← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

၉၀ ခုနှစ် လမ်းကြားထဲက အလှပဂေးလေး

အပိုင်း ၅၁

လမ်းပေါ်တွင် လူအများအပြား စတင်သွားလာနေကြပြီ ဖြစ်သည်။ ရွှီမုန့်တစ်ယောက် အင်အားချည့်နဲ့ကာ မူးဝေဝေဖြစ်နေသဖြင့် မိမိကိုယ်မိမိ မသိလိုက်ဘဲ ဟန်ကျိမင်၏ ကျောပြင်ကို မှီလိုက်မိတော့သည်။

ထိုလူသား၏ ကျောပြင်ထံမှ နွေးထွေးမှု အရိပ်အယောင်လေးတစ်ခုကို ခံစားလိုက်ရသည်။ သူမ ထိတွေ့လိုက်သည့် မိနစ်ပိုင်းတွင်ပဲ သူ့ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားပြီးနောက် စက်ဘီးခုံပေါ်တွင် အနေအထား ပြန်ပြင်လိုက်သည်။ အတန်ကြာသော် စက်ဘီးလေး ရပ်တန့်သွားပြီး တစ်စုံတစ်ယောက်က ရွှီမုန့်၏ အမည်ကို လှမ်းခေါ်လိုက်မှသာ သူမလည်း သတိပြန်ဝင်လာခဲ့တော့သည်။

သူမ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ပျာပျာသလဲဖြင့် စက်ဘီးပေါ်မှ ကမန်းကတန်း ခုန်ဆင်းလိုက်မိသည်။

သူမ၏ လက်ထဲတွင် ကိုင်ထားသည့် ပစ္စည်းများကို သူ့ထံသို့ ပြန်ကမ်းပေးလိုက်သည်။

ဟန်ကျိမင် ပြောလိုက်သည်။ "ဒါတွေအကုန်လုံး မင်းအတွက် ဝယ်ပေးတာ။ ပြန်ပေးစရာမလိုဘူး။ ငါတို့ကျောင်း ကန်တင်းက အစားအသောက်တွေက အဆင်ပြေပါတယ်၊ ငါ ဒီအရာတွေ စားဖို့ မလိုဘူး။"

ရွှီမုန့်၏ မျက်နှာကတော့ အရှိန်မသေသေးဘဲ ပူထူနေတုန်းဖြစ်ကာ လက်ထဲက အိတ်ကိုသာ ငုံ့ကြည့်နေမိသည်။

ဟန်ကျိမင်လည်း အလျင်လိုနေပုံရသည်။ သူက သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "မင်းက နေ့တိုင်း ဒီလောက်ဝေးတဲ့နေရာကနေ ခေါက်တုံ့ခေါက်ပြန် ပြေးနေတာလား။"

ရွှီမုန့် ခေါင်းညိတ်ပြလိုက်သည်။ လက်ရှိတွင် သူမ၏ မိသားစု အခြေအနေက မပြေလည်သေးသဖြင့် သူမအမေကို စက်ဘီးတစ်စီး ဝယ်ပေးရန် သူမ မတောင်းဆိုရဲပါ။

ဟန်ကျိမင်က ဘာမှထပ်မပြောတော့ပေ။ ကျောင်းဂိတ်တံခါးထဲသို့ ဝင်သွားသည့် ကျောင်းသား အရေအတွက် ပိုများလာသည်ကို မြင်သောအခါ သူ ပြောလိုက်သည်။ "အထဲဝင်တော့လေ။ နောက်မကျစေနဲ့ဦး။"

ရွှီမုန့်လည်း ပြန်ပြောလိုက်သည်။ "စက်ဘီးကို ဖြည်းဖြည်းစီးနော်။"

ဟန်ကျိမင် ရုတ်တရက် ရယ်မောလိုက်ရာ သူ၏အပြုံးက ဆောင်းရာသီ မနက်ခင်း၏ နွေးထွေးသော နေရောင်လေးကဲ့သို့ ဖြစ်နေသည်။ "အနည်းဆုံးတော့ မင်းမှာ အသိစိတ်လေး ရှိသေးတာပဲ။"

ရွှီမုန့်တစ်ယောက် ရင်ထဲတွင် တဒိန်းဒိန်း ခုန်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမ မော့ကြည့်လိုက်သည့်အချိန်တွင် သူက လှည့်ထွက်သွားခဲ့လေပြီ။ မနက်ခင်း နေရောင်ခြည်က သူ့ကျောပြင်ပေါ်တွင် နူးညံ့စွာ ဖြာကျနေပြီး မကြာမီအချိန်အတွင်းမှာပင် သူက အဝေးတစ်နေရာ၌ အမည်းစက်လေးတစ်ခုအဖြစ် ပြောင်းလဲကာ လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။

အခြားအရာများကို စဉ်းစားနေဖို့ အချိန်မရှိတော့သဖြင့် ရွှီမုန့်တစ်ယောက် ကျောင်းဘက်သို့ ပြန်ပြေးလာခဲ့ရာ လမ်းတစ်ဝက်တွင် ရွှီကျားနှင့် မတော်တဆ ဆုံခဲ့သည်။

ရွှီကျားက သူမကို ခြေဆုံးခေါင်းဆုံး မထီမဲ့မြင် ကြည့်လိုက်ပြီးနောက် လှောင်ပြုံးပြုံးကာ မေးလိုက်သည်။ "အဲ့ဒါ နင့်ရဲ့ ရည်းစားလား။"

ရွှီမုန့် မျက်မှောင်ကြုတ်လိုက်သည်။ "ဘာရည်းစားလဲ။ နင် ဘာတွေ လျှောက်ပြောနေတာလဲ။"

"နင်က တကယ်ကို လှည့်စားတတ်တာပဲ၊ သူ့ကျောပြင်ကို အဲ့လောက်အထိ ကပ်မှီထားပြီးတော့မှ နင်က ရည်းစားမဟုတ်ဘူးလို့ ပြောသေးတယ်ပေါ့"

ရွှီကျားက အေးစက်စက် လှောင်ရယ်ရင်း ဆက်ပြောခဲ့သည်။ "ငါ့ကိုပါ လျှို့ဝှက်ထားသေးတယ်။ သူက နင့်ကို ကျောင်းဂိတ်ဝအထိ လိုက်ပို့ပေးတဲ့အပြင် ပစ္စည်းအထုပ်ကြီးပါ ဝယ်ပေးလိုက်သေးတယ်။ နင်ကတော့ တကယ်ကို မလွယ်ဘူးပဲ။ အချိန်အကြာကြီးတောင် မရှိသေးဘူး၊ ရည်းစားရနေပြီပေါ့။ ငါ သတိမပေးဘူးလို့ မပြောနဲ့ဦး… ငါတို့က ကျောင်းသားတွေပဲ ရှိသေးတာ၊ အချိန်မတန်ဘဲ ရည်းစားထားတာကို ခွင့်မပြုဘူး။"

သူ့ကျောကို ကပ်မှီပြီး… အိန္ဒြေမရ ဖြစ်နေတယ် ဟုတ်လား။

ရွှီကျားက ဆက်တိုက်ဆိုသလို ရွဲ့စောင်းပြောနေသည်။ ခုနက လူက တကယ်ကို ရုပ်ချောပြီး သဘောလည်း အရမ်းကောင်းပုံရသည်။ ရွှီမုန့်က ဘာလို့ ဒီလောက် အဆင်ပြေပြေ နေထိုင်နိုင်ပြီး ရုပ်လည်းချော၊ သဘောလည်းကောင်းသည့် လူမျိုးနှင့် တွဲနေရသနည်း။ သူမကိုယ်တိုင်ကမူ ဘာကြောင့် ဤကဲ့သို့ ဘဝဆိုးနှင့် ရင်ဆိုင်နေရသနည်း။

ဖုန့်ယန်ဝမ် ကွာရှင်းပြတ်စဲသွားကတည်းက သူမ၏အိမ်ထောင်စုတစ်ခုလုံး ဗရုတ်သုတ်ခ ဖြစ်နေခဲ့သည်။ သူမ၏ တတိယဦးလေးနှင့် အကြီးဆုံးအဒေါ်တို့သည်လည်း အကြီးအကျယ် ရန်ဖြစ်ထားကြသည်။

ရွှီမုန့်က သူမကို တစ်ချက်ကြည့်လိုက်သည်။ "နင် ကြိုက်သလို ပြောနိုင်တယ်၊ ပါးစပ်က နင့်မျက်နှာပေါ်မှာ ရှိတာဆိုတော့ ဘယ်သူမှ တားလို့မရဘူးလေ။ ဒါပေမယ့် အခြေအမြစ်မရှိတာတွေကိုတော့ လျှောက်မပြောနဲ့" ထိုသို့ပြောလိုက်သော်လည်း သူမ၏ နှလုံးခုန်သံများက မြန်နေဆဲပင်။

ဟန်ကျိမင်က လူတိုင်းအပေါ် ဒီလိုပဲ ကောင်းတတ်တာလား။

ဒီလိုပဲ ဖြစ်မှာပါ။

စာသင်ခန်းထဲသို့ ရောက်ရှိပြီးနောက် ရွှီမုန့် ပလတ်စတစ်အိတ်ကို ဖွင့်ကြည့်လိုက်သည်။ လစဉ်သုံးပစ္စည်း တစ်ထုပ်မှအပ ကျန်သည့်အရာများက အစားအသောက်များသာ ဖြစ်သည်။

အထားခံသည့် ကိတ်မုန့်များ၊ ပေါင်မုန့်များနှင့် ဘီစကစ်မုန့်များဖြစ်ပြီး အားလုံးက ဆာလောင်နေသည့် ဗိုက်ကို ပြည့်စေမည့် အရာများချည်း ဖြစ်သည်။ ထို့ပြင် မည်သည့်အရာမှလည်း ဈေးမပေါပေ။

ဟန်ကျိမင်က ဒီလိုအရာမျိုး ဝယ်ရမယ်မှန်း ဘယ်လိုသိတာပါလိမ့်။ သူ့လိုလူစားမျိုးက ဆာလောင်မွတ်သိပ်ခြင်းရဲ့ အရသာကို ခံစားဖူးလို့လား။

စာသင်ခန်းနောက်ဘက်တွင် ထိုင်နေသည့် ရွှီကျားသည်လည်း ထိုပစ္စည်းများကို မြင်လိုက်ရသည်။ သူမ၏ မျက်လုံးများထဲတွင် မနာလိုဝန်တိုစိတ်များ တောက်လောင်နေပြီး ရွှီမုန့်ကို ထိုနေရာတင် အရည်ပျော်ကျသွားစေမည့်အလား စိုက်ကြည့်နေတော့သည်။ အစားအသောက် အထုပ်ကြီးတစ်ထုပ်လုံးကို ကြည့်ပြီး ထိုလူက ဝက်ကို ကျွေးဖို့ ကြံစည်နေတာလားဟု သူမ စိတ်ထဲက တွေးနေမိသည်။

….

ဖုန့်ယန်ဝမ်၏ ကျူရှင်အတန်းလေး စတင်လည်ပတ်ခဲ့ပြီး ကျောင်းသားအနည်းငယ်စီ တိုးပွားလာပြီးနောက်တွင်မူ စီးပွားရေးက တဖြည်းဖြည်းနှင့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ရလျှင် သူမ၏ လစဉ်ဝင်ငွေသည် ယခုအခါ ယွမ်သုံးရာကျော်အထိ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ကျောင်းသားအသစ်တစ်ယောက် တိုးလာသည့် အခါတိုင်းတွင် ဖုန့်ယန်ဝမ်က မှတ်စုစာအုပ်အသစ်လေးထဲ၌ အသေအချာ မှတ်သားထားလေ့ရှိသဖြင့် အရာအားလုံးက ရှင်းလင်းနေသည်။ ယနေ့တွင် ကျန်းမင်ချင်းသည် ကလေးကို လာကြိုရင်း နောက်လအတွက် ကျူရှင်ခကိုပါ ကြိုတင်ပေးချေခဲ့သည်။ သူမ မပြန်မီ ဖုန့်ယန်ဝမ်ကို လှမ်းမေးခဲ့သည်။ "ဆရာမဖုန့်၊ ဆရာမက အထက်တန်းကျောင်းသားတွေကိုပါ စာပြပေးနိုင်လား။"

ဖုန့်ယန်ဝမ်သည် အလယ်တန်းပြဆရာမတစ်ဦး ဖြစ်သော်လည်း သူမ၏ အထက်တန်းကျောင်းသူ သမီးဖြစ်သူက မိခင်ဖြစ်သူထံတွင် အင်္ဂလိပ်စာ သင်ယူနေရကြောင်း ကျန်းမင်ချင်းက ကြားသိထားခဲ့၍ ဖြစ်သည်။

ဖုန့်ယန်ဝမ် သဘောပေါက်လိုက်သည်မှာ ကျန်းမင်ချင်းသည် သူမ၏အလုပ်အပေါ် အသိအမှတ်ပြုပြီး ဖောက်သည်အသစ်များ မိတ်ဆက်ပေးရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်းပင် ဖြစ်သည်။

လက်ရှိတွင် သူမ၌ ပုံမှန်တက်ရောက်သည့် ကျောင်းသားဆို၍ ထွမ်ထွမ် တစ်ယောက်တည်းသာ ရှိသေးသဖြင့် အားလပ်ချိန်များစွာ ရှိနေသေးသည်။ ကျောင်းသားအနည်းငယ် ထပ်လက်ခံရန်မှာ သူမအတွက် လုံးဝ ပြဿနာမရှိပေ။

"ရတာပေါ့၊ အဆင်ပြေပါတယ်၊ ကျွန်မ သင်ပေးနိုင်တယ်။"

"ကောင်းလိုက်တာ။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်မှာလည်း အထက်တန်းကျောင်းသား သားတစ်ယောက် ရှိတယ်လေ။ သူ့ရဲ့ အင်္ဂလိပ်စာက သိပ်မကောင်းဘူး။ ကျွန်မပြောတာကို ကြားတော့ သူတို့လည်း စမ်းကြည့်ချင်နေကြတာ။"

"ဒါဆိုရင် အစမ်းသင်ကြားတဲ့ အတန်းကို လာတက်ခိုင်းကြည့်လိုက်လေ။ ပထမဆုံး အတန်းက အခမဲ့ပါ။ တကယ်လို့ သူတို့ သဘောမကျဘူးဆိုရင်လည်း အားနာစရာမလိုပါဘူး။" ဖုန့်ယန်ဝမ်က ပြန်ဖြေလိုက်သည်။

စီးပွားရေးလုပ်ငန်း သဘာဝအရ အရှုံးခံရမည့်အခြေအနေကို အရင်ဆုံး သင်ယူထားရမည် မဟုတ်ပါလား။

သဘာ၀အတိုင်းပင် အစမ်းသင်ကြားပြီးနောက် အဆက်အသွယ် ပြတ်သွားသည့် အတန်းများလည်း ရှိတတ်သည်။ အချို့လူများက အခမဲ့အတန်းကိုသာ တက်ရောက်ချင်ကြပြီး နောက်ထပ် ပြန်မလာတော့ပေ။ သို့သော်လည်း အလားအလာရှိသော ဖောက်သည်များနှင့် ဆက်သွယ်နိုင်သရွေ့တော့ လုပ်ငန်းတိုးချဲ့ရန် အခွင့်အလမ်း အမြဲရှိနေမည်ဖြစ်ကြောင်း ရွှီမုန့်က သူမကို ပြောပြဖူးသည်။

ထို့ပြင် ဖုန့်ယန်ဝမ်တွင် လက်ရှိ၌ အများဆုံး ရှိနေသည်က ဘာလဲဆိုလျှင် အချိန်ပင် ဖြစ်သည်။ သူမအနေဖြင့် စာသင်ကြားမှုကို အဆုံးသတ်နိုင်ပြီး အကယ်၍ သူတို့ဘက်က သဘောကျလျှင် ဆက်သင်မည်၊ သဘောမကျပါကလည်း ထိုမျှနှင့်တင် ရပ်တန့်လိုက်ရုံသာဖြစ်၍ ဘယ်ဘက်ကမှ အချိန်ကုန်မည် မဟုတ်ပေ။

မျှော်လင့်ထားသည့်အတိုင်းပင် ဖုန့်ယန်ဝမ်သည် နောက်ထပ် ဖောက်သည်အသစ်တစ်ဦးကို ထပ်မံရရှိခဲ့သည်။

စနေ၊ တနင်္ဂနွေ ကျူရှင်အတန်းဖြစ်ပြီး တစ်ပတ်လျှင် သုံးနာရီ၊ တစ်နာရီလျှင် ငါးယွမ်နှုန်းဖြင့် တစ်ခါသင်လျှင် ဆယ့်ငါးယွမ် ကျသင့်မည် ဖြစ်သည်။

ထိုအချက်က တစ်လလျှင် နောက်ထပ် အပိုဝင်ငွေ ယွမ်လေးဆယ်ကျော် ရရှိမည်ဟူသော သဘောပင် ဖြစ်သည်။

ဖုန့်ယန်ဝမ်၏ မှတ်စုစာအုပ်လေးထဲတွင် နောက်ထပ် စာတစ်ကြောင်း တိုးလာခဲ့ပြန်သည်။ ကျောင်းသားတစ်ယောက်ပြီး တစ်ယောက် တိုးပွားလာသည်နှင့်အမျှ မကြာမီအချိန်အတွင်း သူမ၏ ဝင်ငွေသည် အချိန်ပြည့်ဆရာမတစ်ဦး၏ ဝင်ငွေထက်ပင် လျော့နည်းတော့မည်မဟုတ်ပေ။

….

စက်တင်ဘာလအစပိုင်းတွင် မြောက်ပိုင်းဒေသ၏ အပူချိန်က တဖြည်းဖြည်းနှင့် စတင်ကျဆင်းလာခဲ့သည်။

ဒီကာလအတွင်း တဟွိုင်ရှုလမ်းကြားရှိ ရွှီမိသားစု၏ အိမ်ထောင်စုမှာတော့ လုံးဝ ရှုပ်ယှက်ခတ်နေခဲ့သည်။ အဘွားအိုရွှယ်သည် ရွှီကျဲဖန့်က သူမထံတွင် ယုံကြည်စိတ်ချစွာ အပ်နှံထားသော ငွေများကို လီရှို့ကျစ်ထံသို့ ချေးငှားလိုက်သောကြောင့် ဖြစ်သည်။

ရွှီကျဲဖန့်၏ ပိုက်ဆံများက အဘွားအိုရွှယ်ထံသို့ ဘာကြောင့် ဦးစွာရောက်ရှိသွားရသနည်းဆိုလျှင် ထိုအကြောင်းက သူ ကွာရှင်းပြတ်စဲခြင်းမပြုမီ အချိန်အထိ နောက်ကြောင်းပြန်လှည့်သွားရမည် ဖြစ်သည်။

အတိတ်ကာလတုန်းကတော့ လူတိုင်း၏ ဝင်ငွေက နည်းပါးလှသည်။ လစဉ်ရရှိသည့် ဝင်ငွေကို ကုန်စင်အောင် သုံးစွဲခဲ့ကြသဖြင့် မည်သည့်မိသားစုတွင်မျှ စုဆောင်းငွေဟူ၍ အဖတ်မတင်ခဲ့ကြရာ ပြောစရာစကား မရှိခဲ့ပေ။

သို့သော်လည်း မကြာသေးမီနှစ်များအတွင်း စီးပွားရေး အခြေအနေ ကောင်းမွန်လာသည်နှင့်အမျှ ရွှီကျဲဖန့်သည် အခြားဒေသများတွင် ကုန်တင်ကားကြီးများကို စတင်မောင်းနှင်ခဲ့ရာ သူ၏ဝင်ငွေက လူအများစုထက် သိသိသာသာ ပိုမိုမြင့်မားလာခဲ့သည်။

သူမ၏သားဖြစ်သူအား ပိုက်ဆံများကို သူမထံတွင် အပ်နှံထားရန် သိမ်းသွင်းသည့်အနေဖြင့် အဘွားအိုရွှယ်သည် လှည့်ကွက်အချို့ကို သုံးခဲ့ရသည်။ နောက်ဆုံးတွင်တော့ သူမ နိုင်သွားခဲ့သည်။ ရွှီကျဲဖန့်သည် လစဉ် အိမ်တွင်းအသုံးစရိတ်များကို ပေးအပ်ရုံသာမက ကျန်ရှိသည့် ဝင်ငွေများကိုပါ သူမထံတွင် စိတ်ချလက်ချ အပ်နှံသိမ်းဆည်းထားခဲ့သည်။

အဘွားအိုရွှယ်ထံတွင် ပိုက်ဆံများကို "ယုံကြည်စိတ်ချစွာ အပ်နှံထားသည်" ဟု ပြောရသည်မှာ နားထောင်လို့ ကောင်းလှသည်။

သို့သော်လည်း သားအကြီးဆုံးဖြစ်သူက အချိုသတ်စကားများဖြင့် ချော့မော့ကာ ထိုပိုက်ဆံများကို အဘွားအိုရွှယ်ထံမှ အရယူသွားခဲ့လေပြီ။

ရွှီကျဲဖန့်တစ်ယောက် ခြေတစ်လှမ်း နောက်ကျသွားခဲ့ရပြီး ပိုက်ဆံများက သူ့အစ်ကိုကြီး၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အမှန်တော့ ဤအရာအားလုံးက သားအကြီးဆုံးဖြစ်သူ၏ ကြိုတင်တွက်ချက်မှုသာ ဖြစ်သည်။

ရွှီကျဲဖန့်သည် မကြာသေးမီကမှ ဇနီးအသစ်တစ်ဦးကို ရှာဖွေနေပြီး မကြာမီ ပိုက်ဆံလိုအပ်တော့မည်ဖြစ်ကြောင်း သူ သိရှိထားသည်။ ထို့ကြောင့် တွန့်ဆုတ်မနေဘဲ အဘွားအိုရွှယ်ထံမှ ထိုပိုက်ဆံများကို အမြန်ဆုံး ချေးယူလိုက်ခြင်း ဖြစ်သည်။

လီရှို့ကျစ်ကလည်း အလျှော့ပေးမည့်သူ မဟုတ်ပါ။ ထိုပိုက်ဆံများကို အိမ်ဝယ်ရာတွင် အသုံးပြုပြီးသွားပြီဖြစ်၍ ပြန်မပေးနိုင်တော့ကြောင်း သူမ ပြတ်ပြတ်သားသား ပြောလိုက်သည်။ ထို့ကြောင့် ရွှီကျဲဖန့်တစ်ယောက် အဘွားအိုရွှယ်ထံသို့သွားကာ ပိုက်ဆံပြန်တောင်းသည့်အခါ လက်ဗလာဖြင့်သာ ပြန်လာခဲ့ရသည်။

ထို့နောက် အစ်ကိုကြီးဖြစ်သူထံ သွားရောက်ရင်ဆိုင်ခဲ့သော်လည်း အစ်ကိုဖြစ်သူက ထိုပိုက်ဆံများသည် အဘွားအိုပေးသည့် လက်ဆောင်ဖြစ်ကြောင်း ငြင်းဆိုကာ မိခင်ဖြစ်သူနှင့်သာ သွားရောက်ဆွေးနွေးရန် လွှဲချလိုက်တော့သည်။

ရွှီကျဲဖန့်သည် ရက်ပေါင်းများစွာ တောင်ပြေးမြောက်ပြေး လုပ်ခဲ့ရပြီး မိခင်နှင့် အစ်ကိုကြီးဖြစ်သူတို့အကြား ဘောလုံးတစ်လုံးကဲ့သို့ အပြန်အလှန် အကန်ခံနေရရှာသည်။ မည်သို့ပင် ကြိုးစားစေကာမူ ပိုက်ဆံတစ်ပြားတစ်ချပ်မျှ ပြန်မရခဲ့ပေ။

စက်တင်ဘာလသို့ ရောက်ရှိလာပြီးနောက် မြို့တော်၏ ရာသီဥတုက တဖြည်းဖြည်း အေးစိမ့်လာခဲ့သည်။

လီရှို့ကျစ်သည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း လက်ထဲက ငွေစုစာအုပ်များကို ရေတွက်နေမိသည်။ သူမသည် အဘွားအိုထံမှ ယွမ်ငါးသောင်းခုနစ်ထောင်ကို ရယူခဲ့ပြီး ဖြစ်ကာ ယခု အပိုငွေများနှင့်ဆိုလျှင် စုစုပေါင်း ယွမ်ရှစ်သောင်း ရှိနေပြီ ဖြစ်သည်။ ဤပမာဏသည် သိပ်ပြီး မျက်နှာပန်းမလှသည့် နေရာမျိုးတွင် အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခန်း ဝယ်ယူရန် လုံလောက်လှသည်။

"ရှန့်တုန်း၊ ရှင်က တကယ်ကို လည်တာပဲ။ ကျွန်မတို့သာ ခြေတစ်လှမ်း နောက်ကျသွားရင် ဒါတွေက ကျွန်မတို့ဟာ ဖြစ်လာမှာ မဟုတ်ဘူး" လီရှို့ကျစ်က ပြုံးရွှင်စွာ ပြောလိုက်သည်။ "တတိယညီလေးက ရှင့်ကို လာရှာသေးလား။"

ရွှီရှန့်တုန်းသည် နံရံဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ထဲတွင် ဘီယာတစ်ဘူး ကိုင်ထားခဲ့သည်။ ခုနတင်ပဲ သူ့ညီဖြစ်သူသည် ဒေါသအမျက်ချောင်းချောင်းထွက်နေသည့် စစ်နတ်ဘုရားတစ်ပါးအလား အခန်းထဲသို့ အတင်းဝင်ရောက်ကာ ပိုက်ဆံ တောင်းခဲ့ခြင်း ဖြစ်သည်။

"ငါကတော့ အဲ့ဒီပိုက်ဆံအကြောင်း ဘာမှမသိဘူးလို့ပဲ ပြောလိုက်တယ်။ သူက အမေ့ဆီမှာ အပ်ထားတာဆိုတော့ အမေ့ကိုပဲ သွားတောင်းခိုင်းလိုက်တယ်လေ။"

သူ့ညီဖြစ်သူမှာ အလွန်အမင်း ဒေါသထွက်နေခဲ့ပြီး မျက်လုံးများပင် သွေးဆုတ်မတတ် နီမြန်းနေခဲ့ရသည်။

လီရှို့ကျစ်တစ်ယောက် အတိုင်းထက်အလွန် ကျေနပ်ပီတိ ဖြစ်နေသည်။ သူမသည် ထိုတိုက်ခန်းကို မျက်စိကျထားပြီးသား ဖြစ်သည်။ အရင်တုန်းကတော့ ပိုက်ဆံမရှိသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွန့်ဆုတ်နေခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ထိုပိုက်ဆံများက သူမ၏လက်ထဲတွင် ရှိနေဆဲဖြစ်ကြောင်းကိုမူ သူမ မည်သည့်အခါမျှ ဝန်ခံမည်မဟုတ်ပေ။

မနည်းကြိုးစားပြီးမှ လက်ထဲရောက်လာသည့် ပိုက်ဆံကို တတိယမတ်လေးထံ ပြန်ပေးဖို့ဆိုသည်မှာ အိပ်မက်ထဲတွင်ပင် မဖြစ်နိုင်ပါ။ သူမ၏ အသက်နှင့်လဲရပါစေဦး ထိုပိုက်ဆံများကိုတော့ ဘယ်တော့မှ ပြန်ပေးမည်မဟုတ်ပေ။

ထို့ကြောင့် ရွှီကျဲဖန့်က မည်မျှပင် တောင်းပန်စေကာမူ သို့မဟုတ် ခြိမ်းခြောက်ပါစေဦး လီရှို့ကျစ်တွင် ပြောစရာ စကားနှစ်လုံးသာ ရှိသည်၊ ၎င်းမှာ "ပိုက်ဆံမရှိဘူး" ဟူ၍ ဖြစ်သည်။

သူ့အစ်ကိုကြီးကလည်း တုံးအချင်ယောင် ဆောင်နေခဲ့သည်။

ရွှီကျဲဖန့်ခမျာ သွေးအန်မတတ် ဒေါသထွက်ရသည်။

ရိုးရိုးရှင်းရှင်း "တောင်းပန်ပါတယ်" ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ပိုက်ဆံတွေ အကုန်ဆုံးရှုံးသွားရတာလား။

ဖုန့်ယန်ဝမ် ထွက်ခွာသွားကတည်းက အရင်တုန်းက သူ့အပေါ် အင်မတန် အရေးတယူ ရှိလှသည့် မရီးဖြစ်သူများမှာ ယခုအခါ နှုတ်ချိုရုံမျှသာ ရှိတော့ပြီး ဘာမှကူညီခြင်းမရှိကြပေ။ သူသည် မိမိအဝတ်အစားကို မိမိကိုယ်တိုင် လျှော်ဖွပ်ရပြီး သူ့အခန်းကိုလည်း မည်သူကမျှ လာရောက်ရှင်းလင်းမပေးကြတော့ပေ။

အချိန်ကြာလာသည်နှင့်အမျှ ရွှီကျဲဖန့်လည်း ထိုအခြေအနေနှင့် အသားကျလာခဲ့သည်။ သူက ငယ်သေးသည်ဖြစ်ရာ တစ်နေ့နေ့တွင်တော့ အမျိုးသမီးတစ်ဦးကို ရှာဖွေရဦးမည် ဖြစ်သည်။ အမျိုးသမီးတစ်ဦးကို ရှာဖွေရန်အတွက်လည်း ပိုက်ဆံလိုအပ်သည် မဟုတ်ပါလား။ ပိုက်ဆံမရှိဘဲနှင့် မည်သူက သူ့ကို လက်ထပ်လိုပါမည်နည်း။

သို့သော်လည်း ယခုအခါ ပိုက်ဆံများက သူ့အစ်ကိုကြီးနှင့် မရီးဖြစ်သူတို့၏ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ရာ သူ မည်သို့ပင်ပြောစေကာမူ သူတို့က ပြန်မပေးဘဲ ငြင်းဆိုနေကြသည်။ သူလည်း ဘာမှတတ်နိုင်ခြင်း မရှိတော့ပေ။

ထိုအကြောင်းကို စဉ်းစားနေစဉ် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ ရွှီကျဲဖန့်အနေဖြင့် ထိုခြေသံက လီရှို့ကျစ်ဖြစ်ကြောင်း သိလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် သူမက ကိုယ်လုံးကိုယ်ထည် ထွားကြိုင်းသဖြင့် လမ်းလျှောက်လျှင် အခြားသူများထက် ခြေသံပိုပြင်းသောကြောင့် ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လီရှို့ကျစ်သည် သူ့ကို ရှောင်ရှားရန်အတွက် အိမ်သာသွားလျှင်ပင် ခြေဖွဖွနင်းကာ သွားလေ့ရှိသည်။ သို့သော်လည်း ယနေ့တွင်မူ သူမက စိတ်ကျေနပ်မှု အပြည့်ရှိနေသဖြင့် သတိလက်လွတ် ဖြစ်သွားပုံရသည်။

ရွှီကျဲဖန့်က ချက်ချင်းထကာ တံခါးကို ဆွဲဖွင့်ပြီး အပြင်သို့ ပြေးထွက်ခဲ့သည်။

"အကြီးဆုံး မရီး၊ အပြင်သွားမလို့လား။"

"အင်း။" လီရှို့ကျစ်၏ အပြုံးက အနည်းငယ် ပျောက်ကွယ်သွားသည်။ သူမက ခေါင်းညိတ်ပြရင်း မောက်မာပြီး တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။ "မင်း ဘာလုပ်နေတာလဲ။ ငါ့ကို လန့်အောင်လုပ်နေတာပဲ။"

ရွှီကျဲဖန့်က ချက်ချင်း အလိုက်အထိုက် ပြုံးလိုက်သည်။ "မရီးလည်း ကျွန်တော့်ရဲ့ အခြေအနေကို သိတာပဲလေ။ ကျွန်တော်လည်း တစ်နေ့နေ့ကြရင် အိမ်ထောင်ပြုရဦးမှာ မဟုတ်ဘူးလား။ ပိုက်ဆံမရှိဘဲနဲ့ ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ။ စိတ်ကောင်းနှလုံးကောင်းထားပြီး ကျွန်တော့်ပိုက်ဆံတွေကို ပြန်ပေးပါဦး။"

ကောင်းလိုက်တာ… ယခုအခါ ကြွေးရှင်က တောင်းရမ်းစားသောက်သူတစ်ဦးကဲ့သို့ ပြုမူနေရရှာသည်။

"ငါ မင်းကို ပြောပြီးပြီပဲ၊ မင်းရဲ့ ပိုက်ဆံအကြောင်း ငါ ဘာမှမသိဘူး။"

"ကျွန်တော့်ကို ဘာမှမသိသလို လာဟန်ဆောင်မနေပါနဲ့။ အမေကိုယ်တိုင် ဝန်ခံပြီးပြီပဲ၊ ပိုက်ဆံတွေကို မရီးတို့ ဇနီးမောင်နှံဆီ ပေးလိုက်တယ်ဆိုတာ။ မရီးတို့ အိမ်ဝယ်လိုက်ပြီဆိုရင်လည်း ကျွန်တော် ဂရုမစိုက်ဘူး၊ အိမ်ကို ရောင်းပြီး ကျွန်တော့်ပိုက်ဆံကို ပြန်ပေး။"

"တတိယမတ်လေး၊ မင်းက ငါ့ကို အသေတွန်းပို့နေတာလား" လီရှို့ကျစ်က သူမ၏ ထွားကြိုင်းလှသော ခါးကို လက်နှစ်ဖက်ဖြင့် ထောက်လိုက်ရင်း ပြောလိုက်ရာ ကြည့်ရသည်မှာ သေခါနီးလူတစ်ယောက်နှင့် လုံးဝမတူပေ။

"ငါတို့က မိသားစုတွေလေ၊ မောင်နှမအရင်းတွေပဲ။ မင်းက မင်းရဲ့ အစ်ကိုအရင်းကို ဒီလိုမျိုး အကျပ်မကိုင်သင့်ဘူး။ ဒီဘက်ခေတ်မှာ အိမ်ဝယ်ဖို့ဆိုတာ မလွယ်ဘူးလေ။ တကယ်လို့ ငါတို့က အရှုံးခံပြီး ပြန်ရောင်းလိုက်ရရင် မင်းရဲ့ အသိစိတ်ကရော လိပ်ပြာလုံပါ့မလား။ ဒါ့အပြင် ငါပြောပြီးပြီပဲ၊ ငါတို့ဆီမှာ ပိုက်ဆံရှိလာရင် မင်းကို သေချာပေါက် ပြန်ဆပ်မှာပါ။"

သူမ စကားကို လှည့်ပတ်ပြောဆိုပုံကို ကြည့်ပါဦး၊ ပိုက်ဆံရှိမှ ပြန်ဆပ်မည်ဖြစ်ပြီး မရှိလျှင်တော့ ကံဆိုးရုံသာ ရှိတော့သည်။

All Chapters