← Chapters

အပူဇော်ခံမီးတောက် ပူဇော်ခြင်း…

Vol. 107 Ch. 1473

အပူဇော်ခံမီးတောက် ပူဇော်ခြင်း…

Vol. 107 Ch. 1473

သိမ်မွေ့ဆန်းကြယ်မီးသည် လောကရှိ ဒြပ်စင်ငါးခုထဲမှ တစ်ခုပါဝင်သောမီး မဟုတ်ပေ။ အထည်ဒြပ်မီး၏အထွတ်အထိပ်၌ လေဟာနယ်ကို ချိုးဖျက်ပြီး ၎င်းကို အရာအားလုံးအား လောင်ကျွမ်းနိုင်သော သိမ်မွေ့မီးအဖြစ် ပြောင်းလဲနိုင်သည့် အခွင့်အရေးတစ်ခု ရှိပေသည်။

သိမ်မွေ့ဆန်းကြယ်မီးအတွက် စိတ်ခံစားမှုအားလုံးသည် လောင်စာဖြစ်ပေ၏။ ထို့ကြောင့် သိမ်မွေ့ဆန်းကြယ်မီးပိုင်ဆိုင်သော တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရပါက လူတစ်ယောက်သည် သူ၏စိတ်ခံစားမှုများသည် အတက်အကျရှိ၍ မဖြစ်ပေ။

တတိယကျင့်ကြံသူတစ်ယောက်အနေဖြင့် အရှင်စစ်မို၏ကျင့်ကြံမှုသည် အစွမ်းထက်ရုံသာမက သူသည် သူ့စိတ်ခံစားမှုအားလုံးကိုလည်း အပြည့်အဝထိန်းချုပ်နိုင်စွမ်း ရှိသည်။ သူသာ ဒေါသမထွက်လိုပါက ဒေါသထွက်လိမ့်မည် မဟုတ်ပေ။

သူက စိတ်ခံစားမှုများကို မထွက်ပေါ်စေလိုပါက သူသည် သူ့စိတ်ခံစားမှုအားလုံးကို ရေပြင်အလား တည်ငြိမ်နေအောင် လုပ်ထားနိုင်သည်။

သို့ပေမည့် အရှင်စစ်မိုထံတွင် တုန်လှုပ်မှုအရိပ်အမြွက်လေး ဖြစ်ပေါ်သွား၏။ ယင်းသည် တဒင်္ဂလှုပ်ရှားသွားမှုလေးသာ။ ပုံမှန်ဆို ထိုသို့စိတ်ခံစားမှု လှုပ်ခတ်ရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။ သို့သော် ၎င်းခံစားမှုသည် အခုတွင် ထွက်ပေါ်သွားခဲ့လေပြီ။

အရှင်စစ်မိုသည် ထိုကဲ့သို့ ဘာကြောင့် ဖြစ်ရသည်ကို တွေးနေရန် အချိန်မရှိပေ။ သူ တုန်လှုပ်မှုကို ခံစားမိလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ ဆန်းကြယ်သိမ်မွေ့မီး ပေါက်ကွဲထွက်လာကာ မျက်စိတစ်မှိတ်အတွင်း သူ့ကို လောင်ကျွမ်းသည်။ ထိုကြောက်မက်ဖွယ်မီးက သူ၏အမူအရာကို ပြောင်းလဲသွားစေ၏။

သူ့အမူအရာပြောင်းလဲမှုက သူ့စိတ်ခံစားမှုများကို ထပ်မံ၍ အတက်အကျ ဖြစ်သွားစေလေ၏။ ယင်းအဖြစ်က သိမ်မွေ့ဆန်းကြယ်မီးကို ပိုပြင်းထန်စွာ လောင်ကျွမ်းစေသည်။

ဟင်္သာငှက်အဘိုးအိုသည် ထိုတိုက်ပွဲကို ကြည့်နေ၏။ သူက သတိမပြုမိနိုင်လောက်စွာ နှာခေါင်းရှုံ့လိုက်၏။ “ငါ့ရိုက်ချက် အနည်းငယ်က မင်းကို သင်ခန်းစာတစ်ခု ပေးဖို့တင် မဟုတ်ဘူး။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ သိမ်မွေ့ဆန်းကြယ်မီး မျိုးစေ့တစ်ခုကိုပါ ချန်ထားခဲ့တာကွ။ မဟုတ်ရင် ငါ့ဂျူနီယာအတွက် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်ဖို့ဆိုတာ အတော်လေးကို ခက်ခဲလွန်းလိမ့်မယ်။ ကောင်လေး…ဒီအခွင့်အရေးကို အသုံးချနိုင်၊ မချနိုင်တာကတော့ မင်းရဲ့ စွမ်းရည်ပေါ်ပဲ မူတည်သွားပြီ…”

ဝမ်လင်းသည် မရေမတွက်နိုင်သော သေရေးရှင်ရေးများ တွေ့ကြုံခဲ့ဖူး၏။ ထို့ကြောင့် သူသည် မည်သည့်အခွင့်အရေးကိုမှ လွဲချောလိမ့်မည် မဟုတ်ပေ။ သိမ်မွေ့ဆန်းကြယ်မီး ခက်ထန်လာသည်ကို မြင်သည်နှင့် ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖျပ်ခနဲ ပေါ်၏။ အစောပိုင်းက သူ့ဒဏ်ရာများကို ဖိနှိပ်ကာ ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေပြီး ရှေ့သို့ ညွှန်လိုက်သည်။

ဝမ်လင်း၏အမူအရာသည် ကြမ်းကြုတ်နေ၏။ သူသည် သူ့ဘယ်မျက်လုံးထဲရှိ ကိုးရောင်စုံမီးထံ လက်ညွှန်သည်။ ၎င်းသည် သိမ်မွေ့ဆန်းကြယ်မီးအဖြစ်ပြောင်းကာ အရှင်စစ်မိုထံသို့ တဟုန်ထိုး ဝင်ရောက်သွားသည်။

“သိမ်မွေ့ဆန်းကြယ်မီးက မလုံလောက်သေးဘူး။ ကောင်းကင်ဘုံသိမ်မွေ့မီး…ငါ့အတွက် စုစည်းလိုက်စမ်း…” ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ လေပြင်းတစ်ခုသည် တိုက်ပွဲကို ကြည့်ရှုနေသော ကျင့်ကြံသူများထံသို့ ရိုက်ခတ်သွားသည်။

ထိုလေပြင်းထဲ၌ မြင့်မားသောအပူချိန်ပါဝင်၏။ ၎င်း ရိုက်ခတ်လာသည့်အခါ သိမ်မွေ့ဆန်းကြယ်မီးသည် ထိုသူတို့၏စိတ်ခံစားမှုလှုပ်ခတ်ခြင်းကြောင့် မွေးဖွားလာချေ၏။ ထိုသိမ်မွေ့ဆန်းကြယ်မီးသည် သူတို့ကို မလောင်ကျွမ်းပေ။ ထိုအစား ၎င်းက သူတို့၏ခန္ဓာကိုယ်တစ်ခုစီ၌ သိမ်မွေ့ဆန်းကြယ်မီးနဂါးတစ်ကောင်အသွင် ချက်ခြင်း ဖွဲ့စည်းသည်။

လျှပ်တပြတ်အတွင်းမှာပင် ထိုမီးနဂါးများသည် ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်များထံမှ တဟုန်ထိုး ထွက်လာကြ၏။ သည်လောကတွင် သိမ်မွေ့ဆန်းကြယ်မီးနဂါးပေါင်း (၃၆၇၉၄) ထွက်ပေါ်လာလေ၏။

အဝေးမှကြည့်ပါက အနှီမြင်ကွင်းမှာ အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းသည်။ သည်အခိုက်အတန့်တွင် ဝမ်လင်းတစ်ယောက်တည်းက အရှင်စစ်မိုကို တိုက်ခိုက်နေတာ မဟုတ်တော့သည့်အလား။ သူက သည်နေရာရှိ လူတိုင်း၏စိတ်ခံစားမှုကို စုစည်းကာ အရှင်စစ်မိုထံ တိုက်ခိုက်လိုက်ခြင်း ဖြစ်နေသည်လော။

ကျင့်ကြံခြင်းလောကတွင် မည်သူကမျှ ဝမ်လင်းကဲ့သို့ မီးစွမ်းအားကို ထုတ်ဖော်နိုင်ကြလိမ့်မည် မဟုတ်ပေ။ လေးယောက်မြောက်မျိုးဆက်ဟင်္သာငှက် သို့မဟုတ် ဒုတိယမြောက်မျိုးဆက်ဟင်္သာငှက်တို့သည်ပင် လုပ်နိုင်ကြလိမ့်မည် မဟုတ်ပေ။

သူတို့၏သိမ်မွေ့ဆန်းကြယ်မီးမှာ သန်မာလှသော်လည်း အကန့်အသတ် ရှိပေ၏။ သူတို့သည် ထုတ်လွှတ်နိုင်ရုံသာ ရှိပြီး မစုပ်ယူနိုင်ပေ။ သို့ပေမည့် ဝမ်လင်း၏သိမ်မွေ့ဆန်းကြယ်မီးကမူ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထံမှ သံလိုက်အား ပါဝင်နေသည်။ သိမ်မွေ့ဆန်းကြယ်မီးကို စုပ်ယူပြီးနောက် သည်လောကမှာ တုန်ဟည်းလာ၏။ ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ မရေမတွက်နိုင်သော သိမ်မွေ့ဆန်းကြယ်မီးနဂါးများသည် အရှင်စစ်မိုထံသို့ တိုးဝင်လေသည်။

သိမ်မွေ့ဆန်းကြယ်မီးနဂါး ဦးဆောင်မှုနှင့်အတူ မရေမတွက်နိုင်သောကျန်နဂါးများက နောက်က လိုက်ပါသွားကြခြင်းပင်။ ၎င်းတို့သည် ကောင်းကင်တုန်လှုပ်ဖွယ်သိမ်မွေ့ဆန်းကြယ်မီးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ အရာအားလုံးသည် ဖြစ်ပျက်တာ မြန်လွန်း၏။ အရှင်စစ်မိုထံ၌ သိမ်မွေ့ဆန်းကြယ်မီး တောက်လောင်သည်နှင့် သိမ်မွေ့ဆန်းကြယ်မီးမုန်တိုင်းသည် သူ၏ခန္ဓာကိုယ်ထံ တိုးဝင်လာခဲ့လေပြီ။

အရှင်စစ်မို၏မျက်နှာသည် ချက်ခြင်း ဖြူရောသွားသည်။ သူသည် နောက်သို့ အလျင်အမြန် ဆုတ်သည်။ သူ့မျက်လုံးထဲတွင်လည်း ထိတ်လန့်မှု ဖြစ်ပေါ်သွား၏။ သို့သော် သူသည် သူ၏စိတ်ခံစားမှုများကို အလျင်အမြန် ပြန်ဖိနှိပ်လိုက်သည်။

“နောက်ထပ်နည်းနည်းလောက် လိုနေသေးတယ်…” ဝမ်လင်း၏မျက်လုံးသည် အေးစက်နေ၏။ သူသည် ရှေ့သို့ တရကြမ်းတိုးဝင်ကာ လှမ်းအော်သည်။ “အရှင်စစ်မို…ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ကို သင် မှတ်မိသေးလား…”

နောက်ဆုတ်နေသော အရှင်စစ်မို၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူ၏မျက်လုံးထဲတွင် ရုန်းကန်မှု ဖြစ်ပေါ်လာသည်။ သို့သော် သူက သူ့စိတ်ခံစားမှုများကို ဖိနှိပ်ထားလိုက်သည်။

“အရှင်စစ်မို…သင် လှိုဏ်ဂူထဲကနေ ကန်ထုတ်ခဲ့တဲ့ သင့်ရဲ့ဒုတိယ၊ တတိယ…နဲ့ ဆယ့်ခြောက်ယောက်မြောက်ထိ ညီကိုတွေကို မှတ်မိသေးရဲ့လား…” အရှင်စစ်မို၏မျက်နှာသည် သေလောက်အောင် ဖြူရောသွားသည်။ သူ၏ခန္ဓာကိုယ်မှာ လှုပ်ခါနေသည်။

“အရှင်စစ်မို…သင် ဒီအရာကိုရော သိရဲ့လား…” ဝမ်လင်းသည် သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုကျောက်စိမ်းပြားသည် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်မှ အရှင်စစ်မို၏ အဆင့်အတန်းပုံရိပ်ကျောက်စမ်းပြား ဖြစ်လေ၏။

အရှင်စစ်မို၏မျက်လုံးထဲတွင် ပို၍ ရုန်းကန်နေရသည်။

“အရှင်စစ်မို…သင် ဒါကိုရော မှတ်မိရဲ့လား…” ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ လက်ဝါးအရွယ်ခန့်သားရဲအရိုးတစ်ခု ပေါ်လာလေသည်။

ထိုအရိုးကြောင့် အရှင်စစ်မိုသည် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်က‌နေ ကန်ထုတ်ခံခဲ့ရခြင်း မဟုတ်လား။

အရှင်စစ်မို၏မျက်နှာ ဖြူရောသွားသည်။ သူ့မျက်လုံးသည် နီရဲလာ၏။ သူ့မျက်နှာထက်တွင် ကြမ်းကြုတ်ဟန် ပေါ်လာပြီး သူက ဝမ်လင်းကို လှမ်းအော်သည်။ “ပါးစပ်ပိတ်ထားစမ်း…”

“ငါက သင့်ကို အရှင်စစ်မိုလို့ ခေါ်သင့်လား၊ ဒါမှမဟုတ် စစ်မာမိုလို့ ခေါ်သင့်လား…” ဝမ်လင်း၏စကားလုံးများသည် မိုးကြိုးတန်းတစ်ခုအလား။ သိမ်မွေ့ဆန်းကြယ်မီးသည် အရှင်စစ်မို၏ခန္ဓာကိုယ်မှ မြင့်တက်လာချေသည်။ ထိုမီးသည် တောက်ပစွာ လောင်ကျွမ်းပြီး သူ၏ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာလေ၏။

အရှင်စစ်မို၏မျက်လုံးထဲတွင်လည်း ရူးသွပ်မှုအာရုံ ဖြစ်ပေါ်လာသည်။ သူက နောက်ဆုတ်နေသည်ကို ရပ်တန့်၏။ သူ့ကို သိမ်မွေ့ဆန်းကြယ်မီးများ လောင်ကျွမ်းခြင်းအား ခွင့်ပြုလိုက်လေသည်။ သူ့ထံမှ ခုနစ်ရောင်စုံအလင်းသည် တောက်ပလာ၏။ သို့ပေမည့် ခရမ်းရောင်သည် ကျန်သည့်အရောင်ခြောက်မျိုးကို လုံးဝနီးပါး ဖိနှိပ်ထားချေသည်။

“ဒီအဘိုးအိုဟာ စစ်မာမို မဟုတ်ဘူး။ ငါ့တာအိုနာမည်ဟာ အရှင်စစ်မိုသာ ဖြစ်တယ်…” အရှင်စစ်မိုသည် သူ၏ခန္ဓာကိုယ်အတွင်း၌ သိမ်မွေ့ဆန်းကြယ်မီး၏ လောင်ကျွမ်းခြင်းကို ခံနေရသည်။ သူက သွေးအန်လိုက်ရ၏။ သွေးပေါ်လာသည်နှင့် ၎င်းသည်လည်း ပြာဖြစ်သည့်အထိ လောင်ကျွမ်းခံရသည်။ သူက ဝမ်လင်းကို ကြမ်းကြုတ်သည့်အမူအရာဖြင့် စိုက်ကြည့်သည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာသည်။ သူက သူ့ညာလက်ကို လေဟာနယ်ထံသို့ ဆန့်ထုတ်၏။ သူက မာန်သွင်းလိုက်လေသည်။

လောကသည် နက်မှောင်လာ၏။ အရှင်စစ်မိုကြောင့် ဧရာမဟင်းလင်းပြင်အက်ကြောင်းကြီးတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းအဟသည် ကြီးမားလွန်းသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ယင်းအဟထဲ၌ တခြားလောကတစ်ခု ရှိနေသည်ကို ရှင်းလင်းစွာ မြင်ရ၏။

ထိုအဟအတွင်း၌ မရေမတွက်နိုင်သော ကျင့်ကြံခြင်းဂြိုဟ်များ ရှိနေပြီး မရေမတွက်နိုင်သောလူများ ဒူးထောက်လျက် ရှိသည်။ သူတို့ ပူဇော်သမျု ပြုနေကြစဉ် အပူဇော်ခံမီးတောက်မြောက်များစွာ ထွက်ပေါ်လာနေ၏။

“ဒီအဘိုးအိုရဲ့ အပူဇော်ခံမီးတောက်နယ်ပယ်ကို ဖွင့်လှစ်တယ်။ တပည့်စိတ်ဝိညာဉ်တွေ ထွက်ပေါ်လာစမ်း…” အရှင်စစ်မိုက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ထိုဂြိုဟ်များပေါ်ရှိ မရေမတွက်နိုင်သောသက်ရှိများသည် မန္တာန်များ စတင်ရွတ်ဆိုသည်။ ထိုအသံသည် အတူတကွပေါင်းစပ်သွားပြီး ရုတ်တရက် ထိုအက်ကွဲကြောင်းအဟထဲကနေ ထိုးထွက်လာလေသည်။

ထိုအသံ ထိုးထွက်လာသည်နှင့် ပုံရိပ်ယောင်စိတ်ဝိညာဉ်များသည် အရှင်စစ်မို၏ ပတ်လည်တွင် ပေါ်လာ၏။ ထိုစိတ်ဝိညာဉ်များသည် ထုထည်များလှ၏။ မျက်စိတစ်မှိတ်အတွင်း ဤလောကတွင် ပြည့်နှက်ကုန်သည်။

အကြည့်တစ်ချက်ဖြင့်ပင် ထိုစိတ်ဝိညာဉ်များသည် အကန့်အသတ်မဲ့သည်ကို မြင်နိုင်၏။ ပမာဏမှာ တုန်လှုပ်ဖို့ ကောင်း၏။ ပေါ်မထွက်လာသေးသော စိတ်ဝိညာဉ်များစွာလည်း အက်ကြောင်းအတွင်း၌ ကျန်ရှိနေသေးသည်။

ထိုစိတ်ဝိညာဉ်များ၏ မျက်လုံးများထဲ၌ စိတ်အားထက်သန်မှု ပြည့်နှက်လျက် အပူဇော်ခံမီးတောက်ကို ထုတ်လွှတ်နေ၏။

“အပူဇော်ခံမီးတောက်မန္တာန်၊ တတိယအဆင့်ကျင့်ကြံသူတွေရဲ့ တသီးတသန့်ဖြစ်တဲ့ အပူဇော်ခံမီးတောက်မန္တာန်…”

“သက်ရှိအားလုံးဟာ ဒီအပူဇော်ခံမီးတောက်မန္တာန်တွေကြောင့် ဖျက်စီးခံရနိုင်တယ်…”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အလန့်တကြား အာမေဍိတ်သံများ ပြုကုန်လျက် နောက်သို့ ဆုတ်ကြ၏။ သူတို့သည် တိုက်ပွဲနှင့် နီးကပ်မနေဝံ့ကြပေ။

ဟင်္သာငှက်အဘိုးအို၏မျက်လုံးမှာ လက်ခနဲ ဖြစ်သွားပြီး သူက အရှင်စစ်မိုထံသို့ စိုက်ကြည့်သည်။ သူ မည်သို့တွေးနေသည်ကိုမူ မသိရနိုင်ပေ။

“ငါ့တပည့်တွေ…ငါ့ကို ပူဇော်ကြ…” အရှင်စစ်မိုက မာန်သွင်းလိုက်၏။ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များက အရှင်စစ်မိုကို ဦးညွတ်ကြလေ၏။

သူတို့၏ဦးညွတ်မှုကြောင့် လောကသည် တုန်ဟည်းကာ အပူဇော်ခံမီးတောက်လေပြင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုလေပြင်းသည် ခရမ်းရောင် ရှိကာ အရှင်စစ်မိုထံသို့ ဝေ့ခတ်၏။ ထိုအခါ သူ့ပတ်လည်ရှိ သိမ်မွေ့ဆန်းကြယ်မီးသည်ပါ မှိန်ဖျော့သွားပြီး စတင်ငြှိမ်းသေလေသည်။

လျှပ်တပြတ်အတွင်း အရှင်စစ်မိုပတ်လည်ရှိ သိမ်မွေ့ဆန်းကြယ်မီးအားလုံးသည် ငြှိမ်းသေသွားလေ၏။ မည်သည့်မီးမှ မကျန်ခဲ့ပေ။ သို့ပေမည့် စိတ်ဝိညာဉ်များမှာ ဝေဝါးလာ၏။ သူတို့၏ဦးညွတ်မှုက သူတို့၏ခွန်အားအများအပြားကို သုံးစွဲလိုက်ရသည့်အလား။

ထိုမြင်ကွင်းသည် ဝမ်လင်း၏အမူအရာကို ပြောင်းလဲစေသည့်အထိ တုန်လှုပ်ဖွယ် ကောင်းလှ၏။

“ဒါက တတိယအဆင့်ပေါ့။ တာအိုပညာရှင်ရေလိုမျိုး တတိယအဆင့်ကျင့်ကြံသူတစ်ယောက်။ အပူဇော်ခံမီးတောက်ဟာ သိမ်မွေ့မီးကို ငြှိမ်းသေနိုင်ခဲ့တယ်။ တကယ်ပဲ ငါ ဒီတိုက်ပွဲမှာ အနိုင်မရနိုင်ဘူးလား…”

ဝမ်လင်း၏မျက်လုံးထဲတွင် ဝန်လေးမှုတို့ ရှိလာ၏။ သူက စိတ်ထဲကမူ မာန်သွင်းလိုက်သည်။

“သူဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်တော့ရော ဘာဖြစ်သေးလဲ…”

ထိုအခိုက်အတန့်တွင် အရှင်စစ်မိုသည် ရုတ်တရက် လှည့်လာသည်။ သူ့မျက်လုံးသည် အေးစက်နေသည်။ သူက ဝမ်လင်းကို စူးစိုက်ကြည့်ကာ အော်ဟစ်လိုက်လေ၏။

“ဒီအဘိုးအိုရဲ့ အဆုံးမရှိတဲ့တပည့်တွေဟာ ငါ့အတွက် အပူဇော်ခံမီးတောက်ကို ဖန်တီးပေးခဲ့တယ်။ တတိယအဆင့်ကို မရောက်ဘဲနဲ့ မင်းဟာ ဒီအပူဇော်ခံမီးတောက်ကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ မင်းက သေချင်နေမှတော့ ငါ မင်းကို သေခွင့်ပြုလိုက်မယ်။ အပူဇော်ခံမီးတောက်တပည့်တွေ…သူ့ကို တစ်ကြိမ်တည်း ပူဇော်လိုက်ကြ။ ဒီအဘိုးအိုက ငါ့ရဲ့ မရေမတွက်နိုင်တဲ့ တပည့်တွေရဲ့ ပူဇော်မှုကို မင်းတောင့်ခံနိုင်မလား မြင်ချင်မိတယ်…”

အရှင်စစ်မိုသည် ဝမ်လင်းထံသို့ လက်ညွှန်လိုက်လေ၏။

သူ လက်တစ်ချက်ညွှန်လိုက်သည်နှင့် အရှင်စစ်မို၏အပူဇော်ခံမီးတောက်နယ်မြေအတွင်းမှ မရေမတွက်နိုင်သောစိတ်ဝိညာဉ်များသည် ဝမ်လင်းဘက်သို့ မျက်နှာမူလာ၏။ တပည့်ပေါင်းမှာ များပြားလွန်းသည့်အတွက် ရေလို့ပင် မရပေ။ ဝမ်လင်းသည်ပင် အပူဇော်ခံမီးတောက်တပည့်များနှင့် မျက်နှာချင်းဆိုင်ရသည့်အခါ တုန်လှုပ်မိရသည်။

“အပူဇော်ခံမီးတောက်…” အရှင်စစ်မို၏စကားလုံးများသည် ပဲ့တင်ထပ်လာ၏။ အဆုံးမဲ့အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များသည် ဝမ်လင်းထံ ဦးညွတ်လိုက်ကြသည်။

ထိုကဲ့သို့ တစ်ချက်ဦးညွတ်မှု၏စွမ်းအားက ခရမ်းရောင်လေပြင်းကို ဖြစ်စေကာ ဝမ်လင်းထံသို့ တိုက်ခတ်လာသည်။ ဝမ်လင်းသည် အဘက်ဘက်မှ သူ့ထံသို့ ဘာမှန်းမသိရသောအားတစ်ခု တိုးဝင်လာသည်ဟု ခံစားမိလိုက်၏။ သူ့ခန္ဓာကိုယ်သည် ညှစ်ချေခံလိုက်ရသည့်အလား ပြင်းထန်စွာနာကျင်မှုကို ခံစားမိသည်။

သူ့ခန္ဓာကိုယ်ထံမှ ဆုတ်ဖြဲအားတစ်ခု ထွက်ပေါ်လာပြီး သူ့ကို ဆုတ်ဖြဲပစ်ချင်နေသည်။ ဝမ်လင်း၏အမူအရာသည် ပြောင်းလဲသွား၏။ သူသည် မည်သည့်နေရာသို့မှ မလွတ်မြောက်နိုင် ဖြစ်ရ၏။ အကြောင်းမှာ ထိုစွမ်းအားသည် သည်လောကကိုယ်တိုင်ကနေ ထွက်ပေါ်လာနေသည့်အတွက်ကြောင့် ဖြစ်၏။

“ငါ့ရဲ့အပူဇော်ခံမီးတောက်တပည့်တွေရဲ့ ပူဇော်မှုကို မင်း ဘယ်လိုများ တောင့်ခံနိုင်မလဲ ငါ မြင်ချင်တယ်။ မင်းက တတိယအဆင့်ကို မရောက်သေးဘဲ ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့။ မောက်မာလွန်းတယ်…” အရှင်စစ်မို၏မျက်လုံးသည် လုံးဝခရမ်းရောင် ဖြစ်လာသည်။ ခရမ်းရောင်အလင်းများ တလက်လက် ထုတ်လွှတ်၏။

သို့ရာတွင် သူသည် ခရမ်းရောင်အလင်း၏ ထွေးခြုံထားခြင်း ခံရသော်လည်း သူ့မျက်ခုံးနှစ်ခုကြား၌ လက်သည်းခွံအရွယ်လောက် မီးစတစ်ခု ခပ်ရေးရေး ရှိနေလေ၏။

ဝမ်လင်းက ထိုမီးအတွင်း၌ လူသေးလေးတစ်ယောက် ထိုင်နေသည်ကို မြင်သည်။ ထိုလူသေးလေးသည် အရှင်စစ်မိုနှင့် ချွတ်ဆွတ်တူ၏။ ထိုလူသေးလေး၏မျက်လုံးထဲမှ မျက်ရည်စီးကောင်းနှစ်ခု လိမ့်ဆင်းကျနေသည်။

“ငါ့ကို ကယ်ပါ…” ခရမ်းရောင်အလင်း ရောက်ရှိလာသည့်အခါတွင် ဝမ်လင်းက အရှင်စစ်မို၏မျက်ခုံးနှစ်ခုကြားရှိ ထိုမီးအတွင်းမှ ဝိုးတဝါးအသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည့်ပုံပင်။

“အရှင်စစ်မိုမှာ ဒီလောက်များပြားတဲ့ အပူဇော်ခံမီးတောက်တပည့်တွေ ပိုင်ဆိုင်ထားတယ်…” ဟင်္သာငှက်အဘိုးအို၏အမူအရာသည် ပြောင်းလဲသွားသည်။ သူက ကူညီရန် ရှေ့သို့ ထွက်ရန် ဟန်ပြင်လိုက်သည်။ သို့ပေမည့် သူ တစ်လှမ်းလှမ်းရုံရှိသေး ဝမ်လင်း၏အသံသည် ဤလောကတွင် ပဲ့တင်ထပ်လာလေ၏။

“စီနီယာ…ဂျူနီယာ ဒါကို ကိုင်တွယ်နိုင်ပါတယ်…”

***

All Chapters