အခန်း ၅၃
Vol. 6 Ch. 53
၉၀ ခုနှစ် လမ်းကြားထဲက အလှပဂေးလေး
အပိုင်း ၅၃
ရွှီရှန့်တုန်း၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး သူမကို ကိုင်ကာ အားကိုးတကြီး လှုပ်ရမ်းမေးတော့သည်။ "တစ်ခုခုပြောစမ်းပါဦး။ ပိုက်ဆံတွေ ဘယ်မှာလဲ။"
လီရှို့ကျစ်က နှုတ်ဆိတ်နေဆဲပင်။ ရွှီရှန့်တုန်းတစ်ယောက် ဘာဖြစ်သွားပြီလဲဆိုတာကို ရိပ်မိလာသော်လည်း စိတ်ထဲမှာတော့ အဖြစ်မှန်ကို အပြည့်အဝ လက်မခံနိုင်သေးပေ။ သို့သော်လည်း သူ့မျက်လုံးတွေကတော့ သွေးဆုတ်မတတ် နီမြန်းလာခဲ့ပြီပင်။ "မင်း... မင်း တကယ်ကြီး သူ့ကို ပိုက်ဆံတွေ အကုန်ပေးလိုက်တာတော့ မဟုတ်ပါဘူးနော်။"
အဲ့ဒီလူက ဘယ်သူလဲ။ ဘယ်ကလာတာလဲ။ ဘယ်သူမှ သူ့အကြောင်း တစ်စက်မှ မသိကြပေ။
လီရှို့ကျစ်တစ်ယောက် ရုတ်တရက်ကြီး ဝါးခနဲ အော်ဟစ်ငိုချလိုက်တော့သည်။
ထိုငိုသံက ရွှီရှန့်တုန်းကို ကျောချမ်းသွားစေခဲ့သည်။
"အဲ့ဒီအချိန်တုန်းက ကျွန်မ ဘာတွေတွေးနေမိလဲ တကယ်မသိတော့ဘူး။ သူ့ကို ပိုက်ဆံပေးရမယ်လို့ပဲ စိတ်ထဲ ခံစားနေရတာ။ ပြီးတော့ သူပြောပုံဆိုပုံတွေကလည်း တကယ့်ကို ယုံချင်စရာကြီးလေ။ တဝေ့အဖေ၊ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။ ဘဏ်ကိုသွားပြီး သွားစစ်ကြည့်ကြမလား။ ဒီမှာကြည့်လေ၊ သူ ကျွန်မကို ချက်လက်မှတ်တောင် ပေးခဲ့သေးတယ်။" သူမ စာရွက်စကို ထုတ်ပြလိုက်သည်။ "သူက ဒါကို အာမခံအဖြစ် ထားခဲ့တာလို့ ပြောတာပဲ။"
အခုအချိန်အထိတောင် ဒီဦးနှောက်မရှိတဲ့ မိန်းမဟာ သတိမဝင်နိုင်သေးပေ။ ဒါက မြို့တော်က တိုက်ခန်းတစ်ခန်းစာ တန်ဖိုးကြီး ဖြစ်သည်။ ယွမ်ရှစ်သောင်း... ရှစ်သောင်းတိတိ။ သာမန်လူတစ်ယောက်အနေနဲ့ ဒီလောက်များပြားတဲ့ ပိုက်ဆံကို ရှာဖွေဖို့ ဘယ်လိုမှ မလွယ်ကူနိုင်ချေ။
အိမ်အပြင်ဘက်မှာတော့ ရွှီကျဲဖန့်တစ်ယောက် သူ့မိခင်ဖြစ်သူကို ဒူးထောက်မတတ် တောင်းပန်နေရရှာသည်။
အဘွားအိုရွှယ်က မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ်မျက်နှာပေးဖြင့် မေးလိုက်သည်။ "တတိယသား၊ မင်း ဘာလုပ်နေတာလဲ။"
ရွှီကျဲဖန့်ခမျာ ငိုတော့မယ့်အတိုင်း ဖြစ်နေသည်။ "အမေ၊ အမေ ကျွန်တော့်ကို ကတိပေးခဲ့တယ်လေ။ ပိုက်ဆံတွေကို သိမ်းပေးထားရုံတင်ပါ၊ လိုတဲ့အချိန် ပြန်ထုတ်လို့ရတယ်လို့ ပြောခဲ့တာလေ။ ဒါကို အစ်ကိုကြီးဆီ ဘယ်လိုဖြစ်ပြီး ချေးပေးလိုက်ရတာလဲ။ သူ အခက်အခဲရှိရင်တောင် အနည်းဆုံးတော့ ကျွန်တော့်ကို အရင်တိုင်ပင်သင့်တာပေါ့။ ကျွန်တော် ဘာတစ်ခုမှ မသိရဘူး။ အမေ၊ အစ်ကိုကြီးကို သွားပြောပေးပါဦး၊ ကျွန်တော့်ပိုက်ဆံတွေ ပြန်ပေးဖို့ ပြောပေးပါ။"
အဘွားအိုရွှယ်သည် သူမ၏အရှိန်အဝါကို သားသမီးတွေက လာရောက်စိန်ခေါ်တာကို သဘောမကျဘဲ အထူးသဖြင့် သူတစ်ပါးရှေ့မှာဆိုလျှင် ပို၍ပင် မနှစ်မြို့ပေ။ ပြီးတော့ မကြာသေးမီကမှ လီရှို့ကျစ်က သူမကို အကြိုက် ဖားထားတာကြောင့် စိတ်ကျေနပ်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သားဖြစ်သူက ဒီလိုလာလုပ်နေတာက သူမကို အရှက်ခွဲနေတာပဲဟု ယူဆကာ အဘွားအိုရွှယ်တစ်ယောက် တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
သူမ လက်ကို ခါယမ်းပြီး ပြောလိုက်သည်။ "မင်းက ဘာလို့ ဒါတွေကို လျှောက်ပြောနေရတာလဲ။ ငါတို့က မိသားစုတစ်စုတည်းပဲလေ၊ ဒီလောက်အထိ တွန့်တိုမနေပါနဲ့။ ဒါ့အပြင် မင်း အသက်ကြီးလာရင်လည်း တဝေ့ကိုပဲ အားကိုးပြီး ပြုစုစောင့်ရှောက်ခိုင်းရမှာ မဟုတ်လား။"
ရွှီကျဲဖန့်ရဲ့ နှလုံးသားတစ်ခုလုံး ဆတ်ခနဲ နစ်ဝင်သွားခဲ့သည်။ ထိုမိနစ်မှာတင် မိခင်ဖြစ်သူဟာ သူ့အတွက် ပိုက်ဆံပြန်ရအောင် ကြားဝင်ကူညီပေးဖို့ စိတ်ကူး လုံးဝမရှိမှန်း သူ သဘောပေါက်သွားခဲ့သည်။
သူ ဘာတွေ မျှော်လင့်နေခဲ့မိတာလဲ။ ဒီအဘွားအိုက သူ့အပေါ် တကယ်ကြီး ငဲ့ညှာလိမ့်မယ်လို့ ထင်နေတာလား။ သူမမှာ သားသမီး၊ မြေးတွေ အများကြီးရှိပြီး စိတ်ကလည်း အစွန်းဖက်ကို ရောက်နေတာပဲ။ ပိုက်ဆံတွေ သူမလက်ထဲ ရောက်သွားပြီးမှ အလွယ်တကူ ပြန်ရလိမ့်မယ်လို့ သူ ဘာလို့ ယုံကြည်မိခဲ့ပါလိမ့်။
ရွှီကျဲဖန့်က ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။
အဘွားအိုရွှယ်က မနှစ်မြို့ဖွယ်မျက်နှာပေးနဲ့ မျက်နှာလွှဲလိုက်သည်။ "ပိုက်ဆံနည်းနည်းလေးအတွက်နဲ့ မင်းက ငါ့ကို ဒီလိုမျိုး ဆက်ဆံတာလား။ မင်းရဲ့ အသိစိတ်ကရော ဘယ်ရောက်သွားလဲ။ ဟိုးတုန်းက အခြေအနေ ခက်ခဲတုန်းက မင်းတို့ကို ကြီးပြင်းလာအောင် ပြောင်းဖူးမှုန့်ဆန်ပြုတ် တစ်ပန်းကန်တည်းကို အတူတူမျှသောက်ပြီး ကျွေးမွေးခဲ့ရတာ။ အခုကြမှ ပိုက်ဆံကြောင့်နဲ့ မိသားစုကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် လုပ်တော့မှာလား။ ငါ မင်းကို ကိုယ်ဝန်လွယ်ထားတုန်းကဆိုရင်..."
ဒီစကားတွေပဲ... အမြဲတမ်း ဒီအကြောင်းတွေချည်းပဲ…
သူကိုယ်တိုင်တောင် မမှတ်မိတဲ့ ပြောင်းဖူးမှုန့်ဆန်ပြုတ် တစ်ပန်းကန်အကြောင်းကိုပဲ သူမက သူ့ဘဝတစ်ဝက်လုံး နားပူနားဆာ လုပ်လာခဲ့ပြီး အခုထိလည်း ပြောနေတုန်းပင် ဖြစ်သည်။ ဟိုတုန်းက ဖုန့်ယန်ဝမ်ကို အိမ်ကနေ နှင်ထုတ်ဖို့ သူ ငြင်းဆန်ခဲ့စဉ်တုန်းကလည်း အဘွားအိုရွှယ်က ဒီစကားတွေပဲ ပြောခဲ့တာ ဖြစ်သည်။ အခုလည်း ထပ်ပြီး စပြောပြန်ပြီ။ ရွှီကျဲဖန့်၏ ရင်ထဲမှာ အလိုလိုနေရင်း ဒေါသတရားတွေ အလိပ်လိုက် တက်လာခဲ့သည်။
"အမေကတော့ အမေ့မြေးနဲ့ အစ်ကိုကြီးကိုပဲ ဂရုစိုက်နေလိုက်ပါ။ ရပါတယ်၊ နောင်တစ်ချိန်ကြရင် ကျွန်တော့်ဆီ ဘာကိစ္စနဲ့မှ လာမပတ်သက်နဲ့တော့။ ပိုက်ဆံကိစ္စကို ကျွန်တော့်ဘာသာပဲ ဖြေရှင်းလိုက်မယ်။"
သူ ရွှီတဝေ့ဆီ သွားရှာဖို့ ဆုံးဖြတ်လိုက်သည်။
••••••
ရွှီတဝေ့သည် အစားအသောက်ဗန်းကို ကိုင်ပြီး လူအုပ်ထဲကနေ ထွက်လာခဲ့သည်။
ဒီနေ့ ကျောင်းကန်တင်းမှာ ဝက်သားနီချက် ကျွေးတာဖြစ်သည်။ လူအများအပြားက စောစောစီးစီး လာရောက်တန်းစီကြရာ ရွှီတဝေ့ကတော့ အစောဆုံးရောက်သူတွေထဲမှာ ပါဝင်ခဲ့သည်။ သူက တစ်ခါတည်းနှင့် အသားနှစ်ပွဲစာ ရအောင် ယူနိုင်ခဲ့သည်။ သူ့ဗန်းထဲမှာ အစားအသောက်တွေ အပြည့်ဖြစ်နေပြီး ဝက်သားနီချက်၏ မွှေးပျံ့သည့်အနံ့က လှိုင်လှိုင်တက်နေတာမို့ ဘေးနားကလူတွေက မနာလိုဝန်တိုစိတ်ဖြင့် ဝိုင်းကြည့်နေကြတော့သည်။
ဝက်သားနီချက်ဆိုသည်မှာ အလွယ်တကူ စားရမည့် အရာမျိုး မဟုတ်ပေ။
တက္ကသိုလ်ကန်တင်းများမှာ အစိုးရထောက်ပံ့ကြေး အများကြီးရသည်မို့ အပြင်ဆိုင်တွေထက် အသားဟင်းတွေက ပိုပြီး ဈေးသက်သာသည်။ သို့သော် ရဖို့ကတော့ တကယ့်ကို ခဲယဉ်းလှသည်။ အတွင်းသတင်း သိထားရမည့်အပြင် စောစောလည်း တန်းစီရမည်ဖြစ်ကာ ဘယ်ကောင်တာမှာ ဘာဟင်းရှိလဲဆိုတာက ကံတရားပေါ်မှာပဲ မူတည်သည်။
သို့သော်လည်း ကျောင်းဝင်းအတွင်းမှာ အဆက်အသွယ်ကောင်းလှသည့် ရွှီတဝေ့အတွက်တော့ ဒါတွေက ပြဿနာမဟုတ်ပေ။ သူက ကန်တင်းမှာ မနက်စာကူညီပေးတဲ့ အချိန်ပိုင်းအလုပ်တစ်ခု ရထားတာကြောင့် မီးဖိုချောင်က စားဖိုမှူးကြီးအချို့နှင့် ရင်းနှီးနေခြင်း ဖြစ်သည်။ လစာရဖို့ထက် ကျောင်းက ဟင်းကောင်းချက်သည့် အခါတိုင်းမှာ သူက ကြိုတင်ပြီး အတွင်းသတင်း ရရှိနေတာက ပိုအရေးကြီးသည်။
အတိအကျပြောရလျှင် အခုလို ကျောင်းတက်ရင်း အလုပ်လုပ်ရတဲ့ အချိန်ပိုင်းအလုပ်မျိုးက တကယ့် ဆင်းရဲနွမ်းပါးစာရင်းဝင် ကျောင်းသားတွေအတွက်သာ ဖြစ်သင့်သည်။ သို့သော် ကျောင်းမှာလည်း သူ့ထုံးစံနဲ့သူ မပြောရဲတဲ့ စည်းမျဉ်းတွေ ရှိနေပြန်သည်။ တကယ်ဆင်းရဲတဲ့ ကျောင်းသားတွေက ဒီလိုအလုပ်မျိုးကို လက်လှမ်းမမီကြဘဲ အလုပ်ရသူ အများစုက ကျောင်းသားကောင်စီနဲ့ ပတ်သက်မှုရှိသူတွေသာ ဖြစ်ကြသည်။
"တဝေ့... မင်းကတော့ တကယ်တော်တာပဲ။ အစားအသောက်တွေ အများကြီးပဲနော်။"
"ငါ ယာချင်နဲ့ သွားစားမလို့။ မင်းတို့ပဲ ဆက်ပြီး တန်းစီလိုက်ကြတော့၊ ငါ သွားပြီ" ရွှီတဝေ့က သူ့အဆောင်ဖော်၏ မျက်လုံးထဲက မနာလိုစိတ်တွေကို မသိချင်ယောင်ဆောင်ရင်း ပြောလိုက်သည်။
"မင်းကတော့ တကယ်ပဲ။ မိန်းကလေးအတွက်အထိတောင် ဟင်း လာတန်းစီပေးတယ်ပေါ့။" ပြောလိုက်သော အတန်းဖော်၏ အသံက အနည်းငယ် အထင်သေးသလိုမျိုး ဖြစ်နေသည်။ ရွှီတဝေ့က ဘာကို ရည်ရွယ်နေတာလဲ။ သူများတွေမသိသော်လည်း သူကတော့ ကောင်းကောင်းကြီး ရိပ်မိနေသည်။
"မတတ်နိုင်ဘူးလေ။ ယာချင်က လူအုပ်ကြီးထဲ တိုးရတာကို မကြိုက်ဘူး။ သူမရဲ့ မိဘတွေကလည်း သမီးကို ဒီလိုမျိုး အပင်ပန်းမခံခိုင်းတော့ ငါကပဲ ကူညီပေးရတာပေါ့။ ကဲ... စကား အရှည်ကြီး မပြောတော့ဘူး၊ သူမ စောင့်ရင်း စိတ်တိုနေလောက်ပြီ။ ငါ သွားတော့မယ်" ရွှီတဝေ့က အလွန်အမင်း ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ပြောလိုက်သည်။
သူ ကျေနပ်ပီတိဖြစ်ပြီး ထွက်သွားသည့်အခါမှာတော့ သူ့အဆောင်ဖော်က နှုတ်ခမ်းမဲ့ပြီး ကျန်ရစ်ခဲ့သည်။
ရယ်စရာကောင်းလိုက်တာ။
အဆောင်အောက်ထပ်မှာ တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သံ ကြားရသည်။ ယာချင်က ဝရံတာကနေ တစ်ဝက်လောက် ငုံ့ကြည့်လိုက်သည့်အခါ ထမင်းဘူးနှစ်ဘူးကို ကိုင်ထားသည့် ရွှီတဝေ့ကို မြင်လိုက်ရသဖြင့် အခန်းထဲ ပြန်ဝင်သွားခဲ့သည်။ သူမက အပေါ်အင်္ကျီတစ်ထည်ကို ကမန်းကတန်း ကောက်ဝတ်ပြီး အောက်ထပ်ကို ပြေးဆင်းလာခဲ့သည်။
ခန့်မှန်းနေစရာပင် မလိုတော့ပေ၊ ရွှီတဝေ့က သူမအတွက် အစားအသောက်တွေ ထပ်ပြီး ယူလာပေးတာ သေချာသည်။
သူမ၏ အဆောင်ဖော်က ဝက်ခြံလိုမျိုး ဖရိုဖရဲ ဖြစ်နေသော ယာချင်၏ ကုတင်ကို ကြည့်ပြီး ရွှီတဝေ့တစ်ယောက် ဉာဏ်ရည်များ ချို့တဲ့နေတာလားဟု တွေးကာ ခေါင်းခါယမ်းမိတော့သည်။
ဝမ်ယာချင်က ရုပ်လည်းမချောသလို အစားလည်းကြီးပြီး ပျင်းလည်းပျင်းသည်။ သို့သော် ရွှီတဝေ့ သဘောကျနေသရွေ့တော့ ဒါတွေက အရေးမကြီးပါဘူးလေ။ ဘာပဲဖြစ်ဖြစ် သူမက ဗျူရိုညွှန်ကြားရေးမှူးချုပ်ရဲ့ သမီးဖြစ်နေတာကိုး။
ယာချင်က အောက်ထပ်အထိ တစ်ဟုန်ထိုး ပြေးဆင်းလာခဲ့ရာ အောက်မှာတော့ ထမင်းဘူးကို တစ်ဖက်၊ ဟင်းဗန်းကို တစ်ဖက်ကိုင်ပြီး စောင့်ဆိုင်းနေသည့် ရွှီတဝေ့ကို အမှန်ပင် တွေ့လိုက်ရသည်။ ဘေးနားက လူအချို့ကလည်း မနာလိုသော အကြည့်တွေနဲ့ ဝိုင်းကြည့်နေကြသည်မို့ သူမကိုယ်သူမ သဘောကျကျေနပ်သွားရသည်။ သူမ ပြုံးပြုံးလေး လျှောက်လာပြီး ပြောလိုက်သည်။ "ဘာလို့ ဒီလောက် စောစောကြီး ရောက်နေတာလဲ။"
ရွှီတဝေ့က လက်ထဲက ထမင်းဘူးကို မြှောက်ပြလိုက်သည်။ "ဒီနေ့ ဝက်သားနီချက် ရှိတယ်လေ။"
ဝမ်ယာချင်ဟာ ညွှန်ကြားရေးမှူးချုပ် သမီးဖြစ်ပြီး ရွှီတဝေ့ ချဉ်းကပ်နိုင်သမျှ မိန်းကလေးတွေထဲမှာ အကောင်းဆုံး နောက်ခံအသိုင်းအဝိုင်း ရှိသူ ဖြစ်သည်။ ဒါ့အပြင် သမီးတစ်ဦးတည်း ရှိတာမို့ သူမ၏ မိဘများက သမီးအတွက် အရာအားလုံးကို ပုံအောပြီး ထောက်ပံ့ပေးမှာ သေချာသည်။ ရွှီတဝေ့ဟာ သူမကို တစ်နှစ်နီးပါးလောက် စောင့်ကြည့်ပြီးမှ ပစ်မှတ်အဖြစ် သတ်မှတ်ကာ အသည်းအသန် လိုက်ခဲ့ခြင်း ဖြစ်သည်။
သူမက ရုပ်ရည်ပိုင်းအရ သိပ်ပြီး ထင်ရှားပေါ်လွင်ခြင်း မရှိသော်လည်း သူမရဲ့ နှလုံးသားကို ရဖို့ကတော့ မလွယ်ကူခဲ့ပေ။ ဒီစာသင်နှစ် ကျောင်းဖွင့်ပြီးမှသာ သူတို့နှစ်ဦး၏ သမီးရည်းစားဆက်ဆံရေးကို တရားဝင် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
ဒါကလည်း ရွှီတဝေ့ဘက်က သူ့မိသားစုက လက်ရှိမှာ အိမ်ဝယ်ရန် ပြင်ဆင်နေသည်ဟု မသိမသာ အရိပ်အမြွက် ပြောပြပြီးသည့်နောက်မှ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ယာချင်အနေဖြင့် အသားတုံး အကြီးကြီးတွေကို မစားရတာ ကြာပြီဖြစ်လို့ မြင်လိုက်ရုံနဲ့တင် သွားရည်ကျလာခဲ့သည်။ သူတို့နှစ်ဦးသား ကန်တင်းဘက်ကို ဘေးချင်းယှဉ်ပြီး လျှောက်လာခဲ့ကြသည်။
"တခြား ဘာဟင်းတွေ ရှိသေးလဲ။"
"ဒီဝက်သားနီချက် ရဖို့ကို မနည်းလုခဲ့ရတာ။ လူအုပ်ထဲကနေ ထွက်လာတဲ့အချိန်မှာ တခြားကောင်တာတွေက လူပြည့်သွားပြီ။ ဒါကြောင့် ဒီနေ့ တခြားဟင်း ဘာမှမရခဲ့ဘူး" ရွှီတဝေ့က ပြောလိုက်သည်။
ယာချင်၏ မျက်နှာ ပျက်သွားတာကို မြင်တော့ သူက ထမင်းဘူးကို အမြန်မြှောက်ပြကာ ပြောလိုက်သည်။ "ဒါပေမယ့် ဝက်သားနီချက် နှစ်ပွဲစာတောင် ရခဲ့တာပဲ၊ ပြီးတော့ မုန်ညင်းချဉ်လည်း ပါသေးတယ်။ ဒါဆိုရင်တော့ သေချာပေါက် ဗိုက်ပြည့်မှာပါ။"
အဲ့ဒီတော့မှ ယာချင်လည်း ပြုံးနိုင်တော့သည်။ ဒါပေမယ့် မုန်ညင်းချဉ် ဟုတ်လား။ မစားချင်ပါဘူး၊ အိမ်မှာတင် ငြီးငွေ့နေအောင် စားခဲ့ရပြီးပြီ။
"ဪ... ဒါနဲ့၊ ရှင်တို့အိမ်က အိမ်ဝယ်မယ့်ကိစ္စ ဘယ်လိုအခြေအနေ ရှိလဲ။"
"အမေပြောတာတော့ ပိုက်ဆံတွေ အကုန်အဆင်သင့် ဖြစ်ပြီတဲ့။ ဒီနေ့ပဲ အိမ်ရာစီမံကိန်းဆီ သွားလိမ့်မယ်။" ရွှီတဝေ့က ထိုပိုက်ဆံတွေ ဘယ်ကရလာလဲဆိုတာကို ကောင်းကောင်းကြီး သိနေသည်။ သူက မသိမသာ ကြွားဝါချင်စိတ်ကို မထိန်းနိုင်ခဲ့ပေ။
"ငါက ငါ့အဘွားရဲ့ တစ်ဦးတည်းသော မြေးယောက်ျားလေးလေ၊ ဒါကြောင့် အဘွားက ငါ့ကို သေချာပေါက် ကူညီမှာပေါ့။ သူမက ယွမ်သောင်းနဲ့ချီပြီး စိုက်ထုတ်ပေးထားတာ။"
ယာချင်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်၊ ရွှီတဝေ့၏ မိသားစုက ဒီလောက်အထိ ချမ်းသာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
အကယ်၍ သူ့အဘွားက အိမ်ဝယ်ဖို့ ယွမ်သောင်းနှင့်ချီပြီး ပေးနိုင်လျှင် သူမက သေချာပေါက် အငြိမ်းစား အရာရှိကြီး တစ်ယောက် ဖြစ်ရမည်။ ယာချင်တစ်ယောက် ရွှီတဝေ့လိုလူမျိုးကို လက်လွတ်မခံခဲ့မိတာ ကံကောင်းတယ်လို့ တွေးမိသွားသည်။
အသားနှစ်ပွဲစာ ဆိုသော်လည်း ထိုခေတ်ထိုအခါက လူများက ရက်ရောတတ်ပြီး ပမာဏ မနည်းလှသော်လည်း လူငယ်နှစ်ယောက်အတွက်တော့ အနည်းငယ် လိုအပ်နေသေးသည်။ နောက်ဆုံး အသားအနည်းငယ်သာ ကျန်တော့သည့်ခါ ရွှီတဝေ့မှာ ယာချင်ကိုပဲ အကုန်ကျွေးလိုက်ရတော့သည်။ သူမက ဘာမှအားမနာဘဲ တစ်တုံးပြီးတစ်တုံး ပါးစပ်ထဲ အတင်းထည့်ပြီး စားနေတာကို ကြည့်ရင်း သူ စိတ်ထဲမှာ နည်းနည်း မသက်မသာ ဖြစ်မိသွားသည်။ ယာချင်က တကယ်ပဲ အရှက်နည်းလှသည်။ သူ့အိမ်မှာတုန်းကဆိုလျှင် အသားဟင်းရှိလျှင် အမျိုးသမီးတွေက အမျိုးသားတွေကိုပဲ ပိုပြီး ဦးစားပေး ကျွေးလေ့ရှိတာ မဟုတ်ပါလား။
သို့သော် ပြန်စဉ်းစားကြည့်တော့လည်း ယာချင်က တစ်ဦးတည်းသော သမီးဖြစ်ပြီး မိဘနှစ်ပါးစလုံးက အရာရှိတွေ ဖြစ်တာကြောင့် ဒီလိုမျိုး ညှာတာတတ်တဲ့ အသိစိတ်မရှိတာက မဆန်းပါဘူးလေဟု တွေးလိုက်သည်။
နောက်မှပဲ ဖြည်းဖြည်းချင်း သွန်သင်ပေးရမှာပေါ့။ ဒါမှမဟုတ်လည်း သူ ဘာတတ်နိုင်ဦးမှာလဲ။
စားသောက်ပြီးသည့်နောက် ရွှီတဝေ့က ထမင်းဘူးကို ကိုယ်တိုင် ဆေးကြောပေးခဲ့သည်။ အဲ့ဒီနောက်မှပဲ သူတို့နှစ်ဦး ကန်တင်းထဲကနေ ဘေးချင်းယှဉ်ပြီး ထွက်လာခဲ့ကြသည်။
"ဒီဝက်သားနီချက်က တကယ်ကောင်းတာပဲ။ နောက်တစ်ခါ ဘယ်တော့ထပ်ကျွေးမလဲ မသိဘူးနော်" ယာချင်က အားမရသေးသည့် ပုံစံမျိုးဖြင့် ပြောလိုက်သည်။
ဟင်းတစ်ပွဲမှာ အလွန်ဆုံးရှိ အသား သုံးတေး (၁၅၀ ဂရမ်) လောက်ပဲ ရှိတာ ဖြစ်သည်။ အကယ်၍ သူမသာ အဝစားမယ်ဆိုရင် ဝက်သားသုံးထပ်သား တစ်ကျင်း (၅၀၀ ဂရမ်) လောက်ကို တစ်ထိုင်တည်းနဲ့ ကုန်အောင် စားနိုင်စွမ်း ရှိသည်။
စောစောက စားခဲ့ရတာက သူမအတွက်တော့ သွားကြားထိုးဖို့တောင် မလုံလောက်ပေ။ သို့သော် ရည်းစားဖြစ်သူ၏ ရှေ့မှောက်မှာမို့ ယာချင်တစ်ယောက် အိန္ဒြေလေးတော့ ထားရမည်ဖြစ်တာကြောင့် အနည်းငယ် ထိန်းစားခဲ့ခြင်း ဖြစ်သည်။
ရွှီတဝေ့က ဝတ်ကျေတန်းကျေပဲ ပြန်ပြောလိုက်သည်။ "နောက်တစ်ခါ ဝက်သားနီချက် ထပ်ကျွေးရင် မင်းအတွက် သေချာပေါက် သွားယူပေးပါ့မယ်။ ငါက ကပ်စေးနှဲလို့ မဟုတ်ပါဘူး၊ လူတစ်ယောက်က နှစ်ပွဲစာ ယူရင် နောက်ကလူတွေက ကန့်ကွက်ပြီး စကားများကြလို့ပါ။"
ယာချင် စိတ်ထဲကနေ မျက်မှောင်ကြုတ်လိုက်သည်။ ဒါဆိုလည်း အဲ့ဒီနှစ်ပွဲစလုံးကို ငါ့ကိုပဲ အကုန်မကျွေးလိုက်ဘူးလား။ သူမ၏ မိဘတွေဆိုလျှင် အကောင်းဆုံးအရာတွေကို သမီးဖြစ်သူအတွက်ပဲ အမြဲ ဖယ်ထားပေးတာ ဖြစ်သည်။
သို့သော် ဒါက စိတ်ထဲမှာပဲ တွေးလို့ရမယ့် အရာဖြစ်ပြီး အပြင်ထုတ်ပြောဖို့တော့ မသင့်တော်ပေ။
ယာချင်ကို ပြန်ပို့ပေးပြီးတဲ့နောက် ရွှီတဝေ့တစ်ယောက် အဆောင်ကို ပြန်လာတဲ့လမ်းမှာပဲ ရွှီကျဲဖန့်နဲ့ မတော်တဆ ဆုံခဲ့သည်။
အိမ်မှာရှိစဉ်တုန်းက ရွှီကျဲဖန့်သည် ရွှီတဝေ့ဆီ ပစ္စည်းတွေ လာပို့ပေးလေ့ရှိတာကြောင့် သူ့တူ နေထိုင်တဲ့နေရာကို အတိအကျ သိနေခြင်း ဖြစ်သည်။ သူက ခုနကတင် ရွှီတဝေ့၏ နောက်ကို လိုက်လာခဲ့ပြီး ရွှီတဝေ့နှင့် ဟိုမိန်းကလေးတို့ ပြောသမျှ စကားအားလုံးကို ကြားခဲ့ပြီးပြီ ဖြစ်သည်။
ရယ်စရာကောင်းလိုက်တာ၊ မိသားစုရဲ့ ပိုက်ဆံကို ယူပြီး ကျောင်းမှာ မိန်းကလေးတွေကို လိုက်ပိုးနေတယ်၊ လူကုံထံကြီးလို ပြုမူနေတယ်ပေါ့။ သူက တကယ့်ကို သူ့ဦးလေးရဲ့ သွေးနဲ့ရင်းထားတဲ့ ပိုက်ဆံတွေကို ဖြုန်းတီးနေတာပဲ ဖြစ်သည်။
"တဝေ့... ငါ့ကို အမှန်အတိုင်း ပြောစမ်း။ မင်းအမေက ငါ့ဆီက ယွမ်ငါးသောင်း ယူသွားတာကို မင်း သိလား။" ရွှီကျဲဖန့်၏ အကြည့်တွေက လူတစ်ယောက်ကို သတ်ဖြတ်နိုင်လောက်အောင် စူးရှနေခဲ့သည်။
ရွှီတဝေ့သည် သူ့တတိယဦးလေး ဖြစ်သူက ဒီလိုအကြည့်မျိုးနဲ့ ကြည့်တာကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ အတိတ်တုန်းကတော့ တတိယဦးလေးက သူ့ကို တကယ် ချစ်ရှာတာဖြစ်ပြီး နောင်တစ်ချိန်မှာ တဝေ့ကို သားအရင်းလို သဘောထားမှာပါလို့တောင် ပြောခဲ့ဖူးသည်။ သူက သူ့အပေါ် အမြဲ ကောင်းခဲ့သည်။ သူ ကောလိပ်တက်ခွင့်ရတဲ့အခါမှာလည်း တတိယဦးလေးက လစဉ် မုန့်ဖိုးအဖြစ် ယွမ်နှစ်ရာတောင် ပေးခဲ့သေးသည်။ ထိုအချက်ကြောင့်ပဲ တဝေ့ကလည်း ဦးလေးဖြစ်သူကို အမြဲတမ်း နှုတ်ချိုခဲ့တာ ဖြစ်သည်။
သို့သော် အခုတော့ အခြေအနေတွေက ပြောင်းလဲသွားပြီ။ သူ့အမေက တတိယဦးလေးရဲ့ စုဆောင်းငွေအားလုံးကို ယူလိုက်ပြီ ဖြစ်တာကြောင့် ဒီလမ်းကြောင်းကတော့ ပြတ်တောက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ဆက်ပြီး ဟန်ဆောင်နေဖို့ မလိုတော့ပေ။
ရွှီတဝေ့က စိတ်မရှည်တဲ့ လေသံနဲ့ ပြောလိုက်သည်။ "အိမ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ။"
ရွှီကျဲဖန့် ပြောလိုက်သည်။ "မင်း မသိဘူး ဟုတ်လား။ မင်းမသိဘဲနဲ့ ခုနက ဟိုမိန်းကလေးကို မင်းအဘွားက ယွမ်သောင်းနဲ့ချီပြီး ပေးတယ်လို့ ပြောနေတာ ငါ အတိုင်းသား ကြားလိုက်ရတာပဲ။ အဘွားမှာ အဲ့ဒီလောက် ပိုက်ဆံမရှိမှန်း မင်း မသိချင်ယောင် မဆောင်စမ်းနဲ့။ အဲ့ဒီပိုက်ဆံတွေက ငါ့ပိုက်ဆံတွေကွ။ မင်း ဘာဆင်ခြေပဲပေးပေး ငါ ဂရုမစိုက်ဘူး... မင်းအမေဆီ သွားပြောပြီး ပိုက်ဆံပြန်ပေးဖို့ ပြောစမ်း။ အခု ချက်ချင်း ငါနဲ့ လိုက်ခဲ့။"
ပြောလည်းပြောရင်း သူက သံမဏိလို သန်မာတဲ့ လက်တစ်ဖက်နှင့် ရွှီတဝေ့၏ လက်မောင်းကို တင်းကျပ်စွာ လှမ်းဆွဲလိုက်တော့သည်။