← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

အခန်း (၉၇) - မင်း မရီးကို ကိုယ်ဝန်ရအောင် လုပ်ပေးနိုင်မယ်ဆိုတာ ငါသိသားပဲ

ချန်ရွှယ်ရူသည် ထိုစကားကို ကြားလျှင် မျက်လုံးအစုံ ပြူးကျယ်သွားပြီး ဖန်ကျင်းယိုအား ဒေါသမီး တောက်လျှံနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။

“ဖန်ကျင်းယို... ရှင် ကျွန်မကို စောင့်ကြည့်နေတာလား”

ဖန်ကျင်းယိုက ခနဲ့တဲ့တဲ့ လေသံဖြင့် မဖြေဘဲ ပြန်မေးလိုက်သည်။

“ငါ မေးပါရစေဦး။ အဲဒီယန်မျိုးနွယ်ကောင်က ဘယ်သူမို့လို့လဲ။ သူက မင်းကို အဖက်တောင် မလုပ်တာကို မင်းက ဘာလို့ အတင်းသွားပြီး ကပ်သပ်နေရတာလဲ”

ချန်ရွှယ်ရူသည် ပို၍ပင် ဒေါသတချောင်းချောင်း ဆိုးသွားကာ ပြောလိုက်သည်။

“ကျွန်မသဘောပဲလေ… မရဘူးလား။ ကျွန်မ ချန်ရွှယ်ရူက ဒီလိုပဲ အောက်ခြေက လာတာ သူများက ဂရုမစိုက်လေလေ ကျွန်မက ပိုပြီး လိုက်ချင်လေလေပဲ။ ရှင်က ကျွန်မကို သဘောကျနေပေမဲ့ ကျွန်မကတော့ ရှင့်ကို လုံးဝ စိတ်မဝင်စားဘူး”

စကားလည်း ဆုံးသွားသည်နှင့် သူမသည် ဘေးနားရှိ ကြက်မွေး တံမြက်စည်းကို ဆွဲယူကာ ဖန်ကျင်းယို၏ ဦးခေါင်းထက်သို့ ဆင့်ကာဆင့်ကာ ရိုက်နှက်လေတော့သည်။

“ထွက်သွားစမ်း။ နောက်ခါ ငါ့ဆိုင်ဘက်ကို ခြေဦး မလှည့်နဲ့။ ငါ့ကို ဘယ်သူမှ အဖက် မလုပ်ရင်တောင် နင့်လိုကောင်ကိုတော့ လုံးဝ ရွေးမှာ မဟုတ်ဘူး”

ဖန်ကျင်းယိုလည်း ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ကာကွယ်လျက် ဆိုင်ပြင်သို့ ကမန်းကတန်း ထွက်ပြေးရရှာသည်။ ထို့နောက် အံကြိတ်ကာ ဒေါသတကြီး ကြိမ်းဝါးလိုက်လေသည်။

“ကောင်းပြီလေ ချန်ရွှယ်ရူ... မင်း မှတ်ထားလိုက်ပါ။ ငါ ဖန်ကျင်းယိုကလည်း အလွယ်တကူ အကန်ခံရမဲ့ကောင် မဟုတ်ဘူးဆိုတာ မင်း သိစေရမယ်”

သူ၏ စကားပင် မဆုံးသေးမှီ ချန်ရွှယ်ရူ၏ ကြက်မွေး တံမြက်စည်းသည် ဆိုင်ထဲမှ လေထဲသို့ ဝဲပျံကာ လွင့်စင်လာသဖြင့် ကပျာကယာ ရှောင်တိမ်းရင်း သုတ်ခြေတင် ပြေးရတော့သည်။

……………………………………..

စတိုးဆိုင်အတွင်း၌မူ ချန်ရွှယ်ရူသည် ဒေါသအရှိန်ကြောင့် ရင်ဘတ် တစ်ချက်ချက် နိမ့်ချည်မြင့်ချည် ဖြစ်ကျန်ရစ်ခဲ့သည်။

“ယန်ချုံး... ရှင်ကြောင့် ဒီလို အမှိုက်ကောင်ရဲ့ လှောင်ပြောင်တာကို ခံလိုက်ရပြီ။ အခုတော့ ကျေနပ်ပြီလား”

တစ်ချိန်တည်းမှာပင် မော်တော်ကားကို အေးအေးလူလူ မောင်းနှင်နေသော ယန်ချုံးသည် ရုတ်တရက် နှာချေလိုက်မိသဖြင့် နှာခေါင်းကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။

“ဘယ်သူကများ ငါ့ကို အကုသိုလ်ပွားပြီး ဆဲနေပါလိမ့်”

စင်စစ် ချန်ရွှယ်ရူသည် လွန်စွာ ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ဦး ဖြစ်ပေသည်။ ရုပ်အဆင်း လှပရုံမျှသာမကဘဲ အမျိုးသမီးတို့၏ စုလဲဆင်မာယာလည်း ထက်မြက်လှသည်။ သို့သော်လည်း အလုပ်နှင့် အချစ်ကိုမူ သူ အမှန်တကယ် ခွဲခြားထား၏။ ယန်ချုံးသည် သူမအား စီးပွားဖက်တစ်ဦး အဖြစ်သာ သဘောထားပြီး စင်ကြယ်သော မဟာမိတ် ဆက်ဆံရေးကို အညစ်အကြေး အစွန်းအထင်း မခံလိုပေ။

ထို့ပြင် အိမ်တွင်လည်း နုပျိုချစ်စရာ ကောင်းသော ဇနီးချောလေး ရှိနေသည် ဖြစ်ရာ မည်မျှပင် မွှေးကြိုင် လှပသော တောပန်း ဖြစ်ပါစေဦးတော့... သူ ခူးဆွတ်ရန် စိတ်ကူး မရှိချေ။

“မီးနှင့် ကစားလျှင် မီးလောင်တတ်သည်” ဟူသော လောက ဓမ္မတာကို ယန်ချုံး ကောင်းစွာ နားလည်ထားသည်။

ထို့ပြင် ချန်ရွှယ်ရူ၏ သွေးဆောင်မှုကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည့်အတွက် စနစ်ထံမှ ထင်မှတ်မထားသော ဆုလာဘ်တစ်ခု ရရှိခဲ့သေးသည်။

“ဒင်… လက်ခံရရှိသူသည် သွေးဆောင်ဖြားယောင်းမှုကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သဖြင့် အထူးဆုလာဘ်ကို ရရှိပါသည်။ သတ်မှတ်နေရာသို့ ပစ္စည်းပို့ဆောင်နိုင်စွမ်း နှင့် ပစ္စည်းအရင်းအမြစ်များ အားလုံးကို တရားဝင်ဖြစ်ခွင့် တို့ကို ဆုချီးမြှင့်ပါသည်။

“ပစ္စည်းအရင်းအမြစ် အားလုံးကို တရားဝင်ဖြစ်ခွင့် ဟုတ်လား”

ဆိုလိုသည်မှာ သူ ဂျပန်နိုင်ငံမှ သယ်ဆောင်လာခဲ့သော အရင်းအမြစ် မရေရာသည့် စားနပ်ရိက္ခာများ၊ အထည်အလိပ်များနှင့် အဝတ်အထည်များ အားလုံးသည် ဥပဒေနှင့်အညီ တရားဝင် ဖြစ်သွားခဲ့ပြီ ဖြစ်ရာ ဤသည်မှာ အလွန်ပင် ကံထူးလှပေသည်။ အမှန်တော့ ယန်ချုံးသည် လွန်ခဲ့သော ရက်အနည်းငယ်ကပင် ဤအရေးကို တွေးတောကာ စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သည်။

သူသည် သံမဏိစက်ရုံအတွက် ရိက္ခာ အမြောက်အမြားကို တစ်ခါတည်း ဖြည့်ဆည်းပေးခဲ့ခြင်းမှာ စက်ရုံအတွက် အကျိုးရှိသည်မှာ မှန်သော်လည်း... အကယ်၍ လူယုတ်မာ တစ်ဦးဦးက အာဏာပိုင်များထံ တိုင်တန်း အစီရင်ခံလိုက်ပါက ထိုအရာသည် အချိန်မရွေး ပေါက်ကွဲနိုင်သော မိုင်းဗုံး တစ်လုံးကဲ့သို့ သူ၏ စည်းစိမ်ချမ်းသာ အားလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။ ထို့အတူ ချန်ရွှယ်ရူ၏ ဆိုင်၌လည်း အဝတ်အထည် အမြောက်အမြားကို တစ်ပြိုင်နက် ရောင်းချနေခြင်းကြောင့် မနာလိုဝန်တို သူများ၏ ချောင်းမြောင်း ဒုက္ခပေးမှုကို ခံရနိုင်ချေ ရှိပေသည်။ ယခုမူ ဤအထူးစွမ်းရည်ကြောင့် ထိုသောကဗျာပါဒများ အားလုံး ကင်းစင်သွားခဲ့ပြီ ဖြစ်သည်။

……………………………

ထို့နောက် သတ်မှတ်နေရာသို့ ပစ္စည်းပို့ဆောင်နိုင်စွမ်း ဟူသော စွမ်းရည်ကို ဆန်းစစ်ရန် ယန်ချုံး ဆုံးဖြတ်လိုက်သည်။ ပစ္စည်းများကို အဝေးတစ်နေရာမှ နေ၍ မိမိအလိုရှိရာ နေရာသို့ စိတ်အာရုံဖြင့် ပို့ဆောင်နိုင်ခြင်းလော။ သိပ်ဝေးလွန်းသော နေရာဆိုပါက အတည်ပြုရန် ခက်ခဲမည် ဖြစ်သဖြင့် အနီးအနားတွင်သာ အရင်ဆုံး စမ်းသပ်ရန် ကြံရွယ်လိုက်သည်။

သူသည် မော်တော်ကားကို လမ်းဘေး၌ ရပ်တန့်လိုက်ပြီးနောက် မျက်လုံးအစုံကို မှိတ်လျက် အာရုံစူးစိုက်ကာ သူ၏ ကိုယ်ပိုင် နေရာလွတ် လျို့ဝှက်နယ်မြေအတွင်းရှိ တောဝက်ငယ် တစ်ကောင်ကို ကိုက်တစ်ရာခန့် အကွာရှိ လမ်းမထက်သို့ စေလွှတ်လိုက်သည်။ ထိုနေရာတွင် လမ်းမီးတိုင် တစ်တိုင် ရှိနေပြီး မီးရောင်မှာ မှိန်ပျပျသာ ရှိသော်လည်း ဤနေရာမှ ကြည့်လျှင် ထင်ထင်ရှားရှား မြင်တွေ့နိုင်ပေသည်။

တောဝက်ငယ်ကို ပို့ဆောင်ပြီးသည်နှင့် သူသည် စိတ်မရှည်နိုင်တော့ဘဲ မျက်လုံးများကို ဖွင့်၍ ကြည့်လိုက်ရာ လွန်စွာ ဝမ်းမြောက်သွားတော့သည်။ မှိန်ပြပြ လမ်းမီးရောင်အောက်တွင် တောဝက်ငယ်လေး တစ်ကောင်သည် ဟိုဟိုဒီဒီ လျှောက်ကြည့်လျက် ရှိနေသည်ကို အမှန်ပင် မြင်တွေ့လိုက်ရ၏။ စိမ်းသက်လှသော ပတ်ဝန်းကျင်အသစ်သို့ ရုတ်တရက် ရောက်ရှိသွားသဖြင့် အသားမကျသေးသည်မှာ ထင်ရှားလှပေသည်။

ယန်ချုံး၏ ရင်ထဲတွင် အတိုင်းမသိ ဝမ်းသာလုံး ဆို့သွားကာ သူ မျှော်လင့်ထားသည့်အတိုင်း ထပ်တူထပ်မျှ ဖြစ်နေသည်ကို သိလိုက်ရသည်။ ထို့နောက် အသိမဝင်သေးသော တောဝက်ငယ်ကို လျို့ဝှက်နယ်မြေထဲသို့ အမြန်ပြန်လည် ရုပ်သိမ်းလိုက်ရ၏။ အပျော်လွန်ပြီး တောဝက်ငယ်လေး ထွက်ပြေးသွားပါက သူတပါးအတွက် အလကား အချောင် ဖြစ်သွားပေလိမ့်မည်။

သို့သော် သူသည် စိတ်အေးရုံမျှဖြင့် မတင်းတိမ်နိုင်သေးဘဲ ပိုမို ဝေးကွာသော အကွာအဝေးတွင် အလုပ်ဖြစ်၊ မဖြစ် စမ်းသပ်လိုသဖြင့် ဂျုံမှုန့် တစ်အိတ်ကို အိမ်ရှိ ထမင်းစား စားပွဲပေါ်သို့ စိတ်အာရုံဖြင့် လှမ်း၍ တင်ထားကြည့်လိုက်သည်။ နောက်ပိုင်းတွင် သူ အိမ်သို့ ပြန်လည်ရောက်ရှိ၍ မီးခလုတ်ကို ဖွင့်လိုက်သောအခါ စားပွဲထက်၌ ထိုဂျုံမှုန့်အိတ်ကို အထင်အရှား မြင်တွေ့လိုက်ရမှသာ လုံးဝ ဥဿုံ စိတ်အေးသွားတော့သည်။

“အင်း... နောက်ဆိုရင်တော့ ငါ နည်းနည်း သက်တောင့်သက်သာ နေလို့ရပြီပဲ။ ကျောက် ညီအစ်ကိုတွေ အတွက်လည်း အလုပ်အကိုင်သစ် ရှာပေးလို့ရတာပေါ့”

ထိုညချမ်းကား မည်သည့်ဆူပူ လှုပ်ရှားမှုမျှ မရှိဘဲ အေးချမ်းစွာ ကုန်လွန်သွားခဲ့လေသည်။

…………………………………………………..

နောက်တစ်နေ့ နံနက်မိုးသောက်ချိန်တွင် ယန်ချုံးသည် စောစီးစွာ အိပ်ရာမှ ထ၍ တံခါးကို ဖွင့်လိုက်ရာ ရွှီတာ့မောက် တစ်ယောက် မျက်နှာတွင် အပြုံးပန်းများ ဝေဆာလျက် တံခါးဝ၌ အဆင်သင့် စောင့်ဆိုင်းနေသည်အား မြင်တွေ့လိုက်ရသည်။ သူသည် ယန်ချုံးကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ကာ ပြောရှာသည်။

“ညီလေး... မင်းကတော့ တကယ့်ကို နတ်ဘုရားပဲကွာ”

ယန်ချုံးမှာ လန့်ဖျပ်သွားပြီး ရွှီတာ့မောက်အား အံ့အားသင့်စွာ စိုက်ကြည့်လျက် မေးလိုက်သည်။

“ဘယ်လိုဖြစ်တာလဲ အစ်ကိုရ။ ဘာကိစ္စများ ရှိလို့လဲ”

ရွှီတာ့မောက်က စိတ်လှုပ်ရှား လွန်းသဖြင့် တုန်ရင်နေသော လေသံဖြင့် ပြန်ဖြေလေသည်။

“ညီလေး... မင်းပေးတဲ့ ဆေးက တကယ်ကို အစွမ်းထက်တာပဲကွ။ မနေ့ညက ငါ စမ်းကြည့်တာ... တကယ့်ကို အလုပ်ဖြစ်တယ်။ မင်း မသိပါဘူး... မင်း မရီးကလေ...”

ယန်ချုံးသည် ထိုအခါမှသာ အကြောင်းရင်းကို ရိပ်မိကာ သဘောပေါက်သွားတော့သည်။ ရွှီတာ့မောက် တစ်ယောက် ခုနစ်စက္ကန့် အိုမင်းခြင်း ဘဝမှ လွတ်မြောက်သွားသဖြင့် သူ့ထံ လာရောက် ကျေးဇူးတင်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူသည် ကပျာကယာပင် တားမြစ်လိုက်ရ၏။

“အစ်ကိုတာ့မောက်... တိုးတိုးပြောပါဦး။ ရှူး... ခြံထဲမှာ လူတွေ အများကြီးပဲ”

ရွှီတာ့မောက်လည်း ဆွံ့အ သွားပြီးမှ မိမိ အပျော်လွန်သွားသည်ကို သတိပြုမိသွားသည်။ ဤကဲ့သို့သော လျှို့ဝှက်ချက်မျိုးကို အများသိရန် မသင့်တော်သည် မဟုတ်ပါလော။ ထို့ကြောင့် စိတ်လှုပ်ရှားမှုကို အတင်းအကျပ် ထိန်းချုပ်ကာ အသံကို နှိမ့်၍ ပြောရှာသည်။

“ညီလေးရယ်... အစ်ကိုက ဝမ်းသာလွန်းလို့ပါ။ မင်း မသိပါဘူး... မနေ့ညက အစ်ကို (၆) မိနစ်တောင် တောင့်ခံနိုင်ခဲ့တာကွ။ မင်း မရီးတောင်မှ ‘ရှင် ဒီနေ့ တအား ကြမ်းတာပဲ။ လူတစ်ယောက်လုံး ပြောင်းလဲသွားသလိုပဲ’ လို့ ပြောရှာတယ်”

ယန်ချုံးသည် မအောင့်နိုင်ဘဲ အော်ဟစ်ကာ ရယ်မောလိုက်မိတော့သည်။

‘(၆) မိနစ်ဆိုတာလေးများ ဘယ်လောက်ကြာလို့လဲ... လုံရှောင်အယ် ခမျာလည်း လောကကြီးရဲ့ သဘာဝကို မသိရှာဘူး။ ငါ့လိုမျိုး စတင်တာနဲ့ တစ်နာရီကနေ အစပြုတယ် ဆိုတာကိုသာ သိရင် ခင်ဗျားတို့ လင်မယား နှစ်ယောက်စလုံး ငါ့ကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်ကြဦးမှာ’

ယန်ချုံးက စိတ်ထဲမှ တိတ်တဆိတ် ကျီစယ်လိုက်မိသည်။

သို့သော် ရွှီတာ့မောက်၏ မူလ ခုနစ်စက္ကန့်သမား ဘဝမှ ယခုကဲ့သို့ (၆) မိနစ်အထိ တက်လှမ်းလာနိုင်ခြင်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်း ဖြစ်ရာ သူ ဤမျှ စိတ်လှုပ်ရှားနေသည်မှာလည်း ယုတ္တိရှိပေသည်။ ထို့ကြောင့် သူက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။

“အကျိုးထူးတယ် ဆိုရင်ပဲ တော်ပါသေးတယ်။ ခင်ဗျား ဆေးတွေ အများကြီးသောက်ပြီး ဘာမှ ထူးမလာမှာကို စိုးရိမ်နေတာ။ မဟုတ်ရင် မရီးက ကျွန်တော့်ကို လိမ်စားနေတာလို့ ပြောဦးမယ်။ ဒီလိုလုပ်... ကျွန်တော် နောက်မှ ဆေးနှစ်ခွက် ထပ်ဖော်ပေးမယ်။ ဆက်ပြီး အားဖြည့်လိုက်ရင် မရီးလည်း မကြာခင်မှာ ကိုယ်ဝန်ရလာလိမ့်မယ်လို့ ထင်တယ်”

ရွှီတာ့မောက်သည် စိတ်လှုပ်ရှားလွန်းသဖြင့် ဦးခေါင်းကို တဆက်ဆက် ညိတ်လျက် ပြောလေသည်။

“ညီလေး... မင်းကိုပဲ အားကိုးရတော့မယ်ကွာ။ မင်း တကယ် လုပ်နိုင်မယ်ဆိုတာ ငါ သိသားပဲ။ မင်း မရီးကို သေချာပေါက် ကိုယ်ဝန်ရအောင် လုပ်ပေးနိုင်မယ်ဆိုတာ ငါ လူကြည့် မမှားခဲ့ပါဘူး။ စိတ်ချပါ... မင်း မရီး ကိုယ်ဝန်ရလာတဲ့နေ့ကျရင် ငါ ဗုံမောင်းတီး ခရာမှုတ်ပြီး ဂုဏ်ပြု ဆိုင်းဘုတ်ကြီး တစ်ခု လာပို့ပေးမယ်။ မင်းက ဆေးစွမ်းထက်တဲ့ သမားတော်ကြီး ဖြစ်ပြီး ဟိုဆေးရုံကြီးက ဆရာဝန်တွေထက် အဆပေါင်းများစွာ ပိုတော်တယ်ဆိုတာ လူတိုင်းသိအောင် လုပ်ပေးမယ်”

ယန်ချုံးသည် ကပျာကယာ လက်ကာပြရင်း တားမြစ်ရပြန်သည်။

“နေပါစေ... လုံးဝ မလုပ်ပါနဲ့။ ကျွန်တော် အဲဒီလို နာမည်မကြီးချင်ပါဘူး။ ဒီသတင်းသာ ပြန့်သွားရင် ရပ်ကွက်ထဲက လူတွေအကုန်လုံး ကျွန်တော့်ဆီ ဆေးလာကုကြမှာပေါ့။ အဲဒီကျရင် ကျွန်တော် အလုပ်များပြီး မူးလဲသွားပါဦးမယ်။ ကျွန်တော်က ညီအစ်ကိုလို ခင်လို့သာ ကူညီပေးတာပါ။ တခြားလူတွေ ကိစ္စကိုတော့ ဝင်မပါချင်ပါဘူး”

ရွှီတာ့မောက်သည် မိမိဦးခေါင်းကို ပုတ်လိုက်ရင်း ဆိုသည်။

“ညီလေး ပြောတာ မှန်တာပေါ့။ အစ်ကိုက အတွေးတိုသွားတယ်။ မင်း အစ်ကို့အပေါ် ကောင်းခဲ့တာတွေကို အစ်ကို တစ်သက်လုံး မေ့မှာ မဟုတ်ပါဘူး။ ဒီလိုလုပ်လေ... အယ်လေး ကလေးမွေးလာရင် ကလေးကို မင်းနဲ့ ခေါင်းကိုင်ဖခင်… မွေးစားဖခင်အဖြစ် တော်စပ်ပေးမယ်။ ငါတို့နှစ်ယောက်က ဆွေမျိုးတွေလို ဖြစ်သွားတာပေါ့။ ပိုပြီးတောင် ရင်းနှီးသွားသေးတယ်”

ယန်ချုံးလည်း ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ဒါကတော့ ဖြစ်နိုင်တာပဲ။ အဲဒီအခါကျရင် ကလေး တစ်လပြည့်ပွဲမှာ ကျွန်တော့် မွေးစား သားလေးအတွက် မုန့်ဖိုး စာအိတ်နီကြီး တစ်ခု ပေးရမှာပေါ့”

ရွှီတာ့မောက်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကာ ဆိုပြန်သည်။

“ငါက မင်းကို ကျေးဇူးဆပ်ရမှာပါဆိုမှ... ဘယ်လိုဖြစ်လို့ ငါက မင်းဆီကနေ အချောင်ပြန်ရဦးမှာလဲကွာ”

……………………………………

သူတို့နှစ်ယောက် ဤသို့ စကားလက်ဆုံ ကျနေစဉ်အတွင်း ခြံဝင်းထဲမှ လူအတော်များများ နိုးထလာကြပြီး ကိုယ့်အိမ်တံခါးဝ၌ ရပ်လျက် စပ်စုလိုသော မျက်လုံးများဖြင့် စောင်းငဲ့ကြည့်နေကြသည်။ အထူးသဖြင့် ယီကျုံးဟိုင်သည် လွန်စွာ သံသယဝင်နေသော မျက်နှာထားဖြင့် စိုက်ကြည့်နေကာ စိတ်တွင်းမှ ကြံစည်လျက် မကြာမီအတွင်း မည်သည့် အကြောင်းကိစ္စ ဖြစ်သည်ကို နည်းလမ်းရှာ၍ စုံစမ်းရမည်ဟု တွေးတောနေလေတော့သည်။

“ဒီလူနှစ်ယောက် ပေါင်းမိနေရင်တော့ ကောင်းတဲ့ကိစ္စ ဖြစ်မှာ မဟုတ်ဘူး”

All Chapters