← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

အခန်း (၉၆) - အစ်မ ချန်ရွှယ်ရူ… ကိုယ့်ကိုကိုယ် လေးစားပါ

ယန်ချုံး၏ စကားအဆုံးတွင်တော့ ကျောက်ညီအစ်ကို နှစ်ယောက်စလုံးမှာ သွေးဆုတ်မတတ် ကြက်သေ သေသွားကြလေသည်။

“ဘာဖြစ်လို့လဲ အစ်ကိုကြီး။ ကျွန်တော်တို့ကို ယုန် ဆက်မရောင်းခိုင်းတော့ဘူးလား”

ကျောက်ရှောင်ယီက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

ကျောက်ရှောင်အာမှာလည်း စိုးရိမ်လွန်း၍ နဖူးမှ ချွေးများပင် စို့တက်လာကာ ဝင်ပြောလေသည်။

“အစ်ကိုကြီး... ကျွန်တော်တို့ ဘာများ မှားသွားလို့လဲ။ ဘာမှားနေလဲဆိုတာသာ ပြောပြပါ။ ကျွန်တော်တို့ ချက်ချင်း ပြင်ပါ့မယ်။ ဟုတ်ပြီလား”

“ဟုတ်တယ် အစ်ကိုကြီး။ ကျွန်တော်တို့ ဘာလုပ်တာ မှားနေလဲ ဆိုတာကိုသာ ပြောလိုက်ပါ။ ကျွန်တော်တို့ကို ရိုက်ချင်ရင်သာ ရိုက်လိုက်ပါ။ အလုပ်တော့ မဖြုတ်လိုက်ပါနဲ့။ အစ်ကိုကြီးလည်း သိတဲ့အတိုင်းပဲ… ကျွန်တော်တို့ရဲ့ စုတ်ပြတ်နေတဲ့ မိသားစုက အစ်ကိုကြီးဆီက အလုပ်လေး မရှိရင် ငတ်သွားမှာ။ ဒီအလုပ်လေးကိုပဲ အားကိုးပြီး မိသားစုကို ကျွေးမွေးနေရတာပါ”

ကျောက်ရှောင်ယီကလည်း အသံများပင် တုန်ယင်ကာ စိတ်လှုပ်ရှားစွာ ရှင်းပြရှာသည်။

ထိုအခါ ယန်ချုံးက ခေါင်းကို ဖြည်းညင်းစွာ ယမ်းလိုက်ရင်း စကားဆိုလာသည်။

“မင်းတို့နှစ်ယောက် အလုပ်လုပ်တာ မကောင်းလို့ မဟုတ်ပါဘူးကွာ... ငါ့မှာ အစီအစဉ်သစ် ရှိလို့ပါ။ ဒီမှောင်ခိုဈေးမှာ ပစ္စည်းရောင်းရတာ အဆင်ပြေပေမဲ့ ရေရှည်အတွက်တော့ မကောင်းဘူး။ မလုံခြုံဘူး။ တစ်နေ့နေ့ အစိုးရကများ ဖမ်းမိသွားရင် ထောင်ကျသွားနိုင်တယ်လေ”

“အစ်ကိုကြီး စိတ်ချပါ... ကျွန်တော်တို့က အရမ်း ပါးနပ်ပါတယ်။ ပစ္စည်းရောင်းတဲ့ အခါတိုင်း သတိထားပြီး ကြည့်နေတာမို့လို့ ဘယ်သူမှ ဖမ်းမိမှာ မဟုတ်ပါဘူး”

ကျောက်ရှောင်အာက ယုံကြည်မှုရှိစွာ ဆိုသည်။

ကျောက်ရှောင်ယီကလည်း ဝင်၍ အာမခံလေသည်။

“ဟုတ်တယ် အစ်ကိုကြီး စိတ်ချပါ။ တကယ်လို့ ကျွန်တော်တို့ အဖမ်းခံရရင်တောင် အစ်ကိုကြီးကို လုံးဝ ဒုက္ခမပေးပါဘူး။ ကျွန်တော်တို့ဘာသာပဲ တာဝန်ယူ ဖြေရှင်းလိုက်ပါ့မယ်”

ယန်ချုံးသည် သက်ပြင်းတချို့ ချရင်း ခေါင်းထပ် ယမ်းလိုက်မိသည်။

“မင်းတို့ ငါပြောတဲ့ အဓိပ္ပာယ်ကို နားမလည်ကြသေးဘူးပဲ။ ငါပြောချင်တာက ပိုလုံခြုံပြီး ပိုလည်း အဆင်ပြေမယ်။ ပြီးတော့ မင်းတို့ကို ပိုက်ဆံလည်း ကောင်းကောင်းရစေမဲ့ အလုပ်မျိုး ခိုင်းစရာ ရှိတယ်လို့ ပြောတာ”

ထိုအခါမှ ညီအစ်ကို နှစ်ယောက်စလုံး၏ မျက်နှာထက်တွင် သံသယရိပ်များ ယှက်သန်းသွားကာ ပြိုင်တူ မေးလိုက်ကြသည်။

“အစ်ကိုကြီး... ကျွန်တော်တို့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်။ ဒီထက် ပိုကောင်းတဲ့အလုပ် ရှိသေးလို့လား”

ယန်ချုံးမှာ စကားတစ်ခွန်းကို ဆိုဟန်ပြင်လိုက်ပြီးမှ ပြန်လည် မျိုသိပ်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဒီလိုလုပ်…. နှစ်သစ်ကူးပြီးမှပဲ ဆက်ပြောကြတာပေါ့။ နှစ်မကူးခင်တော့ မပြောသေးဘူး။ ဒါနဲ့ နှစ်သစ်ကူးဖို့လည်း နီးနေပြီဆိုတော့ မင်းတို့ နှစ်သစ်ကူးအတွက် ပစ္စည်းတွေ ဘာတွေ ဝယ်ပြီးကြပြီလဲ”

“မဝယ်ရသေးဘူး အစ်ကိုကြီး။ နှစ်သစ်ကူးဖို့ ရက်အနည်းငယ် လိုသေးတယ်လေ။ ဒီနှစ်တော့ အစ်ကိုကြီးကျေးဇူးကြောင့် ကျွန်တော်တို့နှစ်ယောက် ပိုက်ဆံနည်းနည်း စုမိထားတယ်။ ဒီနှစ် နှစ်သစ်ကူးကို အဆင်ပြေပြေ ဖြတ်သန်းနိုင်မှာပါ။ အဲဒီအချိန်ကျရင် မိသားစုဝင်တိုင်းအတွက် အဝတ်အစားသစ် တစ်စုံစီလောက် ချုပ်ပေးရမယ်”

ယန်ချုံးက ကုန်တင်ကားငယ်၏ နောက်ခန်းဆီသို့ မေးဆတ်ပြရင်း ပြောလိုက်သည်။

“အဝတ်အစားတွေ ဝယ်စရာ မလိုတော့ပါဘူးကွာ။ ငါ ဒီမှာ မင်းတို့အတွက် ပြင်ဆင်ပေးထားတယ်။ သွားယူလိုက်ကြ… အဲဒီထဲမှာ လူကြီးရော ကလေးအတွက်ပါ အဝတ်အစား နည်းနည်းပါမယ်။ မင်းတို့ ပိုက်ဆံကုန် သက်သာတာပေါ့”

ထို့နောက် ဆက်လက်၍ မှာကြားလိုက်သည်။

“ပြီးတော့ နှစ်ဆယ့်ရှစ်၊ နှစ်ဆယ့်ကိုးရက်နေ့လောက်ကျရင် ငါ မင်းတို့အတွက် ယုန်တို့ တောကြက်တို့ နှစ်ကောင်လောက် ထပ်ရှာပေးမယ်။ ဝက်သားရယ် ဂျုံမှုန့် နှစ်အိတ်ရယ်လည်း ပေးဦးမယ်။ နှစ်သစ်ကူးကို ကောင်းကောင်းမွန်မွန်သာ ဖြတ်သန်းကြပါ”

ထိုစကားများကြောင့် ညီအစ်ကို နှစ်ယောက်စလုံးမှာ ရင်တွင်း၌ လှိုင်းဂယက်များ ရိုက်ခတ်သွားကာ ဝမ်းသာလွန်း၍ မျက်ရည်များပင် ဝဲတက်လာကြသည်။

“အစ်ကိုကြီး... အစ်ကိုကြီးက ကျွန်တော်တို့အတွက် အရမ်းကို စဉ်းစားပေးတာပဲ။ အစ်ကိုကြီးကို ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူး”

ယန်ချုံးက ဟန့်တားသည့်အနေဖြင့် လက်ကာပြလိုက်ရင်း ဆိုသည်။

“ဒီအကြောင်းတွေ ပြောမနေပါနဲ့။ ဒါနဲ့ နှစ်သစ်ကူးအချိန်ကျရင် အလုပ်ပိတ်မယ်။ ငါတို့အားလုံး ရက်အနည်းငယ်လောက် နားကြမယ်။ အလုပ် ဘယ်တော့ ပြန်စမလဲဆိုတာ ငါ မင်းတို့ကို လာရှာပါ့မယ်”

ညီအစ်ကို နှစ်ယောက်မှာလည်း တသိမ့်သိမ့် မျက်ရည်ကျကာ ကျေးဇူးတင်စကားများ တဖွဖွဆိုရင်း အဝတ်အစားများ အပြည့်ပါသော အထုပ်ကြီးကို ထမ်းကာ ထွက်ခွာသွားကြလေတော့သည်။ ယန်ချုံးသည် ကားအတွင်း၌ အချိန်အတော်ကြာ အတွေးနက်နေပြီးမှ ကားစက်နှိုးကာ ထွက်ခွာလာခဲ့သည်။ ညစာ သုံးဆောင်ပြီးနောက်တွင်မူ ကုန်တင်ကားငယ်လေးကို မောင်းနှင်ကာ ချန်မန် လမ်းမကြီးဆီသို့ ဦးတည်လိုက်လေသည်။

အခြားတစ်ဖက်တွင်မူ ချန်ရွှယ်ရူ တစ်ယောက် မျှော်လင့်ချက် တစ်ပွေ့တစ်ပိုက်ဖြင့် စောင့်စားနေခဲ့ပြီ ဖြစ်သည်။ သူမသည် ချန်မန်ရှိ အရက်ဆိုင်လေးသို့ စောစောစီးစီး သွားရောက်ကာ အရက်အနည်းငယ် ဝယ်ယူပြီး မီးဖိုပေါ်တွင် နွှေးထားလိုက်သည်။ သူမ ကိုယ်တိုင်လည်း မီးဖိုချောင်ဝင်ကာ သေသပ်လှပပြီး အရသာရှိလှသော ဟင်းပွဲအချို့ကို ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပြင်ဆင် ထားလေသည်။

ထို့နောက် မှန်ရှေ့တွင် ရပ်ကာ သူမကိုယ်သူမ သေသေချာချာ အလှပြင် ချယ်သလိုက်ပြီး အချိုးအစားကျလှသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုမို ပေါ်လွင်စေမည့် ချီဖောင် ဝတ်စုံကို လဲလှယ်ဝတ်ဆင် ထားလိုက်သည်။ အနှောင့်အယှက် ကင်းစေရန် နောက်ဆုံးတွင် အိမ်အကူ ဝူမားကိုပင် ကလေးအား သူမအိမ်သို့ တမင်တကာ ခေါ်သွားစေရန် စီစဉ်လိုက်သေးသည်။

ယခုမူကား အထည်ဆိုင်၏ အရှေ့ဘက် ဆိုင်ခန်းမှသည် အနောက်ဘက် ခြံဝင်းအထိ တစ်ရံစာမျှ ခြောက်ကပ် တိတ်ဆိတ်နေပြီး သူမ တစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့တော့သည်။ မည်သည့် တန်ဖိုးကို ပေးဆပ်ရပါစေ။ ဤခံတပ်ကို မဖြစ်မနေ အောင်နိုင်ရမည်ဟု သူမ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသည်။ သူ့ကို လုံးဝ လုံးဝ ထပ်ပြီး ထွက်ပြေးခွင့် မပေးနိုင်တော့ပေ။

ကောင်းကင်ယံထက်၌ မှောင်ရိပ်များ တဖြည်းဖြည်း ကြီးစိုးလာချိန်တွင်တော့ ယန်ချုံးသည် အထည်အလိပ်များနှင့် အသင့်ဝတ် အထည်များ အပြည့်တင်ထားသော ကားကို မောင်းနှင်ကာ အထည်ဆိုင်ရှေ့သို့ ဆိုက်ရောက်လာခဲ့လေသည်။

“နေရာဟောင်းမှာပဲ ထားရမှာလား”

ယန်ချုံးက အထည်လိပ် အနည်းငယ်ကို ညှပ်ကိုင်ထားရင်း မေးလိုက်သည်။

“ဟုတ်တယ်။ အထည်တွေကို နေရာဟောင်းမှာပဲ ထားလိုက်”

ချန်ရွှယ်ရူက ပြန်ဖြေသည်။

ယန်ချုံးက ခေါင်းညိတ် ပြလိုက်ပြီး အထည်လိပ်များကို စတင် ချလေတော့သည်။ အချိန်တိုအတွင်းမှာပင် အထည်လိပ် တစ်ရာခန့်သည် ဂိုဒေါင်အတွင်း၌ သေသေသပ်သပ် စီရီသွားတော့သည်။

“ကဲ... အင်္ကျီတွေကို ကြည့်လိုက်ပါဦး”

ယန်ချုံးသည် ယနေ့အတွက် အင်္ကျီအများကြီး ယူဆောင်လာခဲ့ခြင်း မရှိဘဲ နမူနာ အနည်းငယ်ကိုသာ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုနမူနာများကို ဖြန့်ထုတ်ပြလိုက်သည်နှင့် ချန်ရွှယ်ရူမှာ အံ့သြမှင်သက်သွားကာ မျက်လုံးများပင် အရောင်လက်သွားခဲ့သည်။

“ဒီအင်္ကျီတွေက မဆိုးဘူးပဲ။ အသားရယ်၊ လက်ရာရယ်၊ ဒီဇိုင်းရယ်က သေချာပေါက် အရောင်းသွက်မဲ့ ဟာတွေပဲ”

“ရောင်းရရင် ရပြီလေ။ နမူနာအနေနဲ့ အင်္ကျီအချို့ကို အရင်ထားခဲ့မယ်။ ရောင်းအားကောင်းရင် နောက်မှ ထပ်လာပို့ပေးမယ်။ ဈေးနှုန်းက အရေးမကြီးပါဘူး။ အဓိကက အမြတ်နည်းနည်းနဲ့ အများကြီး ရောင်းရဖို့ပဲ။ ပစ္စည်းတွေကတော့ အများကြီး ရှိတယ်”

သူ၏ ကျောထောက် နောက်ခံအဖြစ် အရင်းအနှီး မလိုဘဲ အခမဲ့ ထောက်ပံ့ပေးနေသည့် စနစ်တစ်ခု ရှိနေခြင်းကြောင့် ယန်ချုံး၏ ဟန်ပန်မှာ သဘာဝကျကျပင် ယုံကြည်မှုများ အပြည့်အဝ ရှိနေလေသည်။

“ကောင်းပြီလေ။ ဒါဆိုရင် မနက်ဖြန် ဆိုင်မှာ ချိတ်ထားလိုက်မယ်။ ဝယ်မဲ့သူရှိရင် ရောင်းလိုက်မယ်။ ရောင်းမထွက်မှာကိုတော့ ပူစရာ မလိုပါဘူး။ အဲအချိန်ကျရင် ရှင်သာ ပစ္စည်း အလုံအလောက် မပို့ပေးနိုင်မှာကိုပဲ စိုးရတယ်”

ချန်ရွှယ်ရူက စကားဆိုရင်း အပေါ်ထပ် အင်္ကျီ တစ်ထည်ကို ယူကာ သူမ၏ ကိုယ်ပေါ်တွင် ကပ်၍ စမ်းကြည့်လိုက်ရာ အတော်လေး ကြည့်ကောင်းသည်ဟု ခံစားလိုက်ရသည်။

“ကဲပါ... ဒီအင်္ကျီတွေကို အရင်ထားလိုက်ပါဦး။ ပစ္စည်းတွေ ဒီလောက်အများကြီး ချရတာ ရှင်လည်း ပင်ပန်းနေရောပေါ့။ မျက်နှာလေး ဘာလေး အရင်သစ်လိုက်ဦးလေ။ ပြီးရင် ရှင့်ကို သောက်ဖော်လုပ်ပေးမယ်”

ချန်ရွှယ်ရူ၏ စကားပင် မဆုံးလိုက်ခင် ယန်ချုံးက ချက်ချင်းပင် ခေါင်းခါယမ်းပြီး ငြင်းဆန်လိုက်သည်။

“အရက်တော့ မသောက်တော့ဘူး။ ကားမောင်းရဦးမှာ။ အရက်သောက်ပြီး ကားမောင်းတာ အန္တရာယ်များတယ်”

အနာဂတ်ခေတ်မှ ကူးပြောင်းလာသည့် ယာဉ်မောင်း တစ်ယောက်အနေဖြင့် ယန်ချုံးသည် အရက်သောက်ခြင်းက ကားမောင်းနှင်ရာတွင် မည်မျှ အန္တရာယ်ကြီးမားကြောင်းကို ကောင်းကောင်းကြီး နားလည် သဘောပေါက်ထားသူ ဖြစ်သည်။

“ဒါဆိုရင် ဒီည ပြန်မနေနဲ့တော့လေ”

ထိုသို့ဆိုရင်း ချန်ရွှယ်ရူ၏ ကိုယ်သင်းနံ့ သင်းသင်းလေးနှင့်အတူ သူမ၏ ကိုယ်လုံးလေးက ယန်ချုံးအနားသို့ တဖြည်းဖြည်း တိုးကပ်လာကာ ရီဝေနေသော မျက်လုံးအစုံဖြင့် မော့ကြည့်လာလေသည်။ သို့သော် သူမ၏ ကိုယ်လုံးလေး မှီတွယ်မလာမီမှာပင် ယန်ချုံးက လက်တစ်ဖက်ကို ဆန့်တန်းကာ အသာအယာ တားဆီးလိုက်သည်။

“အစ်မ ရွှယ်ရူ... ကျွန်တော် အရက်လည်း မသောက်တော့ဘူး။ အိမ်လည်း သေချာပေါက် ပြန်ရမယ်။ မိန်းမက အိမ်မှာ စောင့်နေလို့ပါ”

ထိုသို့ပြောပြီးနောက် ယန်ချုံးသည် စကားကို ခေတ္တ ရပ်တန့်လိုက်ကာ နောက်ထပ် ခွန်းတီးတစ်ချက် ထပ်မံ ပစ်လွှတ်လိုက်သည်။

“နောက်တစ်ခါကျရင်တော့ ပစ္စည်းလာပို့တဲ့အခါ ကျွန်တော့်မိန်းမကိုပါ ခေါ်လာရလိမ့်မယ် ထင်တယ်”

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ယန်ချုံးသည် ကိုယ်ကိုလှည့်ကာ ဆိုင်ထဲမှ ခပ်သွက်သွက် ထွက်ခွာသွားပြီး ကားပေါ်တက်၍ မောင်းထွက်သွားတော့သည်။ ချန်ရွှယ်ရူ တစ်ယောက်တည်းသာ ထိုနေရာတွင် အချိန်အတော်ကြာ ကြက်သေ သေရပ်နေခဲ့ပြီးမှ သတိပြန်ဝင်လာကာ ဒေါသတကြီး ခြေဆောင့်လိုက်ရင်း ကျိန်ဆဲလေတော့သည်။

“ဟွန်း… ငါ့ကိုများ လိုချင်တဲ့သူ မရှိဘူးလို့ ထင်နေတာလား”

ဒေါသအဟုန်ဖြင့် အတော်အတန်ကြာ ရပ်နေပြီးမှ ဆိုင်တံခါး ပိတ်ရမည်ကို သူမ သတိရသွားသည်။ သို့သော် လေးလံလှသော တံခါးရွက်ကို အားယူကာ မ,တင်လိုက်ချိန်မှာပင် လူရိပ်တစ်ခု ဝင်ရောက်လာလေသည်။

“အို... ရွှယ်ရူ ဘယ်လိုဖြစ်လို့ မင်းချည်းပဲ တံခါးရွက်ကို တပ်နေရတာလဲ။ ဆိုင်က အလုပ်သမားတွေကော”

ရောက်လာသူက စကားဆိုရင်း လိုလိုလားလားပင် ရှေ့တိုးလာကာ သူမလက်ထဲမှ အလေးချိန်စီးသော တံခါးရွက်ကို ယူလိုက်သည်။ ချန်ရွှယ်ရူ မော့ကြည့်လိုက်ရာ ရောက်လာသူမှာ ဖန်ကျင်းယို ဖြစ်နေသဖြင့် စိတ်မရှည်သော လေသံဖြင့် တုံ့ပြန်လိုက်သည်။

“အလုပ်သမားတွေကတော့ အိမ်ပြန်ကုန်ပြီပေါ့။ ဘယ်အချိန်ရှိနေပြီလဲဆိုတာ မကြည့်ဘူးလား”

ဖန်ကျင်းယိုက ပြုံးဖြီးဖြီး မျက်နှာထားဖြင့် တံခါးရွက်ကို လမ်းကြောင်းပေါ်သို့ သေချာ ဂရုတစိုက် တပ်ဆင်ပေးလိုက်ရင်း ပြန်ဖြေသည်။

“အဲဒါကြောင့်ပေါ့... အခုဆို ရှစ်နာရီတောင် ကျော်နေပြီပဲ။ ဘယ်လိုဖြစ်လို့ ဒီလောက် နောက်ကျတဲ့အထိ အလုပ်ရှုပ်နေရတာလဲ”

ထို့နောက် သူ၏ မျက်လုံးအစုံက ချီဖောင် ဝတ်ဆင်ထားသော ချန်ရွှယ်ရူ၏ ဆွဲဆောင်မှု ရှိလှသည့် ကိုယ်လုံးကိုယ်ပေါက်ပေါ်သို့ အလိုအလျောက် ရောက်ရှိသွားကာ စကားဆိုလာသည်။

“အစ်မ ရွှယ်ရူ ဒီနေ့ အရမ်း လှနေပါလား။ ဒီချီဖောင်က မင်းလို လှတဲ့သူနဲ့မှပဲ လိုက်ဖက်တာ”

မပြောလျှင် တော်သေးသည်။ ပြောလိုက်တော့မှ ချန်ရွှယ်ရူမှာ ပို၍ပင် စိတ်ညစ်သွားရပြီး ငေါက်ငမ်းလိုက်လေသည်။

“ဟွန်း... ဘယ်လောက်ပဲ လှလှ ဘာအသုံးကျမှာလဲ။ ကြည့်မဲ့သူမှ မရှိတာ”

“ဘယ်က ကြည့်မဲ့သူ မရှိရမှာလဲ။ ငါက ကြည့်ရတာ သဘောကျတယ်လေ”

ချန်ရွှယ်ရူက သူ့ကို စူးရှစွာ မျက်စောင်းထိုးပြီးစိတ်ထဲမှ ကြိတ်၍ တွေးလိုက်သည်။

‘ဘယ်သူက နင့်ကို ကြည့်ခိုင်းနေလို့လဲ။ ကြည့်စေချင်တဲ့ သူကတော့ ဂရုတောင် မစိုက်ဘူး’

ဖန်ကျင်းယိုက သူမ၏ အေးစက်စက် ဆက်ဆံမှုကို လုံးဝ ဂရုမစိုက်သည့်အလား တံခါးရွက် အနည်းငယ်ကို တပ်ဆင်ပြီးနောက် ဂရုတစိုက်ဖြင့် မေးလာပြန်သည်။

“ဒါနဲ့ အစ်မ ရွှယ်ရူ... ဒီရက်ပိုင်း အရက်ဆိုင်လေးဘက် လာသောက်တာ မတွေ့ပါလား။ မနေ့ကတောင် အစ်မ ဟွေကျိန်းက မင်းအကြောင်း မေးနေသေးတယ်”

ချန်ရွှယ်ရူက ပျင်းရိပျင်းတွဲ ဟန်ပန်ဖြင့် အကြောဆန့်လိုက်ရင်း ဖြေလိုက်သည်။

“မသွားချင်လို့ပါ။ အဲဒီမှာ လူတွေ အရမ်းများတယ်”

“ကဲပါ ဖန်ကျင်းယို... အချိန်လည်း မစောတော့ဘူး။ ငါ အိပ်တော့မယ်။ နင်လည်း တံခါးတပ်ပြီးရင် မြန်မြန် ပြန်တော့”

ဤတစ်ကြိမ်တွင်မူ ဗြောင်ကျကျ နှင်ထုတ်လိုက်ခြင်းပင် ဖြစ်သည်။ ဖန်ကျင်းယို မည်မျှပင် အထာခံနိုင်စေကာမူ ဆက်၍ သည်းမခံနိုင်တော့ဘဲ မျက်နှာပျက်သွားကာ ဒေါသတကြီး ပြောဆိုလေတော့သည်။

“ချန်ရွှယ်ရူ... မင်းက တခြားလူတွေရှေ့ဆို ကပ်ဖားချင်နေပြီးတော့ ငါ့ကိုတွေ့တော့ မျက်နှာကောင်း တစ်ချက်မှ မပြဘူး။ ဘာသဘောလဲ”

All Chapters