အခန်း ၂၃၀၉
Vol. 144 Ch. 2309
အခန်း ၂၃၀၉ လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးရှာမန်
ယခုအချိန်တွင် တာ့ခ် မြက်ခင်းပြင်ကြီး၏ အရှေ့ဘက်ဒေသ၌ တိမ်တိုက်များအထိ မြင့်မားနေသော တောင်ထွတ်တစ်ခုရှိပြီး တောင်ထိပ်ပေါ်တွင် မီးခိုးရောင် တဲတစ်လုံးကို ဆောက်လုပ်ထားသည်။ တဲအရှေ့တွင်တော့ မီးသွေးမီးပုံတစ်ခုက တောက်လောင်နေသော်လည်း ဘယ်ညာပတ်ဝန်းကျင်၌ လူရိပ်တစ်ဝက်မျှပင် မရှိသောကြောင့် ထင်ရှားပေါ်လွင်နေပြီး ထူးဆန်းနေသည်။
သို့သော် အနီးသို့ကပ်၍ သေချာနားထောင်ကြည့်မည်ဆိုပါက တောင်ထိပ်ရှိ ဟာလာဟင်းလင်းဖြစ်နေသော တဲအတွင်းမှနေ၍ ရှိသလိုလို မရှိသလိုလို အသံတစ်ခု လျှို့ဝှက်စွာ ထွက်ပေါ်လာသည်ကို ကြားရမည်ဖြစ်သည်။
"ကျွန်မရဲ့သခင်၊ တကယ်ပဲ ဒီအခြေအနေအထိ ရောက်သွားခဲ့ပြီလား။"
"ကျွန်မ သိပါတယ်၊ ဒါပေမဲ့... သခင့်အနေနဲ့ ထပ်ခါတလဲလဲ စဉ်းစားပေးဖို့ ကျွန်မ မျှော်လင့်ပါတယ်။"
"ကျွန်မ မရဲဝံ့ပါဘူး၊ သခင့်ရဲ့အလိုဆန္ဒအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ပါ့မယ်။"
"ဟုတ်ကဲ့ပါ။"
အဆက်မပြတ် ထွက်ပေါ်နေသည်မှာ အမျိုးသမီးတစ်ဦး၏ အသံဖြစ်ပြီး အခြားလူတစ်ယောက်နှင့်တစ်ခုခု ပြောဆိုနေပုံရသော်လည်း ထိုအမျိုးသမီး၏အသံကို ကြားနေရသော်ငြား သူမနှင့်စကားပြောနေသူ၏အသံကိုတော့ လုံးဝ မကြားရဘဲ အကြိမ်တိုင်း၌ အက်ကွဲကွဲနှင့်ကြမ်းတမ်းသော အသံတစ်သံသာ ထွက်ပေါ်လာခဲ့သည်။
အချိန်အကြာကြီး ကြာပြီးနောက်တွင်တော့ စကားပြောဆိုမှုများက အဆုံးသတ်သွားပုံရပြီး အသံများအားလုံး အကုန်လုံး ပျောက်ကွယ်သွားခဲ့သည်။
"ဝုန်း"
အလင်းရောင်တစ်ချက် လက်သွားပြီးနောက် ဂယက်လှိုင်းတစ်ခု ဖြတ်သန်းသွားကာ မူလက လူတစ်ယောက်မျှမရှိသော တဲအတွင်း၌ လူရိပ်တစ်ခု ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။
သေချာကြည့်လိုက်ပါက ဤ ရုတ်တရက် ပေါ်လာသော လူရိပ်မှာ အသက် (၃၀) ဝန်းကျင်ခန့်ရှိပြီး လွန်စွာလှပသော ရုပ်ရည်ရှိကာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ခမ်းနားလှပသော အမျိုးသမီးရှာမန်ဝတ်စုံကို ဝတ်ဆင်ထားသည်။
သို့သော် သူမ၏ မျက်လုံးနေရာတွင်တော့ လက်နှစ်သစ်ခန့် ကျယ်သော အဖြူရောင် ပိုးပဝါတစ်ထည်ကို စည်းနှောင်ထားသောကြောင့် လျှို့ဝှက်ဆန်းကြယ်ပြီး လှပနေပုံပေါ်သည်။
"ဒါတွေအားလုံးက ကံကြမ္မာပဲ"
ရှည်လျားသော သက်ပြင်းချသံတစ်ခုနှင့်အတူ အမျိုးသမီးရှာမန်က ဝေးကွာသော နေရာတစ်ခုဆီသို့ လှမ်းကြည့်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
မြက်ခင်းပြင်ကြီးပေါ်တွင် ဟာလာဟင်းလင်းဖြစ်နေပြီး မည်သည့်အရာမျှ မရှိသော်လည်း အမျိုးသမီးရှာမန်၏မျက်လုံးထဲတွင်တော့ ဤနေရာသို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် ဦးတည်လာနေသည့် လူရိပ်နှစ်ခု ရှိနေသည်မှာ ရှင်းလင်းထင်ရှားနေသည်။
"ဝုန်း"
ထိုရှည်လျားသော သက်ပြင်းချသံနှင့်အတူ တောင်ထိပ်ပေါ်ရှိ တဲ၊ အမျိုးသမီးရှာမန် နှင့်တဲအရှေ့ရှိ မီးသွေးမီးပုံ အပါအဝင် အားလုံးက ပျောက်ကွယ်သွားခဲ့ပြီး တစ်ခါမှ မပေါ်လာခဲ့ဖူးသကဲ့သို့ပင် ဖြစ်သွားခဲ့သည်။
ထို့နောက် အချိန်တိုလေးအတွင်းမှာပင် အလင်းရောင်တစ်ချက် လက်သွားပြီး လူရိပ်တစ်ခုက ယာလော့ရှန်း၏ တောင်ခြေတွင် ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။
"ထိုက်မျိုးဆက် ကျွမ်းကျင်သူတွေက တကယ်ပဲ သာမန်လူ တစ်ယောက်မှ မပါဘူးပဲ။"
ဝမ်ချောင်က သူ့ရှေ့ရှိ ပြောင်ရှင်းနေသော တောင်တန်းကြီးကို ကြည့်ကာ ရုတ်တရက် စကားစပြောလိုက်သည်။
သူက ယာလော့ရှန်းသို့ ကြိုတင်ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး ဤအချိန်အတောအတွင်း သူသည် ထိုက်လော့သို့မဟုတ် ထို တာ့ခ် စစ်နတ်ဘုရား ဖုံးကွယ်ထားသော နေရာလွတ် ဝင်ပေါက်ကို အမြဲတမ်း ရှာဖွေနေခဲ့သည်။
သို့သော် ပြောရလွယ်သလောက် လုပ်ရခက်ခဲလှပြီး အချိန်တစ်ရက်တိတိ ကြာသွားခဲ့သော်လည်း ဝမ်ချောင်သည် ထိုက်လော့၏ မည်သည့် သဲလွန်စကိုမျှ ရှာမတွေ့နိုင်ခဲ့ပေ။
ဤအခိုက်အတန့်တွင်တော့ ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းသည် သူ ယာလော့ရှန်းတွင် ရှိနေမှန်း သေချာပေါက် သိနေပါလျက်နှင့်ဤမျှ နှစ်ပေါင်းများစွာတိုင်အောင် ဘာကြောင့် သူ့ကို မည်သို့မျှ မတတ်နိုင်ဘဲ ရှာလည်းမတွေ့ခဲ့ရသလဲဆိုသည်ကို သူ နားလည်သွားခဲ့သည်။
"နေရာလွတ်ပေါ်က ပထဝီဝင် သဘောတရားနဲ့ လက်တွေ့ထဲက ပထဝီဝင် သဘောတရားက လုံးဝကို မတူညီဘူး၊ ထိုက်လော့ရဲ့ နေရာလွတ် ဝင်ပေါက်က ယာလော့ရှန်းမှာ ရှိတယ်ဆိုတာကို သိနေရင်တောင် လုံးဝ အဓိပ္ပာယ်မရှိဘူး၊ ဘာလို့လဲဆိုတော့ ထိုက်လော့အတွက်ကတော့ သူ့ရဲ့ နေရာလွတ် ဝင်ပေါက်က ယာလော့ရှန်းမှာ ရှိနေတာပဲဖြစ်ဖြစ်၊ အလယ်ပိုင်းဒေသမှာ ရှိနေတာပဲဖြစ်ဖြစ် ဘာမှကွာခြားမှု မရှိဘူး၊ ‘ထျန်း’ ရဲ့ နေရာလွတ်တွေက အမြဲတမ်း အဆုံးအစမဲ့တဲ့ ဟင်းလင်းပြင်နဲ့ အချိန်ရဲ့ နက်ရှိုင်းတဲ့ နေရာတွေမှာ ရှိနေတာပဲလေ"
လီရွှမ်တု၏အသံက ဝမ်ချောင်၏ ခေါင်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူသည် ဂူကောင်းကင်စည်းမျည်းများပေါ်တွင် နစ်မြုပ်လေ့လာခဲ့သည့်အချိန်က ဝမ်ချောင်ထက်ပင် ပိုမို ကြာမြင့်သောကြောင့် ဤ နေရာလွတ် ဥပဒေသများကိုလည်း အလွန်အမင်း နားလည်သဘောပေါက်ထားသည်။
နေရာလွတ် ဥပဒေသများမှာ အလွန်ရှုပ်ထွေးလှပြီး ဝင်ပေါက်က ယာလော့ရှန်းတွင် ရှိသည်ကို သိရခြင်းက ပဟေဠိဆက်ကစားချိန်တွင် အပိုင်းအစတစ်ခုကို ရလိုက်သကဲ့သို့သာဖြစ်ပြီး ဤအရာလေးတစ်ခုတည်းကိုသာ အားကိုး၍ ပဟေဠိပုံတစ်ခုလုံး၏ အသွင်အပြင်ကို ခန့်မှန်းသိရှိရန် ဆိုသည်မှာ များစွာလိုအပ်နေသေးသည်။
"ထိုက်လော့က လူအားလုံးထဲမှာ သတိအထားဆုံးနဲ့ အသေချာဆုံးသူ ဖြစ်နိုင်တယ်၊ ပြီးတော့ သူက ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းနဲ့ ‘ထျန်း’ ကို အမြဲတမ်း သတိထားနေခဲ့တာ၊ ထိုက်ယွမ်က ဆင်းဒုက ပြည်သူတွေကို စောင့်ရှောက်ပေးဖို့ လိုအပ်သေးတာကြောင့် အတိုင်းအတာတစ်ခုအထိတော့ ဆင်းဒုလူမျိုးတွေရဲ့ ထိန်းချုပ်မှုကို ခံနေရတယ်၊ ထိုက်ရီက နှင်းတောင် ကျောင်းတော်ကို တည်ထောင်ခဲ့ပြီး နှင်းတောင် ကျောင်းတော်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိနေတယ်၊ ဒီလူတွေအားလုံးမှာ ချည်နှောင်ထားတဲ့ အရာတွေ ရှိနေကြတယ်၊ ဒါပေမဲ့ ထိုက်လော့ကတော့ မတူဘူး၊ သူက တာ့ခ်လူမျိုးတွေကိုတောင် စွန့်လွှတ်လိုက်ပြီဖြစ်လို့ သူ့ကို ချည်နှောင်ထားနိုင်တဲ့ အရာဆိုတာ လုံးဝကို မရှိတော့တာ။"
"တကယ်လို့ သူကသာ တမင် ဖုံးကွယ်ထားချင်တယ်ဆိုရင် အချိန်တိုလေးအတွင်းမှာ သူ့ကို ရှာတွေ့ဖို့ဆိုတာ တကယ်ကို မလွယ်ကူဘူး။"
ဝမ်ချောင်က အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
ဤအချိန်အတောအတွင်း ယာလော့ရှန်း၏ တောင်ထိပ်တွင် ထူးခြားသော လှုပ်ရှားမှုတချို့ ရှိနေသည်ကို သူ အကြိမ်ပေါင်းများစွာ ခံစားမိခဲ့သော်လည်း အကြိမ်တိုင်းတွင် သူ ရောက်လာချိန်၌ တစ်ဖက်လူက အာရုံခံမိသွားပုံရပြီး ကြိုတင်ပျောက်ကွယ်သွားခဲ့သောကြောင့် ယခုအချိန်အထိ ဝမ်ချောင်တွင် ကြီးမားသော တိုးတက်မှုမျိုး မရှိခဲ့ပေ။
"ဒါနဲ့၊ ‘ထျန်း’ က ထိုက်မျိုးဆက် သစ္စာဖောက်တွေ အားလုံးကို စတင် တိုက်ခိုက်နေပြီး ထိုက်ယွမ်ကို အောင်မြင်စွာ သတ်ဖြတ်ကာ ကမ္ဘာပျက်ကပ် အမှတ်အသားကို ပြန်ယူသွားတဲ့ ကိစ္စကို သူ သိလောက်တယ်လို့ မင်း ထင်လား။"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် လီရွှမ်တုက စကားလမ်းကြောင်းပြောင်းကာ ထိုက်ယွမ်၏ ကိစ္စကို ရုတ်တရက် ထုတ်ပြောလိုက်သည်။
ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း၏ ပြည်တွင်းရေး ပဋိပက္ခများနှင့်ပတ်သက်၍ လီရွှမ်တုက အလွန်စိတ်ဝင်စားနေပြီး သူ၏ ထက်မြက်လှသော အလိုအလျောက်သိစိတ်ကို အားကိုးကာ ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း၏ ထိုပြည်တွင်းရေး ပဋိပက္ခသည် လူအများ အောင်ပွဲခံနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်သလို အကြီးမားဆုံး အခွင့်အရေးလည်း ဖြစ်နိုင်ကြောင်းကို လီရွှမ်တုခံစားမိနေသည်။
"ထိုက်လော့က မင်းထင်ထားသလောက် အဲဒီလောက်ကြီး ပိတ်လှောင်နေတာ မဟုတ်ဘူး၊ သူက သူ့ရဲ့ လှုပ်ရှားမှုတွေကို အများကြီး ထိန်းချုပ်ထားပြီး အပြင်ဘက်က အာရုံစိုက်လာတာမျိုးကို တမင်တကာ မလုပ်တာပါ၊ အပြင်လောကကို ဘာမှမသိတာမျိုးတော့ မဟုတ်ဘူး၊ အပြင်ဘက်မှာ သူ့အတွက် အမြဲတမ်း မျက်စိနဲ့ နားတွေ ရှိနေလောက်တယ်လို့ ငါ ခံစားမိတယ်၊ ပြီးတော့ သူ အပြင်လောကကို သိရှိနားလည်ထားတာက ငါတို့ ထင်ထားတာထက်တောင် အများကြီး ပိုနေလောက်တယ်။"
"ထိုက်ယွမ်ရဲ့ ကိစ္စကတော့ ဘာအံ့သြစရာမှ မရှိဘဲ သူ သိနေလောက်ပါပြီ။"
ဝမ်ချောင်က စကားစပြောလိုက်သည်။
ထိုက်လော့သည် ထိုက်ရှီအပါအဝင် များပြားလှသော ထိုက်မျိုးဆက် ကျွမ်းကျင်သူများထက်များစွာ ပို၍သန်မာလောက်မည်ဟု သူ ခံစားမိနေ၏။ သူ၏နှစ်ရာပေါင်းများစွာ ကြာမြင့်ခဲ့သော လှုပ်ရှားမှုများကို ခြုံငုံကြည့်ပါက သူသည် တကယ်ကို ကျဆင်းသွားခဲ့ခြင်း ဖြစ်နိုင်သလို လူအများ ထင်မှတ်ထားသည်ထက် ပို၍ခက်ခဲကြမ်းတမ်းပြီး ကြောက်မက်ဖွယ် ကောင်းနေခြင်းလည်း ဖြစ်နိုင်သည်။ ဝမ်ချောင်ကတော့ နောက်ပိုင်းအချက်ကို ပို၍ ယုံကြည်နေသည်။
‘ထျန်း’ နှင့်ထိုက်စုတို့က ထိုက်ယွမ်ကို အရင်ဆုံး ရင်ဆိုင်ရန် ရွေးချယ်ခဲ့ပြီးမှ ထိုက်လော့ကို ရင်ဆိုင်ရန် ရွေးချယ်ခဲ့ခြင်းက တကယ်တမ်းတွင် ပြဿနာကို ရှင်းပြပြီးသား ဖြစ်နေသည်။
"ဒီလိုသာဆိုရင် ထိုက်လော့ဘက်က အဆင်သင့် ပြင်ဆင်ထားလောက်ပြီလို့ ပြောလို့ရပြီး ပုံမှန်အချိန်တွေနဲ့ ယှဉ်ရင် သူ့ကို ရှာတွေ့ဖို့က ပိုပြီး ခက်ခဲသွားလောက်ပြီ။"
လီရွှမ်တု၏ အသံက အလင်းစက်ကွင်း နတ်လက်နက်အတွင်းမှနေ၍ ထွက်ပေါ်လာခဲ့သည်။
လီရွှမ်တုသည် ထိုထိုက်မျိုးဆက်မှ ကျွမ်းကျင်သူများကို တစ်ခါမှ အထင်သေးလေ့မရှိဘဲ ဤ တာ့ခ်ခရီးစဉ်မှာ ထင်မှတ်ထားသလောက် ချောမွေ့လိမ့်မည် မဟုတ်ပေ။
သို့သော် အချိန်က သူတို့ဘက်တွင် ရှိမနေဘဲ ‘ထျန်း’သာ အောင်မြင်သွားပါက သူတို့အားလုံးအတွက် အနိုင်ရရန် မည်သည့် မျှော်လင့်ချက်မှ ရှိတော့မည်မဟုတ်သည့်အပြင် အလင်းစက်ကွင်း နတ်လက်နက်အတွင်း၌ ဝမ်မိသားစုမှ လူရာပေါင်းများစွာကို ဝမ်ချောင်က ချိတ်ပိတ်ထားခဲ့သော်လည်း ယခင်ကနှင့်ယှဉ်လျှင် သူတို့၏ အခြေအနေမှာ သိသိသာသာကို ထပ်မံဆိုးရွားလာခဲ့ပြီဖြစ်ကြောင်း လီရွှမ်တု ခံစားသိရှိနိုင်သည်။
"ဟက်၊ စိတ်ချပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သေချာပေါက် ရှာတွေ့မှာပါ။"
ဝမ်ချောင်က ခဏမျှ စဉ်းစားလိုက်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။
"ဝုန်း"
ရုတ်တရက် တစ်ခုခုကို ခံစားမိလိုက်သကဲ့သို့ ဝမ်ချောင်က ခေါင်းလှည့်လာခဲ့ပြီး လီရွှမ်တုနှင့်အတူ သူတို့၏ အနောက်ဘက်သို့ ကြည့်လိုက်ကြသည်။
သူတို့နှစ်ဦး၏ အာရုံခံစားမှုထဲတွင် အလွန်ထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက ဤနေရာသို့ အံ့မခန်း မြန်ဆန်သော အရှိန်ဖြင့် ချဉ်းကပ်လာနေသည်။
ဝမ်ချောင်သည် တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ အလင်းရောင်တစ်ချက် လက်သွားသည်နှင့်အတူ လီရွှမ်တုကို ခေါ်ဆောင်ကာ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် အသက်တစ်ရှိုက်စာ အချိန်လေးအတွင်းမှာပင် ဟိန်းထွက်လာသော အသံကြီးနှင့်အတူ ယာလော့ရှန်း၏ တောင်ဘက် မီတာခြောက်ဆယ်ခန့်အကွာရှိ လေထုထဲတွင် နေရာလွတ်က ပြင်းထန်စွာ လှုပ်ရှားသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လေထုကြီးက ကွဲဟသွားကာ ရွှေရောင်လင်းလက်နေသော ရွှေရောင် နတ်လှေတစ်စင်းက မိုးကြိုးပစ်ချလိုက်သည့်အလား ဟင်းလင်းပြင်နှင့်အချိန်၏ နက်ရှိုင်းသော နေရာမှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဤရွှေရောင် နတ်လှေ၏ အငွေ့အသက်မှာ မုန်တိုင်းတစ်ခုကဲ့သို့ အလွန်ကြီးမားလှပြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် တောင်တန်းကြီးများကဲ့သို့ လေးလံသော ဖိအားတစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ ယာလော့ရှန်းတစ်တောင်လုံးပင် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် အနည်းငယ် တုန်ခါသွားခဲ့ရသည်။
"ဝုန်း"
အလင်းရောင်တစ်ချက် လက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားများကဲ့သို့ ကြီးမားလှသော လူရိပ်သုံးခုက ရွှေရောင် နတ်လှေ၏ ရှေ့တွင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် မြေပြင်များ တုန်ခါသွားပြီး ယာလော့ရှန်းတစ်တောင်လုံးပင် ပို၍လေးလံသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဒီနေရာပဲ ဖြစ်ရမယ်။"
အဘယ်ဘက်အစွန်ဆုံးမှ ထိုက်ရှန်က အောက်ဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်ပြီး အေးစက်စက် မျက်နှာဖြင့် ပြောလိုက်သည်။
"အရမ်းကို မြင့်မားတဲ့ နည်းလမ်းတွေပဲ၊ နှမြောစရာကောင်းတာက အရာအားလုံးက ‘ထျန်း’ ရဲ့ ခန့်မှန်းချက်တွေထဲမှာ ရှိနေတာပဲ။"
ညာဘက်မှ ထိုက်ချုံက ထောက်ခံလိုက်သော်လည်း အလယ်မှ ငွေရောင်မျက်လုံးများနှင့်လူငယ်ပုံစံ ထိုက်စုကတော့ မျက်နှာပေါ်တွင် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း မရှိဘဲ တည်ငြိမ်နေခဲ့သည်။
"ထိုက်လော့၊ မိတ်ဆွေဟောင်းတွေ ရောက်လာတာကို ကိုယ်တိုင် ထွက်မကြိုတော့ဘူးလား။"
ထိုက်စု၏ အကြည့်များက မြေပြင်တစ်ခွင်သို့ လှည့်လည်ကြည့်ရှုသွားပြီး နောက်ဆုံးတွင်တော့ တောင်ထိပ်ပေါ်ရှိ နေရာတစ်ခု၌ ရပ်တန့်သွားခဲ့သည်။
အရပ်လေးမျက်နှာလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ထိုက်စု၏ မိုးကြိုးကဲ့သို့ အသံကြီးက ပဲ့တင်ထပ်နေသည်မှလွဲ၍ မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ သူတို့သုံးယောက်တည်း စကားပြောနေသကဲ့သို့ပင် ဖြစ်နေသည်။
"ဟွန့်"
ဘယ်ညာမှ ထိုက်ရှန်နှင့်ထိုက်ချုံတို့က အေးစက်စွာ နှာမှုတ်လိုက်ကြပြီး သိသိသာသာပင် အနည်းငယ် မကျေမနပ် ဖြစ်သွားကြသည်။
ဂူကောင်းကင်အဆင့် ကျွမ်းကျင်သူများဖြစ်ကြသည့်တိုင် ထိုက်လော့၏ ကျင့်စဉ်အဆင့်နှင့်ဆိုလျှင် ယာလော့ရှန်းတွင် ခြင်တစ်ကောင် ပျံသန်းသွားပါက သူ ရှင်းရှင်းလင်းလင်း သိနိုင်စွမ်းရှိရာ သူတို့သုံးဦး၏ အသံကို မကြားရရန်ဆိုသည်မှာ မဖြစ်နိုင်ပေ၊ သိသာထင်ရှားသည်မှာ ထိုက်လော့က သူတို့ကို ဂရုမစိုက်ချင်၍သာ ဖြစ်သည်။
သို့သော် အလယ်မှ ထိုက်စုကတော့ ဤသို့ဖြစ်လာမည်ကို စောစောစီးစီးကတည်းက ခန့်မှန်းထားပြီးဖြစ်ပုံရကာ တည်ငြိမ်နေခဲ့သည်။
"ထိုက်လော့၊ အဲဒီတုန်းက ထိုက်မျိုးဆက် ဆယ့်နှစ်ယောက်ထဲမှာ မင်းရဲ့ဂူကောင်းကင်အဆင့် ကျွမ်းကျင်မှုက အမြင့်ဆုံးနဲ့ အပြောင်မြောက်ဆုံးပဲ၊ တချို့လူတွေက မင်းကို ‘ထျန်း’ နဲ့တောင် ယှဉ်နိုင်တယ်လို့ ပြောခဲ့ကြတယ်၊ ဒါပေမဲ့ အခြေအနေတွေက အချိန်နဲ့အမျှ ပြောင်းလဲသွားပြီဖြစ်လို့ အခုအချိန်က အဲဒီတုန်းက အချိန်တွေ မဟုတ်တော့ဘူး။"
ထိုက်စု၏ အသံက ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"မင်းက ထွက်မလာချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး၊ ငါ ကိုယ်တိုင်ပဲ မင်းကို ထွက်လာအောင် ဖိတ်ခေါ်ပေးပါ့မယ်။"
ထိုက်စုက ပြောလိုက်ရင်း လေဟာနယ်ပေါ်သို့ ခြေလှမ်းကာ ရှေ့သို့ တစ်လှမ်း တက်လိုက်သည်။
ခြေလှမ်းကို လှမ်းလိုက်သည်နှင့်မူလက ရက်စက်ကြမ်းကြုတ်သော လေဟာနယ်မှာ မာသောမြေကြီးအဖြစ် ပြောင်းလဲသွားသကဲ့သို့ ထိုက်စု၏ခန္ဓာကိုယ်ထဲမှ ဧရာမ စွမ်းအားကြီးတစ်ခုက အောက်ဘက်ရှိ လေဟာနယ်တစ်ခုလုံးဆီသို့ ရိုက်ခတ်သွားခဲ့သည်။
ထိုက်စု၏ ခန္ဓာကိုယ်အတွင်းမှ အလင်းရောင်တစ်ချက် လက်သွားပြီးနောက် ထိုထိုက်စု ခြေရာခံပစ္စည်းက ထပ်မံ၍ အပြင်သို့ ပစ်ထွက်လာခဲ့သည်။ ချက်ချင်းပင် ကောင်းကင်နှင့်မြေကြီးကြားတွင် အလင်းရောင်များ ထိန်လင်းသွားပြီး မရေမတွက်နိုင်သော ငွေရောင် အလင်းတန်းများက ပိုက်ကွန်တစ်ခုကဲ့သို့ ထိုက်စု ခြေရာခံပစ္စည်း အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာကာ ယာလော့ရှန်းတစ်တောင်လုံးကို လွှမ်းခြုံသွားခဲ့သည်။
"ဝုန်း"
ပုံဖော်မရသော စွမ်းအားတစ်ခု၏ အကျိုးသက်ရောက်မှုအောက်တွင် ဧရာမ ယာလော့ရှန်းကြီးနှင့်တကွ လေဟာနယ်တစ်ခုလုံးပါ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ယာလော့ရှန်း၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ငွေရောင် မျဉ်းကြောင်းများက လေဟာနယ်တစ်ခုလုံးကို ချုပ်နှောင်လိုက်ကြသည်။
ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော ငွေရောင် မျဉ်းကြောင်းများ၏ အလယ်ဗဟိုတွင်တော့ ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားခဲ့သည်။
"ဟွန့်… ဒီနေရာပဲ"
လေထဲတွင် ထိုက်စုက ဤမြင်ကွင်းကို ကြည့်ကာ သူ၏ နှုတ်ခမ်းထောင့်တွင် ယုံကြည်မှုရှိပြီး တည်ငြိမ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ၏ လက်ချောင်းဖြင့် တစ်ချက်ညွှန်ပြလိုက်ရာ ဧရာမ ဟင်းလင်းပြင်နှင့်အချိန် စွမ်းအားတစ်ခုက ငွေရောင် မျဉ်းကြောင်းများပေါ်ရှိ ထို တောက်ပသော အဖြူရောင် အလင်းတန်းဆီသို့ ချက်ချင်း ရိုက်ခတ်သွားခဲ့သည်။
အစီအရင်တစ်ခု ကွဲအက်သွားသကဲ့သို့ နားကွဲမတတ် အသံကြီးတစ်သံနှင့်အတူ သူတို့သုံးဦး၏ အကြည့်အောက်မှာပင် ယာလော့ရှန်းတစ်တောင်လုံး ရှိနေသည့် လေဟာနယ်မှာ မှန်တစ်ချပ်ကဲ့သို့ ကွဲအက်သွားခဲ့သည်။
လေပြင်းများ တိုက်ခတ်လာပြီး လေစီးကြောင်းများ ရုတ်ရုတ်သဲသဲဖြစ်ကာ နေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး သူတို့သုံးဦး၏ အကြည့်အောက်မှာပင် မူလက ဟာလာဟင်းလင်း ဖြစ်နေသော ယာလော့ရှန်းတောင်မှာ ရုတ်တရက် တောင်ကိုယ်ထည်က သုံးဆကျော် ပိုမိုကြီးမားလာခဲ့၏။ ဤမျှသာမက တောင်ထိပ်ပေါ်တွင် မှော်ပညာကဲ့သို့ပင် ဧရာမ ခမ်းနားကြီးကျယ်လှသော ခရမ်းရွှေရောင် နန်းတော်ကြီးတစ်ခု ရုတ်တရက် လေထဲမှနေ၍ ပေါ်ထွက်လာခဲ့သည်။
ဤနန်းတော်ကြီးမှာ မီတာတစ်ရာခန့် မြင့်မားပြီး ကြီးကျယ်ခမ်းနားလှကာ မြင့်မြတ်သော အငွေ့အသက်များကိုပါ ထုတ်လွှတ်နေပြီး ဤနန်းတော်ကြီးကို ဗဟိုပြု၍ တောင်တစ်လျှောက် တစ်ဖက်တစ်ချက်စီတွင် မရေမတွက်နိုင်သော နန်းတော်များ မတ်မတ်ရပ်တည်နေကြရာ ၎င်းသည် ခမ်းနားကြီးကျယ်သော ရှေးဟောင်း နန်းတော်အဆောက်အအုံများပင် ဖြစ်သည်။
******