← Chapters

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း ၃၅၂

Vol. 36 Ch. 352

အပိုင်း ၃၅၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ဆိုလွန် ဘုရင်မင်းမြတ်၏ အခြေအနေကို အကဲဖြတ်ပြီး‌နောက် စိတ်ထဲမှ အသူရာမိစ္ဆာကြယ်ကို လှမ်းမေးလိုက်သည်။

‘အသူရာမိစ္ဆာကြယ်... မင်း ဘုရင်မင်းမြတ်ရဲ့ ဦးနှောက်ထဲ ဝင်ပြီး သွေးခဲတွေကို အကုန်လုံး ဖယ်ရှားပေးနိုင်မလား’

“ရတယ်... လွယ်လွယ်လေး”

အသူရာမိစ္ဆာကြယ် ပြန်ဖြေ၏။

ဆိုလွန် ကျိယန်ကို ကြည့်ကာ ပြောလိုက်သည်။

“ဘုရင်မင်းမြတ်ကို ကယ်နိုင်တယ်... ဒါပေမဲ့ ဘုရင်မင်းမြတ်ရဲ့ ခေါင်းကို အပေါက်ဖောက်ဖို့ လိုတယ်... ပြီးတော့ ဘုရင်မင်းမြတ်ကယ်နေချိန်မှာ ဘေးနားမှာ ဘယ်သူမှ ရှိလို့ မရဘူး”

“ကောင်းပြီ”

ကျိယန်က အနည်းငယ်မျှပင် တွေဝေခြင်း မရှိဘဲ ပြတ်သားစွာ သဘောတူလိုက်၏။

ထို့နောက် ဓားမြှောင်ကို ထုတ်ယူကာ ဆိုလွန်ကို မေးလိုက်သည်။

“ဘယ်နားကို ဖောက်ရမလဲ... ဘယ်လောက် နက်နက်၊ ဘယ်လောက် ကြီးကြီး ဖောက်ရမလဲ”

ဆိုလွန် ခေါင်းအနောက်ဘက်ရှိ နေရာတစ်ခုကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ဒီနေရာ... ဦးခေါင်းခွံကို ဖောက်ရမယ်၊ ဒါပေမဲ့ ဦးနှောက်ကို ထိခိုက်လို့ မရဘူး... အချင်း ၂.၅ စင်တီမီတာလောက်ဆို ရပြီ”

ဆိုလွန် စကားဆုံးသည်နှင့် ကျိယန်၏ ဓားမြှောင်က ဆိုလွန်ပြောသည့်နေရာသို့လျှပ်စီးတမျှ လျင်မြန်စွာ ထိုးစိုက်သွားသည်။

မျက်စိတစ်မှိတ်အတွင်း ဘုရင်မင်းမြတ်၏ ခေါင်းနောက်ဘက်၌ ဦးခေါင်းခွံကို အတိအကျ ဖောက်ထွင်းသွားသော အပေါက်တစ်ပေါက် ပေါ်လာ၏။

သူ၏ရှေ့မှမိန်းမသည် အလုပ်လုပ်ရာတွင် အလွန် ပြတ်သားလွန်းသူဖြစ်သည်။

“ငါ အပြင်ထွက်ပေးရတော့မလား”

ကျိယန် မေးလိုက်သည်။

ဆိုလွန် ခေါင်းညိတ်လိုက်၏။

ကျိယန် ထွက်သွားပြီးနောက် ဆိုလွန်က ဓားမြှောင်ဖြင့် သူ၏ လက်ချောင်းကို သွေးထွက်အောင် ရှရာပေးလိုက်သည်။

ထို့နောက် ဘုရင်မင်းမြတ်၏ ခေါင်းနောက်ဘက်ရှိ ဒဏ်ရာနှင့် သူ၏ ဒဏ်ရာကို ထိကပ်လိုက်ရာ သွေးနှစ်ခု ရောနှောသွား၏။

အသူရာမိစ္ဆာကြယ်၏ စွမ်းအင်များက ရောနှောနေသောသွေးများမှတစ်ဆင့် ဘုရင်မင်းမြတ်၏ ဦးနှောက်သွေးကြောများထဲသို့ ဝင်ရောက်သွားသည်။

ထို့နောက် ဦးနှောက်တွင်းရှိ သွေးခဲများကို တစ်စချင်း ဖယ်ရှားရှင်းလင်းတော့၏။ ထိုလုပ်ငန်းစဉ်က အကောင်းဆုံး ခွဲစိတ်ဓားထက်ပင် အဆတစ်ရာခန့် ပို၍ သပ်ရပ် သိမ်မွေ့လှသည်။

သိသာစွာဖြင့် ဆိုလွန်တစ်ယောက် ထပ်မံ၍ အံ့ဖွယ်ဖြစ်ရပ် တစ်ခုကို ဖန်တီးပေတော့မည်။

….

ထူလင်းတိ၏ အခန်းကဏ္ဍမှာ ကွေ့ချင်းကျုံးထက် ပို၍ အရေးကြီးလှသည်။

ထို့ကြောင့် ကျိနင်က ထူလင်းတိကို ပြန်လည်ရရှိသည်နှင့် တပြိုင်နက် တပ်ဖွဲ့ဝင်တစ်သိန်းကို ချက်ချင်း အမိန့်ပေးကာ ထျန်းရွှေမြို့တွင်းသို့ ဝင်ရောက်ပြီး ဆိုမိသားစုကို အမြစ်ပြတ်ချေမှုန်းရန် ဆုံးဖြတ်ထားသည်။

သို့သော် ကွေ့ချင်းကျုံး၏ ခရီးစဉ်မှာ ချောမွေ့ခြင်းမရှိခဲ့ချေ။ သူသည် မြို့စားကြီး ဆိုလွန်ကိုပင် မတွေ့ခဲ့ရဘဲ ဆိုနင်ပင်းနှင့်သာ တွေ့ဆုံခွင့်ရခဲ့၏။

ဆိုနင်ပင်းက အေးစက်စွာ ပြောလိုက်သည်။ “နင့်ဆီမှာ ရိုးသားမှု လုံးဝမရှိဘူး... ငါတို့ ထူလင်းတိကို လွှတ်ပေးလိုက်တဲ့အချိန်က ထျန်းရွှေမြို့ ပျက်စီးမယ့်အချိန်ပဲ”

ကွေ့ချင်းကျုံးက သတိပေးလိုက်၏။

“သခင်မလေး ဆို... မင်းမှာ ရွေးချယ်စရာမရှိဘူး... မင်းသမီး ကျိနင်နဲ့ မြို့စားကြီး ကျိဝေရဲ့ ခွင့်လွှတ်မှုကို ရချင်ရင် သခင်မလေး ထူလင်းတိကို အရင်လွှတ်ပေးရမယ်”

ဆိုနင်ပင်း ခေါင်းရမ်းလိုက်သည်။

“မဖြစ်နိုင်ဘူး... ဒါ့အပြင် နင့်ကိုပါ ငါတို့ ဖမ်းထားဦးမှာ”

ကွေ့ချင်းကျုံး မျက်နှာပျက်သွားရ၏။

“ငါ မင်းကို ပြောမယ်... နောက်ထပ် ရှစ်နာရီကြာလို့ ငါနဲ့ သခင်မလေး ထူလင်းတိက မင်းသမီး ကျိနင်ရှေ့ မရောက်ဘူးဆိုရင် မြို့စားကြီး ကျိဝေရဲ့ တပ်ဖွဲ့ဝင်တစ်သိန်းက ထျန်းရွှေမြို့ထဲကို ချက်ချင်းဝင်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်”

ထိုစကားကြားလျှင် ဆိုနင်ပင်း အေးစက်စွာ တုံ့ပြန်လိုက်သည်။

“ငါတို့ စစ်မတိုက်ခင် နင်နဲ့ ထူလင်းတိကို လူတိုင်းရှေ့မှာ ခေါင်းဖြတ်သတ်မယ်... ဆိုမိသားစု ပျက်စီးသွားမယ်ဆိုရင်တောင် အဖော်အဖြစ် လူလုံလောက်အောင် ဆွဲခေါ်သွားရမှာပေါ့”

ချက်ချင်းပင် အခြေအနေမှာ အကျပ်အတည်းဆီသို့ ဆိုက်ရောက်သွားလေပြီ။

ကာယကံရှင် တစ်ယောက်အနေဖြင့် သူသည် ထျန်းရွှေမြို့မှ ခက်ခက်ခဲခဲ လွတ်မြောက်လာခဲ့သဖြင့် သဘာဝကျစွာပင် သုံ့ပန်း ပြန်မဖြစ်လိုတော့ချေ။

ကွေ့ချင်းကျုံး သက်ပြင်းချလိုက်၏။

“ဒီလိုဆိုမှတော့ မြို့စားကြီး ဆိုလွန်နဲ့ သခင်မလေး ဆိုနင်ပင်းတို့က ဘာတောင်းဆိုချင်လို့လဲ”

ဆိုနင်ပင်း ခေတ္တမျှတိတ်ဆိတ်သွားပြီးမှ တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငါတို့ ထူလင်းတိကို လွှတ်ပေးနိုင်တယ်... ဒါပေမဲ့ ရိုးသားမှုကို ပြသတဲ့အနေနဲ့ နင်တို့ မိုင် ၃၀ ဆုတ်ခွာပေးရမယ်... ဘာလို့လဲဆိုတော့ နင်တို့တပ်တွေက ထျန်းရွှေမြို့ပိုင်နက်နဲ့ အရမ်း နီးကပ်လွန်းနေလို့ပဲ”

ကွေ့ချင်းကျုံး ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ... ငါ မင်းသမီးဆီ ပြန်သွားပြီး သတင်းပို့လိုက်မယ်”

ဆိုနင်ပင်း ခေါင်းရမ်းလိုက်သည်။

“မလိုဘူး... နင် ပြန်ရောက်လာမှတော့ အလောတကြီး ပြန်သွားစရာ မလိုပါဘူး... ကျိနင်ဆီ စာပို့ဖို့ ငါ တခြားတစ်ယောက်ကို လွှတ်လိုက်မယ်... “

“နင် ဒီမှာပဲ ဆက်နေ... ကျိနင်သာ မိုင် ၃၀ ဆုတ်ပေးရင် နင်နဲ့ ထူလင်းတိကို ငါ လွှတ်ပေးမယ်... အဲ့ဒီလိုမှ မဟုတ်ရင်တော့ ကျိနင်ရဲ့ တပ်တွေ ထျန်းရွှေမြို့ထဲ ဝင်လာတဲ့အချိန်က နင် အသတ်ခံရမယ့် အချိန်ပဲ”

ထို့နောက် ရဲ့ကျင်းယွီ၊ ဆိုမု၊ ဆိုဖေးယန်နှင့် အခြား အဆင့်မြင့်စစ်သည်တော်များက ရှေ့သို့တက်လာကာ ကွေ့ချင်းကျုံးကို ဝန်းရံလိုက်ကြ၏။

ကွေ့ချင်းကျုံး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

“ဟူး...”

ထို့နောက် သူ၏ လက်များ အချည်ခံရကာ ထပ်မံ၍ ဖမ်းဆီးခံလိုက်ရလေပြီ။

……

လေးနာရီကျော် ကြာမြင့်သွားသောအခါ မင်းသမီး ကျိနင်မှာ တပ်စခန်းတဲကြီးထဲ၌ ဆိုလွန်၏ စာကို ထပ်မံ လက်ခံရရှိလိုက်၏။ သို့သော် ဤတစ်ကြိမ်၌ ဆိုမိသားစုမှ စစ်သည်တစ်ဦးက လာရောက်ပို့ဆောင်ပေးခြင်း ဖြစ်သည်။

ကျိနင် စာအိတ်ကို ဖောက်၍ ဖတ်ရှုလိုက်သည်။

ဤတစ်ကြိမ်တွင်မူ ရမ္မက်ဆန်ဆန် ရူးသွပ်ဖွယ် စကားလုံးများ ပါဝင်မနေတော့ဘဲ အေးစက်စက် စာကြောင်းများသာ ပြည့်နှက်နေကာ ရင်ထဲမှ စိတ်ပျက်မှုကို ဖော်ပြချင်နေသည့်အလားပင်။

စာထဲ၌ အဓိပ္ပာယ် တစ်ခုတည်းသာ ပါဝင်သည်။ ထူလင်းတိနှင့် ကွေ့ချင်းကျုံးတို့ကို လွှတ်ပေးစေချင်လျှင် လွယ်ကူရိုးရှင်းလှ၏။ ရိုးသားမှုကို ပြသသည့်အနေဖြင့် မိုင် ၃၀ ဆုတ်ခွာပေးရမည်သာ။

သို့မဟုတ်ပါက ကျိနင်၏ တပ်ဖွဲ့များ ထျန်းရွှေမြို့ပိုင်နက်ထဲသို့ ဝင်ရောက်လာသည်နှင့် ဆိုလွန်က ကွေ့ချင်းကျုံးနှင့် ထူလင်းတိ နှစ်ယောက်စလုံး၏ ခေါင်းကို ဖြတ်မည်ဖြစ်ကာ သေရမည်ဆိုလျှင်တောင် အဖော်များကို ဆွဲခေါ်သွားမည်ဟု ရေးသားထားသည်။

ကျိနင် ရင်တွင်း၌ ဒေါသထောင်းခနဲ ထွက်သွားရပြီး ထိုစာကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်စိတ် ပေါ်လာ၏။

စာထဲမှ ခြိမ်းခြောက်သည့် အငွေ့အသက်ကြောင့်လော သို့တည်းမဟုတ် ဆိုလွန်၏ အေးစက်စက် လေသံကြောင့် ဒေါသထွက်သွားရသည်လော ဆိုသည်ကိုတော့မည်သူမှ မသိနိုင်ချေ။

တပ်ဖွဲ့များကို ချက်ချင်း အမိန့်ပေးကာ ထျန်းရွှေမြို့ဆီသို့ စစ်ချီရန်ပင် သူမ လက်တလုံးအလို ဖြစ်သွားရသည်။

သို့သော် စာရွက်ပေါ်၌ ထူးဆန်းသည့် အရာတစ်ခုကို မြင်လိုက်ရပြီး သေချာစွာ စစ်ဆေးကြည့်လိုက်သောအခါ ကောက်ကွေး တောက်ပနေသည့် အမွှေးတစ်ချောင်း ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ထိုအမွေးမှာ ဆိုလွန်၏ အမွှေးလော၊ သူမ၏ အမွှေးလော ဆိုသည်ကိုမူ မခွဲခြားနိုင်ချေ။

ထို့အပြင် ယင်းအမွှေးပေါ်၌ ဖော်ပြ၍မရနိုင်သော အရည်အချို့ စိုစွတ်စွန်းထင်းနေသေးသည်။

“အရှက်မရှိလိုက်တာ... လူရမ်းကား”

ကျိနင် အော်ဟစ်ကျိန်ဆဲလိုက်မိသည်။

ထို့နောက် မထင်မှတ်ဘဲ နှာခေါင်းဝသို့ ယူဆောင် နမ်းကြည့်လိုက်မိသောအခါ တကယ့်ကို ရင်းနှီးကျွမ်းဝင်နေသည့် အနံ့တစ်ခု ဖြစ်နေသည်ကို သတိထားမိလိုက်သည်။

ရင်တွင်းမှ လှိုင်းထန်နေမှုကို ဖိနှိပ်ပြီး ကျိနင် အမိန့်ပေးလိုက်၏။

“တစ်ယောက်ယောက် လာခဲ့... မြို့စားကြီး ကျိဝေကို သွားခေါ်ချေ”

အချိန်အနည်းငယ် ကြာပြီးနောက် မြို့စားကြီး ကျိဝေမှာ တပ်စခန်းတဲကြီးထဲသို့ ဝင်ရောက်လာသည်။

ကျိနင် သူ့ကိုကြည့်ကာ တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

“ကွေ့ချင်းကျုံး ထျန်းရွှေမြို့ကို ညှိနှိုင်းဖို့ သွားတာ အဖမ်းခံလိုက်ရပြီ... ဆိုလွန်ရဲ့ စာထဲမှာ ငါတို့ရဲ့ ရိုးသားမှုကို ပြဖို့ မိုင် ၃၀ ဆုတ်ခွာပေးရမယ်... ဒါမှ သူတို့က ထူလင်းတိနဲ့ ကွေ့ချင်းကျုံးကို လွှတ်ပေးမယ်လို့ဆိုတယ်... “

“မဟုတ်ရင် ငါတို့တပ်တွေ ထျန်းရွှေမြို့ထဲ ဝင်လာတာနဲ့ သူ အဲ့ဒီနှစ်ယောက်ကို ချက်ချင်းခေါင်း ဖြတ်ပစ်မယ်တဲ့”

ထိုစကားကြောင့် မြို့စားကြီး ကျိဝေ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး မျက်ဝန်းများထဲ၌ ဒေါသရိပ်များ ထင်ဟပ်လာသည်။

ကျိနင် သူမ၏စိတ်ရှုပ်ထွေးနေမှုကို မြိုသိပ်ကာမေးလိုက်သည်။

“ဦးလေး... အခု ဘယ်လိုစီစဉ်ကြမလဲ... တပ်တွေကို ထျန်းရွှေမြို့ထဲ တိုက်ရိုက် ဝင်တိုက်ခိုင်းမလား... ဒါမှမဟုတ် မိုင် ၃၀ ဆုတ်ပြီး ထူလင်းတိနဲ့ ကွေ့ချင်းကျုံးကို လဲမလား”

မြို့စားကြီး ကျိဝေ၏ မူလဆန္ဒအရဆိုလျှင် အစကတည်းက တပ်များကို စစ်ချီစေကာ ထျန်းရွှေမြို့ကို မြေပြင်နှင့်တစ်ပြေးတည်းဖြစ်အောင် ဖျက်ဆီးပစ်ချင်နေပြီဖြစ်သည်။

သို့သော် ယခုမူ နာရီပေါင်းများစွာ ကုန်လွန်သွားခဲ့လေပြီ။ ထို့အပြင် ကွေ့ချင်းကျုံးကိုလည်း တစ်ကြိမ် ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်၏။ အကယ်၍ ယခုအချိန်မှ ထျန်းရွှေမြို့ကို စစ်ချီတိုက်ခိုက်ပြီး ထူလင်းတိနှင့် ကွေ့ချင်းကျုံးတို့သာ အသတ်ခံလိုက်ရပါက ထူလင်းမိသားစုနှင့် ကွေ့မိသားစုကို လုံးဝ အပြတ်အသတ် ရန်စလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

မဟုတ်လျှင် အစကတည်းက မကယ်တင်ခဲ့ဘဲ နေလိုက်ရန်သာ။ ကယ်တင်ရန် စတင်ခဲ့ပြီးမှတော့ လမ်းတစ်ဝက်၌ လက်လျှော့၍ မဖြစ်နိုင်တော့ချေ။

ကျိဝေ သက်ပြင်းချလိုက်သည်။

“ဒီအခြေအနေရောက်မှတော့ အရင်ဆုံး မိုင် ၃၀ ဆုတ်ခွာပြီး ထူလင်းတိနဲ့ ကွေ့ချင်းကျုံးတို့ကို လွှတ်ပေးဖို့ ဆိုလွန်ကို ညှိနှိုင်းကြတာပေါ့”

ထို့နောက် ကျိဝေက နာကြည်းစွာဖြင့် ထပ်လောင်းဆိုလိုက်၏။

“နောက်အကျဆုံး မနက်ဖြန်တော့... ငါတို့ ထျန်းရွှေမြို့ထဲ ဝင်ပြီး ဆိုမိသားစုကို အမြစ်ပြတ် သတ်ပစ်ရမယ်”

သို့ဖြင့် မြို့စားကြီး ကျိဝေ အမိန့်ပေးလိုက်ရာ တပ်ဖွဲ့ဝင်တစ်သိန်းမှာ မိုင် ၃၀ အထိ နောက်ဆုတ်သွားကြတော့သည်။

……

ကျစ်တူး တော်ဝင်မြို့တော် ၊ နန်းတော်အတွင်း၌။

ဆိုလွန်တစ်ယောက် အချိန်နှင့်အပြိုင် အပြင်းအထန် ကြိုးပမ်းနေရသည်။ ဘုရင်မင်းမြတ်ကို အမြန်ဆုံး ပြန်လည်နိုးထလာစေရန် ကုသပေးရမည်။ ထို့နောက်တွင်မှ ဘုရင့်အမိန့်ကို ရယူကာ ထျန်းရွှေမြို့ဆီ ပြန်၍ ကျိဝေကို ဆုတ်ခွာစေရန် ဖိအားပေးရမည် ဖြစ်၏။

ကျိဝေ၏ တပ်ဖွဲ့ဝင် တစ်သိန်းမှာ ထျန်းရွှေမြို့တွင်းသို့ အချိန်မရွေး ဝင်ရောက်လာနိုင်သည်။

သူ့အပေါ်ထားရှိသည့် ကျိနင်၏ ခံစားချက်များက စစ်ချီမည့်အရေးကို မည်မျှကြာအောင် အချိန်ဆွဲထားနိုင်မည်နည်း။ လုံးဝ မှန်းဆ၍ မရနိုင်ချေ။

အသူရာမိစ္ဆာကြယ်က သူ၏တာဝန်ကို ဆက်လက် လုပ်ဆောင်နေ၏။ သေးမျှင်လှသည့် ကြိုးလေးများကို ဆွဲထုတ်နေသည့်အလား ဘုရင်ကျိပိုင်၏ ဦးနှောက်ထဲမှ သွေးခဲများကို တစ်စချင်း ဖယ်ထုတ်ပေးနေကာ ဦးနှောက်အပေါ် သက်ရောက်နေသည့် ဖိအားနှင့် ဒဏ်ရာများကို တဖြည်းဖြည်း ဖြေလျှော့ပေးနေသည်။

တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်...။

ဆယ့်ငါးမိနစ်၊ မိနစ်သုံးဆယ်၊ လေးဆယ့်ငါးမိနစ်...။

အသူရာမိစ္ဆာကြယ်က အစွမ်းထက်လှသော်လည်း ဦးနှောက်တွင်းမှ သွေးခဲများကို ရှင်းလင်းနေစဉ်အတွင်း နုနယ်လှသည့် ဦးနှောက်အစိတ်အပိုင်းများကို မထိခိုက်မိစေရန် အလွန် သတိထားနေရသည်။

ပေါက်ပြဲနေသည့် သွေးကြောများကို ဖာထေးပေးရကာ ထိခိုက်သွားသည့် အာရုံကြောများကိုပါ ပြန်လည် ပြုပြင်မွမ်းမံ၍ လှုံ့ဆော်မှုများ ပြုလုပ်ပေးနေရ၏။

တစ်နာရီခွဲခန့် ကုန်လွန်သွားလေပြီ။

ဘုရင်မင်းမြတ်၏ ဦးနှောက်တွင်းမှ သွေးခဲများ ပန်းကန်လုံးတစ်ဝက်ခန့်အထိ ထွက်ကျလာပြီဖြစ်သည်။

ထိုအချိန်တွင် ရုတ်တရက် ဘုရင် ကျိပိုင်၏ မျက်လုံးများ လှုပ်ရှားလာကာ လည်ချောင်းထဲမှ နာကျင်သည့် ညည်းတွားသံ တစ်ချက် ထွက်ပေါ်လာသည်။

ဆိုလွန် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိ၏။ နောက်ဆုံး၌ ဘုရင်မင်းမြတ်ကို ကယ်တင်နိုင်ခဲ့လေပြီ။

အပိုင်း ၃၅၂ ပြီး။

All Chapters