အခန်း ၂၃၁၅
Vol. 144 Ch. 2315
အခန်း (၂၃၁၅) အရပ်ဆယ်မျက်နှာ အလင်းနှင့်အမှောင် ဟင်းလင်းပြင် အစီအရင်ကြီး
"ဟား"
တစ်ပြိုင်နက်တည်းလောက်မှာပင် ထိုက်ရှန်နှင့်ထိုက်ချုံ တို့နှစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအားများ အားလုံးကို အစွမ်းကုန် ပေါက်ကွဲထုတ်လိုက်ကာ လေထဲရှိ ထိုက်စု ခြေရာခံပစ္စည်း အတွင်းသို့ ပေါင်းထည့်လိုက်ကြသည်။
သူတို့သုံးဦး၏ စွမ်းအားကို စုစည်းလိုက်သောအခါ လေထဲတွင် မူလကတည်းက ဧရာမ အရွယ်အစား ရှိနေပြီးသော ထိုက်စု ခြေရာခံပစ္စည်းမှာ ချက်ချင်းပင် ထပ်မံ၍ တစ်ဆခန့် ကြီးမားလာပြီး ဧရာမ တောင်တန်းကြီးတစ်ခုကဲ့သို့ ထိုက်လော့နှင့်အခြားသူများဆီသို့ ထိုက်တောင်ကြီး တစ်တောင်လုံး ဖိချလိုက်သကဲ့သို့ ဖိချလာခဲ့သည်။
တစ်ချက်တည်းသော တိုက်ခိုက်မှုလေးသာဖြစ်သော်လည်း ထိုက်စု၊ ထိုက်ရှန်၊ ထိုက်ချုံတို့ သုံးဦး ပူးပေါင်းကာ အပြင်းထန်ဆုံးသော စွမ်းအားကို တိုက်ရိုက် ပေါက်ကွဲထုတ်လိုက်ကြခြင်းဖြစ်ပြီး မည်သည့် လှည့်ကွက်မှ မပါဝင်ဘဲ ထိုက်စုက လူတိုင်းကို တစ်ချက်တည်းနှင့်အဆုံးသတ်ချင်နေကြောင်း သိသာထင်ရှားလှသည်။
ထို့အပြင် ကောင်းကင်နှင့်မြေကြီး၏ သက်တမ်းနှင့်တူညီခြင်း ပညာရပ် မှာ အချိန်ကြာကြာ တိုက်ခိုက်ရန် မဖြစ်နိုင်ဘဲ ယခုလက်ရှိ သူ၏ သက်တမ်းမှာ နာရီအနည်းငယ်မျှသာ ကျန်ရှိတော့ရာ အကယ်၍ ထိုက်လော့နှင့်ဝမ်ချောင်တို့ကို မသတ်နိုင်ပါက ထိုအချိန်ရောက်လျှင် သေဆုံးရမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။
"ဝမ်ချောင်၊ တိုက်တော့"
ဤကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရသောအခါ လီရွှမ်တုပင်လျှင် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ရသည်။
အလင်းရောင်တစ်ချက် လက်သွားပြီးနောက် လီရွှမ်တု၏မျက်နှာအမူအရာမှာ အလွန်အမင်း တင်းမာသွားပြီး အလင်းစက်ကွင်း နတ်လက်နက်အတွင်းမှနေ၍ ရုတ်တရက် ထွက်လာ၏။ ဝမ်ချောင်၏ဘေးတွင် ထွက်ပေါ်လာခဲ့ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအားများမှာလည်း ဟိန်းထွက်နေကာ သံမဏိများ ပွတ်တိုက်သကဲ့သို့ အသံများ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်နေသည်။ အရွယ်အစားစုံလင်သော မရေမတွက်နိုင်သည့် ဟင်းလင်းပြင်နှင့်အချိန် စက်ကွင်းများက ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် ပြန့်ကျဲနေကာ လီရွှမ်တု၏တစ်ကိုယ်လုံးမှာလည်း လေးကြိုးကို အစွမ်းကုန် ဆွဲတင်းထားသကဲ့သို့ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
ထိုက်စုတို့ဘက်တွင် မူလကတည်းက ဂူကောင်းကင်အဆင့်ကျွမ်းကျင်သူ သုံးဦး ရှိနေပြီး ထိုသုံးဦး ပူးပေါင်းကာ ထူးခြားသော လျှို့ဝှက်ပညာရပ်များနှင့်ပေါင်းစပ်လိုက်သောအခါ ဤအခိုက်အတန့်တွင် ထိုက်စုတို့ ပေါက်ကွဲထုတ်လိုက်သော စွမ်းအားများမှာ အနည်းဆုံး ဂူကောင်းကင်အဆင့်ကျွမ်းကျင်သူ လေး၊ငါးယောက်ခန့်၏ အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
အကယ်၍ ထိုက်လော့သာ အသတ်ခံလိုက်ရပါက နောက်တစ်ဆင့်က သူနှင့်ဝမ်ချောင်တို့အလှည့် ဖြစ်လာမည်ဖြစ်ပြီး ဤ ပိတ်လှောင်ထားသော နေရာလွတ်ထဲတွင် သူတို့နှစ်ဦးမှာ ပိုက်ကွန်ထဲသို့ ကိုယ်တိုင် ဝင်ရောက်လာခြင်းနှင့်အတူတူပင် ဖြစ်သည်။
လေပြင်းများ တိုက်ခတ်လာပြီး လေထုမှာ အလွန်အမင်း တင်းမာလာခဲ့သော်လည်း လီရွှမ်တုက တိုက်ခိုက်ရန် ပြင်ဆင်နေချိန်မှာပင် ဝမ်ချောင်၏အသံက သူ၏နားထဲသို့ ရုတ်တရက် ရောက်လာခဲ့သည်။
"ခဏနေဦး"
ဝမ်ချောင်၏ မျက်လုံးများက တောက်ပနေပြီး အရှေ့ဘက်သို့ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကာ သူ၏ အသံထဲတွင်တော့ ထူးထူးခြားခြား တည်ငြိမ်မှုများ ပါဝင်နေသည်။
"အဲဒီလောက် မရိုးရှင်းဘူး၊ ထိုက်စုက သန်မာပေမဲ့ ထိုက်လော့ကလည်း ထင်ထားသလို ရင်ဆိုင်ရ လွယ်ကူတဲ့သူ မဟုတ်ဘူး။ သူ့မှာ နည်းလမ်း ရှိသေးတယ်။"
ဝမ်ချောင်က ထိုက်စုနှင့်ထိုက်လော့ကို အမြဲတမ်း စိုက်ကြည့်နေပြီး အထူးသဖြင့် ထိုက်လော့၏ သေးငယ်သော တုံ့ပြန်မှု တစ်ခုလေးကိုမျှ ဝမ်ချောင်က လက်လွတ်မခံခဲ့ပေ။
ထိုက်စုအသုံးပြုလိုက်သော ကောင်းကင်နှင့်မြေကြီး၏ သက်တမ်းနှင့်တူညီခြင်း ပညာရပ်မှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေသော်လည်း မျက်နှာချင်းဆိုင်မှ ထိုက်လော့ကတော့ လေဟာနယ်ထဲတွင် ရပ်နေကာ သူ၏မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး အနည်းငယ်မျှ ထိတ်လန့်သွားခြင်း မရှိသည်ကို ဝမ်ချောင် သတိပြုမိခဲ့သည်။ ၎င်းမှာ အသိတရား လွတ်နေသူ တစ်ယောက်၏ အမူအရာမျိုး လုံးဝမဟုတ်ပေ။
ထို့အပြင် ယခင်က တွန့်လိမ်ကောက်ကွေ့နေသော နေရာလွတ် လမ်းကြောင်းထဲတွင် သူ တွေ့မြင်ခဲ့ရသည့် ခွဲထွက်ဝိညာဉ်နှင့်ကိုယ်ပွားများကို ပိတ်လှောင်ထားသော ထို ဧရာမ ရှေးဟောင်း အစီအရင်ကြီးကို ဝမ်ချောင်က ပြန်လည် စဉ်းစားမိလိုက်ပြီး ဤမျှ ရှည်လျားသော အချိန်ကာလများအတွင်း ထိုက်လော့မှာ အပြင်ပန်းတွင် မြင်ရသကဲ့သို့ ရိုးရှင်းနေပြီး မည်သည့် ပြင်ဆင်မှုမှ မရှိဟု သူ လုံးဝ မယုံကြည်ပေ။
တကယ်ပင် အရေးကြီးသော အချိန်တွင် နတ်ဘုရားနယ်ပယ်မှ စစ်သည်တော်များ အားလုံးက ထိတ်လန့်တုန်လှုပ်ကာ ဘာလုပ်ရမှန်း မသိဖြစ်နေကြပြီး ဘေးဆိုးကြီး ကျရောက်လာတော့မည်ဟု ခံစားနေရချိန်မှာပင် ထိုက်လော့က စကားစပြောလိုက်သည်။ သူ၏အသံမှာ ရေတွင်းဟောင်းတစ်ခုကဲ့သို့ တည်ငြိမ်နေကာ အနည်းငယ်မျှပင် တုန်ယင်နေခြင်း မရှိပေ။
"ထိုက်စု၊ မင်း မေ့နေပြီထင်တယ်၊ ဒီနေရာက ငါ့ရဲ့ နေရာလွတ်၊ ငါ့ရဲ့ကမ္ဘာပဲ၊ ငါ့ရဲ့ခွင့်ပြုချက် မရှိဘဲနဲ့ ငါ့ရဲ့ နေရာမှာ မင်း ထင်တိုင်းကြဲခွင့် မပြုနိုင်ဘူး"
ထိုက်လော့က လေဟာနယ်တွင် မတ်မတ်ရပ်နေပြီး သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း သူ၏အသံထဲတွင်တော့ ပြိုင်ဘက်ကင်းသော အာဏာစက် တစ်ခုက ယိုစိမ့်ထွက်ပေါ်နေသည်။
ဝုန်း…
စကားသံ မဆုံးမီမှာပင် ထိုက်လော့၏ မျက်လုံးများထဲတွင် အလင်းရောင်တစ်ချက် လက်သွားပြီး မည်သည့် ကြိုတင် အရိပ်အယောင်မှ မရှိဘဲ သူ၏ ညာဘက်ခြေထောက်ဖြင့် တစ်ချက် နင်းလိုက်ရာ ပုံသဏ္ဌာန်မရှိသော လေဟာနယ်မှာ သူ၏ ခြေအောက်တွင် ခိုင်မာသော မြေကြီးတစ်ခုကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့၊ အချက်ပြမှု တစ်ခုခုကဲ့သို့ ကျယ်ပြောလှသော နေရာလွတ်ကြီး တစ်ခုလုံးတွင် ရုတ်တရက် ဧရာမ လှိုင်းလုံးကြီးများ ရိုက်ခတ်သွားပြီး ထိုက်လော့၏ ခြေအောက်တွင် လျှို့ဝှက်ထားသော ဧရာမ အစီအရင်ကြီးတစ်ခုက ဟိန်းထွက်လာကာ လေထဲမှနေ၍ ရုတ်တရက် ပေါ်ထွက်လာပြီးနောက် အရပ်လေးမျက်နှာရှိ ထောင်သောင်းချီသော ဧရာမ အစီအရင်များကလည်း တစ်ပြိုင်နက်တည်း နိုးထလာကြကာ အဆုံးအစမဲ့သော စွမ်းအင်များက မြစ်ရေများကဲ့သို့ နေရာလွတ်အတွင်း၌ စီးဆင်းသွားကြသည်။
မရေမတွက်နိုင်သော အစီအရင်ကြီးများက ထိုက်လော့ကို ဗဟိုပြုကာ ယခင်က မရှိခဲ့ဖူးသော ဧရာမ နေရာလွတ် ပိတ်လှောင်ခြင်း အစီအရင်ကြီး တစ်ခုအဖြစ် ထပ်မံ ဖွဲ့စည်းသွားကြသည်။
အရပ်ဆယ်မျက်နှာ အလင်းနှင့်အမှောင် ဟင်းလင်းပြင် အစီအရင်ကြီး။
ထိုက်လော့က ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော ကြောက်မက်ဖွယ်ကောင်းသည့် အစီအရင်ကြီးကို ချက်ချင်းပင် လှုံ့ဆော်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နေရာလွတ်က လှုပ်ခါသွားပြီးနောက် ရုတ်ချည်းပင် ကောင်းကင်နှင့်မြေကြီးရှိ အရာခပ်သိမ်းမှာ ထိုအခိုက်အတန့်တွင် အရောင်အဆင်းများ မှေးမှိန်သွားကြပြီး နေရာလွတ်တစ်ခုလုံးပင် ရုတ်တရက် များစွာမှောင်မိုက်သွားခဲ့သည်။
ဤမျှသာမက ထိုက်လော့က ဤ အရပ်ဆယ်မျက်နှာ အလင်းနှင့်အမှောင် ဟင်းလင်းပြင် အစီအရင်ကြီးကို လှုံ့ဆော်လိုက်ချိန်တွင် ဝမ်ချောင်သည် ပုံဖော်မရသော ဥပဒေသ စွမ်းအားတစ်ခုက လေဟာနယ် တစ်ခုလုံးကို ဖောက်ထွင်းသွားသည်ကို ချက်ချင်း ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် လေးလံသွားကာ သူ၏တစ်ကိုယ်လုံးရှိ ကျင့်စဉ်များမှာ တင်းကျပ်သော ကွင်းတစ်ခု စွပ်ခံလိုက်ရသကဲ့သို့ ချက်ချင်းပင် ဒေါင်လိုက် ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။
အမှန်တကယ်တွင် သက်ရောက်မှု ခံရသူမှာ ဝမ်ချောင်တစ်ယောက်တည်း မဟုတ်ဘဲ ဝေးကွာသော နေရာသို့ ကြည့်လိုက်ပါက မူလက ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ရှိနေပြီး ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်တော့မည့်အလား ဖြစ်နေသော ထိုက်စု၊ ထိုက်ရှန်၊ ထိုက်ချုံ တို့၏ အငွေ့အသက်များမှာလည်း ဒေါင်လိုက် ကျဆင်းသွားပြီး အကြီးအကျယ် အားနည်းသွားခဲ့ကြသည်။
အစီအရင်ကြီးကို ကြီးကြပ်နေသော ထိုက်လော့ပင်လျှင် အတိုင်းအတာတစ်ခုအထိ အားနည်းသွားခဲ့သော်လည်း အားနည်းသွားသည့် ပမာဏမှာ အလွန်အမင်း သေးငယ်လှပြီး အခြားသူများကဲ့သို့တော့ မပြင်းထန်လှပေ။
"သတိပေးချက်၊ ခြားနားသော စွမ်းအား၏ ကျူးကျော်မှုကို အာရုံခံမိပါသည်၊ ရှင်းလင်းပစ်မည်လား။"
ထိုအချိန်မှာပင် ကံကြမ္မာကျောက်တုံး၏ ရင်းနှီးကျွမ်းဝင်သော အသံက ဝမ်ချောင်၏ ခေါင်းထဲတွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
"ရှင်းလင်းပစ်မယ်"
ဝမ်ချောင်က အစပိုင်းတွင် အံ့သြသွားသော်လည်း ချက်ချင်းပင် အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်း မရှိဘဲ ပြောလိုက်သည်။
"Host၏ တောင်းဆိုချက်ကို လက်ခံရရှိပါတယ်၊ ပြင်ပ ဥပဒေသများရဲ့ သက်ရောက်မှုကို မောင်းထုတ်ဖို့ ကံကြမ္မာ အုပ်ချုပ်သူ စွမ်းအားကို အသုံးပြုပါမယ်။"
ကံကြမ္မာကျောက်တုံး၏ အသံက ထပ်မံ ထွက်ပေါ်လာခဲ့ပြီး မကြာမီမှာပင် ပုံဖော်မရသော အငွေ့အသက်တစ်ခုက ဝမ်ချောင်၏ မျက်ခုံးနှစ်ခုကြားမှနေ၍ ပေါက်ကွဲထွက်ပေါ်လာကာ တစ်ကိုယ်လုံးသို့ အလျင်အမြန် ပြန့်သွားသည်။ မျက်စိတစ်မှိတ်စာ အချိန်လေးပင် မကြာလိုက်ဘဲ သိမ်မွေ့သော တုန်ခါမှုတစ်ခုနှင့်အတူ ဝမ်ချောင်၏တစ်ကိုယ်လုံးမှာ ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖိကျနေသော ထိုပုံဖော်မရသည့် တားဆီးဟန့်တားမှုကြီးမှာ ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားခဲ့၏။ ဝမ်ချောင်၏ကျင့်စဉ်မှာလည်း မူလအခြေအနေသို့ အလျင်အမြန် ပြန်လည်ရောက်ရှိသွားခဲ့သည်။
"အရမ်း အစွမ်းထက်တဲ့ အစီအရင် စွမ်းအားပဲ လူအားလုံးရဲ့ ဂူကောင်းကင် စွမ်းအားကို တိုက်ရိုက် ပိတ်လှောင်လိုက်တာပဲ၊ မင်းပြောတာ မှန်တယ်၊ လူအားလုံးက ဒီထိုက်လော့ကို အထင်သေးခဲ့ကြတာပဲ၊ သူက ဒီမှာ နှစ်ထောင်ပေါင်းများစွာ နေခဲ့ပြီး ပြင်ဆင်ထားတဲ့ နည်းလမ်းတွေက ဘယ်သူမှ ထင်မထားလောက်အောင် အများကြီး ပိုများနေတယ်။"
ထိုအချိန်မှာပင် လီရွှမ်တု၏အသံက နားထဲသို့ ရောက်လာခဲ့ပြီး သူ၏အသံထဲတွင် အလွန်နက်ရှိုင်းသော တုန်လှုပ်မှုတစ်ခု ပါဝင်နေကာ သံသယဖြစ်ဖွယ်မရှိဘဲ သူသည်လည်း ထိုက်လော့ ဖန်တီးထားသော အစီအရင်ကြီး၏ သက်ရောက်မှုကို ခံလိုက်ရပြီး သူ၏ စွမ်းအားများ အကြီးအကျယ် ဖိနှိပ်ခံလိုက်ရသည်။
လီရွှမ်တုသည်လည်း ဂူကောင်းကင်အဆင့် စီနီယာကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး ဤကဏ္ဍတွင် အတွေ့အကြုံများနှင့်နည်းစနစ်များ အလွန်များပြားလှသော်လည်း ဤကဲ့သို့ ဧရိယာကျယ်ကျယ်ပြန့်ပြန့်ဖြင့် ဂူကောင်းကင်အဆင့်စွမ်းအားများ အားလုံးကို ပိတ်လှောင်နိုင်သည့် ကြောက်မက်ဖွယ် အစီအရင်ကြီးမျိုးကို သူ ကြုံတွေ့ရသည်မှာ ဤအကြိမ်က ပထမဆုံးအကြိမ် ဖြစ်ပေသည်။
ဤစွမ်းအားက သူ့ကို အလွန်အမင်း တုန်လှုပ်သွားစေခဲ့သည်။
တစ်ခဏမျှ ထိုက်စုပင်ဖြစ်စေ၊ ထိုက်လော့ပင်ဖြစ်စေ နှစ်ဖက်စလုံးကို ရင်ဆိုင်ရချိန်တွင် လီရွှမ်တု၏ရင်ထဲ၌ အလွန်နက်ရှိုင်းသော ကြောက်ရွံ့ထိတ်လန့်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မူလက သူ့ဘက်တွင် လူအင်အား သာလွန်သည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယခု ကြည့်ရသည်မှာ အားနည်းနေသူမှာ သူနှင့်ဝမ်ချောင်တို့သာ ဖြစ်နေပေသည်။
ထိုက်လော့ပင်လျှင် အကယ်၍သာ အန်းလုရှန်းအတွက် လက်စားချေရန် ရည်ရွယ်ချက် ရှိနေပြီး သူတို့ကို တိုက်ခိုက်မည်ဆိုပါက သူနှင့်ဝမ်ချောင်တို့ ဤနေရာမှ ချောချောမွေ့မွေ့ ထွက်ခွာနိုင်မည်မှာ မသေချာလှပေ။
"ဝုန်း"
လီရွှမ်တုက ထိုနှစ်ဖက်စလုံးအပေါ် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေချိန်မှာပင် ရုတ်တရက် လက်တစ်ဖက်က လီရွှမ်တု၏ကျောပေါ်သို့ ခပ်ဖွဖွ လာဖိလိုက်သည်။
"မလန့်နဲ့ အရင်ဆုံး အခြေအနေကို စောင့်ကြည့်ရအောင်"
လီရွှမ်တု တုံ့ပြန်နိုင်ခြင်း မရှိသေးမီမှာပင် ပုံဖော်မရသော စွမ်းအားတစ်ခုက လီရွှမ်တု၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း စီးဝင်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် လီရွှမ်တု၏ခန္ဓာကိုယ်ပေါ်ရှိ တားဆီးဟန့်တားမှု အားလုံးမှာ အမှုန့်ဖြစ်သွားခဲ့ပြီး လီရွှမ်တု၏ စွမ်းအားများမှာလည်း အလျင်အမြန်ပင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။
လီရွှမ်တု၏ ရင်ထဲတွင် အနည်းငယ် အံ့သြသွားသော်လည်း ချက်ချင်းပင် တစ်ခုခုကို နားလည်သွားကာ ခေါင်းညိတ်လိုက်ပြီး စကားအများကြီး ထပ်မပြောတော့ပေ။
အခြားတစ်ဖက်တွင်မူ….
"ဝုန်း"
အရပ်ဆယ်မျက်နှာ အလင်းနှင့်အမှောင် ဟင်းလင်းပြင် ပညာရပ်ကို အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် အရပ်လေးမျက်နှာလုံးရှိ နေရာလွတ်၏ နေရာအသီးသီးမှနေ၍ အဆုံးအစမဲ့သော စွမ်းအားများက အလျင်အမြန် စီးဝင်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုက်လော့၏ခေါင်းအထက်၌ ဧရာမ ကြေးဝါ လက်မောင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုက်စု၏ မူလ မှော်လက်နက်ကို အားကုန် ဆုပ်ကိုင်လိုက်သည်။
ပေါက်ကွဲသံကြီး တစ်သံကိုသာ ကြားလိုက်ရပြီး စွမ်းအားနှစ်ခုက တစ်ခုနှင့်တစ်ခု ဖျက်ဆီးပစ်လိုက်ကြကာ ပျောက်ကွယ်သွားကြပြီး အရပ်ဆယ်မျက်နှာ အလင်းနှင့်အမှောင် ဟင်းလင်းပြင် ပညာရပ်၏ စွမ်းအားကို အကူအညီယူကာ ထိုက်လော့က ဤတိုက်ခိုက်မှုကို ချောမွေ့စွာ တားဆီးနိုင်ခဲ့သည်။
"ခွေးကောင် သူက ဒါကိုတောင် အောင်မြင်အောင် လုပ်နိုင်ခဲ့တာလား"
ဤအခိုက်အတန့်တွင် ထိုက်ရှန်၊ ထိုက်ချုံ နှင့်ထိုက်စုအပါအဝင် အားလုံး၏ မျက်နှာများမှာ အလွန်အမင်း ရုပ်ဆိုးသွားခဲ့ကြသည်။
အထက်နှင့်အောက်ကို နေရာ (ယွီ) ဟုခေါ်သည်။
ရှေးခေတ်နှင့်ယခုခေတ်ကို အချိန် (ကျိုး) ဟုခေါ်သည်။
ယွီ ဆိုသည်မှာ နေရာလွတ်ဖြစ်ပြီး ကျိုးဆိုသည်မှာ အချိန်ပင်ဖြစ်သည်။
အရပ်ဆယ်မျက်နှာ အလင်းနှင့်အမှောင် ဟင်းလင်းပြင် ပညာရပ် ဆိုသည်မှာ ထိုစဉ်က ထိုက်လော့က ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း အတွင်း၌ ရှိနေစဉ် ပုန်ကန်ခြင်း မပြုလုပ်ရသေးမီက တင်ပြခဲ့ဖူးသော အယူအဆတစ်ခုဖြစ်ပြီး တစ်ဆင့်တည်းရှိသော ဂူကောင်းကင်အဆင့်ကျွမ်းကျင်သူများ၏ တိုက်ပွဲတွင် ပြိုင်ဘက်၏ စွမ်းအားများကို ပိတ်လှောင်ကာ ပြိုင်ဘက်ကို အနိုင်ယူပြီး ဂူကောင်းကင်အဆင့်တွင် အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည့် အကျိုးသက်ရောက်မှုကို ရရှိစေရန် ဖြစ်သည်။
ထိုစဉ်က ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းတွင် ပြည်တွင်းရေး ပဋိပက္ခ မဖြစ်ပွားသေးမီက ထိုက်လော့၊ ထိုက်စုစသည့် ထိုက်မျိုးဆက် ကျွမ်းကျင်သူ ဆယ့်နှစ်ဦး၏ ဆက်ဆံရေးမှာ များစွာပို၍ရင်းနှီးပြီး သဟဇာတ ဖြစ်ခဲ့ကြသည်။ အချင်းချင်းကြားတွင် ကျင့်စဉ်အဆင့်၏ အတားအဆီးများကို မည်သို့ ကျော်လွှားပြီး ဂူကောင်းကင်အဆင့်ကို ကျော်လွန်ကာ ပိုမိုမြင့်မားသော အဆင့်သို့ မည်သို့တက်လှမ်းရမည်ကိုပင် အမြဲတမ်း အတူတကွ ဆွေးနွေးခဲ့ကြသည်။
ကျင့်စဉ်အဆင့်က ဂူကောင်းကင်အဆင့်သို့ ရောက်ရှိသွားပါက အလိုအလျောက်ပင် အတားအဆီးတစ်ခု သို့မဟုတ် သိုင်းပညာ လမ်းကြောင်းပေါ်ရှိ ဧရာမ အခက်အခဲကြီး တစ်ခုကို ထိတွေ့မိသကဲ့သို့ ဖြစ်သွားပြီး နောက်ထပ် အပေါ်သို့ ဆက်သွားမည်ဆိုပါက ‘ထျန်း’ ကိုယ်စားပြုသော နတ်ဘုရားသိုင်းအဆင့်ပင် ဖြစ်သည်။
‘ထျန်း’ သည် နတ်ဘုရားသိုင်းအဆင့်၏ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်ခဲ့ခြင်းမှာ ၎င်းထဲတွင် မတော်တဆ အချက်များစွာ ပါဝင်နေ၏။ ‘ထျန်း’၏ လမ်းကြောင်းကို အတုခိုးရန် မဖြစ်နိုင်သောကြောင့် ထိုက်မျိုးဆက် ဆယ့်နှစ်ယောက်မှာ ဂူကောင်းကင်အဆင့်တွင် "ပိတ်လှောင်" ခံထားရသကဲ့သို့ ဖြစ်သွားခဲ့ရာ နောက်ပိုင်းတွင် ထိုကဲ့သို့သော ဆွေးနွေးမှုမျိုးစုံ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ပြိုင်ဘက်ကို ပိတ်လှောင်ခြင်း ဆိုသည်မှာ ထိုစဉ်က ထိုက်လော့တင်ပြခဲ့သော အယူအဆများထဲမှ တစ်ခုဖြစ်သော်လည်း ထိုအချိန်က လူတိုင်း၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ထိုက်မျိုးဆက် ကျွမ်းကျင်သူ ဆယ့်နှစ်ဦးအတွက် သူတို့ တစ်ယောက်ချင်းစီတိုင်းမှာ နှစ်ထောင်ပေါင်းများစွာ သို့မဟုတ် မရေမတွက်နိုင်သော ခေတ်ကာလ များစွာတိုင်အောင် အသက်ရှင်နေထိုင်ခဲ့သူများဖြစ်ကြပြီး ထိုက်မျိုးဆက် တစ်ယောက်ချင်းစီတိုင်းမှာ ‘ထျန်း’၏ကလေးများ ဖြစ်ကြကာ သူတို့အတွက် လူတိုင်းမှာ ဟင်းလင်းပြင်နှင့်အချိန်၏ အရှင်သခင်များ ပင်ဖြစ်သည်။
သာမန်လူများ၏ မျက်စိထဲတွင် အလွန် မြင့်မားလွန်းလှသော ဟင်းလင်းပြင်နှင့်အချိန်မှာ သူတို့၏ လက်ထဲရှိ ကစားစရာများမျှသာ ဖြစ်ရာ ထိုက်လော့က သူတို့ကို ပိတ်လှောင်ပြီး လူတိုင်းကို ဟင်းလင်းပြင်နှင့်အချိန်၏ ကျွန်များအဖြစ် နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိသွားစေရန် ကြိုးစားနေခြင်းက တကယ့်ကို ရယ်စရာတစ်ခုပင် ဖြစ်သည်။
အထူးသဖြင့် ဂူကောင်းကင် ဗဟိုချက်ကို ပိုင်ဆိုင်ထားသည်နှင့်တစ်ပြိုင်နက် သူတို့သည် ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖြစ်တည်နေပြီဖြစ်ပြီး ပြင်ပလောက၏ သက်ရောက်မှုများကို မခံရတော့ကြောင်း ဆိုလိုခြင်းဖြစ်သည်။
ထိုက်လော့၏ အယူအဆမှာ စိတ်ကူးယဉ်မှု သက်သက်သာဖြစ်ပြီး ဖြစ်နိုင်ချေ နည်းနည်းလေးမျှပင် မရှိပေ။
ဤမျှ နှစ်ပေါင်းများစွာ ကြာသွားပြီးနောက် ထိုက်လော့က တစ်ယောက်တည်း လေ့လာစူးစမ်းကာ ထိုစဉ်က စိတ်ကူးယဉ်မှုကို အမှန်တကယ် လက်တွေ့အဖြစ်သို့ ပြောင်းလဲနိုင်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ
"ထိုက်လော့၊ ငါ မင်းကို တကယ်ပဲ အထင်သေးမိသွားတာပဲ၊ ဒီလောက် နှစ်တွေအကြာကြီး မင်းက အစွမ်းကုန် ကြိုးစားပြီး ဒါကိုတောင် ပြင်ဆင်ထားနိုင်ခဲ့တယ်ဆိုတော့ ကြည့်ရတာ အဲဒီတုန်းက ပုန်ကန်မှုက မင်း စောစောစီးစီးကတည်းက ကြိုတင် ကြံစည်ထားခဲ့တာပဲ"
ထိုက်စုက မျက်နှာချင်းဆိုင်မှ ထိုက်လော့ကို ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်ပြီး သူ၏လက်တစ်ဖက်ဖြင့် ခေါ်လိုက်ရာ လေထဲရှိ ထို ဧရာမ ထိုက်စု ခြေရာခံပစ္စည်းကြီးမှာ အလျင်အမြန် သေးငယ်သွားပြီး လက်သီးဆုပ် အရွယ်အစားခန့်သို့ လျင်မြန်စွာ ပြောင်းလဲသွားကာ သူ၏လက်ဖဝါးထဲသို့ ကျရောက်သွားခဲ့သည်။
"ထိုက်စု၊ မင်းတို့က ‘ထျန်း’ ရဲ့ လက်အောက်မှာ အညံ့ခံချင်တိုင်း လူတိုင်းက အဲဒီလိုပဲလို့ မဆိုလိုဘူးလေ၊ ဘယ်သူမှ မွေးရာပါ ဘုရင် ဖြစ်မလာပါဘူး၊ ငါက ငါ လိုချင်တဲ့အရာကို ငါ ရှာဖွေနေတာပဲ။"
"တစ်ဖက်တစ်နယ်မှာ ကြီးစိုးပြီး လူတိုင်းရဲ့ဘုရင် ဖြစ်ရတာက ကျွန်ဖြစ်ရတာထက်တော့ အမြဲတမ်း ပိုကောင်းတာပေါ့။ နှမြောစရာကောင်းတာက ဒီလောက် နှစ်တွေအကြာကြီး ကြာသွားပေမဲ့ နောက်ဆုံးမှာတော့ မင်းတို့က ငါ့ဆီကို ရောက်လာကြတာပဲ။"
ထိုက်လော့က အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"အကယ်၍ ‘ထျန်း’ ရဲ့ မူလခန္ဓာကိုယ်သာ ရောက်လာမယ်ဆိုရင် ငါ အနည်းငယ် ကြောက်ရွံ့ကောင်း ကြောက်ရွံ့မိလိမ့်မယ်၊ မင်းတို့လောက်နဲ့ ငါ့အသက်ကို ယူချင်တယ်ဆိုရင်တော့ စွမ်းအား မလုံလောက်သေးသလို ကိုယ့်အဆင့်ကိုယ် မသိတာပဲ။"
ထိုက်လော့၏မျက်နှာအမူအရာက အေးစက်နေပြီး ဤစကားများကို အားနာခြင်း အလျဉ်းမရှိဘဲ ပြောလိုက်သည်။
******