← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း (၉၃) - အပြောဆိုခံရခြင်းက ငတ်မွတ် သေဆုံးရခြင်းထက် ပို၍ကောင်းသည်

ယန်ပုကွေ့၏ စကားများက အကြောင်းမဲ့သက်သက် ထွက်ကျလာခြင်းတော့ မဟုတ်ပေ။ ရှာကျူး တစ်ယောက် စက်ရုံ စားဖိုချောင်မှ သယ်ဆောင်လာသမျှ အရာတို့မှာ သူ့လက်ထဲသို့ ရောက်လာရန် လုံးဝ မဖြစ်နိုင်သည့် ကိစ္စတစ်ခုလို ဖြစ်နေခဲ့ပြီလေ။ အမြဲတမ်းလိုလိုပင် ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ချင်ဟွိုင်ရူက ကြားဖြတ်၍ ယူငင်သွားလေ့ရှိသည်။

အထူးသဖြင့် နှစ်ကုန်ပိုင်းသို့ ရောက်လာချိန် ဖြစ်ရာ စက်ရုံမှူးယန်သည် ဝန်ကြီးဌာနမှ လူကြီးများ၊ အထက်အဖွဲ့အစည်းများနှင့် ပြင်ပမှ ဧည့်သည်တော်များကို မကြာခဏဆိုသလို ဧည့်ခံကျွေးမွေးရလေ့ရှိသည်။ ထိုအခါမျိုးတွင် ခေါင်းဆောင်စားဖိုမှူးဖြစ်သူ ရှာကျူးအဖို့ ပိုလျှံနေသော ဟင်းလျာများကို အိမ်သို့ သယ်ဆောင်သွားရန် အခွင့်အရေးများစွာ ရရှိနေတော့သည်။

ယနေ့တွင်လည်း ရှာကျူး တစ်ယောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူသည် အလယ်ခြံဝင်းထဲသို့ ဝင်ဝင်ချင်း ဘယ်ညာသို့ အကဲခတ်သကဲ့သို့ တစ်ချက်ဝေ့ကြည့် လိုက်ပြီးနောက် ခိုးကြောင်ခိုးဝှက်ဟန်ဖြင့် လျှောက်လှမ်းလာခဲ့သည်။

ကျားမိသားစု၏ တံခါးဝသို့ ရောက်ရှိချိန်တွင်တော့ တိုးတိုးလေး ချောင်းဟန့်ရင်း လှမ်းခေါ်လိုက်သည်။

“အစ်မချင်ရေ...”

ထိုအသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ကျားမိသားစုဝင် အားလုံး ရှာကျူး တစ်ယောက် ထမင်းချိုင့်ဆွဲလာပြီ ဆိုသည်ကို အလိုလို နားလည်လိုက်ကြသည်။ ပန့်ကန့်နှင့် ကျားကျန်းရှစ်တို့၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက်သွားကြပြီး ချင်ဟွိုင်ရူကို စူးစိုက်ကြည့်လာကြသည်။ ထို့ကြောင့် ချင်ဟွိုင်ရူလည်း လက်ထဲရှိ အလုပ်ကို အသာချထားခဲ့ကာ အပြင်သို့ ထွက်လာပြီးနောက် ရှာကျူး ကမ်းပေးလာသည့် ထမင်းချိုင့်ကို လှမ်းယူလိုက်သည်။

ထိုခဏတွင် ရှာကျူးက ချင်ဟွိုင်ရူ၏ ဖြူဖွေး ဝင်းမွတ်နေသော မျက်နှာလေးကို ငေးကြည့်ရင်း ထမင်းချိုင့် ကမ်းပေးသည့်အလျောက် သူမ၏ လက်ဖဝါးလေးကိုပါ ထိကိုင်နိုင်ရန် အခွင့်အရေး ချောင်းလိုက်သည်။

“အစ်မချင်ရေ... အစ်မ တကယ်ကို ပင်ပန်းနေရရှာပြီ”

သို့သော်လည်း ချင်ဟွိုင်ရူက လျင်မြန်စွာပင် သူမ၏ လက်ကို နောက်သို့ ပြန်ရုပ်သိမ်းလိုက်သည်။

“ရှာကျူး… မင်းက တကယ်ကို သဘောကောင်းတဲ့သူပါပဲကွယ်”

ထိုသို့ပြောကာ လူကောင်းကတ် ထုတ်ပေးပြီးသည်နှင့် ကျားမိသားစု အိမ်ထဲသို့ ခပ်သုတ်သုတ် ပြေးဝင်သွားတော့သည်။

အပြင်တွင် ကျန်ရစ်ခဲ့သည့် ရှာကျူးမှာ ခြံဝင်းထဲ၌ ရပ်နေဆဲဖြစ်ကာ ကျားမိသားစု၏ တံခါးလိုက်ကာလေးကို အချစ်မျက်လုံးများဖြင့် ငေးကြည့်နေမိသည်။

“အစ်မချင်ရေ... အစ်မ တကယ်ကို ပင်ပန်းရရှာပါတယ်။ စိတ်ချပါ… ဒီက ဟယ်ယွီကျူး ပါးစပ်ထဲ အစာတစ်လုပ် ရှိနေသရွေ့ အစ်မတို့ သားအမိတွေကို ဘယ်တော့မှ အငတ်မထားပါဘူး”

ထို့နောက် နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင်တော့ ဟယ်ယွီရွှေက တံခါးဝ၌ ရပ်လျက် သူ့ကို အေးစက်စက် အကြည့်တို့ဖြင့် စိုက်ကြည့်နေသည်ကို အမှတ်မထင် တွေ့လိုက်ရသည်။ ရှာကျူးမှာ ကိုယ့်အပြစ်နှင့်ကိုယ်မို့လို့ ရှက်ရွံ့သွားဟန်ဖြင့် ပြောလိုက်သည်။

“ဒါ... ဒါတွေက သူများတွေ စားပြီး ကျန်တဲ့ ဟင်းတွေပါဟ။ ဘာပဲဖြစ်ဖြစ် မင်းလည်း ချုံးလေးဆီမှာ အသားဟင်းတွေ စားနေရတာပဲလေ။ ဒီလို အကြွင်းအကျန်တွေကိုများ ဂရုစိုက်နေစရာ လိုသေးလို့လား”

“ဟာ... အစ်ကို။ အစ်ကိုက ဘယ်လိုလုပ် ဒီစကားမျိုး ပြောရက်ရတာလဲ။ အစ်ကိုချုံးက ကျွန်မကို အသားကျွေးတာ သူက သဘောကောင်းလို့ ကျွေးတာလေ။ ဒါပေမဲ့ ကျွန်မကရော တချို့လူတွေလိုပဲ မျက်နှာပြောင်တိုက်ပြီး သူများပစ္စည်းကို ကိုယ့်ပစ္စည်းလို သဘောထားပြီး စားနေရမှာလား”

ဟယ်ယွီရွှေက ပြန်ချေပလိုက်သည်။

အိမ်ထဲသို့ ဝင်လာစဖြစ်သော ချင်ဟွိုင်ရူမှာ ထိုစကားကို ကြားလိုက်ရသဖြင့် မျက်နှာ ပူစပ်ပူလောင် ဖြစ်သွားရသည်။ သို့သော် ကျားကျန်းရှစ်က သူမလက်ထဲမှ ထမင်းချိုင့်ကို အတင်းလုယူရင်း အော်ငေါက်လိုက်သည်။

“ဘာတွေ ကြောင်ကြည့်နေတာလဲ… မြန်မြန် ပေးစမ်းပါ။ ငါ့မြေးလေး ပန့်ကန့်က အသားဟင်း စားချင်နေပြီဟဲ့”

ထို့နောက်တွင်တော့ အဖွားနှင့် မြေးနှစ်ယောက်မှာ ခေါင်းချင်းဆိုင်ကာ ထမင်းချိုင့်ထဲမှ အစားအစာများကို အလုအယက် စားသောက်ကြတော့သည်။

ခြံဝင်းထဲတွင်မူ ရှာကျူး တစ်ယောက် ယွီရွှေ၏ စကားများကြောင့် မျက်နှာပျက် သွားခဲ့ရသည်။ သူသည် အမြန် ပြေးသွားကာ သူမ၏ ပါးစပ်ကို ပိတ်ရန် ကြိုးစားရင်း တားမြစ်လိုက်သည်။

“ဟဲ့... ညီမလေးရယ် တိုးတိုးပြောပါဟ။ တခြားသူတွေ ကြားသွားရင် မကောင်းပါဘူး...”

သို့သော် ဟယ်ယွီရွှေက အလျှော့မပေးပေ။

“ဘာကြောက်စရာရှိလို့လဲ။ ကြားသွားတော့ရော ဘာဖြစ်လဲ။ လုပ်ရဲရင် အပြောခံရဲရမှာပေါ့။ ကျွန်မရဲ့ ရိက္ခာဝေစုတွေကို တခြားသူတွေက လုစားနေတာကို ကျွန်မက ငုံ့ခံပြီး နေရဦးမှာလား”

သူမမှာ ပြောလေ ဒေါသထွက်လေ ဖြစ်လာပြီး အသံမှာလည်း ပိုမိုကျယ်လောင် လာသည်။ ထိုဆူညံသံများကြောင့် ခြံဝင်းထဲရှိ လူများမှာ အပြင်သို့ ထွက်လာကြကာ ဝိုင်းအုံကြည့်ရှု လာကြသည်။

ရှာကျူးလည်း ဒေါသထွက်လာကာ ဒေါသတကြီး ဆိုလေသည်။

“ဒီကောင်မလေး... မင်း တအားလွန်လာပြီနော်။ အစ်မချင်တို့ မိသားစု အခက်အခဲ ရှိနေတာကို ဘယ်သူမသိလို့လဲ။ ကိုယ့်အိမ်မှာ စားစရာတွေ ပိုလျှံနေတာပဲဟာကို သူတို့ကို နည်းနည်းပါးပါး ပေးကမ်းလိုက်တာ ဘာဖြစ်သွားမှာမို့လို့လဲ”

“သူတို့အိမ်က အခက်အခဲရှိတယ် ဆိုရင်ရော... ဒီခြံဝင်းထဲမှာ ဘယ်အိမ်ကများ အခက်အခဲ မရှိလို့လဲ။ ကျွန်မတို့အိမ်က စားစရာ ပိုနေတယ် ဆိုပြီးတော့ သူတို့ကိုပဲ ကြည့်လိုက်စမ်းပါဦး... ဘယ်သူက ကျွန်မထက် ပိန်နေလို့လဲ။ ဘယ်သူက ဝက်လို မဝဖြိုးနေလို့လဲ”

ဟယ်ယွီရွှေက အားမလိုအားမရ ပြန်လည် ချေပလိုက်သည်။

ထိုစကားကြောင့် ခြံဝင်းထဲရှိ လူများမှာ သဘောကျစွာ ရယ်မောလိုက်ကြသည်။ တကယ်လည်း သူမပြောသည်မှာ အမှန်ပင် ဖြစ်သည်။ နေ့စဉ်ရက်ဆက် ကျားမိသားစု အခက်အခဲရှိကြောင်း ညည်းတွားနေသော်ငြား ကျားမိသားစုထဲမှ မည်သူကများ အငတ်ခံထားရဖူးလို့လဲ။ အထူးသဖြင့် ကျားကျန်းရှစ်ဆိုလျှင် ဖြူဖြူဝဝ ဖောင်းဖောင်းအိအိနှင့် အလုပ်မလုပ်ဘဲ ပျင်းရိနေသည့်ပုံမှာ အထင်းသားပင်။ ကလေးဖြစ်သူ ပန့်ကန့်ကို ကြည့်လျှင်လည်း အသက်ဘယ်လောက်များ ရှိသေးလို့လဲ။ ဘောလုံးလေး တစ်လုံးလို ဝလုံးနေပြီး အသားဟင်းမှ အသားဟင်းဟု တောင်းဆိုတတ်သေးသည်။ ဤကဲ့သို့သော ပုံစံမျိုးက အခက်အခဲရှိနေသည့် မိသားစုမှ ကလေးတစ်ယောက်နှင့် တူပါလေစ။

ရှာကျူးမှာ ထိုအခါမှ လုံးဝကို စိတ်ပူသွားတော့သည်။ ချင်ဟွိုင်ရူ ကြားသွားပြီး ရှက်ရွံ့သွားမည်ကို အလွန် စိုးရိမ်မိသော်လည်း ယနေ့တွင် ယွီရွှေမှာ တငြီးငြီး တောက်လောင်နေသည့် မီးတောက်တစ်ခုပမာ ဖြစ်နေ၍ မည်သို့မျှ တားဆီး၍ မရတော့ပေ။ နောက်ဆုံးတွင် စိတ်မရှည်နိုင်တော့သည့် ရှာကျူးက လက်မြှောက်ကာ ယွီရွှေကို တစ်ချက် ဖြတ်ရိုက်ပြီး အော်ငေါက်လိုက်သည်။

“ဒီကောင်မလေး... ဘာတွေ လျှောက်ပြောနေတာလဲ”

ခြံဝင်းထဲရှိ လူများအားလုံး အံ့အားသင့်သွားကြသည်။ ယွီရွှေ ကိုယ်တိုင်လည်း ငိုချင်စိတ်ကို မျိုသိပ်ကာ ရှာကျူးကို စိုက်ကြည့်ရင်း ရင်နာနာနှင့် ပြောလိုက်သည်။

“အစ်ကို... အစ်ကိုက ကျွန်မကို ရိုက်တယ်ပေါ့လေ။ ကျွန်မရဲ့ စားစရာတွေကို သူများပေးတဲ့အပြင် အခု ကျွန်မကိုပါ ရိုက်တယ်ပေါ့”

ရှာကျူးမှာလည်း လက်လွန်သွားပြီးမှ နောင်တရကာ မျက်နှာများ နီမြန်းသွားခဲ့သော်လည်း ခေါင်းမာမာနှင့် ဆက်လက် ငြင်းခုံနေဆဲပင်။

“ရိုက်တာ ဘာဖြစ်လဲ။ မင်းက အသိဉာဏ် မရှိလို့ ရိုက်တာ။ အစ်မချင်တို့က အခက်အခဲ ရှိနေတာလေ။ ငါတို့က ကူညီပေးသင့်တယ်...”

ယွီရွှေ၏ မျက်ဝန်းအိမ်ထဲတွင် မျက်ရည်များ ဝေ့သီလာပြီး နာကျင်စွာ ရေရွတ်လိုက်သည်။

“အစ်ကို... အမေလည်း ဆုံးသွားခဲ့ပြီ။ အဖေလည်း ကျွန်မတို့ကို ထားပြီး ထွက်ပြေးသွားခဲ့ပြီ။ အခုတော့ မုဆိုးမတစ်ယောက်အတွက်နဲ့ အစ်ကိုက ကျွန်မကိုပါ စွန့်ပစ်ပြီး ရိုက်ရက်တယ်ပေါ့လေ...”

ထိုစကားတစ်ခွန်းကြောင့် ခြံဝင်းထဲရှိ လူတိုင်း၏ ရင်ထဲတွင် စိတ်မကောင်းဖြစ်သွားကြကာ မျက်ရည်လွယ်သူ အချို့ဆိုလျှင် မျက်ရည်များပင် ကျလာကြသည်။

“ယွီရွှေလေးလည်း တကယ် သနားဖို့ကောင်းရှာပါတယ်။ အဖေမရှိ၊ အမေမရှိနဲ့... အခု ကိုယ့်အစ်ကိုအရင်းကတောင် သူ့ကို ဂရုမစိုက်တော့ဘဲ မုဆိုးမကို အချော့အမော့လုပ်ဖို့ သူ့ရိက္ခာတွေကို ယူသွားတယ်လေ...”

“ဟုတ်ပါ့... ဒီရှာကျူးကလည်း တကယ်ကို မိုက်ရိုင်းတာပဲ။ ကျားတုန်းရွှီရဲ့ မိန်းမအတွက်နဲ့ ကိုယ့်ညီမအရင်းကိုတောင် ဂရုမစိုက်တော့ဘူး။ သနားစရာ ကလေးမလေးကို ကြည့်ပါဦး။ ဘယ်လောက်တောင် ပိန်လှီနေတာလဲ။ ဒါကိုများ ရိုက်ရက်သေးတယ်”

“အဲဒီ ချင်ဟွိုင်ရူကလည်း အတူတူပဲ။ မုဆိုးမတစ်ယောက်ဖြစ်ပြီး ရှာကျူးနဲ့ အမြဲတမ်း ပူးကပ်နေတာလေ။ မလုပ်သင့်တာတွေ လုပ်ပြီး ညီမလေးရဲ့ စားစရာတွေအထိ လုစားရုံတင် မကဘူး။ ရှာကျူးကိုပါ ကိုယ့်ညီမကိုယ် ပြန်ရိုက်အောင် လုပ်သေးတယ်...”

အခန်းတွင်းမှ ချင်ဟွိုင်ရူမှာ ထိုပြောဆိုသံများကို ကြားရသောအခါ မျက်နှာ ပူစပ်ပူလောင် ဖြစ်လာရသည်။ သူမက ပန့်ကန့်နှင့် ခေါင်းချင်းဆိုင်ကာ ထမင်းချိုင့်ကို အလုအယက် စားသောက်နေသည့် ကျားကျန်းရှစ်ကို ကြည့်ရင်း ညည်းတွားလိုက်သည်။

“အမေ... နောက်ဆို ဒီထမင်းချိုင့်ကို ကျွန်မ မယူတော့ဘူးနော်။ ယွီရွှေပဲ စားပါစေတော့”

ကျားကျန်းရှစ်က တစ်ချက် လှည့်ကြည့်လိုက်ပြီး မျက်စောင်းထိုးရင်း ဆိုသည်။

“ဘာဖြစ်လို့လဲ။ ရှာကျူးက ပေးချင်လို့ ပေးတာကို ဘာကိစ္စ သူ့ကို ပြန်ပေးရမှာလဲ”

ထို့နောက် အပြင်မှ အသံများကို သေချာ နားစွင့်ကြည့်ပြီးမှ အကြောင်းစုံကို နားလည်သွားကာ ငေါက်လိုက်သည်။

“ခြံဝင်းထဲက လူတွေပြောတာကို နားမယောင်စမ်းပါနဲ့။ ကိုယ့်ပါးစပ်ထဲ ရောက်နေတဲ့ အရာကို ဘာလို့ ပြန်ပေးရမှာလဲ”

ချင်ဟွိုင်ရူမှာ ဆက်လက်၍ မယူချင်တော့သည့်ပုံ ပေါက်နေသဖြင့် ယောက္ခမဖြစ်သူက ပညာပေးသည့်အနေဖြင့် ပြောလိုက်သည်။

“ချင်ဟွိုင်ရူ... သေချာ စဉ်းစားကြည့်စမ်း။ တုန်းရွှီလည်း ဆုံးသွားပြီ။ နောက်ဆို ငါတို့က အဖေမဲ့၊ ခင်ပွန်းမဲ့ မိသားစုဖြစ်သွားပြီလေ။ လူငါးယောက်စာအတွက် ဘာနဲ့ သွားစားမလဲ။ စက်ရုံက ပေးတဲ့ လစာနည်းနည်းလေးနဲ့ လောက်ပါ့မလား။ အဲဒီလိုဆိုရင် ငါတို့အားလုံး ငတ်သေကုန်ကြမှာပေါ့”

“မှတ်ထား... ကိုယ့်ပါးစပ်ထဲ ရောက်မှသာ အမှန်တကယ် ကိုယ့်ပစ္စည်းဖြစ်တာ။ သူများတွေ ဘာပြောပြော ဂရုစိုက်မနေနဲ့။ သူတို့က ပြောချင်တိုင်း ပြောပါစေ။ ငါတို့ခန္ဓာကိုယ်က အသားတစ်စမှ လျော့ကျသွားမှာ မဟုတ်ဘူး။ အပြောဆိုခံရတာက မိသားစုတစ်ခုလုံး ငတ်သေရတာထက် အများကြီး ပိုကောင်းတယ်”

“နောက်ဆို မျက်နှာ ပိုပြောင်အောင် သင်ထားရမယ်။ ဒီထမင်းချိုင့်လောက်တင် မဟုတ်ဘူး။ ရှာကျူးဆီက ပိုက်ဆံတွေပါ ရအောင်လုပ်ရမယ်။ ပိုက်ဆံရှိမှ ဆန်တွေ၊ ဂျုံတွေ ဝယ်လို့ရမှာပေါ့။ ပန့်ကန့်အတွက်လည်း အဝတ်သစ်တွေ ဝယ်ပေးလို့ရမယ်။ ကြည့်စမ်း... နှစ်သစ်ကူးလည်း နီးနေပြီကို ပန့်ကန့်လေး အဝတ်သစ်မရှိ အသားဟင်း မစားရတာကို မင်းက မျက်စိနဲ့ ကြည့်ရက်တယ်ပေါ့လေ”

ထိုစကားများကြောင့် ချင်ဟွိုင်ရူမှာ ဘာမှ ပြန်မပြောနိုင်တော့ပေ။

ထိုအချိန် ခြံဝင်းထဲတွင်မူ ပွဲကြည့်ပရိသတ်များမှာ ပိုမိုများပြားလာပြီး ရှာကျူးမှာလည်း ရှက်လွန်းသဖြင့် ဘာလုပ်ရမှန်း မသိတော့ပေ။ ထိုစဉ် အခန်းထဲ၌ ထမင်းစားနေကြသော ယန်ချုံး၊ ယွီရှို့နှင့် ယန်ရှောင်ကျွမ်းတို့မှာ ဆူညံသံများ ကြားရသဖြင့် အပြင်သို့ ထွက်လာကြသည်။

“ဘာဖြစ်တာလဲ ယွီရွှေလေး... ဘာလို့ ငိုနေတာလဲ”

ယန်ရှောင်ကျွမ်းက အမြန်ပြေးလာကာ ယွီရွှေ၏ မျက်ရည်များကို သုတ်ပေးရင်း မေးလိုက်သည်။

ယန်ချုံးကို မြင်လိုက်ရသည်နှင့် ယွီရွှေမှာ ပိုမို ဝမ်းနည်းလာကာ သူ့ကို ပြေးဖက်ရင်း ငိုယိုကာ တိုင်တောလိုက်လေသည်။

“အစ်ကိုချုံး... အစ်ကိုက ကျွန်မစားရမဲ့ ထမင်းချိုင့်ကို ပန့်ကန့်ကို ပေးလိုက်တဲ့အပြင် ကျွန်မကိုပါ ရိုက်တယ်... သူ ကျွန်မကို မလိုချင်တော့ဘူး..”

ယန်ချုံးက ရှာကျူးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ကျားမိသားစုအိမ်ဘက်သို့ လှည့်ကြည့်လိုက်ရာ ဖြစ်ပျက်နေသည့် အခြေအနေ အရပ်ရပ်ကို အပြည့်အဝ နားလည်သွားတော့သည်။

ရှာကျူးမှာ ရှက်လွန်း၍ မျက်နှာထားစရာ နေရာပင် ရှာမရတော့ဘဲ ယီကျုံးဟိုင်၏ အိမ်ဘက်သို့ လှမ်း၍ အော်ဟစ် အကူအညီတောင်းလိုက်တော့သည်။

“အကြီးအကဲရေ... အပြင်ကို ခဏလောက် ထွက်လာပြီး ကျွန်တော့်အတွက် တစ်ခွန်းလောက် ဝင်ပြောပေးပါဦး”

All Chapters