အခန်း ၁၀၀
Vol. 10 Ch. 100
အခန်း (၁၀၀) - တစ်စုံတစ်ယောက် သီးသန့်အခွင့်အရေး ရနေခြင်း
တာဝန်ရှိ လူကြီးမင်းသည် အလုပ်ကို ပြတ်ပြတ်သားသား လုပ်ကိုင်တတ်သူပီပီ သွားမည်ဟု နှုတ်မှ ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ခြေလှမ်းပြင်၍ ထွက်ခွာသွားလေတော့သည်။
တစ်နာရီပင် မပြည့်တပြည့် အချိန်အတွင်းမှာပင် လူကြီးမင်းအပါအဝင် ဝန်ကြီးဌာနမှ အရာရှိအချို့နှင့် လက်အောက်ခံ နိုင်ငံပိုင် စက်ရုံအသီးသီးမှ စက်ရုံမှူးများကို တင်ဆောင်လာသည့် ဂျစ်ကားတစ်တန်းသည် သံမဏိစက်ရုံဝင်းအတွင်းသို့ ဆိုက်ရောက်လာကြလေသည်။
ထိုအချိန်တွင် စက်ရုံမှူးယန်သည် ဒုတိယစက်ရုံမှူး လီဟွိုင်တယ် အပါအဝင် အလယ်အလတ်အဆင့် တာဝန်ရှိသူအချို့ကို ဦးဆောင်လျက် စက်ရုံ ဂိတ်ပေါက်ဝ၌ စောစီးစွာ နေရာယူကာ အသင့်စောင့်ကြို နေကြသည်။ ကားတန်းကြီး ချဉ်းကပ်လာသည်ကို လှမ်းမြင်လိုက်သည်နှင့် စက်ရုံမှူးယန်က ဘေးနားရှိ ဟိုလီခွေဘက်သို့ ကိုယ်ကို အနည်းငယ်ကိုင်းကာ တိုးတိုးတိတ်တိတ် မေးလိုက်သည်။
“ဘယ်လိုလဲ အကုန်လုံး သေချာရှင်းလင်း ပြင်ဆင်ပြီးပြီလား”
ဟိုလီခွေကလည်း အလျင်စလို ခေါင်းညိတ်ပြရင်း ပြန်ဖြေသည်။
“စိတ်ချပါ… အကုန်လုံး သေချာ ဖုံးကွယ်ထားပြီးပါပြီ။ အပြင်လူတွေ လုံးဝ ရိပ်မိမှာ မဟုတ်ပါဘူး”
စက်ရုံမှူးယန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး တွမ်တာကန်းဘက်သို့ အကြည့်လွှဲလိုက်သည်။ တွမ်တာကန်းကလည်း အခြေအနေကို နားလည်စွာဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်လေသည်။ သူ၏ အမူအရာက “စိတ်ချပါ စက်ရုံမှူးယန်… ခင်ဗျား မှာကြားထားတဲ့အတိုင်း အောက်ခြေကို သေချာညွှန်ကြား ထားပြီးပါပြီ။ အလုပ်သမားတွေ ဘယ်လိုပြောရမလဲဆိုတာ ကောင်းကောင်းသိပါတယ်” ကဲ့သို့ ဆိုလိုနေသည့် အလားပင်။ ထိုအခါမှသာ စက်ရုံမှူးယန် တစ်ယောက် ရင်ထဲမှ အလုံးကြီး ကျသွားကာ စိတ်အေးသွားလေတော့သည်။
ကားတန်းကြီးမှာ အရှေ့တွင် ထိုးရပ်သွားပြီး ပထမဆုံးကားပေါ်မှ လူကြီးမင်းနှင့် ဝန်ကြီးဌာနမှ အရာရှိအချို့ ဆင်းလာကြသည်။ ထိုအခါ စက်ရုံမှူးယန်နှင့် လီဟွိုင်တယ်တို့မှာ ကပျာကယာ ရှေ့သို့တက်ကာ ခရီးဦးကြို ပြုလိုက်ကြသည်။
“ဝန်ကြီးဌာနက လူကြီးမင်းတွေ ကျွန်တော်တို့ သံမဏိစက်ရုံကို အခုလို လာရောက် လမ်းညွှန်ပေးတဲ့အတွက် လှိုက်လှဲစွာ ကြိုဆိုပါတယ်”
လူကြီးမင်းက ပြုံးလျက် ဤသို့ ဆိုလေသည်။
“ဒီတစ်ခေါက်တော့ လမ်းညွှန်မှုပေးဖို့ လာတာ မဟုတ်ပါဘူးကွာ။ ငါက သူတို့ကို မင်းတို့ဆီက နည်းနာ လာယူခိုင်းတာ။ အားလုံးက ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံတွေချည်းပဲ။ အခက်အခဲတွေကလည်း အတူတူပဲကို မင်းတို့ သံမဏိစက်ရုံက ဘာလို့များ ဒီလိုခက်ခဲတဲ့ ကာလမှာ ကြိတ်မှိတ်တောင့်ခံ နိုင်ရုံမကဘဲ ထုတ်လုပ်မှုလည်း မကျ… တစ်နေ့တခြား ပိုတောင် တိုးလာနေရတာလဲ ဆိုတာ သူတို့ကို လာကြည့်ခိုင်းတာလေ။ သူတို့ကို သေချာ လေ့လာခိုင်းမယ်။ ပြီးရင် ပြန်သွားပြီး သူတို့စက်ရုံတွေကိုလည်း ဒီလိုဖြစ်အောင် လုပ်ခိုင်းရမယ်”
စက်ရုံမှူးယန်က ရယ်မောရင်း သံယောင်လိုက်လိုက်သည်။
“လူကြီးမင်းကတော့ နောက်နေပါပြီ။ အကုန်လုံးက ညီအစ်ကို စက်ရုံတွေချည်းပဲဟာကို အထူးတလည် သင်ယူစရာ ဘာရှိမှာလဲ။ တကယ်လို့ သင်ယူရမယ် ဆိုရင်တောင် ဝန်ကြီးဌာနက လူကြီးမင်းတွေရဲ့ လမ်းညွှန်ချက်တွေကို အသေအချာ အကောင်အထည်ဖော်ပြီး အလုပ်သမားတစ်ယောက်ချင်းစီဆီ ရောက်အောင် ပို့ဆောင်ပေးရတာလောက်ပါပဲ။ ဒါမှ သူတို့အနေနဲ့ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းရဲ့ ဂရုစိုက်မှုကို ခံစားရပြီး အလုပ်လုပ်ချင်စိတ်တွေ ပိုတက်ကြွလာမှာလေ”
ထိုအခိုက် လူကြီးမင်းက အနောက်သို့ လှည့်ကြည့်လိုက်ရာ စက်ရုံမှူးအချို့မှာ မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းတခါခါ ဖြစ်နေကြသည်။ ထိုအထဲမှာမှ နံပါတ် (၁) သံမဏိစက်ရုံ၏ စက်ရုံမှူး လျိုဖုန်းမှာ ချက်ချင်းပင် မချင့်မရဲ ဖြစ်လာကာ ဝင်ရောက် စွက်ဖက်တော့သည်။
“လူကြီးမင်း ဘယ်လိုပဲပြောပြော ကျွန်တော်ကတော့ မယုံနိုင်ဘူး။ ဒီနှစ်က ဒီလောက်တောင် ကြပ်တည်းခက်ခဲနေတာ။ အလုပ်သမားတွေတောင် ဝမ်းဝအောင် မစားရလို့ အလုပ်လုပ်ချင်စိတ် မရှိကြဘူးလေ။ သူတို့စက်ရုံက စားသောက်ကုန် စက်ရုံမှ မဟုတ်တာ။ အလုပ်လုပ်ရင်း စားနေလို့ ရတာမှ မဟုတ်ဘဲနဲ့... ဘယ်လိုလုပ်ပြီး ထုတ်လုပ်မှုက မကျဆင်းတဲ့အပြင် တိုးလာရတာလဲ”
ကျန်ရှိနေသူများကလည်း တစ်ယောက်တစ်ပေါက် ဝင်ရောက် ထောက်ခံကြလေသည်။
“ဟုတ်တယ်… ကျွန်တော်တို့လည်း မယုံဘူး လူကြီးမင်း။ သူတို့ ထုတ်လုပ်မှု ပမာဏကို လိမ်တင်ထားတာ သေချာတယ်”
“ဟုတ်ပါတယ် လူကြီးမင်းရာ… ဝန်ကြီးဌာနက မျက်နှာလိုက်ပြီး သူတို့ကို သီးသန့် အခွင့်အရေး ပေးထားတာ နေမှာပါ။ ရိက္ခာတွေ အထူးခွဲဝေ ပေးထားလို့သာပေါ့... မဟုတ်ရင် ဒီလောက် ရိက္ခာလေးနဲ့ အလုပ်သမားတွေ ဝမ်းတောင် ဝမှာ မဟုတ်ဘူး။ ဘယ်သူက ထုတ်လုပ်မှု မကျအောင် အလုပ်လုပ်ဖို့ ဒီလောက်ကြီး စိတ်အားထက်သန်နေမှာလဲ”
“မှန်ပါတယ် လူကြီးမင်း… ဒါက လုံးဝ မဖြစ်နိုင်ဘူးလေ။ သူတို့ကို ထုတ်လုပ်မှု တစ်ခု ဆက်ထိန်းထားခိုင်းပြီး ကျွန်တော်တို့ကို လာဖိအားပေးလို့တော့ မရဘူး။ ကျွန်တော်တို့ကို သေအောင် ဖိအားပေးရင်တောင် ဒီလို အခြေအနေမျိုးမှာ ထုတ်လုပ်မှု တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး”
အားလုံးက တစ်ခဲနက် မယုံကြည်နိုင်စွာ ညည်းညူနေကြရာ လူကြီးမင်းက စက်ရုံမှူးယန်ကို လှမ်းကြည့်လိုက်ပြီး ပြောသည်။
“တွေ့တယ်မလား ရှောင်ယန်။ အခု မင်းတို့စက်ရုံက ထုတ်လုပ်မှု မကျဘဲ တက်လာတယ် ဆိုတာကို ဘယ်သူမှ မယုံကြဘူး။ မင်း ထုတ်လုပ်မှုကို လိမ်တင်ထားတယ် လို့တောင် ထင်နေကြတာ။ ငါကပဲ မင်းတို့ကို အပိုပြောခိုင်းပြီး သူတို့ကို ဖိအားပေးတယ် လို့တောင် ပြောနေကြပြီ။ ငါကိုယ်တိုင်လည်း မင်း တကယ်ပဲ ငါ့ကို လိမ်တင်ထားသလား ဆိုတာ သိချင်နေပြီကွာ”
စက်ရုံမှူးယန်က မချိသွားဖြဲ ပြုံးလိုက်ရင်း ဆိုလေသည်။
“ကောင်းပါပြီ။ အားလုံးက မယုံကြည်ကြမှတော့ အလုပ်ရုံထဲ သွားကြည့်ကြတာပေါ့”
အလုပ်ရုံသို့သွားလျှင် ပထမဦးဆုံးအနေဖြင့် ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရမည်မှာ မလွဲဧကန်ပင်။ သို့ရာတွင် အလုပ်ရုံအတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ရောက်ရှိလာကြသည့် တာဝန်ရှိသူများ အားလုံးမှာ မျက်လုံးပြူးကာ အံ့အားသင့်သွားကြတော့သည်။ အထူးသဖြင့် ညီနောင် စက်ရုံများမှ စက်ရုံမှူးများဆိုလျှင် မြင်ရသည့် မြင်ကွင်းကြောင့် မိမိတို့၏ မျက်စိကိုပင် မယုံနိုင်အောင် ဖြစ်သွားကြလေသည်။
ယခု ရက်ပိုင်းအတွင်း ဝမ်းဝအောင် မစားရသဖြင့် သူတို့၏ အလုပ်သမားများမှာ နေ့စဉ် အလုပ်ဆင်းရာတွင် စိတ်အားထက်သန်မှု လုံးဝ ကင်းမဲ့နေကြသည်။ အလုပ်လုပ်ရန် မဆိုထားနှင့် လမ်းလျှောက်လျှင်ပင် ခြေထောက်နှစ်ချောင်းကို တရွတ်တိုက်ဆွဲကာ ခွန်အားကုန်ခမ်း နေကြသည် မဟုတ်ပါလော။
သို့သော်လည်း ဤသံမဏိစက်ရုံ၏ ထုတ်လုပ်ရေး အလုပ်ရုံထဲသို့ ရောက်သောအခါတွင်မူ မြင်ရသူတိုင်းမှာ လန်းဆန်းတက်ကြွနေပြီး အလုပ်များကို အပူတပြင်း လုံးပန်းနေကြသည်ကို အံ့ဩဖွယ်ရာ တွေ့လိုက်ရသည်။ တစ်ယောက်ထက်တစ်ယောက် ပို၍ တက်ကြွစွာ၊ ပို၍မြန်ဆန် သွက်လက်စွာ လုပ်ဆောင်နေကြပြီး လမ်းလျှောက်လျှင်ပင် ပြေးလွှားနေသည့်အလား ထင်မှတ်ရသည်။ စက္ကန့်တိုင်း မိနစ်တိုင်းကို အလဟဿ ဖြစ်သွားမည်ကို စိုးရိမ်ပူပန်နေသည့် အလားပင် ရှိတော့သည်။
စက်ရုံမှူးများ အားလုံး အံ့သြမှင်တက် သွားကြပြီး လူကြီးမင်းနှင့် ဝန်ကြီးဌာနမှ အရာရှိများပင်လျှင် များစွာတုန်လှုပ် သွားကြသည်။ လူကြီးမင်းသည် အလုပ်များကို အပူတပြင်း လုပ်ဆောင်နေကြသော အလုပ်သမားများကို လက်ညှိုးထိုးပြကာ လျိုဖုန်းအား မအောင့်နိုင်တော့ဘဲ လှမ်းပြောလိုက်သည်။
“လျိုဖုန်း... မင်း သူများစက်ရုံက အလုပ်သမားတွေရဲ့ အလုပ်လုပ်ချင်တဲ့ စိတ်ဓာတ်ကို ကြည့်စမ်းပါဦး။ ပြီးတော့ မင်းစက်ရုံက လူတွေကို ပြန်ကြည့်။ အခု သူတို့ ထုတ်လုပ်မှုကို လိမ်တင်ထားတယ်လို့ မင်း ထင်သေးလား”
လျိုဖုန်းမှာ ကြည့်ရင်းနှင့်ပင် ကြောင်အမ်းအမ်း ဖြစ်သွားကာ ခေါင်းကို ပွတ်ရင်း အံ့သြတကြီး ရေရွတ်လိုက်မိသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အားလုံးက ဝမ်းဝအောင် မစားရတာကို ဘယ်လိုလုပ် ဒီလောက်တောင် အလုပ်လုပ်ချင်စိတ်တွေ ဖြစ်နေရတာလဲ။ တကယ်ပဲ လောင်ယန်က ငါတို့ထက် စိတ်ဓာတ်ရေးရာ လှုံ့ဆော်မှုတွေကို ပိုလုပ်နိုင်နေတာလား”
လူကြီးမင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
“ထုတ်လုပ်မှု မတက်တာ မင်းတို့အလုပ် သေချာမလုပ်လို့ ဆိုတာ ငါ အစကတည်းက ပြောသားပဲ။ လောင်ယန်က သံမဏိစက်ရုံကို သေချာ အုပ်ချုပ်နိုင်တယ်လို့ ပြောတာကို မင်းတို့ကမှ မယုံကြတာကိုး။ အခုတော့ အမှန်တရားက မျက်စိရှေ့မှာတင် ပြနေပြီလေ။ မင်းတို့ ဘာပြောစရာရှိသေးလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်”
စက်ရုံမှူးများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အချင်းချင်း အကဲခတ်နေကြပြီး ထိုအထဲမှ တစ်ယောက်က ရှက်ရွံ့စွာ ဝင်ပြောလိုက်သည်။
“ငါတို့ အမြင်ကျဉ်းသွားတာ ဖြစ်မယ်။ လောင်ယန်က ငါတို့ထက် ပိုတော်တာပဲ”
ထိုအခါမှသာ စက်ရုံမှူးယန်မှာ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနိုင်တော့သည်။ သို့သော် လျိုဖုန်းကမူ ခေါင်းတခါခါဖြင့် ဆက်လက် ငြင်းဆန်နေဆဲ ဖြစ်သည်။
“မဟုတ်သေးဘူး။ ကိစ္စက တစ်ခုခုတော့ မှားနေတယ်။ ငါကတော့ မသင်္ကာသေးဘူးကွာ”
လူကြီးမင်းက သူ့ကို လှောင်ပြောင်သရော်သည့် အကြည့်ဖြင့် ကြည့်ကာ ဆိုသည်။
“လျိုဖုန်း... မင်းကတော့ အထောက်အထားကို မျက်မြင်ကိုယ်တွေ့ မြင်တာတောင် ဇွတ်ငြင်းချင်နေတုန်းပဲကိုး။ အမှန်တရားက မျက်စိရှေ့မှာ ရောက်နေပြီကို မင်းက ဘာတွေများ မသင်္ကာဖြစ်စရာ ရှိနေသေးလို့လဲ”
လျိုဖုန်းက မလျှော့တမ်း ပြန်လည် ချေပလေသည်။
“လူကြီးမင်း... ကျွန်တော်တို့စက်ရုံက အလုပ်သမားတွေက နေ့တိုင်း ဝမ်းဝအောင် မစားရလို့ တစ်ယောက်ချင်းစီက ဆာလောင်မွတ်သိပ်ပြီး မျက်နှာတွေဝါ… လူတွေ ပိန်ချုံးနေကြတာ။ လမ်းလျှောက်တာတောင် အားမရှိကြဘူး။ အခု ခင်ဗျား သူတို့အလုပ်သမားတွေကို ပြန်ကြည့်ကြည့်ပါဦး။ တစ်ယောက်ချင်းစီတိုင်းက မျက်နှာတွေ ဝင်းပနေတာပဲ။ ဘယ်သူက ဝမ်းဝအောင် မစားရတဲ့သူနဲ့ တူနေလို့လဲ”
ထိုစကားကြောင့် လူကြီးမင်းမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ မူလက စကားနှစ်ခွန်းခန့် ပြန်ပက်ချင်သေးသော်လည်း သေချာ ဂရုတစိုက် ကြည့်လိုက်သောအခါ တကယ်ပင် လျိုဖုန်း ပြောသည့်အတိုင်း ဖြစ်နေသည်။ ဤနေရာရှိ အလုပ်သမားများ၏ စိတ်ဓာတ်နှင့် မျက်နှာသွေးကြောမှာ တစ်ယောက်ချင်းစီတိုင်း အလွန် ကောင်းမွန်နေကြရာ တစ်နေ့လုံး ဝမ်းဝအောင် မစားရသည့် သူများနှင့် မည်သို့မျှ မတူဘဲ ဖီလာဆန့်ကျင်ဘက် ဖြစ်နေလေသည်။ အခြားစက်ရုံမှူးများမှာလည်း ရုတ်တရက် အသက်ဝင်တက်ကြွ သွားကြပြီး ဝိုင်းဝန်း အပြစ်တင်ကြတော့သည်။
“ဟုတ်တယ်… ဒီအထဲမှာ လျှို့ဝှက်ချက် တစ်ခုခုရှိရမယ်။ သူတို့အလုပ်သမားတွေ သီးသန့် အခွင့်အရေးရထားတာ သေချာတယ်။ လူကြီးမင်း… ဒါတော့ မတရားဘူး။ ခင်ဗျားက စံပြဖြစ်အောင် ဆိုပြီး သူတို့အလုပ်သမားတွေကိုကျ သီးသန့် အခွင့်အရေးတွေ ပေးထားပြီး ကျွန်တော်တို့ အလုပ်သမားတွေကိုတော့ အငတ်ထားတာပဲ”
“ဟုတ်ပါတယ်။ အားလုံးက ဝန်ကြီးဌာန လက်အောက်ခံ နိုင်ငံပိုင် စက်ရုံတွေချည်းပဲကို ဘာလို့ သူတို့ကျတော့ ထမင်းစားရပြီး ကျွန်တော်တို့ အလုပ်သမားတွေကျတော့ ငတ်နေရတာလဲ”
လူကြီးမင်းက မျက်လုံးပြူးသွားကာ ဒေါသတကြီး ငေါက်လွှတ်လိုက်သည်။
“ပေါက်ကရတွေ မပြောစမ်းနဲ့။ ဝန်ကြီးဌာနက စက်ရုံတွေ အားလုံးအပေါ် မျက်နှာမလိုက်ဘဲ တန်းတူညီမျှပဲ ဆက်ဆံတာ။ စက်ရုံတိုင်းကို ခွဲဝေပေးတဲ့ ရိက္ခာနဲ့ ပစ္စည်းတွေက စံနှုန်းတစ်ခုတည်းပဲကွ။ ဘယ်မှာ သီးသန့် အခွင့်အရေး ပေးထားလို့လဲ”
ထိုသို့ပြောရင်း စက်ရုံမှူးယန်အား အလျင်အမြန် လက်ယပ်ခေါ်လိုက်သည်။
“မင်း လာခဲ့စမ်း ရှောင်ယန်။ ဘာတွေဖြစ်နေတာလဲ ရှင်းပြစမ်း”
လျိုဖုန်း ပြဿနာ ရှာနေသည်ကို မြင်လိုက်ရသောအခါ စက်ရုံမှူးယန်၏ စိတ်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားသည်။ သို့သော် သူက ကြိုတင်ပြင်ဆင် ထားပြီးပြီ ဖြစ်သဖြင့် အနားသို့ ခပ်တည်တည် လျှောက်လာကာ ညှိုးငယ်သော မျက်နှာထားဖြင့် ဆိုလေသည်။
“လူကြီးမင်းရာ... သူတို့က အကြောင်းမဲ့သက်သက် ပြဿနာ ရှာနေတာပဲ မဟုတ်ဘူးလား။ ဝန်ကြီးဌာနက စက်ရုံတိုင်းကို ခွဲဝေပေးတဲ့ ပစ္စည်းတွေက စံနှုန်းတစ်ခုတည်းပါပဲ။ ကျွန်တော်တို့ သံမဏိစက်ရုံက အိမ်ရှေ့မင်းသားမှ မဟုတ်တာ ဘယ်လိုလုပ်ပြီး သီးသန့် အခွင့်အရေးတွေ ရှိနေမှာလဲ။ မယုံဘူးဆိုရင် ကျွန်တော်တို့ ထောက်ပံ့ရေး ဌာနက ပစ္စည်းခွဲဝေမှု စာရွက်စာတမ်းတွေကို ယူလာခိုင်းပြီး သူတို့နဲ့ ဘာကွာခြားလဲ ဆိုတာ နှိုင်းယှဉ်ပြလို့ ရပါတယ်”
လူကြီးမင်းက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
“သွား… စာရွက်စာတမ်းတွေ အကုန်ယူလာခဲ့။ အားလုံးကို ပြလိုက်စမ်း”
ဟိုလီခွေမှာ အစကတည်းက ကြိုတင်ပြင်ဆင် ထားပြီးပြီ ဖြစ်ရာ ထောက်ပံ့ရေး ဌာနသို့ ချက်ချင်း ခပ်သုတ်သုတ် ပြေးသွားပြီး အသင့်ပြင်ထားသော ပစ္စည်းခွဲဝေမှု စာရင်းကို ယူဆောင်လာခဲ့သည်။ လူကြီးမင်းက စာရင်းကို တစ်ခုချင်းစီ သေချာစစ်ဆေး ကြည့်ရှုပြီးနောက် လျိုဖုန်းအား မျက်စောင်း တစ်ချက်ခဲကာ စာရင်းဇယားကို သူ၏ ရှေ့သို့ ပစ်ချပေးလိုက်လေသည်။
“ရော့... မင်းဘာသာမင်းပဲ ကြည့်လိုက်တော့”