အခန်း ၉၅
Vol. 10 Ch. 95
အခန်း (၉၅) - အဘိုးကြီး ဘာအကြံအစည်တွေ ကြံနေတာလဲ
ရွှီတာ့မောက်၏ လှောင်ပြောင်သရော် စကားကြောင့် တိုက်တန်းလျားဝင်း တစ်ခုလုံး ရယ်သံများဖြင့် ဆူညံသွားလေသည်။ ထိုအခါ ကျားကျန်းရှစ်မှာ အရှက်သည် ဒေါသသို့ပြောင်းကာ မျက်နှာတစ်ခုလုံး နီမြန်းလျက် ဒေါသတကြီး အော်ဟစ်တော့သည်။
“ရွှီတာ့မောက်... နင် ထပ်ပြီး လျှောက်ပြောနေမယ်ဆိုရင် ခဏနေကျရင် ငါ ပန့်ကန့်နဲ့ ရှောင်တန်းကို ခေါ်ပြီး နင့်အိမ်မှာ သွားစားမယ်။ ဘယ်လိုပဲဖြစ်ဖြစ် နင်က ငါတို့ မုဆိုးမနဲ့ မိဘမဲ့ကလေးတွေကို အသက်မရှင်စေချင်ဘူးမလား”
ဤခြိမ်းခြောက်မှုက တကယ်ပင် ထိရောက်လှပေသည်။ ရွှီတာ့မောက်သည် ချက်ချင်းပင် နှုတ်ဆိတ်သွားပြီး ဘာမှဆက် မပြောရဲတော့ချေ။ ဘေးနားရှိ လုံရှောင်အယ်ကလည်း သူ့ကို တံတောင်နှင့် ခပ်ဆတ်ဆတ် တွတ်ကာ သတိပေးလိုက်သည်။
“ပါးစပ်ပိတ်ထားစမ်းပါ။ ငါတို့အိမ်အတွက် ပြဿနာ လာမရှာနဲ့”
ယီကျုံးဟိုင်က ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကာ ရှာကျူးကို ကြည့်ပြီး ပြောလိုက်သည်။
“ကျူးဇီ... မင်း နောက်ဆိုရင် ယွီရွှေကိုလည်း သေချာ ဂရုစိုက်ဦး။ သူများတွေကို ကူညီသင့်တာ မှန်ပေမဲ့ ကိုယ့်မိသားစုကို အရင် ဂရုစိုက်ရမယ် မဟုတ်ဘူးလား”
ရှာကျူးသည် မျက်နှာ ညှိုးငယ်စွာဖြင့် ခေါင်းညိတ်ပြရှာသည်။ ယီကျုံးဟိုင်က လက်ယမ်းပြလျက် လူအုပ်ကို လူစုခွဲလိုက်လေသည်။
“ကဲ... ရပြီ။ အားလုံးပဲ လူစုခွဲကြတော့။ ပွဲလာ မကြည့်ကြနဲ့တော့”
ဝန်းရံ ကြည့်ရှုနေသူ အားလုံး အံ့ဩမှင်သက် သွားကြသည်။ ဤမျှ ကြီးမားသော ပြဿနာ တစ်ခုက ဤမျှ လွယ်ကူစွာဖြင့် ပြီးဆုံးသွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားကြချေ။ အားလုံး၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေရုံမျှမက ယနေ့ ယီကျုံးဟိုင်၏ အဆုံးအဖြတ် ပေးပုံမှာလည်း ပုံမှန်နှင့် သိသိသာသာ ကွဲပြားနေသည်။
အတိတ်ကာလကဆိုလျှင် ကျားမိသားစုနှင့် ပတ်သက်လာတိုင်း သူသည် အကြောင်းပြချက် မရှိဘဲ တစ်ဖက်သတ် အမြဲတစေ အကာအကွယ်ပေးလေ့ ရှိသည်။ သို့သော် ယနေ့တွင်မူ ကျားမိသားစုအနေဖြင့် မည်သည့် အခွင့်အရေးမျှ မရရှိလိုက်သည့်အပြင် ရှာကျူးကိုပင် သူတစ်ပါးအား ကူညီရာတွင် ချင့်ချိန်ရန် သတိပေးခဲ့သေးသည်။ အတိတ်ကာလ ကျားတုန်းရွှီ သက်ရှိ ထင်ရှားရှိစဉ်ကဆိုလျှင် သူသည် ရှာကျူးကဲ့သို့ ရိုးအသော လူအား ချင်ဟွိုင်ရူကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးရန် မြှောက်ပင့် သွေးထိုးလေ့ရှိသည် မဟုတ်ပါလော။
ယနေ့ နေမင်းကြီး အနောက်ဘက်မှ ထွက်ပေါ်လာလေသလော ဟုပင် သံသယဖြစ်စရာ ကောင်းလှပေသည်။
ယန်ချုံးပင်လျှင် ဤအခြေအနေကို မြင်၍ အနည်းငယ် အံ့အားသင့်သွားမိသည်။ သို့သော် သူသည် တစ်စုံတစ်ရာ ထပ်မံ ဝင်ရောက်ပြောဆိုခြင်း မပြုဘဲ ယန်ရှောင်ကျွမ်းအား ယွီရွှေကို အခန်းထဲသို့ ခေါ်ဆောင်သွားရန် အချက်ပြလိုက်သည်။ မိမိကိုယ်တိုင်မူ ရှာကျူးကို အိမ်ထဲသို့ ဆွဲခေါ်ကာ အကျိုးအကြောင်းပြ၍ ဖျောင်းဖျနားချရန် ပြင်ဆင်တော့သည်။
စင်စစ် ရှာကျူး၏ စရိုက်မှာ မဆိုးလှပေ။ စကားအနည်းငယ် အပြော ကြမ်းတတ်သော်လည်း မကောင်းမှု ဟူ၍ တစ်ကြိမ်တစ်ခါမျှ မကျူးလွန်ဖူးချေ။ ထို့အပြင် ညီမဖြစ်သူ ယွီရွှေအပေါ်တွင်လည်း အလွန်အမင်း ချစ်ခင် တွယ်တာတတ်သူ ဖြစ်သည်။ ယခင်က ဟယ်တာချင်းနှင့် မုဆိုးမပိုင်တို့ အတူတူ ထွက်ပြေးသွားကြ ပြီးနောက် ဆယ်ကျော်သက်အရွယ်မျှသာ ရှိသေးသော သူသည် အသက်ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ညီမငယ်လေးကို ဆင်းရဲ ပင်ပန်းခံကာ ကျွေးမွေး စောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်။
ယခုမူ သူသည် ချင်ဟွိုင်ရူအပေါ် စွဲလမ်းလွန်းသဖြင့် မိန်းမောတွေဝေနေရုံမျှသာမက ဘေးမှ ယီကျုံးဟိုင်၏ မြှောက်ပင့် သွေးထိုးမှုများကြောင့် ဤကဲ့သို့ အဆင်အခြင်မဲ့သော အရူးလုပ်ရပ်များကို လုပ်ဆောင်မိခြင်း ဖြစ်ပေသည်။ ယွီရွှေ၏ မျက်နှာကို ထောက်ထား၍ ယန်ချုံးအနေဖြင့် ရှာကျူးကို ဤရုန်းမထွက်နိုင်သော လမ်းမှားမှ ဆွဲထုတ်ပေးသင့်သည်ဟု တွေးမိသည်။ သူ့အား အသိတရား ဝင်စေကာ တီဗီဇာတ်လမ်းတွဲများထဲကကဲ့သို့ တစ်သက်လုံး ချင်ဟွိုင်ရူ၏ သွေးစုပ်ခြောက်လှန့်ခြင်းကို ခံရပြီး နောက်ဆုံးတွင် မြေမြှုပ်စရာ နေရာပင် မရှိဘဲ အနိဋ္ဌာရုံဖြင့် သေဆုံးရမည့် ဘဝဆိုးမျိုးမှ ကယ်တင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် သူတို့နှစ်ဦး အိမ်ထဲမှ ထွက်လာကြသည်။ ယန်ချုံးမှာ အကျိုးအကြောင်း ရှင်းပြလွန်းသဖြင့် အာခေါင်များပင် ခြောက်သွေ့လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ရှာကျူးသည်လည်း အသိတရား အနည်းငယ် ဝင်သွားပုံရကာ လေသံ ခပ်အေးအေးဖြင့် ပြောရှာသည်။
“ချုံးဇီ... မင်း စိတ်ချပါ။ ငါ သိပါပြီ။ နောက်ဆို ယွီရွှေကို ငါ သေချာ ဂရုစိုက်ပါ့မယ်”
ယန်ချုံးက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ဆိုသည်။
“အစ်ကိုကျူးဇီ... ကျွန်တော်လည်း အစ်ကို့ကောင်းကျိုးအတွက် ပြောတာပါ။ အစ်ကိုနဲ့ ယွီရွှေမှာက တစ်ယောက်ကို တစ်ယောက်ပဲ ဆွေမျိုးဆိုလို့ ရှိတာလေ။ အစ်ကိုက သူ့ကို မချစ်ရင် သူ ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်မလဲ”
“ဒါ့အပြင် အစ်ကိုကျူးဇီ... အစ်ကို ဒီနှစ် နှစ်ဆယ်ကျော်နေပြီ ဆိုတော့ ယွီရွှေအတွက် မရီးတစ်ယောက် ရှာပေးသင့်နေပြီ။ ချင်ဟွိုင်ရူနဲ့ အမြဲ အရမ်း နီးနီးကပ်ကပ်နေရင် သူများတွေ အတင်းပြောတာ ခံရလွယ်တယ်။ သတင်းထွက်သွားရင် အစ်ကို့အတွက် မကောင်းဘူးလေ။ ဟုတ်တယ်မလား”
ရှာကျူးက သက်ပြင်း ခပ်ဖွဖွချကာ ခေါင်းညိတ်လိုက်သည်။
“အေးပါ သိပါပြီ”
အိမ်သို့ ပြန်ရောက်သောအခါ ယွီရွှေက ဒေါသတကြီးဖြင့် ရင်ဖွင့်ရှာသည်။
“ဒီ ရှာကျူးက ဦးနှောက်ထဲ ရေဝင်နေတာလား။ တစ်နေ့လုံး မုဆိုးမတစ်ယောက် အနားမှာပဲ တဝဲလည်လည် လုပ်နေတယ်။ ဒီလိုဆို နောင်ကျ ဘယ်လိုလုပ် မိန်းမယူလို့ရတော့မလဲ။ ဘယ်အိမ်က သမီးပျိုက မုဆိုးမတစ်ယောက်နဲ့ မကင်းမရှင်း ဖြစ်နေတဲ့ ယောက်ျားကို ယူချင်မှာလဲ”
ယန်ချုံးက ခေါင်းညိတ် ထောက်ခံရင်း ဆိုသည်။
“ဟုတ်တယ် ငါလည်း သူ့ကို ပြောပြခဲ့ပါတယ်။ သူ နားဝင်ဖို့ပဲ မျှော်လင့်ရတာပဲ။ မဟုတ်ရင် သူ အစောကြီး မဟုတ်တောင် နောက်ပိုင်းကျ ချင်ဟွိုင်ရူ တွင်းတူးချောက်ချတာ ခံရလိမ့်မယ်”
“ဟုတ်ပါ့။ သူ့ကို ချင်ဟွိုင်ရူနဲ့ ဝေးဝေးနေခိုင်းမှ ရမယ်။ ချင်ဟွိုင်ရူက သဘောရိုး မရှိဘူးဆိုတာ အရူးတောင် သိတယ်။ သူ့ဆီက ပိုက်ဆံနဲ့ စားစရာတွေကို လိမ်ယူချင်နေတာ။ ဟွန်း... ဒီလို မိန်းမက အရမ်း အဆိပ်ပြင်းတာပဲ”
ယွီရွှေက မကျေမနပ် ရေရွတ်လေသည်။
ယွီရွှေ၏ စကားများက တစ်လုံးမျှ မမှားချေ။ အတိတ်က ချင်ဟွိုင်ရူသည် ရှာကျူးထံမှ ထမင်းဘူး သွားရောက် တောင်းခံခြင်းမှာ လင်ဖြစ်သူ ကျားတုန်းရွှီ၏ ဖိအားပေးမှုကြောင့်ဟု ဆိုနိုင်သော်လည်း ယခုအခါတွင်မူ သူမသည် ကိုယ်ပိုင် အကျိုးစီးပွားအတွက် စုန်းပြူးတစ်ဦးကဲ့သို့ ပြုမူနေခြင်းသာ ဖြစ်သည်။
ပကတိအတိုင်း သုံးသပ်ရလျှင် ချင်ဟွိုင်ရူသည် အဆိပ်အတောက်ပြည့်ဝသော ကြာဖြူပန်း တစ်ပွင့်အဖြစ် ပြောင်းလဲသွားရခြင်းမှာ ကျားတုန်းရွှီ စောစောစီးစီး သေဆုံးသွားခြင်းက အဓိက အကြောင်းရင်း ဖြစ်ပေသည်။ အနည်းဆုံးတော့ ကျားတုန်းရွှီ သက်ရှိထင်ရှား ရှိစဉ်က အိမ်တွင် အားကိုးအားထား ပြုလောက်သည့် မဏ္ဍိုင်တစ်ခု ရှိနေသေးသည်။ ထိုမဏ္ဍိုင်သည် ခိုင်ခံ့ဖြောင့်မတ်ခြင်း မရှိသယောင် ထင်ရသော်လည်း အနည်းဆုံးတော့ မိသားစုအတွက် တစ်လလျှင် လစာ ယွမ် ၃၀ ကျော် ယူဆောင်လာပေး နိုင်သေးသည်။ ထို့ကြောင့် ချင်ဟွိုင်ရူအနေဖြင့် မိသားစု၏ တစ်နေ့ သုံးနပ် စားဝတ်နေရေးအတွက် အလွန်အမင်း ပူပန်နေစရာ မလိုခဲ့ချေ။
သို့သော် ယခုမူ ကျားတုန်းရွှီ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ ရုတ်တရက် ထိုလစာ ယွမ် ၃၀ ကျော် ကွယ်ပျောက်သွားပြီးနောက် မိသားစုရှိ လူမမယ် ကလေးများနှင့် ပါးစပ်လေးပေါက်၏ စားရေးသောက်ရေးကို သူမ တစ်ဦးတည်းကသာ ပူပန်သောကရောက်ကာ ဖြေရှင်းရတော့မည့် အခြေအနေသို့ ဆိုက်ရောက်သွားလေသည်။ သူမသည် ကိုယ်ဝန်အရင့်အမာနှင့် မိန်းမသားတစ်ဦးမျှသာ ဖြစ်ရာ ဤမျှ ကြီးမားသော သောကများကို ဖြေရှင်းရန် ငွေကြေးနှင့် ရိက္ခာကို မည်သည့်နေရာမှ ရှာဖွေနိုင်ပါအံ့နည်း။
ထို့ကြောင့်ပင် သူမအတွက် အရာအားလုံးကို ပေးဆပ်ရန် အဆင်သင့်ရှိနေသော အမြီးနန့် ခွေးလေးသဖွယ် ရှာကျူးသည် သူမ၏ အမြင်အာရုံထဲသို့ အလိုအလျောက် ဝင်ရောက်လာတော့သည်။ ထို့အပြင် ယောက္ခမဖြစ်သူ ကျားကျန်းရှစ်၏ သွေးထိုး မြှောက်ပင့်မှုများကြောင့် ချင်ဟွိုင်ရူ ဟူသော ဤကြာဖြူပန်းလေး လမ်းမှားသို့ သွေဖည်သွားခြင်းမှာ လောက သဘာဝအရ ယုတ္တိတန်သည်ဟု ဆိုရမည် ဖြစ်သည်။
သို့ရာတွင် ယန်ချုံးကမူ ထိုသို့ မရှုမြင်ပေ။ ချင်ဟွိုင်ရူ၌ အခက်အခဲ ရှိသည်မှာ မှန်သော်လည်း မိမိအခက်အခဲကို အကြောင်းပြကာ သူတစ်ပါးကို ဒုက္ခပေးပိုင်ခွင့် မရှိချေ။ ရှာကျူးအား တစ်သက်လုံး အသုံးချကာ သူ၏ ပိုင်ဆိုင်မှုများနှင့် အိမ်ရာမြေများကိုပါ အကုန်အစင် စုပ်ယူပြီးနောက် အိမ်ပေါ်မှ နှင်ချကာ တံတားအောက်တွင် အေးခဲသေဆုံးစေသည့် လုပ်ရပ်မှာမူ လုံးဝ ခွင့်မလွှတ်နိုင်သော ယုတ်မာ ကောက်ကျစ်မှုပင် ဖြစ်သည်။
ထိုအရာမှာ လူ့စိတ်၏ အမှောင်ဆုံးသော ဆိုးယုတ်မှု တစ်ခုသာ ဖြစ်ပေသည်။
အခြားသော တီဗီဇာတ်လမ်းတွဲ တစ်ခုမှ ဇာတ်ဆောင် မင်းသမီး လျန်လာတီနှင့် နှိုင်းယှဉ်ပါက သူမတို့နှစ်ဦးကြား ကွာခြားချက်မှာ ထင်ရှားလှသည်။ လျန်လာတီသည်လည်း မုဆိုးမတစ်ဦး ဖြစ်ပြီး ကလေးလေးယောက်အထိ ရှိရာ ချင်ဟွိုင်ရူ ထက်ပင် ကလေးတစ်ယောက် ပိုများသေးသည်။ သို့သော် သူမသည် ကြံ့ကြံ့ခံကာ မိမိကိုယ်ကိုသာ အားကိုးခဲ့သည်။ အလှအပကို အရင်းအနှီးပြု၍ သူတစ်ပါးကို လိမ်လည်လှည့်ဖြားရန် သော်လည်းကောင်း ဒုက္ခပေးရန် သော်လည်းကောင်း တစ်ခါမျှ မစဉ်းစားခဲ့ဖူးချေ။
ထို့ကြောင့်ပင် သူတို့နှစ်ဦး ပြုစုပျိုးထောင်ထားသော ကလေးများ၏ စရိုက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှခြင်း ဖြစ်သည်။ အကျဉ်းချုပ်ရလျှင် ပတ်ဝန်းကျင် အခြေအနေသည် လှုံ့ဆော်မှု တစ်ခုမျှသာ ဖြစ်ပြီး အဓိက ဆိုးယုတ်သည်မှာ သူမ၏ မူလစိတ်ရင်းပင် ဖြစ်ပေသည်။ ထိုကဲ့သို့သော မိန်းမမျိုးသည် မည်သည့် စာနာ သနားမှုနှင့်မျှ မထိုက်တန်ချေ။
သို့ရာတွင် ယနေ့ ယီကျုံးဟိုင် ပြောင်းလဲသွားသော သဘောထားက ယန်ချုံးကို များစွာ တွေးတောစရာ ဖြစ်စေခဲ့သည်။ ဒီအဘိုးကြီး ဘာကြောင့် ရုတ်တရက်ကြီး သဘောထား ပြောင်းလဲသွားရသနည်း။
အတိတ်ကာလက ဆိုလျှင် ကျားမိသားစုဘက်မှ အမြဲတစေ ဘက်လိုက်တတ်သော အဘိုးကြီးက ယနေ့ကျမှ ဘာကြောင့် ကျားမိသားစု၏ အမှားများကို ထောက်ပြနေရသနည်း။ ကျားတုန်းရွှီ သေဆုံးသွားသဖြင့် သူ့ကို လုပ်ကျွေးပြုစုမည့်သူ မရှိတော့ဟု တွေးမိ၍ ဖြစ်နိုင်ပါသလော။ ဖြစ်နိုင်ချေရှိသော်လည်း အလုံးစုံတော့ ဟုတ်ဟန် မတူချေ။ ယန်ချုံးသည် လွန်ခဲ့သော ရက်အနည်းငယ်က ယီကျုံးဟိုင် မိမိထံတွင် တောယုန်နှင့် တောကြက် လာရောက် ဝယ်ယူခဲ့သည့် ဖြစ်ရပ်ကို ပြန်လည် အမှတ်ရမိသည်။ ဒီအဘိုးကြီး မကြာသေးမီက အတော်လေး ပြောင်းလဲသွားပုံရသည်။ ကျားတုန်းရွှီ ကွယ်လွန်သွားခြင်းကပင် ဤမြေခွေးအိုကြီးကို တခြားလူ တစ်ယောက်အဖြစ် ပြောင်းလဲသွားစေနိုင်ပါသလော။
ယန်ချုံးသည် ကလေးကလား အတွေးမျိုးဖြင့် မတွေးတောချေ။ ဤအဘိုးကြီးသည် သေချာပေါက် ကွယ်ရာတွင် အကြံယုတ် တစ်ခုခု ကြံစည်နေခြင်းသာ ဖြစ်ရမည်။ သို့သော် သူ မည်မျှပင် အကြံယုတ်ပါစေ… မိမိအနေဖြင့် ကြောက်ရွံ့နေစရာ အကြောင်းမရှိပေ။ ယန်ချုံးသည် ဆက်လက်၍ အချိန်ကုန်ခံ မတွေးတောတော့ဘဲ ကိုယ်ကိုလှည့်ကာ ကားမောင်း၍ ထွက်ခွာလာခဲ့တော့သည်။
ယန်ချုံး၏ နေ့စဉ် ရိက္ခာဝယ်ယူရေး တာဝန်မှာ အလွန်ပင် ပမာဏ ကြီးမားလှသည်။ တောဝက်နှင့် အခြား ရိက္ခာ အမြောက်အမြားကို သယ်ယူပို့ဆောင် ရသဖြင့် စက်ရုံမှူးယန်က သယ်ယူပို့ဆောင်ရေး အဖွဲ့မှ ကားတစ်စီးကို သူ့အတွက် သီးသန့် အသုံးပြုရန် အထူးခွင့်ပြု ပေးထားသည်။ ယခုအခါ ယန်ချုံးသည် အလုပ်အသွားအပြန်တွင် စက်ဘီးပင် စီးစရာ မလိုတော့ဘဲ ကားကိုသာ တိုက်ရိုက် မောင်းနှင်နိုင်သည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးကို စက်ရုံမှူး ကိုယ်တိုင်ပင်လျှင် ရရှိနိုင်ရန် ခဲယဉ်းလှပေသည်။
ကျောက်ညီအစ်ကိုများနှင့် တွေ့ဆုံနေကျ နေရာဟောင်းသို့ ရောက်ရှိလာရာ ညီအစ်ကို နှစ်ဦးစလုံး ထိုနေရာတွင် သူ့ကို ကြိုတင်စောင့်ဆိုင်း နေကြပြီ ဖြစ်သည်။ လမ်းသွယ်လေးမှာ အနည်းငယ် ကျဉ်းမြောင်းသဖြင့် ကားမောင်းဝင်ရန် အဆင်မပြေသောကြောင့် ယန်ချုံးသည် ကားကို လမ်းသွယ်ထိပ်၌သာ ရပ်တန့်ကာ ဟွန်းနှစ်ချက် တီးလိုက်လေသည်။
ကျောက်ညီအစ်ကိုနှစ်ဦး မော့ကြည့်လိုက်ပြီး အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ထိုစဉ် ယန်ချုံးက ပြတင်းပေါက်မှ ခေါင်းပြူလျက် လက်လှမ်းပြလိုက်သည်။
“အစ်ကိုကြီးပါလား…”
ကျောက်ရှောင်အာက သူ့ကို မှတ်မိသွားပြီး အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်ရာ နှစ်ယောက်သား အပြေးအလွှား ရောက်ရှိလာကြတော့သည်။
“အစ်ကိုကြီးက တယ်မိုက်ပါလား။ ကားတောင် ပြောင်းမောင်းနေပြီလား”
နှစ်ယောက်သား ယာဉ်မောင်းခန်းပေါ်သို့ လျင်မြန်စွာ ခုန်တက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ဟိုကိုင်ဒီကိုင် လုပ်နေကြလေသည်။ ယန်ချုံးက အပြုံးဖြင့် မေးလိုက်သည်။
“မကြာသေးခင်က ယုန်တွေ ရောင်းရတာ ဘယ်လိုလဲ”
“သေချာပေါက် အရောင်းသွက်တာပေါ့”
ကျောက်ရှောင်အာက စိတ်လှုပ်ရှားစွာဖြင့် တုံ့ပြန်သည်။
“နှစ်သစ်ကူးတော့မှာဆိုတော့ ဒီရက်ပိုင်း ယုန်နဲ့ တောကြက် ဝယ်တဲ့သူတွေ တအားများတယ်။ ကျွန်တော်တို့ ဈေးမခင်းရသေးခင်ကတည်းက ဖောက်သည်ဟောင်းတွေက အဲဒီမှာ စောင့်နေကြပြီ။ အစ်ကိုကြီး... ဒီရက်ပိုင်း ကျွန်တော်တို့ကို ကုန်ပစ္စည်း နည်းနည်း ပိုပေးလို့ ရမလား။ နှစ်သစ်ကူး ပြီးသွားရင် ဒီလောက် လူစည်မှာ မဟုတ်တော့ဘူးလေ”
ယန်ချုံးက သူတို့ကို ကြည့်ကာ စကားတစ်ခွန်း ဆိုလိုက်လေသည်။
“မင်းတို့နှစ်ယောက် အလုပ်ပြောင်းလုပ်ချင်ကြလား”