အခန်း ၂၃၁၆
Vol. 144 Ch. 2316
အခန်း (၂၃၁၆) ‘ထျန်း’၏ သွေးအနှစ်သာရ
ထိုနှစ်ကတည်းက ပုန်ကန်ထွက်ခွာလာပြီးနောက် ထိုက်လော့သည် ယခုမြင်ကွင်းကို အချိန်တိုင်း စီစဉ်နေခဲ့၏။ ‘ထျန်း’ မှာ အလွန်အစွမ်းထက်လွန်းကာ မည်သူကမျှ မယှဉ်နိုင်အောင် အစွမ်းထက်လှသော်လည်း သူ့အနေဖြင့် တစ်သက်လုံး ‘ထျန်း’၏ လက်အောက်တွင် နေထိုင်ကာ သူ၏ကျွန်တစ်ယောက်အဖြစ် အလုပ်အကျွေးပြုရန် လုံးဝမဖြစ်နိုင်ပေ။
အတိတ်ကာလများတွင် သူသည် ‘ထျန်း’၏ နောက်သို့ အလွန် ရှည်လျားသော အချိန်ကာလများတိုင်အောင် လိုက်ပါခဲ့ပြီးဖြစ်ရာ ကြက်ခေါင်းဖြစ်ပါစေ၊ ချိုးမြီးတော့ အဖြစ်မခံနိုင်ပေ။ အကယ်၍ သူ့ကို ယခင်ကကဲ့သို့ ဆက်လက်၍ အသက်ရှင် နေထိုင်ခိုင်းမည်ဆိုပါက သူ့ကို သတ်ပစ်လိုက်သည်ကမှ ပိုကောင်းပေလိမ့်မည်။
‘ထျန်း’ အပေါ်တွင် ထိုက်လော့က အလွန်အမင်း ကြောက်ရွံ့စိုးရိမ်မှု ရှိသောကြောင့်သာ ဤမျှ နှစ်ပေါင်းများစွာတိုင်အောင် အမြဲတမ်း နှိမ့်ချစွာ နေထိုင်ခဲ့ပြီး ဂိုဏ်းကြီးတစ်ခုလုံးပင် စွန့်ပစ်ထားလုနီးပါး ဖြစ်နေပုံရသော်လည်း ထိုက်လော့ကြောက်ရွံ့သည်မှာ ချိတ်ပိတ်ခံထားရသော ‘ထျန်း’၏ မူလခန္ဓာကိုယ်ကိုသာဖြစ်ပြီး ထိုက်ရှန်၊ ထိုက်စုနှင့်ထိုက်ချုံတို့ကို လုံးဝမဟုတ်ပေ။
ဤလူများက သူ့ကို ကြောက်ရွံ့သွားစေရန် အရည်အချင်း မရှိသေးပေ။
ထိုက်လော့ပင်ဖြစ်စေ၊ ထိုက်စုပင်ဖြစ်စေ ဤအခိုက်အတန့်တွင် အခြားတစ်ဖက်ရှိ ဝမ်ချောင်ကို အပြည့်အဝ မေ့လျော့သွားကြပုံရသော်လည်း ဝမ်ချောင်က အသံမထွက်ဘဲ ထိုနှစ်ယောက်ကို တိတ်ဆိတ်စွာ ကြည့်နေရင်း အခြေအနေများ မည်သို့ ပြောင်းလဲလာမည်ကို စောင့်ကြည့်နေခဲ့သည်။
"ဟားဟားဟား"
ရုတ်တရက် ကျယ်လောင်သော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုက်လော့၏စကားကို ကြားလိုက်ရသော်လည်း ထိုက်စုမှာ ဒေါသမထွက်ဘဲ သူ၏ မျက်လုံးများထဲတွင် သရော်လှောင်ပြောင်သည့် အရိပ်အယောင်လေးတစ်ခုသာ ထွက်ပေါ်လာခဲ့သည်။
"ထိုက်လော့၊ မင်းက အစီအရင်ကြီးကို ဖန်တီးထားတယ်ဆိုရင်တောင် ဘာဖြစ်လဲ၊ ဒီလောက် နှစ်တွေအကြာကြီး ပြင်ပလောကမှာ မင်း လုပ်ခဲ့သမျှ အရာအားလုံးကို ‘ထျန်း’က မသိဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား။ အဆုံးစွန်ထိ ပြောရရင် အခု မင်း လုပ်နေသမျှ အရာအားလုံးက ‘ထျန်း’ရဲ့ ခန့်မှန်းချက်တွေထဲမှာ ရှိနေတာပဲ၊ ပိုးဖလံတစ်ကောင်က ပင့်ကူအိမ်ထဲကို ကျသွားရင် ခဏတဖြုတ် လွတ်မြောက်နိုင်တယ်ဆိုပေမဲ့လည်း ဒါက တစ်ခဏလေးပါပဲ။"
"ပြီးတော့ ဂူကောင်းကင် ဗဟိုချက်ကို ပိတ်လှောင်နိုင်တဲ့ အစီအရင်ကြီးကို မင်း အောင်မြင်စွာ ဖန်တီးနိုင်ခဲ့တယ်ဆိုရင်တောင် ဘာဖြစ်လဲ၊ အဆုံးစွန်ထိ ပြောရရင် မင်းက တစ်ယောက်တည်းပဲလေ၊ မင်း တစ်ယောက်တည်းရဲ့ စွမ်းအားနဲ့ ငါတို့ သုံးယောက်ကို ရင်ဆိုင်ချင်နေတာလား၊ အဲဒီတုန်းက အသန်မာဆုံးလို့ သတ်မှတ်ခံထားရတဲ့ ထိုက်ရီဆိုရင်တောင် လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်၊ ဒါပေမဲ့ မင်းကတော့ အများကြီး လိုအပ်နေသေးတယ် ထင်တယ်။"
ထိုက်စုက အေးစက်စွာ ပြုံးလိုက်သည်။
"ထိုက်ရီ"
ဘေးနားရှိ လီရွှမ်တုက ဘာမှ မတုံ့ပြန်သေးသော်လည်း ဝမ်ချောင်၏ မျက်ခုံးများမှာတော့ ဒိတ်ခနဲ လှုပ်ရှားသွားခဲ့ရသည်။
ထိုက်ရီဆိုသည်မှာ နှင်းတောင် ကျောင်းတော်မှ ထိုမြင့်မြတ်သော ရဟန်းတော်ပင်ဖြစ်ပြီး ကုန်းပြင်မြင့် ခြေသလုံးအိမ်တိုင် ယဉ်ကျေးမှုတစ်ခုလုံးကို ကိုယ်တိုင် ဖန်တီးခဲ့သူ ဖြစ်သည်။
ဤထိုက်ရီနှင့်ပတ်သက်၍ ဝမ်ချောင်သိပ်ပြီး မသိထားဘဲ ဆင်းဒုမှ ထိုက်ယွမ်နှင့်ထိုက်ရီတို့ကြား အကွာအဝေး အလွန်နီးကပ်သည်ကိုသာ သိထားခဲ့သည်။
ဝမ်ချောင်၏ရင်ထဲတွင် ဤထိုက်ရီမှာ အခြားသူများနှင့်အတူတူပင်ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုကြည့်ရသည်မှာ နှင်းတောင် ကျောင်းတော်မှ ထိုလူမှာ ထိုက်မျိုးဆက် ဆယ့်နှစ်ယောက်ထဲတွင် အစွမ်းအထက်ဆုံးသူ ဖြစ်လောက်ပေသည်။
"အဖေနတ်ဘုရားက တစ်ယောက်တည်းလို့ ဘယ်သူပြောလဲ"
ထိုအချိန်မှာပင် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျယ်ပြန့်လှသော ရွှေရောင် အလင်းတန်းများထဲမှ ထိုက်လော့၏ ဂူကောင်းကင်အဆင့် တစ်ဝက် သားမြေး နှစ်ဦးမှာ ထိုက်စုတို့၏ မောက်မာနေသော ပုံစံကို မြင်လိုက်ရသောအခါ ပထမဆုံး မနေနိုင်တော့ဘဲ ထွက်ပြောလိုက်ကြသည်။
"သူတို့နဲ့ စကားအများကြီး ပြောနေစရာ မလိုဘူး၊ အရပ်ဆယ်မျက်နှာ အလင်းနှင့်အမှောင် ဟင်းလင်းပြင် အစီအရင်ကြီးက စတင်လည်ပတ်နေပြီဆိုတော့ အခု သူတို့ရဲ့ စွမ်းအားက ဂူကောင်းကင်အဆင့်ရဲ့ အလယ်အလတ်အဆင့်လောက်ပဲ ရှိတော့တယ်၊ ပြီးတော့ အတားအဆီးတွေလည်း အများကြီး ရှိနေသေးတယ်လေ၊ ငါနဲ့ညီလေးက အစီအရင်ရဲ့ စွမ်းအားကို ငှားပြီး သူတို့ကို ဆွဲထားမယ်၊ မင်းတို့ အမြန်တိုက်ပြီး အမြန်အဆုံးသတ်လိုက်၊ သူတို့အားလုံးကို သတ်ပစ်ကြ"
ထိုက်စုပြောခဲ့သည်မှာ တစ်ချက်တော့ မှားယွင်းသွားခဲ့ပြီး ဂူကောင်းကင်အဆင့် ကျွမ်းကျင်သူများအနေဖြင့် သူတို့ဘက်တွင် ထိုက်လော့တစ်ယောက်တည်းသာ ရှိသော်လည်း ဂူကောင်းကင်အဆင့်ကျွမ်းကျင်သူကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူမှာတော့ တစ်ယောက်တည်း မကပေ။
အရပ်ဆယ်မျက်နှာ အလင်းနှင့်အမှောင် ဟင်းလင်းပြင် အစီအရင်ကြီး၏ သက်ရောက်မှုကို ခံရသူမှာ ထိုက်စုကဲ့သို့ ဂူကောင်းကင်အဆင့်ကျွမ်းကျင်သူများသာဖြစ်ပြီး သူတို့ ညီအစ်ကိုနှင့်နတ်ဘုရားနယ်ပယ်မှ စစ်သည်တော်များ အားလုံးမှာ သက်ရောက်မှု လုံးဝမရှိကြပေ။ ဤမျှသာမက အစီအရင်ကြီး လည်ပတ်လာသည်နှင့်တစ်ပြိုင်နက် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအားများမှာ အစီအရင်နှင့်ဆက်သွယ်သွားပြီး စွမ်းအားမှာ အားနည်းသွားခြင်း မရှိသည့်အပြင် အစီအရင်၏အားဖြည့်ပေးမှုကိုပင် ရရှိလိုက်၏။ နေရာလွတ်တစ်ခုလုံး၏ စွမ်းအားကို ငှားရမ်းအသုံးပြုနိုင်ပြီး ဂူကောင်းကင်အဆင့် တစ်ဝက်ထက် များစွာသာလွန်သော စွမ်းအားကို ပေါက်ကွဲထုတ်နိုင်လေသည်။
လူအားလုံးက ထိုက်လော့နှင့်ပူးပေါင်းလိုက်ပါက ထိုက်စုတို့ကို မရှုံးနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
"အားလုံး နားထောင်၊ ငါနဲ့အတူ တိုက်ကြ"
အသံမဆုံးမီမှာပင် အရပ်ဆယ်မျက်နှာ အလင်းနှင့်အမှောင် ဟင်းလင်းပြင် အစီအရင်ကြီးမှာ ထပ်မံ၍ တုန်ခါသွားပြီး မီးတောင်ပေါက်ကွဲသကဲ့သို့ ဧရာမ စွမ်းအားကြီးများက အစီအရင်ကြီး၏ နေရာအသီးသီးမှနေ၍ ပေါက်ကွဲထွက်လာသည်။ ထိုက်လော့၏ထိုသားနှစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မဟာအစီအရင်ကြီး၏ အကူအညီဖြင့် ဤလူနှစ်ဦးမှာ ဂူကောင်းကင်အဆင့်၏ အစောပိုင်းအဆင့်ကို ယှဉ်ပြိုင်နိုင်သော စွမ်းအားမျိုးကိုပင် လျှို့ဝှက်စွာ ပိုင်ဆိုင်လာခဲ့ကြသည်။
"ဝုန်း"
ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုကိုသာ ကြားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် ဧရာမ စွမ်းအားကြီးနှစ်ခုက လှိုင်းလုံးကြီးများကဲ့သို့ တဟုန်ထိုး တက်လာသည်။ ထို့နောက် ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံကာ မျက်နှာချင်းဆိုင်ရှိ ထိုက်စု၊ ထိုက်ရှန်နှင့်ထိုက်ချုံ တို့ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။
"မျိုးနွယ်ခြားဘုရင်၊ ငါတို့နဲ့ ပူးပေါင်းချင်တယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား။ အခုက အကောင်းဆုံး အခွင့်အရေးပဲ"
တိုက်ခိုက်လိုက်သည်နှင့်တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးက ဘေးနားမှ စောင့်ကြည့်နေသော ဝမ်ချောင်ကို ဆွဲသွင်းရန်လည်း မမေ့ခဲ့ပေ။
သူတို့နှစ်ဦး တိုက်ခိုက်လိုက်သည်နှင့်သုံးဖွဲ့စလုံး၏ကြားရှိ မျှခြေမှာ ချက်ချင်းပင် လုံးဝပျက်စီးသွားတော့သည်။
"ဟွန့်၊ သေချင်နေတဲ့ ကောင်လေးနှစ်ကောင်၊ သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့"
ထိုက်စု၏ မျက်လုံးများထဲတွင်လည်း ဤအခိုက်အတန့်၌ ဒေါသအရိပ်အယောင်တစ်ခု လက်သွားခဲ့သည်။
ထိုက်မျိုးဆက် ကျွမ်းကျင်သူ ဆယ့်နှစ်ယောက်စလုံးမှာ အလွန်မြင့်မြတ်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသူများ ဖြစ်ကြ၏။ အကယ်၍ ဤစကားများကို ထိုက်လော့က ပြောမည်ဆိုလျှင် ထားလိုက်တော့မည်ဖြစ်သော်လည်း ထိုက်လော့၏ သားနှစ်ယောက်မှာ ထိုက်မျိုးဆက်ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို သိပုံမပေါ်ဘဲ အနည်းငယ် မောက်မာလွန်းကာ ကောင်းကင်နှင့်မြေကြီး၏ အမြင့်နှင့်အနက်ကို မသိဘဲ ဖြစ်နေကြသည်။
"ထိုက်ချုံ ၊ ထိုက်ရှန်၊ အစီအစဉ်ကို စတင်လိုက်၊ သူတို့ကို သတ်"
အသံမဆုံးမီ ဝုန်းခနဲ အသံနှင့်အတူ ထိုက်စုက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ထိုက်စု ခြေရာခံပစ္စည်းကို ထပ်မံ၍ အထက်သို့ ပစ်တင်လိုက်သည်။ လက်ဖဝါးအရွယ်အစားခန့်ရှိ ထိုက်စု ခြေရာခံပစ္စည်းမှာ လေထဲတွင် တစ်ချက် လှုပ်ခါသွားပြီးနောက် ချက်ချင်းပင် တောင်တန်းကြီးတစ်ခုကဲ့သို့ ထပ်မံကြီးမားလာကာ မျက်နှာချင်းဆိုင်ရှိ ထိုက်လော့နှင့်နတ်ဘုရားနယ်ပယ်မှ စစ်သည်တော်များ အားလုံးဆီသို့ ဖိချလာခဲ့သည်။
ထိုက်စု၏ နောက်ကျောဘက်ရှိ ထိုက်ရှန်နှင့်ထိုက်ချုံတို့ကလည်း တစ်ချိန်တည်းမှာပင် တိုက်ခိုက်လိုက်ကြသည်။
ရုတ်ချည်းပင် လက်များပေါ်တွင် အသီးသီး ဝတ်ဆင်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် ကြေးဝါရောင် လက်ကောက် တစ်ကွင်းစီမှာ ရုတ်တရက် ကွဲအက်သွားပြီး တစ်ချိန်တည်းမှာပင် ချွန်ထက်သော ဆူးတစ်ချောင်းက သူတို့နှစ်ဦး၏ လက်ကောက်ဝတ်ထဲသို့ စိုက်ဝင်သွားခဲ့သည်။
မည်သူကမျှ သတိမထားမိလိုက်ဘဲ လက်ကောက်ထဲမှနေ၍ မှိုင်းညို့နေသော ရွှေရောင် သွေးတစ်စက်စီက သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
"ဝုန်း"
ရှေးကျပြီး ခမ်းနားကြီးကျယ်သော ဟိန်းဟောက်သံကြီးများနှင့်အတူ ထိုက်ရှန်နှင့်ထိုက်ချုံတို့၏ ခေါင်းအထက်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများရှိသည့် လက်တစ်ဖက်တည်းရှိသော သတ္တဝါကြီးနှစ်ကောင် ရုတ်တရက် လေထဲမှနေ၍ ပေါ်ထွက်လာပြီး အရှေ့ဘက်ရှိ ထိုက်စု ခြေရာခံပစ္စည်း နှင့်ပူးပေါင်းကာ ထိုက်တောင်ကြီး တစ်တောင်လုံး ဖိချလိုက်သကဲ့သို့ အရှေ့ဘက်ရှိ ထိုက်လော့နှင့်အခြားသူများဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"တစ်ခုခု ထူးဆန်းနေတယ်"
ဝမ်ချောင်သည် မူလက ဘေးနားမှနေ၍ အေးစက်စွာ စောင့်ကြည့်နေခဲ့သော်လည်း ဤအခိုက်အတန့်တွင် မျက်တောင်များ မနေနိုင်ဘဲ ဒိတ်ခနဲ လှုပ်ရှားသွားခဲ့ရသည်။
ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း၏ ဤတစ်ကြိမ် စစ်ဆင်ရေးမှာ သိသာထင်ရှားစွာပင် ထိုက်စုကို ခေါင်းဆောင်အဖြစ် ထားရှိပြီး ထိုက်ရှန်နှင့်ထိုက်ချုံတို့က ဘေးမှ ကူညီပေးရခြင်းဖြစ်ကာ ထိုက်ရှန်နှင့်ထိုက်ချုံ တို့၏ စွမ်းအားမှာလည်း ထိုက်စုထက် များစွာ နိမ့်ကျနေသည်မှာ သိသာထင်ရှားလှသော်လည်း ဤအခိုက်အတန့်တွင် ထိုကြေးဝါ လက်ကောက်များ ကွဲအက်သွားချိန်၌ သူတို့နှစ်ဦးထံတွင် ပြောင်းလဲမှုတစ်ခုခု ဖြစ်ပေါ်သွားကြောင်း ဝမ်ချောင် ရှင်းလင်းစွာ ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ဤလူနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်မှနေ၍ ‘ထျန်း’၏ အငွေ့အသက် အနည်းငယ်ကို ဝမ်ချောင်အံ့သြဖွယ် ခံစားလိုက်ရသောကြောင့်ဖြစ်ပြီး ဤအခိုက်အတန့်တွင် ထိုက်ရှန်နှင့်ထိုက်ချုံ တို့၏ စွမ်းအားမှာလည်း အများကြီး မြင့်တက်လာခဲ့သည်။
"အဲဒါ ‘ထျန်း’ ရဲ့ သွေးအနှစ်သာရပဲ"
ဘေးနားမှ လီရွှမ်တု၏အသံက နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ သူ၏အကြည့်များက အရှေ့ဘက်သို့ ကြည့်နေကာ မျက်နှာအမူအရာမှာလည်း ထိုနည်းတူစွာပင် အလွန်အမင်း တင်းမာနေသည်။
"ဘာ"
ဝမ်ချောင်၏ မျက်နှာအမူအရာက အံ့သြသွားပြီး သူ မှတ်မိသည်က မမှားဘူးဆိုပါက လီရွှမ်တုသည် ‘ထျန်း’ နှင့်တစ်ခါမှ မတွေ့ဆုံဖူးသင့်ဘဲ သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် ‘ထျန်း’၏ သွေးအနှစ်သာရ ရှိနေမည်ကို သူက မည်သို့လုပ်၍ သိနေရသနည်း။
"အဲဒီတုန်းက ငါ ကောင်းကင်အကျဉ်းထောင် မြေအောက်ထဲမှာ ပိတ်လှောင်ခံထားရတုန်းက ထိုက်ရှီက ‘ထျန်း’ ရဲ့ သွေးအနှစ်သာရ တစ်စက်နဲ့ ဖန်တီးထားတဲ့ ချိတ်ပိတ်ဖျက်ဆီးခြင်း သွေးတစ်စက်ကို ငါ့ကို ပေးခဲ့ဖူးတယ်၊ ဒီလူနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်က အငွေ့အသက်တွေက အဲဒီတုန်းက ချိတ်ပိတ်ဖျက်ဆီးခြင်း သွေးရဲ့ အငွေ့အသက်နဲ့ အရမ်းဆင်တူတယ်၊ ဒါပေမဲ့ အများကြီး ပိုပြီးအစွမ်းထက်တယ်ဆိုတော့ ‘ထျန်း’က သူ့ခန္ဓာကိုယ်ထဲကနေ တိုက်ရိုက် ထုတ်ယူထားတာ ဖြစ်နိုင်တယ်။"
လီရွှမ်တုက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
ဤတစ်ကြိမ် စစ်ဆင်ရေးအတွက် ထိုက်စုတို့က လုံလောက်သော ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့ကြောင်း သိသာထင်ရှားလှပြီး ကမ္ဘာပျက်ကပ် အမှတ်အသားမှာ ‘ထျန်း’အတွက် အလွန်အရေးကြီးလှရာ လုံးဝအမှားအယွင်း ခံမည်မဟုတ်သောကြောင့် ထိုက်ရှန်နှင့်ထိုက်ချုံတို့ပင်လျှင် အလွန်အစွမ်းထက်သော အားဖြည့်ပေးမှုများကို ရရှိခဲ့ကြခြင်းဖြစ်သည်။
ထို ‘ထျန်း’၏ သွေးအနှစ်သာရများမှာ ဤတစ်ကြိမ်တွင် ထိုက်လော့နှင့်အခြားသူများကို ရင်ဆိုင်ရန်အတွက် အထူးတလည် ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
သူတို့နှစ်ဦး စကားပြောနေသည့် အချိန်တိုလေးအတွင်းမှာပင် ကွင်းထဲရှိ အခြေအနေများမှာ အလွန်အမင်း အန္တရာယ်များလာခဲ့၏။ ထိုက်လော့၏ သားနှစ်ယောက်နှင့်နတ်ဘုရားနယ်ပယ်မှ စစ်သည်တော်များစွာ တိုက်ခိုက်လိုက်ခြင်းကြောင့် ထိုက်လော့နှင့်ထိုက်စုတို့၏ အကြားတွင် မည်သည့် လှည့်ပြောင်းနိုင်မည့် အခွင့်အရေးမျှ မရှိတော့ပေ။
ထိုက်စု၊ ထိုက်ရှန်နှင့်ထိုက်ချုံတို့အားလုံး တိုက်ခိုက်လိုက်ပြီး ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားကာ ဂူကောင်းကင်အဆင့်ချီစွမ်းအားများက မိမိဆီသို့ လိမ့်တက်လာသည်ကို မြင်လိုက်ရသောအခါ ထိုက်လော့က စူးရှစွာ အော်ဟစ်လိုက်၏။ သူသည်လည်း လေဟာနယ်ကို ဖောက်ထွက်လိုက်ရာ နေရာလွတ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ထောင်သောင်းချီသော ဟင်းလင်းပြင်နှင့်အချိန် စက်ကွင်းများက လေဟာနယ် တစ်ခွင်လုံးတွင် ပြန့်ကျဲသွားခဲ့သည်။
ဤဟင်းလင်းပြင်နှင့်အချိန် စက်ကွင်းများကို အကူအညီယူကာ နှစ်ထောင်ပေါင်းများစွာတိုင်အောင် ထိုက်လော့က နေရာလွတ်တစ်ခုလုံးတွင် စုဆောင်းထားခဲ့သော ဧရာမ စွမ်းအင်များ အားလုံးမှာ ချက်ချင်းပင် ထိုက်လော့ဆီသို့ စုစည်းသွားခဲ့ကြသည်။
မင်းမှာ မင်းရဲ့ နည်းလမ်းတွေ ရှိသလို၊ ငါ့မှာလည်း ငါ့ရဲ့ လှည့်ကွက်တွေ ရှိတယ်ဆိုသကဲ့သို့ ထိုက်စုတို့က ပြင်ဆင်မှု အပြည့်အဝ ရှိနေသော်လည်း ထိုက်လော့ကလည်း ဒီနှစ်တွေအတွင်း ဤအခိုက်အတန့်အတွက် အချိန်တိုင်း ပြင်ဆင်နေခဲ့သည်။
လူ၏ ခန္ဓာကိုယ်မှာ နောက်ဆုံးတွင်တော့ ကန့်သတ်ချက် တစ်ခု ရှိနေပြီး ဂူကောင်းကင်အဆင့်ကျွမ်းကျင်သူ ဖြစ်နေလျှင်တောင်မှ လက်ခံနိုင်သော ချီစွမ်းအားပမာဏမှာ ကန့်သတ်ချက် တစ်ခုရှိနေသည်။ အတားအဆီးများကို ဖောက်ထွက်ပြီး ပိုမိုမြင့်မားသော နတ်ဘုရားသိုင်းအဆင့်သို့ မရောက်ရှိနိုင်သည့် အခြေအနေအောက်တွင် ထိုက်လော့အတွက် သူ၏စွမ်းအားကို မြှင့်တင်ရန် အကောင်းဆုံး နည်းလမ်းမှာ အဆုံးအစမဲ့သော ချီစွမ်းအား စွမ်းအင်များကို နေရာလွတ် ဥပဒေသများနှင့်အစီအရင်ကြီး၏ စွမ်းအားကို အသုံးပြု၍ နေရာလွတ်တစ်ခုလုံးတွင် ပုံသေ သတ်မှတ်ထားပြီး၊ တိုက်ပွဲဖြစ်ပွားချိန်ရောက်မှ ပြင်ပစွမ်းအား အမျိုးမျိုးကို ငှားရမ်းကာ ဤဧရာမ စွမ်းအင်များနှင့် သူ၏ကိုယ်ပိုင်စွမ်းအားများကို တစ်ပြိုင်နက်တည်း ပေါက်ကွဲထုတ်ပစ်လိုက်ခြင်းပင်ဖြစ်သည်။
ဤနည်းလမ်းဖြင့် ငှားရမ်းထားသော ပြင်ပစွမ်းအင်များမှာ သိုင်းပညာရှင်များ ကျင့်ကြံထားသော ဂူကောင်းကင်အဆင့်စွမ်းအားများနှင့်မယှဉ်နိုင်သော်လည်း ဂူကောင်းကင်အဆင့်၏ တိုက်ခိုက်ရေးစွမ်းအားကို တစ်ဆခန့် မြင့်တက်သွားစေရန်တော့ လုံးဝ လုံလောက်ပေသည်။
"ဝုန်း"
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲသံကြီး တစ်သံကိုသာ ကြားလိုက်ရပြီး ချက်ချင်းဆိုသလိုပင် နှစ်ဖက်စလုံး၏ ချီစွမ်းအားများက ပြင်းထန်စွာ ရိုက်ခတ်သွားကြရာ ထိုအခိုက်အတန့်တွင် ဧရာမ ရိုက်ခတ်မှု စွမ်းအားကြီးကြောင့် နေရာလွတ်တစ်ခုလုံးမှာ အလွန်အမင်း မတည်မငြိမ် ဖြစ်သွားပြီး ကွဲထွက်သွားတော့မည့်အလား ပင်ဖြစ်သည်။
"ဘာမှ အသုံးမဝင်ဘူး၊ ထိုက်လော့၊ မင်းက အစွမ်းကုန် ကြိုးစားရင်တောင်မှ ငါတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။"
နှစ်ဖက်စလုံး၏ ချီစွမ်းအားများ အပြင်းထန်ဆုံး ရိုက်ခတ်နေချိန်မှာပင် ရုတ်တရက် ထိုက်စု၏ စူးရှမြင့်မားသော အသံကြီးက နေရာလွတ်တစ်ခုလုံးတွင် ထွက်ပေါ်လာခဲ့သည်။
"ကောင်းကင်နှင့်မြေကြီးရဲ့ သက်တမ်းနဲ့တူညီခြင်း ပညာရပ် "
ပြင်းထန်သော အော်ဟစ်သံတစ်ခုနှင့်အတူ ထိုက်စုက သူ၏ သက်စောင့်စွမ်းအားများကို ထပ်မံ၍ ပေါက်ကွဲထုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်အပြင်ဘက်တွင် တောက်လောင်နေသော မီးတောက်များမှာ မူလက ပေတစ်ရာခန့်သာ မြင့်မားသော်လည်း ဤအခိုက်အတန့်တွင် အဆပေါင်းများစွာ ရုတ်တရက် ကြီးမားလာပြီး ပေတစ်ထောင်နီးပါးအထိ ရောက်ရှိသွားခဲ့သည်။
ကောင်းကင်ယံအထိ လွှမ်းမိုးနေသော မီးတောက်များထဲတွင် ထိုက်စု၏ ထို ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ မူလက အသက် ၁၇၊ ၁၈ နှစ်အရွယ် ငွေရောင်မျက်လုံးများနှင့်လူငယ်ပုံစံ ဖြစ်သော်လည်း သက်စောင့်စွမ်းအားများကို အလွန်အကျွံ သုံးစွဲပြီးနောက် အလျင်အမြန် အိုမင်းရင့်ရော်သွားသည်။ ခေါင်းတစ်လုံးစာရှိ အနက်ရောင် ဆံပင်များမှာ အလျင်အမြန် ဖြူစွတ်သွားပြီး မူလက ချောမွေ့နေသော အရေပြားများမှာလည်း တွန့်လိပ်သွားကာ မရေမတွက်နိုင်သော အရေပြားတွန့်လိပ်မှုများ ထွက်ပေါ်လာပြီး အဆပေါင်းများစွာ ပိုမိုအိုမင်းသွားသကဲ့သို့ ဖြစ်သွားသည်။
ကောင်းကင်နှင့်မြေကြီး၏ သက်တမ်းနှင့်တူညီခြင်း ပညာရပ် ထိုက်လော့က အချိန်အတော်ကြာကတည်းက သူ၏ ဤ မူလ လျှို့ဝှက်ပညာရပ်ကို သိထားခဲ့သော်လည်း ထိုက်လော့ပင်လျှင် သူ သိထားသည်မှာ အပေါ်ယံမျှသာ ဖြစ်သည်ကို သိမည်မဟုတ်ပေ။
ဤလျှို့ဝှက်ပညာရပ်သည် လူတစ်ယောက်၏သက်တမ်း ၉၉ရာခိုင်နှုန်းကို ချက်ချင်း လောင်ကျွမ်းပစ်နိုင်ပြီး ဂူကောင်းကင်အဆင့်ကျွမ်းကျင်သူ၏ သက်စောင့်စွမ်းအားများ အားလုံးကို လှုံ့ဆော်ပေးကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများအဖြစ်သို့ ပြောင်းလဲပေးနိုင်ရုံသာမက ဆက်လက်လောင်ကျွမ်းစေပြီး စွမ်းအားများ အားလုံးကို နာရီဝက်အတွင်း စုစည်းကာ ပေါက်ကွဲထုတ်ပစ်နိုင်စွမ်းလည်း ရှိသည်။
ဤသို့လုပ်ဆောင်ခြင်းဖြင့် ဤငွေရောင်မျက်လုံးများနှင့်လူငယ်၏ ပြီးပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ နာရီဝက်ကြာပြီးနောက် လုံးဝပျောက်ကွယ်သွားမည် ဖြစ်သော်လည်း ပေါက်ကွဲထွက်လာသော စွမ်းအားများမှာတော့ များစွာတိုးတက်လာမည်ဖြစ်သည်။
******