← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း (၉၄) - ငါ့မိသားစုရဲ့ ပိုက်ဆံကိုတော့ အထိမခံနိုင်ဘူး

ဟယ်မောင်နှမ နှစ်ယောက်၏ ရန်ပွဲကို ဝိုင်းအုံ ကြည့်ရှုနေကြသည်မှာ အတော်ပင် ကြာခဲ့ပြီ ဖြစ်သော်လည်း ပွဲကြည့်ပရိသတ်များ၏ ရင်ထဲတွင် တစ်စုံတစ်ရာ လစ်ဟာနေသကဲ့သို့ ခံစားနေကြရသည်။ ရှာကျူး၏ အော်သံထွက်ပေါ်လာမှသာ လူတိုင်း သတိဝင်လာကြလေသည်။ မှန်ပေသည်... ပထမအဘိုးကြီးယီ ယီတာယဲ့ တစ်ယောက် ဘယ်ဆီဘယ်ဝယ် ရောက်နေပါသနည်း။ ပုံမှန်ဆိုလျှင် တရားသူကြီးလုပ်ကာ ဝင်ရောက် ဖြေရှင်းရသည်ကို သူ အနှစ်သက်ဆုံး မဟုတ်ပါလော။ ဒီနေ့မှ ဘာဖြစ်သွားရသနည်း။ ဤမျှ ဆူညံပွက်လော ရိုက်နေသည်ကိုပင် ထွက်၍ စကားတစ်ခွန်းမျှ ဆိုလာသည်ကို မတွေ့ရချေ။

ထို့ပြင် ယခုရက်ပိုင်းများအတွင်း ယီကျုံးဟိုင် တစ်ယောက် အတော်လေး အသံတိတ်နေခဲ့ရာ ခြံဝင်းထဲမှ လူများပင် သူ့ကို မေ့လုမတတ် ဖြစ်နေကြကြောင်း ရုတ်ခြည်း သတိပြုမိသွားကြသည်။ အရင်တုန်းကဆိုလျှင် ခြံဝင်းအတွင်း ကြီးကြီးငယ်ငယ် မည်သည့်ကိစ္စ ပေါ်ပေါက်လာစေကာမူ သူသာလျှင် ရှေ့တန်းမှ အမြဲထွက်လာတတ်သူ မဟုတ်ပါလော။

ရှာကျူး၏ အော်ဟစ်သံကြောင့် အိမ်ထဲတွင် ပုန်းအောင်းနေသော ယီကျုံးဟိုင်လည်း မတတ်သာတော့ဘဲ သူ၏ လက်ဖက်ရည်ခွက်ကြီးကို ကိုင်ကာ ထွက်လာခဲ့ရတော့သည်။ တကယ်တော့ ယွီရွှေတို့ စတင်ရန်ဖြစ်ကတည်းက ယီကျုံးဟိုင် ကြားနေခဲ့ခြင်း ဖြစ်၏။ သို့ရာတွင် သူက မကြားချင်ယောင်သာ ပြုနေခဲ့သည်။ ထို့နောက် ရှာကျူးက ယွီရွှေကို ပါးရိုက်လိုက်ချိန်တွင် ယီတာ့မား အဒေါ်ကြီးယီက ဝင်မပါချင်တော့သဖြင့် သူ့ကို ထွက်သွားရန် တိုက်တွန်းခဲ့သော်လည်း သူကမူ လက်ကာပြကာ ငြင်းဆန်ခဲ့သည်။ သို့သော် ယခုအခါတွင်မူ မတတ်နိုင်တော့ချေ။ အပြင်သို့ ထွက်လာရုံသာ ရှိတော့၏။

လူအုပ်ကြီးမှာ ယီကျုံးဟိုင် ဖြတ်လျှောက်လာရန် လမ်းကို အမြန် ဖယ်ပေးလိုက်ကြသည်။ ရှာကျူးသည် ယီကျုံးဟိုင်အား မြင်သည်နှင့် ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား ကမန်းကတန်း လျှောက်သွားကာ ပြောလိုက်၏။

“အဘိုးကြီးယီ… ခင်ဗျားပဲ ယွီရွှေကို သေချာ နားလည်အောင် ပြောပြလိုက်ပါဦး။ စဉ်းစားကြည့်လေ... တုန်းရွှီလည်း မရှိတော့ဘူး။ အစ်မချင်းတို့ မိသားစုက ဒီလောက် ဒုက္ခရောက်နေတာ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကူညီ ပေးသင့်တယ် မဟုတ်ဘူးလား”

ပွဲကြည့်နေသော ရွှီတာ့မောက်က ဖူးခနဲ ရယ်ချလိုက်ပြီးလျှင် ပြောလိုက်လေသည်။

“ရှာကျူးရာ... မင်းက သူတို့ကိုလို့ သုံးမနေပါနဲ့။ မင်းက ချင်ဟွိုင်ရူကို ကူညီချင်နေတာလို့ပဲ တည့်ပြောလိုက်စမ်းပါ။ ဘယ်သူက ဘယ်လိုကောင်လဲဆိုတာ လူတိုင်းသိနေတဲ့ဟာကိုများ”

ထိုအခါ ခြံဝင်းထဲမှ လူများအားလုံး ဝေါခနဲ ရယ်မောလိုက်ကြသည်။ မှန်ပေသည်... ခြံဝင်းတစ်ခုတည်း အတူနေကြသူများဖြစ်ရာ တစ်ဦးအကြောင်းတစ်ဦး မည်သူက မသိဘဲ နေမည်နည်း။ မင်းလို ရှာကျူးမျိုးက ထိုမျှလောက် ကူညီရိုင်းပင်းချင်စိတ် ရှိသည့် လူစားမျိုးလား။ မင်းက ချင်ဟွိုင်ရူကို ကူညီတာမှလွဲ၍ အခြားမည်သူ့ကို ကူညီဖူးပါသနည်း။

ရှာကျူးမှာ ဒေါသထွက်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ အော်လေသည်။

“ခွေးကောင်… နေရာတိုင်း မင်းချည်းပဲ။ ထပ်ပြီး ပါးစပ် အရမ်းကာရော ပြောနေရင် မင်းကို အသေသတ်ပစ်မယ်”

ပုံမှန်အချိန်ဆိုလျှင်တော့ ရွှီတာ့မောက် တစ်ယောက် ကြောက်လန့်သွားလောက်ပြီ ဖြစ်သည်။ သူသည် ရှာကျူးထံမှ ဘယ်သောအခါမျှ အသာစီး မရခဲ့ဖူးချေ။ သို့သော် ယနေ့တွင်မူ လူများ များပြားလှသဖြင့် သူက တဟားဟား ရယ်လိုက်ပြီး အလျှော့ပေး နောက်ဆုတ်ခြင်း အလျဉ်းမရှိဘဲ ခွန်းတုံ့ပြန်လိုက်သည်။

“အေးပါကွာ... မင်းက သိပ်စွမ်းတာကိုး။ ညီမအရင်းခေါက်ခေါက်ကိုတောင် ရိုက်ရဲတာဆိုတော့ ငါ့ကိုများ ပြောစရာလိုသေးလို့လား။ ဒါပေမဲ့ မင်း ငါ့ကို ရိုက်ရင်တောင်မှ လူအများရဲ့ ပါးစပ်ကို ပိတ်ထားနိုင်မှာမို့လို့လား”

ရှာကျူး၏ မျက်နှာကြီးမှာ နီရဲသွားပြီး ဟိန်းဟောက်လိုက်သည်။

“ခွေးကောင်… မင်း ပြောရဲသေးတယ်ပေါ့လေ”

“အဟမ်း...”

ယီကျုံးဟိုင်လည်း ဝင်မပြောဘဲ နေ၍မရတော့သဖြင့် ဝင်တားလိုက်ရသည်။

“ကဲ... တော်ကြတော့။ စကားနည်းနည်းလောက် လျှော့ကြစမ်းပါ”

ထိုအချိန်တွင် ယီကျုံးဟိုင် ထွက်လာသည်ကို မြင်လိုက်ရသော ကျားကျန်းရှစ်ကလည်း အချိန်ကိုက်ပင် အိမ်ထဲမှ ထွက်လာကာ အော်ဟစ်တော့၏။

“အဘိုးကြီးယီ… ရှင်ထွက်လာတာ အတော်ပဲ။ ဝင်ပြီး အဆုံးအဖြတ် ပေးပါဦး။ ကျွန်မတို့ တုန်းရွှီလည်း မရှိတော့ဘူး။ သားအမိ မြေးအဖွားတွေပဲ ကျန်တော့တာ အသက်ရှင် ရပ်တည်ဖို့တောင် ခက်ခဲနေပြီလေ။ ခြံဝင်းထဲက လူတွေက ဝိုင်းကူညီပေးသင့်တယ် မဟုတ်ဘူးလား။ အခုတော့ ရှာကျူးက ကူညီဖို့ လက်လှမ်းရုံပဲ ရှိသေးတယ်။ ဒီကောင်မစုတ်လေးက ဒီမှာလာပြီး တခြားတစ်ယောက်ကို ရည်ရွယ်ပြီး စောင်းမြောင်းဆဲဆို နေတယ်။ ဘယ်သူ့ကို ဆဲနေတာလဲ။ လောင်ယီ... ရှင် ဝင်မဖြေရှင်းပေးဘူးလား။ ရှင်သာ ဝင်မရှင်းရင် သူ့ပါးစပ်ကို ကျွန်မကိုယ်တိုင် ဆွဲဖြဲပစ်မယ်”

စလိုက်ပြန်ပြီတကား... လူဆိုးက အရင်ဦးအောင် တိုင်တောနေခြင်းပင်။ သူများပစ္စည်းကို အချောင်နှိုက်စားသေးသည်။ သူများပါးစပ်ကိုလည်း ဆွဲဖြဲချင်သေးသည်ပေါ့လေ။ တကယ့်ကို အကျင့်စာရိတ္တနှင့် အသိတရားများ ပြောင်းပြန်လန်နေတော့သည်။ လှောင်ပြောင်သံများကြားထဲတွင် ယန်ချုံးက ယွီရွှေကို သူ၏ အနောက်သို့ ဆွဲယူကွယ်ကာ ထားလိုက်ပြီး ကျားကျန်းရှစ်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ကာ ဆိုလိုက်၏။

“လာပြီး ဆွဲဖြဲကြည့်လိုက်စမ်းပါလား”

ထိုစကားကြောင့် ကျားကျန်းရှစ် တစ်ယောက် လန့်ဖြတ်သွားသည်။ သူမသည် မတုံးအလှချေ။ ပြီးခဲ့သည့် အကြိမ်က ယန်ချုံးထံမှ အပိတ်ရိုက်ခံလိုက်ရသော ပါးကို ယခုထက်တိုင် မှတ်မိနေသေးရာ ကြက်ဥနှင့် ကျောက်ခဲကို မည်သို့လျှင် သွားရောက် တိုက်ခိုက်ရဲပါမည်နည်း။ သို့သော် သူမထံတွင် ယီကျုံးဟိုင်ဆိုသော အကာအကွယ် လက်ဖွဲ့ကြိုးကြီး ရှိနေသေးသည် ဖြစ်ရာ ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြန်သည်။

“လောင်ယီ... ရှင် မြင်တယ်မလား။ ဒီလူတွေက ကျွန်မတို့ သားအမိ မြေးအဖွားတွေကို အနိုင်ကျင့်လို့ ကောင်းမှန်း သိနေကြတယ်။ ရှင် စကားတစ်ခွန်းလောက် ပြောဦးမှပေါ့။ မဟုတ်ရင် နောက်ဆို ကျွန်မတို့ သားအမိတွေ ဘယ်လို ရှေ့ဆက် နေသွားရတော့မလဲ”

လူတိုင်းထံမှ လှောင်သံများ ထွက်ပေါ်လာပြီးနောက် ရွှီတာ့မောက်က ရယ်လျက် ဝင်ပြောလေသည်။

“အဒေါ်ကြီးကျား... ခင်ဗျားက တကယ် နောက်တတ်တာပဲ။ ဒီခြံဝင်းထဲမှာ ခင်ဗျားကို ဘယ်သူကများ အနိုင်ကျင့်ရဲမှာလဲ။ အခုနက ခင်ဗျားက ယွီရွှေရဲ့ ပါးစပ်ကို ဆွဲဖြဲမယ်လို့ ပြောတာကို ကျွန်တော်တို့ ကြားလိုက်သားပဲ။ ချုံးဇီက ယွီရွှေကို ဝင်ကာပေးလိုက်ရုံလေးကို ဘယ်လိုလုပ် ခင်ဗျားကို အနိုင်ကျင့်တာ ဖြစ်သွားရတာလဲ”

“ဟုတ်တယ်။ ယွီရွှေကို အနိုင်ကျင့်ချင်လို့ကတော့ လုံးဝ မရဘူးနော်”

ယန်ရှောင်ကျွမ်းကလည်း ဒေါသတကြီး ဝင်ပြောလိုက်သည်။

ယွီရွှေ ကျောင်းပိတ်၍ ပြန်လာသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း သူတို့နှစ်ဦးမှာ ဘာမဆို တိုင်ပင်ဖော် တိုင်ပင်ဖက် အချစ်ဆုံး သူငယ်ချင်းများ ဖြစ်နေကြပြီ ဖြစ်သည်။ ကိုယ့်သူငယ်ချင်း အနိုင်ကျင့်ခံရသည်ကို မြင်သောအခါ ယန်ရှောင်ကျွမ်းကလည်း လက်ပိုက်ကြည့် မနေနိုင်တော့ချေ။ ကျားကျန်းရှီးမှာ ပြာယာခတ်သွားပြီး ယီကျုံးဟိုင်ထံမှသာ အကူအညီတောင်းရတော့၏။

“ကြည့်စမ်း ကြည့်စမ်း... ဒီလူတွေ ကျွန်မတို့ သားအမိ မြေးအဖွားတွေကို အနိုင်ကျင့်ချင်နေကြတာ။ လောင်ယီ… ရှင် စကားတစ်ခွန်းလောက်တော့ ပြောပါဦး”

ကျားကျန်းရှစ်၏ တစာစာ ခေါ်ဆိုမှုများကြားတွင် ယီကျုံးဟိုင်လည်း နောက်ဆုံးတော့ ပါးစပ်ဟ လာခဲ့ရသည်။

“ကဲပါ တုန်းရွှီအမေရယ်... ပြဿနာ ထပ်မရှာပါနဲ့တော့”

ကျားကျန်းရှစ် မှင်တက်သွားပြီး ယီကျုံးဟိုင်ကို အံ့သြတကြီး ကြည့်ကာ မေးလိုက်သည်။

“လောင်ယီ... ရှင် ဘာပြောလိုက်တာလဲ”

အခြားသူများမှာလည်း သူတို့နားကို သူတို့ မယုံနိုင်အောင် ဖြစ်သွားကြ၏။ ယီကျုံးဟိုင်က ကျားကျန်းရှစ်ကို ပြဿနာ မရှာရန် ပြောလိုက်သည်ပေါ့လေ။ အရင်ကဆိုလျှင် သူ ပါးစပ်ဟ လိုက်သည်နှင့် ကျားမိသားစုဘက်သို့သာ အမြဲယိမ်းနေကျ မဟုတ်ပါလော။ သို့သော် ယီကျုံးဟိုင်သည် မျက်နှာ အမူအရာ ပြောင်းလဲခြင်း အလျဉ်းမရှိဘဲ အလွန် တည်ငြိမ်စွာဖြင့် ထပ်ပြောလိုက်သည်။

“ကျွန်တော်ပြောတာက တုန်းရွှီအမေရယ်… ကျွန်တော်တို့ ပြဿနာ မရှာဘဲ နေလို့ မရဘူးလားလို့။ ဒီနှစ်တွေက အငတ်ဘေးကြုံနေရတာ ဘယ်မိသားစုမှ အဆင်ပြေပြေ မဖြတ်သန်းနိုင်ကြဘူး။ ယွီရွှေလည်း ထမင်းစားရဦးမယ် မဟုတ်ဘူးလား။ ယွီရွှေ ဘယ်လောက်တောင် ပိန်သွားပြီလဲဆိုတာ ခင်ဗျား မမြင်ဘူးလား”

ကျားကျန်းရှစ်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

“ဒါဆို ရှင်က ကျွန်မတို့ သားအမိ မြေးအဖွားတွေ ဗိုက်ဆာနေတာကို လက်ပိုက်ကြည့်နေတော့မလို့လား”

ထိုသို့ ပြောရင်းဆိုရင်းဖြင့် မြေကြီးပေါ်သို့ ဖင်ထိုင်ချလိုက်ကာ ပေါင်ကို ရိုက်၍ အသံကုန်ဟစ်ငိုတော့၏။

“တုန်းရွှီရေ... မင်း မျက်လုံးဖွင့်ကြည့်ပါဦး။ မင်း သေသွားတာ မကြာသေးဘူး။ အရိုးတောင် မဆွေးသေးဘူး... တခြားလူတွေက မင်းအမေနဲ့ မင်းမိန်းမ၊ ကလေးတွေကို ဝိုင်းပြီး အနိုင်ကျင့်နေကြပြီဟေ့။ လောင်ကျားရေ... ရှင် မြန်မြန်ထွက်လာပြီး ဒီလူတွေကို လာခေါ်သွားလှည့်ပါတော့... မဟုတ်ရင် ရှင့်မိန်းမနဲ့ ရှင့်မြေးတွေတော့ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး...”

သေသွားသော ဝိညာဉ်များကို ထပ်မံ ပင့်ဖိတ်နေပြန်ချေပြီ။ ယီကျုံးဟိုင်မှာ မျက်နှာပျက်သွားသော်ငြားလည်း အပြုံးမပျက်စေဘဲ အလွန်စိတ်ရှည် သည်းခံစွာဖြင့် ရှင်းပြရှာသည်။

“တုန်းရွှီအမေ... တုန်းရွှီ မရှိတော့လို့ ခင်ဗျားတို့ သားအမိ မြေးအဖွားတွေ ဘဝခက်ခဲနေတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် မှတ်မိသလောက်ဆိုရင် စက်ရုံကနေ အခု လစဉ် နေထိုင်စရိတ် ယွမ် ဆယ်ပြား ထောက်ပံ့ပေးနေတယ် မဟုတ်ဘူးလား”

ကျားကျန်းရှစ်က စိတ်မရှည်စွာဖြင့် ပြန်ပက်လေသည်။

“တစ်လ ယွမ် ဆယ်ပြားက ဘယ်လိုလုပ် လောက်မှာလဲ။ ငါ့မြေး ပန့်ကန့်က ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမဲ့ အရွယ်လေ။ အသားများများ စားရဦးမယ်ဟ...”

ပရိသတ်ကြီးမှာ ဝေါခနဲ ရယ်ချလိုက်ကြပြန်၏။

ဤသည်မှာ အကြောင်းမဲ့သက်သက် ရစ်နေခြင်း မဟုတ်ပါလော။ ခင်ဗျားမြေး ပန့်ကန့်က ကြီးထွားဖွံ့ဖြိုးမည့် အရွယ်ဆိုလျှင် သူများသမီး ယွီရွှေကရော ကြီးထွားဖွံ့ဖြိုးမည့် အရွယ် မဟုတ်တော့ဘူးလား။ မူလက ယွီရွှေနှင့်သာ ထိုက်တန်သော အရာကိုမှ ခင်ဗျားမြေး ပန့်ကန့် စားရန်အတွက် သွားရောက် လုယူပေးရမည်လား။

ဤသို့ အငတ်ဘေးဆိုက်နေသော နှစ်ကာလများတွင် တခြားလူများမှာ ပြောင်းဖူးဆန်ကြမ်းကိုပင် ဝအောင် မစားနိုင်ကြချိန်၌ ခင်ဗျားကမူ မြေးဖြစ်သူကို အသားများများ ကျွေးရဦးမည်တဲ့။ ခင်ဗျား၏ လူပျင်း အဆီတထပ်ထပ်နှင့် ခန္ဓာကိုယ်ကြီးကို ကြည့်ရသည်မှာ အသားများများ စားရသည်က ခင်ဗျားမြေး တစ်ယောက်တည်း မဟုတ်တန်ရာ။ ခင်ဗျားကိုယ်တိုင်လည်း နည်းနည်းနောနော စားထားခြင်း မဖြစ်နိုင်ချေ။

ယီကျုံးဟိုင်လည်း သက်ပြင်းချကာ မတတ်နိုင်သည့် မျက်နှာပေးဖြင့် ဆိုလိုက်သည်။

“တုန်းရွှီအမေ… ပန့်ကန့် အသားစားချင်ရင်လည်း ကိုယ့်ဘာသာ ဝယ်ကျွေးပေါ့။ စက်ရုံက ခင်ဗျားတို့ကို လျော်ကြေးငွေ ယွမ် ငါးရာ ပေးထားတယ် မဟုတ်ဘူးလား”

မှန်ပေသည်... အသားစားချင်လျှင် ကိုယ့်ဘာသာ ဝယ်စားရမည်သာ။ အိမ်တွင် ယွမ် ငါးရာတောင် ရှိနေသေးသည် ဖြစ်ရာ အသားကို ဘယ်လောက်တောင် ဝယ်မရနိုင်စရာ အကြောင်းရှိပါသနည်း။ သို့သော် ကျားကျန်းရှစ်က လည်ပင်းကို မော့ကာ ပြန်ခွန်းတုံ့ပြန်၏။

“အဲဒီ ယွမ် ငါးရာကို ထိလို့မရဘူး။ အဲဒါ ငါ့သားက အသက်နဲ့ရင်းပြီး ငါရဲ့ အိုစာမင်းစာအတွက် ထားပေးခဲ့တဲ့ ပိုက်ဆံတွေပဲ။ အဲ့ဒါတွေ သုံးလိုက်ရင် ငါ အိုလာတဲ့အခါ ဘယ်လိုလုပ်မလဲ”

ရွှီတာ့မောက်က ထပ်မံ လှောင်ပြောင်လိုက်ပြန်သည်။

“အဒေါ်ကြီးကျား... အဲဒါဆို ခင်ဗျားအိမ်က ပိုက်ဆံကိုတော့ အထိမခံနိုင်ဘူး။ သူများအိမ်က ပိုက်ဆံကိုတော့ သွားထိလို့ ရတယ်ပေါ့ ဟုတ်လား။ အဲဒီ ယွမ် ငါးရာစလုံးက ခင်ဗျားရဲ့ အိုစာမင်းစာ ပိုက်ဆံတွေချည်း မဟုတ်ဘူးလေ။ အဲဒီထဲမှာ ချင်ဟွိုင်ရူနဲ့ ကလေးတွေရဲ့ နေထိုင်စားသောက် စရိတ်တွေလည်း ပါတာပဲ။ တကယ်တော့ ခင်ဗျားက သူတို့ သားအမိသုံးစယောက်ရဲ့ စားစရိတ်ကို အပိုင်သိမ်းထားပြီးတော့ ချင်ဟွိုင်ရူကို အပြင်ထွက်ပြီး လိမ်စားလိမ်သောက် လုပ်ခိုင်းကာ ယွီရွှေရဲ့ စားနပ်ရိက္ခာကိုပါ လိမ်ယူခိုင်းတာပေါ့လေ။ ခင်ဗျားကြီးရဲ့ တွက်ကိန်းက တကယ့်ကို တိကျလွန်းလှချေလား”

ရွှီတာ့မောက်၏ စကားကြောင့် ခြံဝင်း တစ်ကွင်းလုံး ထပ်မံ ရယ်မောသွားကြကာ ယန်ချုံးပင်လျှင် သူ့ကို မအံ့သြဘဲ မနေနိုင်အောင် ဖြစ်သွားရတော့သည်။ ဤ ရွှီတာ့မောက် တစ်ယောက်ကတော့ အရာရာကို ဖောက်ထွင်းမြင်နိုင်သော ပညာရှိ တစ်ဦးအဖြစ် တိုက်ရိုက် ပြောင်းလဲသွားချေပြီ။ ရုပ်သံဇာတ်လမ်းတွဲများထဲတွင် ကြည့်ခဲ့ရစဉ်က သူ ဤမျှ ဉာဏ်ကောင်းမှန်း အဘယ်ကြောင့် သတိမထားမိခဲ့ပါလိမ့်။

All Chapters