← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

၉၀ ခုနှစ် လမ်းကြားထဲက အလှပဂေးလေး

အပိုင်း ၅၂

ရွှီကျဲဖန့်မှာ သွေးအန်မတတ် ဒေါသထွက်သွားခဲ့သည်။ "မရဘူး။ ကျွန်တော် ဒီနေ့ အဖြေတစ်ခု လိုချင်တယ်။ အိမ်ထောင်ပြုဖို့ အဲဒီပိုက်ဆံကို လိုအပ်တယ်။"

လီရှို့ကျစ် မျက်စောင်းထိုးကြည့်လိုက်သည်။ "တတိယမတ်လေး၊ မင်းအသက်အရွယ်နဲ့ ဘာလို့ အိမ်ထောင်ပြုဖို့ စဉ်းစားနေသေးတာလဲ။ အခုအချိန်မှာ တဝေ့ကို ဦးစားပေးရမှာ မဟုတ်ဘူးလား။ မင်းကိစ္စကို မစဉ်းစားခင် သူ့ကိစ္စကို အရင်ဆုံး ဖြေရှင်းပေးရမှာလေ။ အမှန်အတိုင်း ပြောရရင် မင်းက ဒုတိယအိမ်ထောင်ပြုမှာလေ၊ တဝေ့မှာတော့ ရည်းစားတောင် မရှိသေးဘူး။"

ရွှီတဝေ့ အိမ်ထောင်ပြုခြင်းက သူနှင့် ဘာဆိုင်လို့လဲ။

ရွှီကျဲဖန့်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် စိုးရိမ်စိတ်များ တိုးလာခဲ့သည်။ "မရီး၊ အဲဒီလို ပြောလို့ ဘယ်ရမလဲ။ တဝေ့ အိမ်ထောင်ပြုတာက မရီးတို့ မိသားစုကိစ္စလေ။ ကျွန်တော့်ပိုက်ဆံကို ဘာလို့ သုံးရမှာလဲ။ တဝေ့ အိမ်ထောင်ပြုမယ်ဆိုရင် မရီးတို့ ဇနီးမောင်နှံကပဲ ကျခံရမှာပေါ့။"

လီရှို့ကျစ် ပြန်ဖြေလိုက်သည်။ "ကဲပါ… တတိယမတ်လေးရယ်၊ အဲဒီလို မပြောပါနဲ့။ ငါက လူရိုးတစ်ယောက်ပါ၊ မင်းကို ပြန်ဆပ်မယ်လို့ ပြောထားတယ်လေ။ မင်းကိုယ်မင်း တကယ်ပဲ အရေးကြီးတဲ့ လူတစ်ယောက်လို့ ထင်နေတာလား။ အဲ့ပိုက်ဆံတွေကို အဘွားအိုက ငါ့ကို ပေးခဲ့တာ၊ အဲဒါ သူမရဲ့ ပိုက်ဆံပဲ။ ငါက မင်းပိုက်ဆံလို့ ဝန်ခံမှသာ မင်းဟာ ဖြစ်လာမှာလေ။ တကယ်လို့ ငါ ဝန်မခံဘူးဆိုရင်တော့ ငါတို့ယူထားတာက သူမရဲ့ ကိုယ်ပိုင်စုဆောင်းငွေပဲ ဖြစ်လိမ့်မယ်။ မင်း ပိုက်ဆံတွေကို သူမဆီ အပ်ထားတုန်းက စာချုပ်စာတမ်း အထောက်အထား တစ်ခုခု ရေးမှတ်ထားခဲ့လို့လား။ အိမ်တွင်းအသုံးစရိတ်အတွက်လား ဒါမှမဟုတ် သိမ်းဆည်းဖို့အတွက်လားဆိုတာ သေသေချာချာ ရှင်းရှင်းလင်းလင်း ပြောခဲ့ရဲ့လား။"

ရွှီကျဲဖန့်၏ မျက်နှာတစ်ခုလုံး တောင့်တင်းသွားသည်။ သူသည် နှလုံးရပ်မတတ် ခံစားလိုက်ရရှာသည်။

လီရှို့ကျစ်က ဆက်၍ ပြောခဲ့သည်။ "အဲဒါပဲလေ… မင်းမှာ ဘာသက်သေမှ မရှိဘူး မဟုတ်လား။ ဒါဆိုရင်လည်း မင်းရဲ့ ချစ်လှစွာသော မိခင်ကြီးကို သွားမေးကြည့်လိုက်လေ၊ သူမ ငါ့ကို ပေးခဲ့တဲ့ ပိုက်ဆံက အိမ်တွင်းအသုံးစရိတ်လား ဒါမှမဟုတ် မင်းအတွက် သိမ်းဆည်းပေးထားတဲ့ ပိုက်ဆံလားဆိုတာကိုပေါ့။"

အဘွားအိုရွှယ်ကတော့ ဘာမှမသိသလို ဟန်ဆောင်နေခဲ့သည်။ သူတို့အားလုံးက သူမ၏ သားတွေချည်းဖြစ်ရာ မည်သူ့ဘက်က ရပ်တည်ပေးရပါမည်နည်း။ သို့သော်လည်း သူမ၏ စိတ်ထဲတွင်တော့ သားအကြီးဆုံးကို သိသိသာသာ ပို၍မျက်နှာသာပေးသည်။ ဘာပဲဖြစ်ဖြစ် သားကြီးက သူမကို မြေးယောက်ျားလေးတစ်ဦး မွေးဖွားပေးထားပြီး မြေးယောက်ျားလေးရှိမှသာ မိသားစုမျိုးရိုးကို ဆက်ခံနိုင်မည် မဟုတ်ပါလား။

ဒါကတော့ တကယ်ကို အရှက်မရှိသော လုပ်ရပ်ပင် ဖြစ်သည်။

ရွှီကျဲဖန့်သည် ချက်ချင်း ဒေါသပေါက်ကွဲသွားတော့သည်။ သူ ပိုက်ဆံအပ်နှံစဉ်က မှတ်တမ်းတင်ထားခဲ့ပြီး ထိုပိုက်ဆံပမာဏက ယွမ်ငါးသောင်းကျော် ရှိနေသည်။

သူ့အစ်ကိုကြီးနှင့် မရီးဖြစ်သူတို့ကတော့ တကယ်ကို အသည်းနှလုံးမရှိကြပေ။ ထိုအကြွေးကို ဆပ်ရန် လုံးဝ ဆန္ဒမရှိကြကြောင်း ထင်ရှားလှသည်။

"မရဘူး၊ မရီးတို့ ပြန်ပေးရမယ်" ရွှီကျဲဖန့်သည် လီရှို့ကျစ်၏ ပခုံးနှစ်ဖက်ကို လှမ်းကိုင်လိုက်ပြီး သူမကို အားကုန်လွှဲရမ်းလိုက်ရင်း အော်ဟစ်လိုက်သည်။ "ဒါ ကျွန်တော့်ပိုက်ဆံတွေ၊ အမြန်ဆုံး ပြန်ပေး။"

သို့သော်လည်း ပါးစပ်ထဲသို့ ရောက်ရှိသွားသည့် အသားကို မည်သူက အလိုအလျောက် ပြန်ထွေးထုတ်ပါမည်နည်း။

"ဘာမှမကျန်တော့ဘူး၊ ငါတို့ အိမ်ဝယ်လိုက်ပြီလေ။ အိမ်ဆောက်လုပ်ရေး ကုမ္ပဏီကလည်း ပိုက်ဆံတွေကို ပြန်အမ်းမှာ မဟုတ်ဘူး။ မင်းကို ပြန်ဆပ်ပါ့မယ်လို့ ပြောထားရဲ့သားနဲ့၊ မင်းက ဘာလို့ ဒီလောက် စိတ်အနှောင့်အယှက် ပေးနေရတာလဲ။"

"ဒါ ကျွန်တော့်ပိုက်ဆံတွေလေ၊ မရီးတို့က ဘာအခွင့်အရေးနဲ့ အိမ်ဝယ်ဖို့ သုံးလိုက်ရတာလဲ။"

"ဘာအခွင့်အရေးလဲ ဟုတ်လား။ မင်းမှာ ကလေးမမွေးနိုင်တဲ့ အချက်က အခွင့်အရေးပဲလေ။ ပြီးတော့ မင်းက အိမ်ထောင်ပြုချင်သေးတယ် ဟုတ်လား။ မင်းလိုလူစားမျိုးအတွက် အိမ်ထောင်ပြုတာက ဘာထူးခြားသွားမှာမို့လို့လဲ။"

လီရှို့ကျစ်က ရွှီကျဲဖန့်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီးနောက် မျက်လုံးများထဲတွင် မထီမဲ့မြင်ပြုခြင်း အပြည့်ဖြင့် ကြည့်နေတော့သည်။ သူမသည် ဟန်ဆောင်မနေတော့ဘဲ မျက်နှာဖုံးကို လုံးဝ ခွာချလိုက်သည်။

"ငါ မင်းကို ပြောပြမယ်၊ မင်း ဇနီးအသစ်ရှာလည်း ဘာထူးမှာလဲ။ ရှာတွေ့ရင်တောင် ပိုက်ဆံကုန်ရုံပဲ ရှိမှာ။ အမှန်အတိုင်းပြောရရင် အစကတည်းက မင်းအတွက် မိန်းမရှာမပေးခဲ့သင့်ဘူး။ ကန်တော့ပွဲတင်၊ တင်တောင်းရတဲ့ စရိတ်မှာတင် ယွမ်ရှစ်ဆယ့်ရှစ်ပြား ကုန်သွားတယ်၊ နောက်ဆုံးတော့ မင်း ဘာမှမရလိုက်ဘူး မဟုတ်လား။ တတိယမတ်လေး၊ ငါပြောတာကို လက်တွေ့ကျကျ စဉ်းစားစမ်းပါ။ မင်းလို လူမျိုးကို ဘယ်မိန်းမကမှ ကြာကြာမပေါင်းဘူး၊ ပြန်ပြေးကြမှာချည်းပဲ။ ငါ့အကြံဉာဏ်ကို နားထောင်မလား၊ ဖုန့်ယန်ဝမ်ကိုပဲ ပြန်ချော့ဖို့ ကြိုးစားကြည့်လိုက်။ သူမ အခု ကျူရှင်ပြပြီး ပိုက်ဆံတွေ အများကြီး ရှာနေတယ်လို့ ကြားတယ်။ အမှန်အတိုင်းပြောရရင် သူမက မဆိုးပါဘူး။ သူမ ဒီလောက်အထိ တော်မှန်းသာ ကြိုသိခဲ့ရင် အဲဒီတုန်းက သူမကို အိမ်ကနေ နှင်မထုတ်ခဲ့ဘူး။"

စကားလည်းပြောရင်း သူမက ရွှီကျဲဖန့်ကို ခြေဆုံးခေါင်းဆုံး ထပ်ပြီး ဝှေ့ယမ်းကြည့်လိုက်သေးသည်။ သူမမျက်နှာပေးက မိန်းမဆိုးတစ်ယောက်ကို အကဲခတ်နေသလိုမျိုးပင်။

ဒါနဲ့တင်ပဲ ရွှီကျဲဖန့်တစ်ယောက် လုံးဝ ဒေါသပေါက်ကွဲသွားခဲ့ပြီ။ သူ့ရဲ့ သားလောင်းလေးတွေ အလုပ်မလုပ်တာက သူ တကယ်ပဲ သင်းကွပ်ခံထားရတယ်လို့ မဆိုလိုပေ။ အကယ်၍ လီရှို့ကျစ်ရဲ့ ဒီလိုပြောဆိုချက်တွေသာ အပြင်ကို ပေါက်ကြားသွားရင် နောင်တစ်ချိန် သူ အိမ်ထောင်ဖက်ရှာဖို့ ပိုတောင် ခက်ခဲသွားလိမ့်မည်။

လီရှို့ကျစ်က ဘာလုပ်ချင်နေတာလဲ။ သူက သူ့ပိုက်ဆံသူ လာတောင်းတာကို သူမက လှည့်ပတ်ပြီး ကလိမ်ကကျစ်လုပ်ရုံတင်မကဘူး၊ အခုဆို သူ မိန်းမရနိုင်မယ့် လမ်းစကိုပါ ဖျက်ဆီးပစ်ချင်နေတာလား။

"တော်ပြီ၊ မင်းနဲ့ စကားမပြောချင်တော့ဘူး။ တစ်နေ့နေ့တော့ ပြန်ပေးမှာပေါ့၊ ဒါပေမယ့် မင်း ဒီလိုပဲ လာပြီး ဇွတ်နှောင့်ယှက်နေဦးမယ်ဆိုရင်တော့ တစ်ပြားမှ ရဖို့ မကျန်စေရဘူး။" လီရှို့ကျစ်က တွန့်တိုတဲ့အပြုံးမျိုး ပြုံးလိုက်သည်။ ရွှီကျဲဖန့် ဘာမှမတတ်နိုင်မှန်း သူမ ကောင်းကောင်းကြီး သိနေသည်။ သူမ တံခါးကို တွန်းဖွင့်ပြီး အောင်နိုင်သူတစ်ယောက်လို ဝင့်ဝင့်ကြွားကြွား အထဲကို ပြန်ဝင်သွားခဲ့သည်။

လွန်ခဲ့သည့် မိနစ်ပိုင်းလောက်ကတင် ရွှီရှန့်တုန်းတစ်ယောက် ချွေးစေးတွေ ပြန်နေခဲ့သည်။ သူ့မိန်းမ အထဲကို ပြန်ဝင်လာတာ မြင်မှပဲ သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။

ဒီလိုအခြေအနေမျိုးမှာ မိန်းမသားတွေကိုပဲ ဦးဆောင်ခိုင်းတာ ပိုကောင်းသည်။ ဘာပဲဖြစ်ဖြစ် သူနဲ့ ရွှီကျဲဖန့်က ညီအစ်ကိုအရင်းအချာတွေ မဟုတ်ပါလား။ မျက်နှာချင်းဆိုင်ကြီး တစ်ယောက်နှင့်တစ်ယောက် စုတ်စုတ်ပြတ်ပြတ် ရန်ဖြစ်ကြလျှင် ကြည့်လို့မကောင်းပေ။

သူက စောစောက နံရံကိုမှီပြီး ခိုးနားထောင်နေခဲ့ခြင်း ဖြစ်သည်။ သူ့တတိယညီလေး ဒေါသတကြီး ခြေဆောင့်နေတာနှင့် သူ့မိန်းမ အောင်ပွဲခံပြီး ပြန်ဝင်လာတာကို ကြားလိုက်ရတော့မှ ကုတင်ပေါ်မှာ အေးအေးဆေးဆေး ပြန်ထိုင်နေလိုက်သည်။

ခြေသံတွေ ပိုပိုပြီး နီးကပ်လာတာနဲ့အမျှ ရွှီရှန့်တုန်းက ကုတင်ပေါ်ကနေ အမြန်ထပြီး မေးလိုက်သည်။ "မိန်းမ၊ မင်း တကယ်ပဲ အိမ်ဝယ်လိုက်ပြီလား။"

သူ လက်ရှိနေနေတဲ့ အိမ်ကို လုံးဝ စိတ်ကုန်နေပြီ ဖြစ်သည်။ ကောင်းကောင်းမွန်မွန် ထိုင်စရာ နေရာတောင် မရှိဘဲ အခန်းထဲ ပြန်ဝင်လာတိုင်း ကုတင်ပေါ်မှာပဲ ထိုင်နေရသည်။ ဒီအရပ်က အိမ်ထောင်စုတိုင်းလည်း ဒီလိုသာ ဖြစ်သော်လည်း မီးဖိုချောင်နှင့် ရေချိုးခန်းက တစ်အိမ်တည်းမှာ တွဲလျက်ပါပြီး ဗဟိုအပူပေးစနစ်ပါရှိသည့် တိုက်ခန်းတွေမှာ နေရသူတွေကို သူ မနာလိုမဖြစ်ဘဲ မနေနိုင်ပေ။ အဆင်ပြေချောမွေ့မှုက နှိုင်းယှဉ်လို့ပင်မရ။

လီရှို့ကျစ်က အဝတ်အစားပေါ်က ဖုန်တွေကို ခါထုတ်ရင်း စင်ဘေးမှာ ထိုင်လိုက်သည်။ ထို့နောက် အခန်းထဲကို ဝှေ့ယမ်းကြည့်ကာ ပျော်ပျော်ရွှင်ရွှင်ပဲ ပြောလိုက်သည်။ "မနက်ဖြန်ကြရင် စာချုပ်ချုပ်ပြီး စပေါ်ငွေ သွားတင်တော့မှာ။"

ရွှီရှန့်တုန်း မေးလိုက်သည်။ "ဒါနဲ့ မင်း တတိယညီလေးကို အဲ့ဒီအတိုင်းပဲ ပြောလိုက်တာလား။"

လီရှို့ကျစ်က နှာခေါင်းရှုံ့ကာ ရယ်လိုက်သည်။ "ပိုက်ဆံတွေ ကျွန်မလက်ထဲမှာ ရှိတယ်လို့ ပြောလိုက်ရင် သူ စိတ်ရူးပေါက်ပြီး ကျွန်မကို လာလည်ပင်းညှစ်သတ်နေရင် ဘယ်လိုလုပ်မလဲ။"

ရွှီရှန့်တုန်း ပြောလိုက်သည်။ "သူ မင်းကို လာပြီး ပြဿနာရှာ၊ သောင်းကျန်းမှာကို တကယ်ပဲ မကြောက်ဘူးလား။"

လီရှို့ကျစ် ပြန်ဖြေလိုက်သည်။ "စိတ်ပူမနေပါနဲ့။ တတိယမတ်လေးမှာ အဲ့လိုလုပ်ရဲတဲ့ သတ္တိမရှိပါဘူး။"

အိမ်ထဲမှာပဲ မိန်းမကို ဘယ်လိုမျိုး အနိုင်ကျင့်၊ ရိုက်နှက်ရမလဲသိတဲ့ ယောက်ျားမျိုးကတော့… ဟမ့်။

ထိုညက သူတို့ဇနီးမောင်နှံနှစ်ဦးစလုံး စိတ်လှုပ်ရှားစွာဖြင့် သူတို့၏အစီအစဉ်များကို တစ်ညလုံးမအိပ်ဘဲ တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

........

နောက်တစ်နေ့ လူတိုင်း အလုပ်သွားကြပြီးတဲ့နောက်တွင် လီရှို့ကျစ်သည် မိသားစု၏ ငွေစုစာအုပ်တွေအပြင် ရွှီကျဲဖန့်ဆီက ရထားသည့် ယွမ်ငါးသောင်းကျော်ကိုပါ ယူပြီး ငွေစုငွေချေးအသင်းဆီသို့ တိတ်တဆိတ် သွားခဲ့သည်။

အမှန်တော့ သူတို့ကိုယ်ပိုင်စုဆောင်းငွေက စုစုပေါင်း ယွမ်နှစ်သောင်းကျော်သာ ရှိသည်။ သူမက ရင်းနှီးတဲ့ မိတ်ဆွေအချို့နှင့်လည်း ကြိုတင်စကားပြောထားပြီးသားဖြစ်ကာ အကယ်၍ လိုအပ်သေးလျှင် သူတို့ဆီက အနည်းငယ်ချေးဖို့ အစီအစဉ်ရှိသည်။

ရွှီကျဲဖန့်၏ ပိုက်ဆံကတော့ အများစုပင်။ ထိုပိုက်ဆံကို သူမ ဘယ်လိုနည်းနဲ့မှ ပြန်ပေးမည်မဟုတ်ပေ။ အကယ်၍သာ ပြန်ပေးလိုက်ရင် ဒီဘဝမှာ အိမ်ဝယ်နိုင်ဖို့ စိတ်ကူးကိုပါ ဖျက်ပစ်လိုက်ရတော့မည်။

သူ သတ္တိရှိရင် တရားစွဲပေါ့။ ဒါပေမယ့် တရားစွဲရင်တောင်မှ အကြွေးပြန်ဆပ်ဖို့က ပိုက်ဆံရှိမှ ရမှာမဟုတ်လား။

သူမက ဒီအကြောင်းတွေကို ကြိုတင်စုံစမ်းထားပြီးသား ဖြစ်သည်။ ဒီလိုမိသားစုအငြင်းပွားမှုတွေက နှစ်နဲ့ချီပြီး ကြာတတ်သည်။ တရားရုံးက အမိန့်မချခင်မှာတင် အဲ့ဒီပိုက်ဆံတွေက သုံးလို့ကုန်သွားလောက်ပြီ။ ပြီးတော့ ဒါက မိသားစုတွင်းကိစ္စဖြစ်လို့ တရားရုံးက အလွန်ဆုံးရှိ အကြွေးပြန်ဆပ်ဖို့ပဲ အမိန့်ချမှာဖြစ်ပြီး သူမကို ထောင်ထဲတော့ ပို့မှာမဟုတ်ပေ။

အကြွေးပြန်ဆပ်ရမယ် ဟုတ်လား။ ရတာပေါ့။ သူမက အကြွေးတင်နေတာကို ဝန်ခံမှာပါ။ ဒါပေမယ့် ပိုက်ဆံကို ဆယ်စုနှစ်တွေနဲ့ချီပြီး ကမ္ဘာကုန်ကျေတဲ့အထိ တရွေ့ရွေ့ပဲ ဆပ်သွားမှာ ဖြစ်သည်။

လီရှို့ကျစ်က ငွေစုငွေချေးအသင်းသို့ ရောက်သွားပြီး ပိုက်ဆံထုတ်ဖို့ တန်းစီလိုက်သည်။

သူမ ထုတ်မည့် ပိုက်ဆံပမာဏက အတော်လေး များပြားလှသည်။

စုစုပေါင်း ပိုက်ဆံအထုပ်ကြီး ရှစ်ထုပ် ဖြစ်ရာ လက်ထဲတွင် ကိုင်ထားရသည်မှာ တကယ့်ကို လေးလံလှသည်။

လီရှို့ကျစ် ပိုက်ဆံများကို လွယ်အိတ်ထဲ ထည့်လိုက်သည်။ ငွေစုငွေချေးအသင်းထဲကနေ ထွက်လာတဲ့အခါမှာတော့ စိတ်ထဲမှာ အနည်းငယ် နောင်တရမိသွားသည်။ ဒီနေ့ တစ်ယောက်တည်း မလာခဲ့သင့်ဘူးဟု တွေးမိသည်။

အစကတော့ လင်မယားနှစ်ယောက် အတူလာဖို့ပဲ၊ ဒါပေမယ့် သူမယောက်ျားရဲ့ အလုပ်ခွင်မှာ ဝန်ထမ်းသက်သာချောင်ချိရေးပစ္စည်းတွေ ဝေနေတာကြောင့် မသွားရင် သူများတွေက ချန်ထားပေးမှာ မဟုတ်ပေ။ သူ့ယောက်ျားကလည်း အဲ့ဒီအခွင့်အရေးကို လက်လွတ်မခံချင်တာကြောင့် အလုပ်ကိုပဲ မနက်စောစော သွားလိုက်ခြင်း ဖြစ်သည်။

သို့သော်ငြားလည်း အိမ်ဆောက်လုပ်ရေးစီမံကိန်းက ငွေစုငွေချေးအသင်းနှင့် သိပ်မဝေးသလို မြို့တော်၏ လုံခြုံရေးကလည်း ကောင်းမွန်လှသည်။ သူ့ယောက်ျားက လမ်းကြားတွေထဲကနေ ဖြတ်မသွားဖို့တော့ ကြိုမှာထားသည်။ ဒီလို လူစည်ကားတဲ့ မြို့ကြီးပြကြီးမှာ နေ့ခင်းကြောင်တောင်ကြီး ဘယ်သူက လုယက်ရဲမှာလဲ။ လမ်းပေါ်မှာလည်း လုံခြုံရေးတာဝန်ကျတဲ့ ရဲလက်ပတ်နီပတ်ထားသူတွေ အပြည့်ရှိနေတာပဲလို့ သူမကိုယ်သူမ စိတ်အေးအောင် တွေးလိုက်မိသည်။ ဘာပြဿနာမှ ရှိနိုင်စရာ အကြောင်းမရှိပါဘူးလေ။

လက်တစ်ကမ်းအကွာကို ရောက်တော့မည့် တိုက်ခန်းအသစ်အကြောင်း စဉ်းစားမိရုံနဲ့တင် လီရှို့ကျစ်၏ ခြေလှမ်းတွေက ပေါ့ပါးသွက်လက်လို့ နေတော့သည်။

သူတို့မိသားစုဟာ ဒီအရပ်ထဲမှာ တကယ့်အထပ်မြင့်တိုက်ခန်းနဲ့ ပထမဆုံး နေထိုင်ရမယ့် မိသားစု ဖြစ်လာတော့မည်။ ဒီအတွေးက သူမကို ဂုဏ်ယူဝင့်ကြွားစိတ်တွေ ပြည့်လျှံသွားစေသည်။ ငယ်ငယ်ကတည်းက သူမဟာ အမြဲတမ်း ထူးချွန်ထင်ရှားသူ ဖြစ်ခဲ့ပြီး အခု အိမ်ဝယ်တဲ့နေရာမှာတောင် သူများထက် ခြေလှမ်းသာနေခဲ့ပြီ။

လွန်ခဲ့တဲ့ ၇၀ ခုနှစ်တွေတုန်းက "အဓိက အလုပ်သမားကြီး ရှစ်ဦး" ထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ခဲ့တာက တကယ့်ကို သိက္ခာရှိတဲ့ အရာတစ်ခု မဟုတ်ပါလား။ အခုလို အသက်အရွယ် ရောက်လာချိန်မှာလည်း သူတစ်ပါးနောက်မှာ ကျန်ရစ်မခံနိုင်ပေ။

လီရှို့ကျစ်က နောင်တစ်ချိန် နေရမည့် တိုက်ခန်းထဲ ပြောင်းရွှေ့နေထိုင်ရမည့် ပုံရိပ်ကို စိတ်ကူးယဉ်ရင်း လမ်းပေါ်မှာ လွင့်မျောမတတ် ပျော်ရွှင်စွာ သီချင်းတအေးအေးနဲ့ လျှောက်လာခဲ့သည်။

အဲ့ဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က သူမ၏ ပခုံးကို ပုတ်လိုက်သည်။

သူမ လှည့်ကြည့်လိုက်သောအခါ အသက် ၃၀ ဝန်းကျင်ခန့်ရှိ ရွှေရောင်မျက်မှန် တပ်ထားတဲ့ ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက အင်္ကျီအဖြူနှင့် စမတ်ကျသည့် ဘောင်းဘီအရှည်ကို ဝတ်ဆင်ထားပြီး အထက်တန်းကျသည့်ပုံစံ ပေါက်နေကာ သာမန်လမ်းသွားလမ်းလာတွေနဲ့ လုံးဝ ကွဲပြားနေသည်။

လီရှို့ကျစ်က လူအဆင့်အတန်း ခွဲခြားတတ်သူပီပီ ဒီလို ပညာတတ် ပုံစံမျိုးတွေနဲ့ ဆက်ဆံရတာကို သဘောကျသည်။ သူမမျက်နှာထက်တွင် အပြုံးတစ်ခု အလိုအလျောက် ပေါ်လာပြီး စောစောက ရှိနေခဲ့သည့် သံသယစိတ်လေးတွေပါ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

သို့သော်လည်း သူမ၏ လက်ထဲတွင် ယွမ်သောင်းနဲ့ချီ ပိုက်ဆံတွေ ပါလာတာကိုတော့ တစ်စက္ကန့်မျှ မမေ့လျော့ဘဲ လွယ်အိတ်ကို ပိုပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

ရွှေရောင်မျက်မှန်နဲ့ လူက သူမကို ကြည့်ပြီး ပြောလိုက်သည်။ "အစ်မကြီး၊ ကျွန်တော်က ဟောင်ကောင် ဝမ်ရှန့် ကုမ္ပဏီလီမိတက်ရဲ့ ဥပဒေကြောင်းအရ တရားဝင်ကိုယ်စားလှယ် တစ်ဦးပါ။ အခု မြို့တော်ကို ရောက်တုန်း အခက်အခဲလေးတစ်ခုနဲ့ ကြုံနေလို့ပါ။ တကယ်လို့ အစ်မကြီးက ကျွန်တော့်ကို ပိုက်ဆံခဏလောက် ချေးပေးနိုင်ရင် ကျွန်တော့်အတွင်းရေးမှူးကို ယွမ်တစ်သန်း တိတိ ပြန်ဆပ်ခိုင်းပါ့မယ်။"

သူ၏ အပြုံးက နွေဦးလေညင်းကဲ့သို့ နွေးထွေးလို့ နေတော့သည်…

လီရှို့ကျစ်တစ်ယောက် အိမ်သို့ ဘယ်လိုပြန်ရောက်လာမှန်းတောင် မမှတ်မိတော့ပေ။ သူမ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ လျှံထွက်နေပြီး အကြီးအကျယ် ချမ်းသာတော့မည်ဟု တကယ်ကြီး ယုံကြည်နေခဲ့သည်။ လမ်းမှာ အိမ်နီးနားချင်းအချို့က လှမ်းနှုတ်ဆက်ကြသော်လည်း သူမ တစ်ယောက်ကိုမျှ ပြန်မထူးခဲ့ပေ။

အိမ်တံခါးဝကို ရောက်ခါနီးမှ တစ်စုံတစ်ယောက်က ပခုံးကို လာပုတ်လိုက်သလို ခံစားရပြီးမှ သတိပြန်ဝင်လာကာ အိတ်ကပ်ထဲက စာရွက်တစ်ရွက်ကို ကမန်းကတန်း ထုတ်ကြည့်လိုက်သည်။

ဒါက စောစောက လူကြီး ပေးခဲ့သည့် ယွမ်တစ်သန်းတန် ချက်လက်မှတ် ဖြစ်သည်။

သူ ဘာပြောခဲ့တာပါလိမ့်။

အကယ်၍ သူမက ယွမ်ရှစ်သောင်း ချေးပေးရင် အလဲအလှယ်အနေနဲ့ ယွမ်တစ်သန်း ပြန်ပေးမယ်ဆိုတာလား။

လီရှို့ကျစ်တစ်ယောက် ရုတ်တရက်ကြီး ကံထူးတော့မည်ဟု ခံစားနေရသည်။ ခေါင်းတွေလည်း မူးနောက်နေပြီး သူ့ယောက်ျား အိမ်ပြန်ရောက်တဲ့အထိတောင် သတိက ကောင်းကောင်း ပြန်မကပ်သေးပေ။

ရွှီရှန့်တုန်းက အစတုန်းက အလုပ်ပိတ်ရက်ယူဖို့ စီမံထားသော်လည်း အလုပ်က ဝေမယ့် ပစ္စည်းတွေကိုပဲ စိတ်ရောက်နေတာကြောင့် ခွင့်မတိုင်ဖြစ်ခဲ့တာ ဖြစ်သည်။ နေ့လယ်မတိုင်ခင် အိမ်ကို အပြေးအလွှား ပြန်လာပြီး တံခါးဖွင့်လိုက်သည့်အခါ လီရှို့ကျစ်တစ်ယောက် တွေဝေငိုင်နေကာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူက စိတ်လှုပ်ရှားစွာနှင့် အပြေးအလွှား သွားမေးလိုက်သည်။

"ဘယ်လိုလဲ။ အရာအားလုံး အဆင်ပြေပြေ ပြီးသွားပြီလား။"

"အင်း၊ ပြီးပါပြီ" လီရှို့ကျစ်က အားအင်ချည့်နဲ့စွာ ပြန်ဖြေပြီး ကုတင်ပေါ် လှဲချလိုက်သည်။ "ကျွန်မကို ခေါက်ဆွဲတစ်ပန်းကန်လောက် သွားပြုတ်ပေးပါဦး။ ဘာလို့လဲမသိဘူး၊ ဒီနေ့ အရမ်းပင်ပန်းနေသလိုပဲ။"

အိမ်ကိစ္စကိုပဲ စိတ်စောနေတဲ့ ရွှီရှန့်တုန်းက သူမကို လှုပ်နှိုးပြီး ပြောလိုက်သည်။ "စားဖို့သောက်ဖို့ ခဏထားပါဦး၊ အိမ်အကြောင်း အရင်ပြောစမ်းပါဦး။ ငါ တစ်မနက်ခင်းလုံး ရင်တထိတ်ထိတ် ဖြစ်နေရတာ။ ဘယ်နှစ်ထပ်မြောက်ကို ရွေးခဲ့လဲ။ အိမ်က ဘယ်ဘက်ကို မျက်နှာမူထားလဲ။ အကုန်ပြောပြစမ်းပါ။ ဒီလောက်အရေးကြီးတဲ့ ကိစ္စကို မင်းနဲ့အတူ ငါပါ လိုက်သွားသင့်တာလို့ တွေးနေမိတာ။"

လီရှို့ကျစ်က ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်။

သူက ထပ်၍ အတင်းမေးလိုက်သည့်အခါကြမှ လီရှို့ကျစ်တစ်ယောက် ကုတင်ပေါ်ကနေ ဖျတ်ခနဲ ထထိုင်လိုက်သည်။ "တဝေ့အဖေ၊ တစ်ခုခုတော့ မဟုတ်တော့ဘူးထင်တယ်။"

"ဘာကို ဆိုလိုတာလဲ။"

"ဒီနေ့ အပြင်မှာ လူတစ်ယောက်နဲ့ ဆုံခဲ့တယ်..." လီရှို့ကျစ်က ထိုလူ သူမပခုံးကို ပုတ်ပြီး ပြောခဲ့သမျှ စကားတွေကို အစအဆုံး ပြန်ပြောပြလိုက်သည်။ ထို့နောက် လွယ်အိတ်ကို ကမန်းကတန်း ဖွင့်စစ်လိုက်သည်။ သို့သော်လည်း ပိုက်ဆံတွေက မရှိတော့ဘဲ ချက်လက်မှတ်တစ်ခုတည်းသာ ကျန်တော့သည်။ ထိုစာရွက်စလေးကို ကိုင်ထားရင်း သူမ၏ နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်သွားကာ စိတ်ပူပန်မှုတွေ တိုးလာခဲ့သည်။ "ရှင် ဘယ်လို ထင်လဲ၊ သူက လူလိမ်များ ဖြစ်နေမလား။"

ရွှီရှန့်တုန်းက မျက်လုံးအဝိုင်းသားဖြင့် အော်မေးလိုက်သည်။ "မင်း သူ့ကို ပိုက်ဆံတွေ ပေးလိုက်တာလား။"

လီရှို့ကျစ် ဘာစကားမျှ ပြန်မပြောနိုင်တော့ပေ။

All Chapters