြည့်နေခဲ့ရကာ သန့်စင်ခြင်း အစီအစဉ်ပင်လျှင် ကျရှုံးသွားခဲ့ရသည်။
ထိုပုန်ကန်သွားခဲ့ကြသော ထိုက်မျိုးဆက်များသည်လည်း နောက်ကွယ်တွင် ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း ကို အမြဲတမ်း ဆန့်ကျင်တိုက်ခိုက်နေခဲ့ကြသည်။
ယခုအခါတွင်တော့ ဤအရာအားလုံး အဆုံးသတ်ရတော့မည်ဖြစ်ပြီး ‘ထျန်း’ ထွက်ပေါ်လာမှုက တားဆီး၍မရသော ရေစီးကြောင်းတစ်ခုဖြစ်ကာ မည်သူမျှ တားဆီးနိုင်မည်မဟုတ်ပေ။
ပထမတစ်ယောက်က ထိုက်ယွမ်ဖြစ်ပြီး ဒုတိယတစ်ယောက်က ထိုက်လော့ဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် ထိုက်ရီအပါအဝင် သစ္စာဖောက်များအားလုံး ရှင်းလင်းခံရမည်ဖြစ်ပြီး ‘ထျန်း’၏ အတားအဆီးများ ပျက်စီးကာ ထွက်ပေါ်လာချိန်အထိ စောင့်ဆိုင်းပြီးပါက အရာအားလုံးက မူလအစသို့ ပြန်ရောက်သွားမည်ဖြစ်ကာ သူသည် ‘ထျန်း’ နှင့်အတူ ယဉ်ကျေးမှုများကို ပြန်လည်စတင်ပြီး မျိုးဆက်သစ် ထိုက်အဆင့် ကျွမ်းကျင်သူများကို ပြန်လည် ဖန်တီးတော့မည်ဖြစ်သည်။
"သွားကြစို့၊ ထိုက်လော့ဆီက ကမ္ဘာပျက်ကပ် အမှတ်အသားနှစ်ခုကို ပြန်သိမ်းပြီးရင် နောက်ထပ် ငါတို့ ထိုက်ရီကို သွားပြီး ရင်ဆိုင်လို့ရပြီ။"
ထိုက်စုက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"ဝုန်း…"
အသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဂယက်လှိုင်းတစ်ခု ထွက်ပေါ်လာကာ နောက်တစ်စက္ကန့်မှာပင် ထိုရွှေဝါရောင် အလင်းတန်းထဲမှနေ၍ အရပ်ရှည်ရှည် လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤ အသစ်ပေါ်လာသော လူရိပ်၏ အပြင်ပန်းသွင်ပြင်မှာ အသက် (၁၈)၊ (၁၉) နှစ်ဝန်းကျင်သာ ရှိဦးမည်ဖြစ်ပြီး ဓားသွားကဲ့သို့ မျက်ခုံး၊ ကြယ်ပွင့်ကဲ့သို့ မျက်လုံးများနှင့်ချောမောခန့်ညားကာ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးနေပြီး အပြုံးတစ်ခု ထွက်ပေါ်နေခြင်းက လူများကို နွေဦးလေညင်းလေး တိုက်ခတ်သွားသကဲ့သို့ ခံစားရစေသော်လည်း ဤလူငယ် ခေါင်းမော့လိုက်ချိန်တွင် သူ၌ ငွေရောင် မျက်လုံးတစ်စုံ ရှိနေသည်ကို အံ့သြဖွယ် တွေ့မြင်ရမည်ဖြစ်သည်။
ထို့အပြင် ဤလူငယ်သည် နှုတ်ခမ်းတွင် အပြုံးတစ်ခု ရှိနေသော်လည်း ထို ငွေရောင် မျက်လုံးများထဲတွင်တော့ အမြဲတမ်း အေးစက်နေကာ မည်သည့် ခံစားချက်မျှ မပါဝင်ပေ။
"သခင်ကြီ"
ထိုက်ရှန်နှင့်ထိုက်ချုံတို့က သူတို့ရှေ့ရှိ ဤငွေရောင်မျက်လုံးများနှင့်လူငယ်ကို မြင်လိုက်ရသောအခါ ခါးညွှတ်၍ အရိုအသေပေးလိုက်ကြသည်။
ထိုက်စုတွင် ကိုယ်ပွားများစွာ ရှိပြီး လူပုံစံ၊ သားရဲပုံစံများနှင့်သမိုင်းမတင်မီခေတ်က ကြောက်မက်ဖွယ် သားရဲကိုယ်ပွားများပင် ရှိသော်လည်း ယခု သူတို့ရှေ့ရှိ ဤခန္ဓာကိုယ်မှာ သေချာပေါက် ထိုက်စု၏အသန်မာဆုံးသော ကိုယ်ပွားများထဲမှ တစ်ခုဖြစ်ကာ ထိုက်လော့ကို ရင်ဆိုင်ရန်အတွက် ထိုက်စုသည်လည်း အစွမ်းကုန် ကြိုးစားအားထုတ်နေပြီး အပြင်ပန်းတွင် ပြောနေသကဲ့သို့ သာမန်ကာလျှံကာ မဟုတ်သည်မှာ သိသာထင်ရှားလှသည်။
"အင်း"
ထိုက်စုက ခေါင်းညိတ်လိုက်ပြီး စကားအများကြီး မပြောတော့ဘဲ သူ၏လက်ဝါးကို ဖြန့်လိုက်သည်ကို မြင်လိုက်ရကာ သူ၏ လက်ဖဝါးထဲတွင်၅လက်မ၊ ၆လက်မခန့်ရှိ ရွှေဝါရောင် လှေငယ်လေးတစ်စင်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုက်စုက လေထဲသို့ ပစ်တင်လိုက်သည်နှင့် ၆လက်မ၊ ၇လက်မခန့်သာ ရှိသော ထိုလှေငယ်လေးမှာ ချက်ချင်းပင် လေနှင့်ထိကာ ကြီးမားလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပေတစ်ရာကျော်ခန့် အရှည်ရှိလာခဲ့သည်။
ထိုက်စုနှင့်ထိုက်ရှန်၊ ထိုက်ချုံတို့က ရွှေရောင် နတ်လှေပေါ်သို့ တက်လိုက်ကြပြီးနောက် ဂူကောင်းကင်အဆင့်ချီစွမ်းအားတစ်ခုက လှေ၏ထိပ်ပိုင်းသို့ စီးဝင်သွားကာ နောက်တစ်စက္ကန့်မှာပင် ဟိန်းထွက်သွားသောအသံနှင့်အတူ ထိုက်စုက လူများကို ဦးဆောင်ကာ အလျင်အမြန်ပင် ဟင်းလင်းပြင်ကို ထိုးခွဲ၍ ဟင်းလင်းပြင်နှင့်အချိန်၏ နက်ရှိုင်းသော နေရာအတွင်းသို့ ပျောက်ကွယ်သွားခဲ့သည်။
......
အလွန်ဝေးကွာသော မြောက်ဘက်အရပ်၊ ကျယ်ပြောလှသော တာ့ခ် မြက်ခင်းပြင်ကြီးပေါ်တွင် အေးစက်သော လေပြေတစ်ခု တိုက်ခတ်သွားပြီးနောက် မြက်ခင်းပြင်ပေါ်တွင် ဖြူဖျော့ဖျော့ အလွှာတစ်ခု ယိမ်းနွဲ့လှုပ်ခတ်သွားသည်ကို မြင်တွေ့နိုင်သည်။
လွင်ပြင်ထက်မှ မြက်ပင်များ၊ တစ်နှစ်တစ်ခါ ညှိုးနွမ်းရှင်သန်….
ဤအရာက တောမီးလောင်ပြီးနောက်မှ မြက်ခင်းပြင်များနှင့်ကိုက်ညီရုံသာမက ကြီးမားသော အအေးလှိုင်းဒဏ်နှင့်လည်း ထပ်တူညီစွာ ကိုက်ညီပေသည်။
ကြမ်းတမ်းသော ဆောင်းရာသီ လွန်မြောက်သွားပြီးနောက် မြက်ခင်းပြင်ကြီးပေါ်တွင် သက်ဝင်လှုပ်ရှားမှုများ ဖြည်းဖြည်းချင်း ပြန်လည်စတင်နေပြီဖြစ်ကာ မြေအောက်နက်နက်မှနေ၍ အညှောက်သစ်များ ထွက်ပေါ်လာကြသည်။ အဝေးမှနေ၍ ကြည့်လိုက်ပါက နွားနှင့်သိုးများကို မောင်းနှင်ကာ မြက်ခင်းပြင်ကြီးပေါ်တွင် ကျက်စားနေကြသော သိုးကျောင်းသားအချို့ကိုပင် မြင်တွေ့နိုင်သည်။
မြက်ခင်းပြင်မှာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပေ။ အတိတ်က ထိုဘေးဒုက္ခကြီးထဲတွင် မြက်ခင်းပြင်ပေါ်ရှိ နွား၊ သိုးနှင့်မြင်းရိုင်းများ၏ ၉၀ ရာခိုင်နှုန်းကျော်မျှ ဆုံးရှုံးခဲ့ရသောကြောင့် ယခင်အချိန်များကဲ့သို့ အပြည့်အဝ ပြန်လည်ရောက်ရှိရန် အချိန်အကြာကြီး လိုအပ်နေသေးသည်။
******